သူတို့ရဲ့ချစ်ပ်ပြားတွေကို အမှိုက်ဖြစ်အောင်လုပ်လိုက်
Vol. 17 Ch. 251
ကျန်ရှိနေသေးသော စွမ်းအားအမှတ်တစ်ရာဖြင့် ကျန်းမုန့်လောင်က တာခုမိဖူဂျီဝါရ၏ ပြိုင်ကားမောင်းစွမ်းရည်ကို ကူးယူလိုက်သည်။ မည်သို့ပင်ဖြစ်စေ ယခုလည်း သူက နိုင်ငံတွင်းတွင် သူကိုယ်တိုင် ကားမောင်းရခြင်းက များသဖြင့် ကားမောင်းစွမ်းရည်ကို တိုးမြှင့်ခြင်းအားဖြင့် အနာဂတ်တွင် လမ်းပေါ်၌ ပိုမိုဘေးကင်းစွာ မောင်းနှင်နိုင်သည်မဟုတ်လား။
ဆရာတိုနီထံမှ သွားရည်ကျချင်စဖွယ်ကောင်းသော စွမ်းရည်များကိုမူ လောလောဆယ်တော့ လေးစားအားကျစိတ်ဖြင့် သက်ပြင်းချရုံသာ တတ်နိုင်လေသည်။ အကယ်၍ သူ့အနေနှင့် အထင်ကြီးဖို့ကောင်းသော ဉာဏ်ရည်တုနည်းပညာကို သင်ယူနိုင်ခဲ့လျှင်ပင် ထိုကဲ့သို့သောAIမျိုးက သယ်ဆောင်ပေးသည့်ကိရိယာတစ်ခုလည်း လိုအပ်ပေဦးမည်။
ထို့ပြင် ကမ္ဘာပေါ်ရှိ လက်ရှိနည်းပညာများသည် ထိုAIမျိုးကို လက်ခံနိုင်ရန်လိုအပ်သည့် လိုအပ်ချက်များနှင့် ဝေးကွာနေဆဲဖြစ်၏။ သယ်ဆောင်ရေးပစ္စည်းအဖြစ် အသုံးပြုသော ချစ်ပ်ပြားများမှာ ထိုမျှများပြားလှသော ဒေတာပမာဏကြောင့် သေချာမရှုံးနိမ့်ခင်မှာပင် စက္ကန့်အနည်းငယ်အတွင်း ပျက်စီးသွားနိုင်သည်။
ကျန်းမုန့်လောင်အနေနှင့် သူရရှိထားသော ကုန်ကြမ်းပစ္စည်းနည်းပညာများကို ချေဖျက်ရန်အတွက် အချိန်အနည်းငယ်ထပ်လိုအပ်နေရုံသာ။ ထိုဗဟုသုတများကို သူ လက်ခံလိုက်သည့်အချိန်ဝယ် စွမ်းအားအမှတ်အမြောက်အများ ထပ်မံရရှိလိမ့်မည်ဟု သူ မျှော်မှန်းထားသည်။
...
"ကျောင်းအုပ်ကြီး စတီယာရင်ကိုလှည့်လိုက်လေ။ စတီယာရင်ကိုလှည့်"
"ကျောင်းအုပ်ကြီး.. ရှေ့ကလူကိုမြင်လား"
"မြင်တယ်လေ။ ကြည့်ရတာ ဆရာတိုနီထင်တယ်"
"သွား သူ့ကိုဝင်တိုက်ပစ်လိုက်"
"မလုပ်နိုင်ပါဘူး"
ကျန်းမုန့်လောင်က ပြောလိုက်၏။ ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ဆရာများက မသေဆုံးနိုင်ကြောင်း သူသိသော်လည်း သူ့အနေနှင့် ထိုသို့မလုပ်နိုင်ပေ။
"ငါ အခုလေးတင် သူ့ကို မိုးကြိုးနဲ့ပစ်ထားတာ။ အခုကျ ကားနဲ့ပါ ဝင်တိုက်ရမယ်ဆိုရင် ငါ ကျိုးကြောင့်မသင့်တော်ရာကျမသွားဘူးလား"
"ဒါဆို ဘာလို့ ဘရိတ်မနင်းသေးတာလဲ"
...
"ကျောင်းအုပ်ကြီး ကျွန်တော်က ခင်ဗျားကို driftဆွဲခိုင်းတာနော်။ လှည့်ခိုင်းနေတာမဟုတ်ဘူး။ ခင်ဗျားက လေဆင်နှာမောင်းတစ်ခုဖန်ဆင်းပြီး ကားပါကင်ကို ဖျက်ဆီးဖို့ကြံနေတာလား"
"ကျောင်းအုပ်ကြီး ခင်ဗျားရဲ့ကားမောင်းလိုင်စင်ကို ဝယ်ထားတာများလား"
...
တာခုမိဖူဂျီဝါရထံမှ ပြိုင်ကားမောင်းစွမ်းရည်ကို ကူးယူထားသော်လည်း ထိုကဲ့သို့သောစွမ်းရည်များမှာ ဗဟုသုတသက်သက်သာမဟုတ်ဘဲ လက်တွေ့လုပ်ဆောင်မှုကိုလည်း လိုအပ်သေးသည်။
ကျန်းမုန့်လောင်အနေနှင့် ကားတကယ်မောင်းတတ်သော်ငြား တစ်နာရီ မိုင်၂၀၀နှုန်းဖြင့် မောင်းဖို့မဆိုထားနှင့်။ ပြိုင်ကားကိုပင် ယခင်က မောင်းဖူးခြင်းမရှိပေ။ ခရီးသည်ထိုင်ခုံတွင်ထိုင်၍ ကျန်းမုန့်လောင်ကို လမ်းညွှန်ပေးနေသော တာခုမိဖူဂျီဝါရက သူ့ကို အစမှ အဆုံးတိုင် ဆူငေါက်ကာ ကျန်းမုန့်လောင်က ကျောင်းအုပ်ဖြစ်ကြောင်းကိုလည်း နည်းနည်းမှသတိမရတော့ချေ။
"ဆရာဖူဂျီဝါရ..ကျွန်တော်က ကျောင်းအုပ်နော်။ ကျွန်တော့်ကို နည်းနည်းလောက်လေးစားပါဦး"
အဆုံးမှာတော့ ကျန်းမုန့်လောင်လည်း နားပူနားဆာလုပ်နေခြင်းကို သည်းမခံနိုင်တော့ပေ။ သူ ကားမောင်းလိုင်စင်ရသည့်နေ့က ပူညံပူညံလုပ်ခဲ့သော ကားမောင်းနည်းပြတစ်ယောက်ကိုပင် အမှတ်ရလိုက်သည်။ ထိုစဉ်ကတော့ သူ့အနေနှင့် ပြန်ပြောဖို့ရန်ပင် သတ္တိမရှိခဲ့ပေ။
ထိုအချိန်မှသာ တာခုမိဖူဂျီဝါရလည်း ကျန်းမုန့်လောင်က ထူးရှယ်နတ်ဘုရားကျောင်းတော်၏ ကျောင်းအုပ်ကြီးဖြစ်ကြောင်း သတိရသွားသည်။ အကယ်၍ သူသာ ထိုလူ့ကို ဒေါသထွက်အောင်လုပ်မိပါက သူ့ပေါ်ကိုလည်း မိုးကြိုးပစ်ချလိုက်နိုင်လေသလား။
သူ့သဘောထားကား ရုတ်ခြည်းဆိုသလို ၃၆၀ဒီဂရီ ပြောင်းလဲသွားသည်။
တစ်နာရီကြာ လေ့ကျင့်ပြီးနောက် ကျန်းမုန့်လောင်၏ကားမောင်းစွမ်းရည်လည်း လူသစ်အဆင့်မှ ကျွမ်းကျင်အဆင့်သို့ ရောက်ရှိသွားသည်။ တာခုမိဖူဂျီဝါရ၏အဆိုအရ ကျန်းမုန့်လောင်၏ကျွမ်းကျင်မှုမှာ သူ့အရည်အချင်း၏၈၀ရာခိုင်နှုန်းခန့်ပင် ရှိနေလေပြီ။ ဤကျွမ်းကျင်မှုအဆင့်ဖြင့်ဆိုပါက ကျန်းမုန့်လောင်တို့ကမ္ဘာတွင် သူသည် ပြိုင်ကားလောက၏နတ်ဘုရားဟုပင် ခေါ်ဆိုထိုက်နေလေပြီ။
စိတ်လှုပ်ရှားနေသော ကျန်းမုန့်လောင်လည်း အလင်းသုံးသွယ်နတ်ရေကန်ထဲတွင် ရေချိုး၍ တစ်နေ့တာအတွင်း ပင်ပန်းနွမ်းနယ်မှုများကို ဖယ်ရှားလိုက်သည်။
...
"ဟားဟားဟား"
ကျန်းမုန့်လောင်က လုရီယောင်၏အိပ်ရာဘေးရှိ စားပွဲပေါ်တွင် နွားနို့တစ်ခွက်နှင့် ပေါင်မုန့်ကို ချလိုက်ချိန်ဝယ် သူ(မ)၏မျက်နှာကား နီမြန်းလျက်သာ ရှိသေးသည်။
သံသယဖြစ်ဖွယ်ရာမရှိပေ။ အလင်းသုံးသွယ်နတ်ရေစင်ကား အလွန်ကောင်းလှပေသည်။ ကျန်းမုန့်လောင် နာရီအနည်းငယ်သာ အိပ်ခဲ့ရသော်လည်း လန်းဆန်းတက်ကြွကာ အားအင်ပြည့်ဝနေပေသည်။ သူ့စွမ်းအင်များကို သုံးစွဲဖို့အတွက် "မနက်ခင်းလေ့ကျင့်ခန်း"လေးတစ်ခုကို လုပ်လိုက်သေးသည်။
"မင်း ထပ်အိပ်လိုက်ဦးလေ။ ငါ ဒီနေ့ ပါမောက္ခဟန်ကို သွားတွေ့မလို့"
ကျန်းမုန့်လောင်က လုရီယောင်၏နဖူးကိုနမ်းရင်း ပြောလိုက်လေသည်။
သူ့အနေနှင့် မာစတာဘွဲ့ယူရန် ဆုံးဖြတ်ထားပြီးဖြစ်လေရာ နည်းပြတစ်ယောက်ကို ရှာရန် လိုအပ်ပေသည်။ သူ့ချမ်းသာကြွယ်ဝမှုဖြင့် နိုင်ငံတစ်ဝှမ်းရှိ မည်သည့်ဘွဲ့လွန်ကျောင်းတွင်မဆို ငွေပေး၍တက်ရောက်နိုင်သော်လည်း သူအရင်းနှီးဆုံးဖြစ်သည့် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကတော့ ပထမဦးစားပေး ဖြစ်နေဆဲသာ။
ကျောင်းရွေးချယ်ခြင်းသည် ထိုကျောင်း၏ခွန်အားနှင့်သာ သက်ဆိုင်ပေသည်။ သာမန်လူတစ်ဦးအတွက် ကျောင်းဆိုသည်မှာ အလုပ်ရရန် ပထမခြေလှမ်းတစ်ခုသာ ဖြစ်သော်ငြား ကျန်းမုန့်လောင်အတွက်တော့ ထိုအရာကို မလိုအပ်ပေ။
ထို့ပြင် ကျန်းနန်တက္ကသိုလ်က သာမန်ပထမတန်းအဆင့်တက္ကသိုလ်တစ်ခု ဖြစ်နေဆဲဆိုသော်ငြား ဤအခြေအနေက မကြာခင်ပြောင်းလဲသွားလိမ့်မည်ဟု ကျန်းမုန့်လောင် ယုံကြည်ထားသည်။ ဤယုံကြည်မှုကား ထိုကိရိယာများထံမှ လာခြင်းသက်သက်မဟုတ်ပါဘဲ ကျန်းမုန့်လောင်၏ဦးနှောက်ထဲရှိ အသိပညာများမှလည်း လာပေသည်။
ထူးဆန်းသည်မှာ ကျန်းမုန့်လောင်အနေနှင့် မနက်ပိုင်းတွင် ဟန်ကျင်းယွီနှင့် တွေ့ဆုံရန်အတွက် စီစဉ်ထားသော်လည်း ကျန်းမုန့်လောင် ကျောင်းသို့ရောက်သွားချိန်မှာ ဟန်းကျင်းယွီ၏ရုံးခန်းထဲတွင် မည်သူမှ ရှိမနေပေ။
ဟန်ကျင်းယွီ၏ဖုန်းနံပါတ်ကို ဆက်ကြည့်သော်လည်း မည်သူမျှ ပြန်မဖြေချေ။ ယုတ္တိကျကျပြောရလျှင် ဟန်ကျင်းယွီက အချိန်ကို အလွန်လေးစားသူတစ်ယောက်ဖြစ်၏။ ယခုလိုမဖြစ်သင့်ပေ။
ကျန်းမုန့်လောင်လည်း ဘေးဘက်သို့ စွေကြည့်လိုက်ချိန်မှာ သူ့စီနီယာအစ်ကိုများနှင့် အစ်မများအားလုံး ရုံးခန်းထဲ၌ ရှိနေသည်ကို မြင်လိုက်ရသည်။
"ဟေး မုန့်လောင်ရောက်နေတယ်"
"လာ လာ မုန့်လောင်.. မြန်မြန်လာထိုင်။ မင်း ဘာစားချင်လဲ။ စီနီယာအစ်ကိုက မင်းအတွက် သွားဝယ်ပေးမယ်"
"မုန့်လောင် အသီးစားချင်လား။ လာခဲ့ စီနီယာအစ်မဘေးမှာ လာထိုင်"
ကျန်းမုန့်လောင်ကို မြင်သောအခါ ဓာတ်ခွဲခန်းထဲရှိ လူတိုင်းက လုံးဝတက်ကြွသွားကြလေသည်။
သိထားသင့်သည့် အချက်မှာ ယခုလိုဖြစ်နေရခြင်းသည် သူတို့ဓာတ်ခွဲခန်းကို ကျန်းမုန့်လောင်က ရန်ပုံငွေထောက်ပံ့ထားသောကြောင့် သူတို့ဓာတ်ခွဲခန်းက တစ်ကျောင်းလုံးတွင်သာမက တစ်နိုင်ငံလုံးမှာပါ အချမ်းသာဆုံးသုတေသနအဖွဲ့ဖြစ်လာခဲ့သည်။ ဟန်ကျင်းယွီ သူတို့ကိုပေးသည့် အခကြးငွေကလည်း ကျောင်းပြီးသွားသည့်နောက် သူတို့ရမည့် ဆယ်နှစ်စာလစာထက်ပင် ပိုများနေပေသည်။
ယခုမူ သူတို့အားလုံးလည်း PhDဆက်တက်ရန် တွေးနေကြသည်။ အချို့ပါရဂူတန်းစီနီယာအစ်ကိုများဆိုလျှင် ကျောင်းက သူတို့၏ဘွဲ့ရချိန်ကို နောက်ထပ်ငါးနှစ်ဆယ်နှစ်လောက် ရွှေ့ဆိုင်းထားပေးဖို့ မျှော်လင့်နေကြသည်။
"မုန့်လောင်… မင်း ပါမောက္ခဟန်ကို ရှာနေတာလား"
"ဟုတ်တယ်။ ကျွန်တော် နှစ်သစ်ကူးပြီးရင် ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲဖြေဖို့ ပြင်ဆင်မလို့လေ။ ပြီးရင်တော့ ကျွန်တော်တို့သုတေသနအဖွဲ့ကို ဝင်မှာပေါ့"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"တကယ်လား"
စီနီယာအစ်ကိုများနှင့် အစ်မများမှာ စိတ်လှုပ်ရှားတက်ကြွသွားကြသည်။
"ဒီအကြောင်းပြောဖို့ ပါမောက္ခဟန်နဲ့ ဒီမနက်ချိန်းထားတာကို သူက ဘာလို့ဒီမှာရှိမနေရတာလဲ"
"အနားနီးမှ ကိစ္စတစ်ခုပေါ်လာလို့လေ"
စီနီယာအစ်ကိုကျူးမုန့်ချောင်၏အမူအရာကား လုံးဝပြောင်းလဲသွားသည်။
"မင်း ဒီနေ့ သတင်းကိုမကြည့်ရသေးဘူးလား"
"ဘာဖြစ်တာလဲ။ ကျောင်းမှာ တစ်ခုခုဖြစ်လို့လား"
ကျန်းမုန့်လောင်က မေးလိုက်သည်။ ပုံမှန်အားဖြင့်ဆိုလျှင် ကျန်းမုန့်လောင်က အိပ်ရာထပြီး ရေချိုးခန်းထဲတွင် အချိန်ကုန်သည့် နာရီဝက်အတွင်းတွင် သတင်းကြည့်လေ့ရှိသည်။ သို့သော် ယနေ့မနက်တွင်မူ ဖော်ပြ၍မရသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သဖြင့် သတင်းကို အာရုံမစိုက်မိပေ။
"မဟုတ်ဘူး။ Silicon Moonlightမှာ ပြဿနာလေးတစ်ခုတက်နေလို့"
" Silicon Moonlightလား။ ကျွန်တော်တို့နိုင်ငံရဲ့ အကြီးမားဆုံး တစ်ပိုင်းလျှပ်ကူးပစ္စည်းကုမ္ပဏီလေ"
"သူတို့တင်မဟုတ်ဘူး။ တစ်ပိုင်းလျှပ်ကူးပစ္စည်းကုမ္ပဏီတွေအားလုံး ပြဿနာတက်နေတာ"
ကျူးမုန့်ချောင်က ဆိုလိုက်၏။
"မင်းသိလား။ မကြာသေးခင်တုန်းက အမေရိကမှာ သမ္မတအသစ်တစ်ယောက် ရွေးကောက်တင်မြှောက်လိုက်တယ်လေ။ သူက ချက်ချင်းပဲ အရေးယူမှုတွေတစ်သီကြီး လုပ်ဆောင်ခဲ့တယ်လေ။ အဲ့ဒီထဲကတစ်ခုက ငါတို့ဟွာရှားကို တစ်ပိုင်းလျှပ်ကူးချစ်ပ်ပြားတွေ ရောင်းချခွင့်ပိတ်ပင်လိုက်တာပဲ"
ကျန်းမုန့်လောင် မျက်မှောင်ကြုတ်လိုက်မိသည်။
"လက်ဝါးကြီးအုပ်တာပေါ့"
ယခင်သမ္မတလက်ထက်တွင် ချစ်ပ်ပြားများ၏ ဈေးနှုန်းများကို သိသိသာသာမြှင့်တင်ခဲ့သော်လည်း ပိတ်ဆို့သည့်အဆင့်အထိ မရောက်ခဲ့ချေ။ သမ္မတအသစ်တက်သည့် ပထမဆုံးနေ့မှာပင် ယခုလိုကိစ္စမျိုး ဖြစ်လိမ့်မည်ဟု သူ မယုံနိုင်ခဲ့ပေ။
"ဟုတ်တယ်"
ကျူးမုန့်ချောင်က ပြောလိုက်၏။
"အဲ့ဒါကြောင့် အခု အခြေအနေက ရုတ်တရက်တင်းမာလာတာလေ။ အဆင့်မြင့်ချစ်ပ်ပြားတွေမရှိရင် ငါတို့နိုင်ငံရဲ့ဆက်သွယ်ရေးနည်းပညာလည်း ပျက်စီးသွားမှာ။ အနည်းဆုံးတော့ ရေတိုဖွံ့ဖြိုးတိုးတက်ရေးက တအားနှေးကွေးသွားမှာပေါ့ကွာ။ ငါတို့ဘာသာ ချစ်ပ်ပြားတွေကို မထုတ်လုပ်နိုင်ခင်အထိပေါ့"
ကျန်းမုန့်လောင် ခေါင်းညိတ်လိုက်သည်။ ချစ်ပ်ပြားပိတ်ဆို့မှု၏ နောက်ဆက်တွဲဆိုးကျိုးများကို သူ အပြည့်အဝမြင်ယောင်ကြည့်နိုင်သည်။
"မင်းသိလား။ ပါမောက္ခဟန်ရဲ့ လတ်တလောသုတေသနအာရုံစိုက်မှုက ဂရက်ဖင်လို့ခေါ်တဲ့ တစ်ပိုင်းလျှပ်ကူးကုန်ကြမ်းပစ္စည်းလေ။ ဒီမနက်ကပဲ သူ့ကို အရေးပေါ်အစည်းအဝေးတစ်ခုတက်ဖို့ ခေါ်ထားလို့ နေ့လယ်အထိတော့ သူ ပြန်လာဦးမှာမဟုတ်ဘူး"
"ဒီလိုကိုး"
အဆုံးမှာတော့ ကျန်းမုန့်လောင်လည်း ဖြစ်စဉ်အစအဆုံးကို နားလည်လိုက်လေပြီ။
"ဒီအနောက်တိုင်းသားတွေက ဘယ်လိုပြဿနာရှာရမလဲဆိုတာကို တော်တော်သိတာပဲ"
"မဟုတ်ဘူးလို့တော့ ဘယ်ပြောနိုင်မလဲ။ ဒါပေမဲ့ ငါတို့လည်းမတတ်နိုင်ဘူးလေ။ ပင်မနည်းပညာက သူတို့လက်ထဲမှာဆိုတော့ အခုလောလောဆယ်မှာ ငါတို့က အရေးနိမ့်နေတဲ့အနေအထားလေ"
ကျူးမုန့်ချောင်က ကူကယ်ရာမဲ့ဟန်ဖြင့် ပြောလိုက်လေသည်။
"သူတို့အတွက်တော့ ကံဆိုးတာပဲ"
ကျန်းမုန့်လောင်က ပြုံးလိုက်လေသည်။ ထူးရှယ်နတ်ဘုရားကျောင်းတော်ကပင် ထိုအဖြစ်အပျက်မျိုး ဖြစ်လာလိမ့်မည်ဟု ကြိုတင်ခန့်မှန်းမိသောကြောင့် သူ့အား ကုန်ကြမ်းပစ္စည်းနည်းပညာစွမ်းရည်ကို ပေးထားလေသလားဟုပင် သံသယဖြစ်မိသည်။
"အခု ဒီလိုဖြစ်လာပြီဆိုမှတော့ သူတို့သိပ်ဂုဏ်ယူနေတဲ့ ချစ်ပ်ပြားနည်းပညာကို အသုံးမဝင်တော့အောင် လုပ်လိုက်ကြတာပေါ့"
**********