ဆရာတိုနီ ဆေးဖက်ဝင်အပင်တွေစားနေတာလား
Vol. 17 Ch. 249
ကျန်းမုန့်လောင်သည် ပါမောက္ခချန်ရှင်းနှင့် ပါမောက္ခဟန်ကျင်းယွီကို နောက်ကျမှ အိမ်ပြန်ပို့ပေးခဲ့ရသည်။ သူတို့ဟာ ရှေးဟောင်းပစ္စည်းများ၏တည်နေရာကို အတည်ပြုခဲ့ရုံသာမက ပြတိုက်ချဲ့ထွင်ရေးကိစ္စများကို အကြမ်းဖျင်းဆွေးနွေးပြီးပြီဖြစ်၏။
ရှေးဟောင်းပစ္စည်းများကို ပြန်အပ်သူအနေနှင့် နိုင်ငံတော်က ကျန်းမုန့်လောင်၏အမြင်ကို လုံးဝလေးစားပေးလိမ့်မည်သာ။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ အသေးအဖွဲကိစ္စတစ်ခုသာဖြစ်ပြီး အရာအားလုံးသည် ဟွာရှားနိုင်ငံအတွင်းသာ ရှိနေဆဲသာ။ သူတို့ ဘယ်နေရာတွင်ထားထား ဘာကွာခြားချက်မှမရှိချေ။
အသေးစိတ်အချက်အလက်များအတွက်မူ ကျန်းမုန့်လောင်က ဟုန်းရီကိုသာ တာဝန်ပေးထားလိုက်သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သူ(မ)သည် အလွန်ပင်ပန်းခဲ့ရသည့်အတွက် လုရီယောင်က အိပ်ပျော်နေပြီဖြစ်၏။ ကျန်းမုန့်လောင်လည်း အခန်းတံခါးကို ဂရုတစိုက်ဖွင့်၍ စာကြည့်ခန်းထဲသို့ ထွက်လာခဲ့လိုက်သည်။
"ဝိုး.. ငါ့မှာ စွမ်းအားအမှတ်၃၀၀ရှိနေပြီပဲ"
ကျန်းမုန့်လောင် အံ့ဩသွားရသည်။ ဤတစ်ကြိမ်တွင် သူ့အနေနှင့် စွမ်းရည်တစ်ခုနှစ်ခုကို သင်ယူနိုင်ရုံသာမက ဆရာအသစ်တစ်ယောက်ကိုလည်း လော့ဖွင့်နိုင်လေပြီ။
"ကောထန်.. ငါ ထူးရှယ်နတ်ဘုရားကျောင်းတော်ကို သွားချင်တယ်"
ကျန်းမုန့်လောင်က ကောထန်ကို စိတ်ချင်းဆက်သွယ်မှုနည်းလမ်းဖြင့် ဆက်သွယ်လိုက်သည်။ ခဏအကြာတွင် မှော်ဝင်ပေါက်က တစ်ဖန်ပေါ်ပေါက်လာပြန်သည်။ ကျန်းမုန့်လောင်လည်း မျှော်လင့်စောင့်စားမှုအပြည့်ဖြင့် ကျောင်းတော်ထဲသို့ဝင်ရောက်လိုက်သည်။
"သောက်ကျိုးနည်း"
ကျောင်းထဲသို့ခြေချလိုက်သည်နှင့် ကျန်းမုန့်လောင်၏နှာခေါင်းထဲသို့ မီးကျွမ်းနံ့တစ်ခု ဝင်ရောက်လာသည်။ တစ်စုံတစ်ခု လောင်ကျွမ်းနေသည့်အလားပင်။
"ငါ့ကျောင်းထဲမှာ တစ်ယောက်ယောက်က မီးနဲ့ကစားနေတာလား"
"မဖြစ်နိုင်တာ"
ထိုဖြစ်နိုင်ခြေကို ကျန်းမုန့်လောင် ပယ်ချလိုက်သည်။ ကျောင်းတစ်ကျောင်းလုံးတွင် ဆရာတိုနီတစ်ယောက်သာ လွတ်လပ်စွာလှုပ်ရှားသွားလာနိုင်ပေသည်။ ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ဆရာတစ်ယောက်အနေနှင့် ကျောင်းစည်းကမ်းချိုးဖောက်သည့် အပြုအမူများကို ပြုလုပ်ခွင့်မရှိပေ။
ပထမဆုံးကျောင်းစည်းမျဉ်းမှာ ကျောင်းအုပ်ကြီး၏အမိန့်ကို အကြွင်းမဲ့နာခံရန်ဖြစ်သည်။ ဒုတိယတစ်ချက်ကား အထူးအခြေအနေများမှလွဲ၍ ကျောင်းကို ပျက်စီးစေမည့်လုပ်ရပ်များကို ရှောင်ကြဉ်ရန်ပင်။ ဆရာတိုနီကတော့ ကျောင်းစည်းကမ်းများကို ချိုးဖောက်လိမ့်မည်မဟုတ်လောက်ပေ။
ထူးရှယ်နတ်ဘုရားကျောင်းတော်ကား မှော်ဆန်သော နေရာတစ်ခုဖြစ်၏။ ကျောင်းတော်ကြီးတစ်ခုလုံးသည် အသက်ရှိနေသော သက်ရှိကဲ့သို့ဖြစ်နေပြီး ဗိသုကာလက်ရာများနှင့် တည်နေရာကို စိတ်တိုင်းကျပြောင်းလဲနိုင်သည်။ သို့သော် ကျန်းမုန့်လောင် တစ်နေရာရာကို သွားလိုပါက အတွေးတစ်ချက်နှင့်ပင် သူ့အား ထိုနေရာသို့ ချက်ချင်းခေါ်သွားပေးလိမ့်မည်သာ။
"ကောထန် ဆရာတိုနီကဘယ်မှာလဲ"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"ဆရာတိုနီက ဆေးဝါးကျောင်းဆောင်ထဲမှာပါ"
ကောထန်က ပြန်ဖြေလာသည်။
"ဆေးဝါးကျောင်းဆောင်လား။ သူ့လို စက်မှုအင်ဂျင်နီယာနဲ့ဉာဏ်ရည်တုအချိန်ပိုင်းဆရာက စတာ့ခ်ကုမ္ပဏီမှာ ကုတ်တွေထိုင်ရေးမနေဘဲ ဆေးဝါးကျောင်းဆောင်ထဲကို ဘာလို့သွားနေတာလဲ"
ကျန်းမုန့်လောင်လည်း သိချင်စိတ်ဖြစ်မိသောကြောင့် ထူးရှယ်နတ်ဘုရားကျောင်းတော်၏ နေရာကူးပြောင်းရေးမုခ်ဝကို ဆင့်ခေါ်လိုက်သည်။
ကျန်းမုန့်လောင်ရှေ့တွင် ဝိုင်းစက်စက်အလင်းမုခ်ဝတစ်ခု ပေါ်ပေါက်လာ၏။ သူလည်း ထိုအထဲသို့ ဝင်ရောက်လိုက်လေရာ အလင်းမုခ်ဝကလည်း မှိန်ဖျော့သွားပြီး ကျန်းမုန့်လောင်လည်း သူ့မူလတည်နေရာမှ ပျောက်ကွယ်သွားသည်။
သူ ပြန်ပေါ်လာချိန်တွင် တိတ်ဆိတ်သောတောင်ကြားလမ်းတစ်ခုအတွင်းသို့ ရောက်နေကြောင်း သိလိုက်ရသည်။ ဤတောင်ကြားလမ်းတွင် ဆေးဖက်ဝင်အပင်များစွာကို မျက်စိတစ်ဆုံးစိုက်ပျိုးထားပြီး ဆေးရနံ့များလည်း သင်းနေချေသည်။
"ကောထန် ဒီဆေးဝါးကျောင်းဆောင်ရဲ့ဆရာက ဘယ်သူလဲ"
ကျန်းမုန့်လောင် မေးကြည့်လိုက်သည်။
"ရှန်းနုန်လား ဒါမှမဟုတ် စွန်းရှီမြောင်လား"
"နတ်ဆေးဆရာယောင်ချန်းပါ"
"သောက်ကျိုးနည်း"
ကျန်းမုန့်လောင်က သူ့နဖူးသူ ရိုက်လိုက်မိလေတော့သည်။
"ဟုတ်သားပဲ။ ယောင်ချန်းလည်း ကျောင်းထဲမှာရှိနေတာကိုး"
"ဒါဆို ဒါတွေက…"
"ဒါတွေက ဆရာယောင်ချန်းစိုက်ပျိုးထားတဲ့ ဆေးဖက်ဝင်ပျိုးခင်းတွေပါ။ ပထမအဆင့်စိတ်ဝိညာဉ်ဆေးဖက်ဝင်အပင်တွေကနေ နတ်ဆေးအဆင့်အထိ အကုန်ရှိပါတယ်။ ဒါတွေက အရင်တုန်းက သူကြိုးကြိုးစားစားစိုက်ထားတဲ့အပင်တွေပါ"
"ဆရာတိုနီက ဒီကိုဘာလို့ရောက်နေရတာလဲ"
ကျန်းမုန့်လောင်က ပတ်ပတ်လည်ကို စိတ်ဝင်တစားကြည့်လိုက်ပြီးနောက် အဆုံးမှာတော့ အနည်းငယ်ယိုယွင်းပျက်စီးနေသော တဲလေးတစ်လုံးနားတွင် တိုနီကိုတွေ့လိုက်ရသည်။
သူသည် မြေကြီးပေါ်တွင် ထိုင်နေပြီး သူ့ဘေးတွင်လည်း လျှပ်စစ်ဓာတ်အားပေးစက်တစ်လုံး ရှိနေဟန်တူ၏။ သူ့ရှေ့တွင်မူ တစ်စုံတစ်ခုက ဟော့ပေါ့အလား တပွက်ပွက်ဆူနေချေသည်။ သူ့နံဘေးမှာတော့ ရောင်စုံအရွက်များ အထပ်လိုက်ပင်။
"ဆရာတိုနီ ခင်ဗျားကဒီမှာကိုး"
ကျန်းမုန့်လောင်က တိုနီအနားသို့ လျှောက်သွားလိုက်၏။
"ကျောင်းအုပ်ကြီး နောက်ဆုံးတော့ပြန်လာပြီပဲ"
တိုနီက ကျန်းမုန့်လောင်ကို မြင်လိုက်သည့်အချိန်မှာပင် မျက်ရည်များ မိုးလိုပြိုတော့သည်။ သူသည် မြေကြီးပေါ်တွင်ထိုင်ရင်း ကျန်းမုန့်လောင်၏ခြေထောက်နှစ်ဖက်ကို ဖက်တွယ်ထားလေသည်။
"သောက်ကျိုးနည်း။ သူရူးသွားတာလား"
ကျန်းမုန့်လောင်က တိုနီကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်လေသည်။ ဤသည်မှာ Avengerမဟာမိတ်အဖွဲ့မှ စူပါဟီးရိုးမှ ဟုတ်ပါလေစ။
"ဆရာတိုနီ သုံးရက်ပဲရှိသေးတာကို ခင်ဗျားက ကျွန်တော့်ကို အဲ့လောက်တောင်လွမ်းနေတာလား"
ကျန်းမုန့်လောင် ရယ်လိုက်မိသည်။
"ကျောင်းအုပ်ကြီး…ကျွန်တော် သေမတတ်ဗိုက်ဆာနေပြီ။ ကျုပ်တို့က ထူးရှယ်နတ်ဘုရားကျောင်းတော်မှာ ခစားနေရတယ်ဆိုပေမဲ့ အစားအသောက်လေးတော့ ဝဝလင်လင်စားခွင့်ပေးပါဗျာ"
"ဘာ.. ခင်ဗျားတို့က အစာစားဖို့လိုသေးတယ်ပေါ့"
ကျန်းမုန့်လောင်ခမျာ အံ့အားသင့်သွားရသည်။
"ကျောင်းအုပ်ကြီး ကျုပ်တို့ကလည်း လူသားတွေပဲလေ။ လူသားတွေလို့။ အသက်ရှူနေတဲ့လူသားတွေ"
တိုနီခမျာ ပြောစရာစကားများ ပျောက်ရှသွားရသည်။
"ကျုပ်တို့ကို ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲမှာ ချည်နှောင်ထားတာမို့ ကျောင်းတော်ကြီးရှိနေသရွေ့ မသေနိုင်ဘူးဆိုပေမဲ့ သေနိုင်ခြေမရှိဘဲ ဗိုက်ဆာနေရတဲ့ခံစားချက်က တကယ်ခံရခက်တယ်"
"ဟားဟားဟား တောင်းပန်ပါတယ်ဗျာ။ တောင်းပန်ပါတယ်။ ခင်ဗျားကိုလည်း လူသားတွေလို့ သတ်မှတ်ရတယ်ဆိုတာ မေ့သွားလို့ပါ"
ကျန်းမုန့်လောင်က ခပ်ရှက်ရှက်ဖြင့် ရယ်လိုက်၏။ ကျွန်တော်ဖတ်ဖူးတဲ့ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုတွေထဲမှာ အဲ့ဒီစနစ်တွေထဲက သက်ရှိတွေက အစာစားဖို့မလိုဘူးလေ"
"ဒီလိုဆိုရင်ရော.. ခဏနေရင် ခင်ဗျားစားဖို့ ကျွန်တော် စားဖိုမှူးကို တစ်ခုခုပြင်ခိုင်းလိုက်မယ်"
ကျန်းမုန့်လောင်က ဆူပွက်နေသောအိုးကို ကြည့်၍ သိလိုစိတ်ပြင်းပြစွာဖြင့် ပြောလိုက်သည်။
"ခင်ဗျားဘာတွေချက်နေတာလဲ"
တိုနီကမူ သက်ပြင်းချလိုက်မိသည်။
"ကျောင်းအုပ်ကြီး လွန်ခဲ့တဲ့နှစ်လ ထူးရှယ်နတ်ဘုရားကျောင်းတော်မှာ ကျွန်တော့်ကို ဖမ်းထားကတည်းက ဒီနေရာမှာ ဘာမှမရှိတော့ ပျက်စီးနေတဲ့ ဒီဆေးခင်းထဲက ဟင်းရွက်အရိုင်းတွေကိုပဲ တူးဖော်ပြီးစားသောက်နေရတာပေါ့။ ဒီဟာတွေက ခါးပြီး စားရတာခက်လိုက်တာဗျာ။ ဒီလိုသာဆက်စားနေရရင်တော့ ကျုပ်လည်း အစာအိမ်ရောဂါဖြစ်မှာပဲ"
"ဟင်းရွက်ရိုင်းတွေတဲ့လား"
ကျန်းမုန့်လောင်က ဟင်းရွက်ရိုင်းအပုံကြီးနားသို့ လျှောက်သွားလိုက်ပြီး သူ ယခင်ကတစ်ခါမှမမြင်ဖူးသော အပင်တစ်ပင်ကို သာမန်ကာလျှံကာနှုတ်ယူလိုက်သည်။ ထို့နောက် ကျောင်းအုပ်လက်စွပ်ဖြင့် ဖြန့်ကြက်စူးစမ်းလိုက်သည်။
သိပ္ပံနာမည် : အမြဲစိမ်းနတ်ဆေးနွယ်
မူလဇစ်မြစ် : ထို့ချီတိုက်နယ်
အဆင့် : အဆင့်ရှစ်နတ်ဆေး
မှတ်ချက် : အဆင့်ရှစ်ပြဒါးရှင်လုံးအရိုးပြုပြင်သွေးသန့်စင်ရေးဆေးပြားအတွက် မရှိမဖြစ်လိုအပ်သောပါဝင်ပစ္စည်း၊ နှစ်တစ်သောင်းတွင် တစ်ကြိမ်သာ ပေါက်ပြီး အလွန်ရှားပါးသောနတ်ဆေးတစ်လက်ဖြစ်သည်။
"သေစမ်း"
ကျန်းမုန့်လောင် လုံးဝကြက်သေသေသွားရသည်။ ဘာကိုဟင်းရွက်ရိုင်းလဲ။ ဤသည်မှာ အဆင့်ရှစ်နတ်ဆေးတစ်လက်ပင်။ ထို့ချီတိုက်နယ်တွင် ဤအရာကား အဖိုးမဖြတ်နိုင်ချေ။ ပိုက်ဆံရှိလျှင်ပင် ရယူဖို့မဖြစ်နိုင်ပေ။ အမြဲစိမ်းနတ်ဆေးနွယ်က နတ်ဘုရားများနှင့် သန်မာလှသော ပညာရှင်များကို ရူးသွပ်သွားစေနိုင်သည်။
ထိုမျှအထိ တန်ဖိုးကြီးလှသော ရတနာတစ်ပါးကို ဤနေရာမှာတော့ ဆရာတိုနီက သာမန်ဟင်းရွက်ရိုင်းများအလား ပြုတ်စားနေသည်တဲ့လား။
"သွေးအမြုတေနတ်ဆိုးသစ်သီး၊ ထစ်ချုန်းနဂါးအရွက်၊ ယင်နတ်ဘုရားပန်းပွင့်၊ မီးယန်စိတ်ဝိညာဉ်သစ်ရွက်…"
ကျန်းမုန့်လောင်၏အကြည့်က ထို"ဟင်းရွက်ရိုင်းများ"ဆီသို့ ကျရောက်သွားသည့်အခါ ထိုထိပ်တန်းအဆင့်ဆေးဖက်ဝင်အပင်များအားလုံးက ထို့ချီတိုက်နယ်တွင် နာမည်ကြီးအပင်များဖြစ်ကြောင်း သိလိုက်ရသည်။
"ဂျွတ်"
ကျန့်မုန့်လောင်ခမျာ လက်သီးတင်းတင်းဆုပ်လိုက်သည်။
"အသုံးအဖြုန်းကြီးတဲ့သား။ တကယ့်ကို အသုံးအဖြုန်းကြီးတဲ့သားပဲ။ တကယ့်ကိုပဲ ခင်ဗျားကို အသေရိုက်ပစ်လိုက်ချင်တယ်"
"ကျောင်းအုပ်ကြီး ခင်ဗျား ကျောင်းကဆရာတစ်ယောက်ကို အပြစ်ပေးချင်ရင် ပြစ်ဒဏ်အမိန့်ထုတ်ပြန်လိုက်ရုံပါပဲ"
ကောထန်က သတိပေးလာလေသည်။
"ငါ့အစား သူ့ကိုအပြစ်ပေးလိုက်စမ်းပါ။ ကြမ်းကြမ်းတမ်းတမ်းလေး အပြစ်ပေးလိုက်။ ဒီလိုထိပ်တန်းအဆင့်နတ်ဆေးတွေကို စွပ်ပြုတ်လုပ်သောက်ပစ်တာမျိုးကတော့..။ ကျုပ်တောင် ခင်ဗျားလောက်လက်မဖွာဘူး"
"ဂျိန်း"
ကောင်းကင်ထက်ရှိ မိုးခြိမ်းသံအကြားဝယ် အနက်ရောင်ဝဲဂယက်တစ်ခုက ရောင်စုံတိမ်တိုက်များကြားက ထွက်ပေါ်လာလေသည်။ ထို့နောက် လျှပ်စီးတန်းတစ်ခု ဆင်းသက်လာပြီး တိုနီကို မိုးကြိုးပစ်လိုက်သော်လည်း အတွင်းဘက်ကိုတော့ မထိမခိုက်ချန်ထားရစ်ခဲ့သည်။
"အဲ့ဒါက တအားမကြမ်းလွန်းဘူးလား"
ကျန်းမုန့်လောင် အနည်းငယ်စိုးရိမ်မိသွားသည်။
"သူမသေဘူးမလား"
"စိတ်မပူပါနဲ့ ကျောင်းအုပ်ကြီး။ သူသေမှာမဟုတ်ပါဘူး။ အလွန်ဆုံးရှိလှ နည်းနည်းလောက်နာကျင်ရုံပါပဲ"
ကောထန်က ပြောလိုက်၏။
သေချာပေါက်ပင်။ တိုနီ၏ခန္ဓာကိုယ်ထက်ရှိ ဒဏ်ရာများသည် သာမန်မျက်စိဖြင့်ပင် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ပြန်လည်သက်သာလာပြီး စက္ကန့်ပိုင်းအတွင်းမှာပင် အသစ်အလား ပြန်လည်ကောင်းမွန်သွားသည်။ သို့သော် သူ့မျက်နှာထက်တွင်မူ ကျန်းမုန့်လောင်၏နည်းလမ်းကို စင်စစ်ကြောက်ရွံ့သွားသည့်အလား ထိတ်လန့်နေဟန်အမူအရာတစ်ခု ဆင်မြန်းထားသည်။
"အခုကစပြီး ကျုပ်ရဲ့ခွင့်ပြုချက်မရှိဘဲ ခင်ဗျား ကျောင်းထဲက ဘယ်အပင်ကိုမှ အထိန်းအကွပ်မရှိ မစားရဘူး"
ကျန်းမုန့်လောင်က အမိန့်ထုတ်လိုက်လေသည်။
"ဟုတ်ကဲ့ပါ ကျောင်းအုပ်ကြီး"
တိုနီခမျာ ကြောက်ရွံ့နေဟန်ဖြင့် ပြောလာလေသည်။ သူသေမည်မဟုတ်ကြောင်း သိသော်လည်း လျှပ်စီးကြောင့်ဖြစ်ပေါ်လာသော အကြောက်တရားကတော့ အစစ်ပင်။
"ခင်ဗျားမှာ ပြောစရာတစ်ခုခုရှိလား"
ကျန်းမုန့်လောင်က တိုနီ၏ တွေဝေတုံ့ဆိုင်းလေဟန် အမူအရာကို သတိထားမိသဖြင့် ပြောလိုက်၏။
"ကျောင်းအုပ်ကြီး ကျွန်တော် ဘာမှမစားရတာကြာပြီ။ အခု တစ်ခုခုစားလို့ရမလား။ ကျွန်တော် တကယ်ဗိုက်ဆာနေပြီ"
တိုနီက တောင်းပန်တိုးလျှိုးလိုက်လေသည်။
ကျန်းမုန့်လောင် သက်ပြင်းချလိုက်သည်။ အရမ်းလည်း အကြင်နာမဲ့လို့မရဘူးမလား။ လူသားဆိုသည်မှာ သံဖြစ်ပြီး အစားအသောက်ကတော့ သံမဏိပင်။ သူ့အနေနှင့် ကုပ်သွေးစုပ်အရင်းရှင်တစ်ယောက်လို ပြုမူနေ၍မဖြစ်ပေ။
"ဒီလောက်ညနက်ကြီးကျမှ ဘာစားရမှာလဲ"
ကျန်းမုန့်လောင်၏မျက်ဝန်းအစုံ လင်းလက်သွားချေသည်။
"ဆရာတိုနီ ဆန်ခေါက်ဆွဲပြုတ်အရသာကို ကြိုက်လား"
"ဟင်"
တိုနီလည်း ကြက်သေသေသွားချေသည်။
"အဲ့ဒါက ဟွာရှားရဲ့အကောင်းဆုံးအစားအသောက်လေ။ လော့စီဖန်တဲ့။ အစပ်ဟင်းလျာတွေနဲ့ နို့လက်ဖက်ရည်ပြီးရင် လူကြိုက်အများဆုံးပဲ။ မြည်းစမ်းကြည့်မလား"
...