← Chapters

ကျွန်တော် ထောက်ခံပေးမယ်

Vol. 17 Ch. 252

ကျွန်တော် ထောက်ခံပေးမယ်

Vol. 17 Ch. 252

လွန်ခဲ့သည့်နှစ်နှစ်အတွင်း နည်းပညာတိုက်ပွဲကား ကမ္ဘာလုံးအနှံ့ ပေါ်ပေါက်လာခဲ့သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများက တစ်ပိုင်းလျှပ်ကူးပစ္စည်းနည်းပညာများ၏ အခြေခံအကျဆုံးနည်းပညာများကို တင်းကျပ်စွာလျှို့ဝှက်ထားသဖြင့် နိုင်ငံခြားတင်သွင်းမှုများကိုသာ အားကိုးနေရသော ဟွာရှားနိုင်ငံအဖို့ အလွန်ခက်ခဲသော အခြေအနေတစ်ခုကို ကျရောက်ခဲ့ရသည်။

Huaweiဟုခေါ်သော ကုမ္ပဏီတစ်ခုက ကိုယ်ပိုင်ချစ်ပ်ပြားများကို အမှီအခိုကင်းကင်းထုတ်လုပ်နိုင်ရေးအတွက် အမြဲအာရုံစိုက်ထားခဲ့ပြီး ဟွာရှား၏ကိုယ်ပိုင်သုတေသနစွမ်းရည်ကို တစ်ဆင့်မြှင့်တင်နိုင်ခဲ့သည်။ သို့သော် ထိုနယ်ပယ်တွင် အခြေခံအကျဆုံးရှုထောင့်မှာ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရေးနည်းပညာဖြစ်ပြီး ထိုအရာက ကျော်ဖြတ်ရန် အခက်ခဲဆုံးလည်း ဖြစ်၏။

သို့သော် ယခုမူ ကျန်းမုန့်လောင်၏စိတ်ထဲတွင် သူ၏Eအဆင့်ရှိ ကုန်ကြမ်းသိပ္ပံအသိပညာများက သာမန်လူများ မရောက်ရှိနိုင်သော အတိုင်းအတာတစ်ခုတွင်ရှိသော တစ်ပိုင်းလျှပ်ကူးပစ္စည်းနည်းပညာများကို နားလည်စေသည်။

ယနေ့ခေတ်တွင် ဟွာရှား၏ပြည်တွင်းထုတ်ချစ်ပ်ပြားများမှာ 7nmအထိ ရောက်ရှိနေသော်ငြား ထိပ်တန်းတစ်ပိုင်းလျှပ်ကူးနည်းပညာကုမ္ပဏီများမှာ 5nmချစ်ပ်ပြားများကို အလုံးလိုက်အရင်းလိုက် ထုတ်လုပ်နိုင်ခဲ့ပြီးဖြစ်၏။ 2nmမျှသာ ကွာခြားသော်လည်း နည်းပညာကွာခြားမှုမှာကား အနည်းဆုံးနှစ်နှစ်ခန့် ရှိသည်။

တစ်ပိုင်းလျှပ်ကူးချစ်ပ်ပြားများ ထုတ်လုပ်ရန်အတွက် မရှိမဖြစ်လိုအပ်သော ကုန်ကြမ်းပစ္စည်း၁၉မျိုးရှိပြီး ထိုအထဲက တစ်ခုကိုမှ ချန်လှပ်ထား၍ မရပေ။ ထိုကုန်ကြမ်းပစ္စည်းအများစုမှာ အလွန်မြင့်မားသောနည်းပညာအတားအဆီးများ ရှိကြသည်။ ထို့ကြောင့် တစ်ပိုင်းလျှပ်ကူးကုန်ကြမ်းပစ္စည်းများမှာ တစ်ပိုင်းလျှပ်ကူးလုပ်ငန်းလောကတွင် အလွန်အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေချေသည်။

ဆီလီကွန်ပါးလွှာချပ်များ၊ လူလုပ်တစ်ပိုင်းလျှပ်ကူးပါးလွှာချပ်များ၊ ဖိုတိုမက်စ်များ၊ ဖိုတိုရီဇစ်များ၊ ဆေးဝါးများ၊ ရည်မှန်းထားသော ကုန်ကြမ်းပစ္စည်းများ၊ အကာအကွယ်အလွှာများ၊ လိဒ်ဖရိန်များ၊ ကြွေပြားများ၊ ပလတ်စတစ်ပြားများ၊ COF၊ ဂဟေဝိုင်ယာများနှင့် ထုပ်ပိုးရေးပစ္စည်းများ အစရှိသော ကုန်ကြမ်းပစ္စည်းများကို ကျန်းမုန့်လောင်အနေနှင့် လွယ်ကူစွာဖြေရှင်းနိုင်သည်။

သီအိုရီအရဆိုလျှင် တစ်ပိုင်လျှပ်ကူးချစ်ပ်ပြားနည်းပညာ၏ ကန့်သတ်မှုမှာ 2nmဖြစ်သော်လည်း ကျန်းမုန့်လောင်၏အသိပညာစနစ်အတွင်းမှာတော့ တစ်ပိုင်းလျှပ်ကူးချစ်ပ်ပြားနည်းပညာကို 0.3nmအထိ တိုးတက်အောင်လုပ်ပေးနိုင်ပေသည်။ ယင်းမှာ သီအိုရီအရ ကန့်သတ်ချက်၏ ဆယ်ပုံတစ်ပုံခန့်နီးပါးရှီ၏။

သူသာ ဤနည်းပညာကို အကောင်အထည်ဖော်နိုင်ပါက ကမ္ဘာလုံးဆိုင်ရာတစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းအပေါ် ကြီးမားသော သက်ရောက်မှုတစ်ခု ဖြစ်လာနိုင်သည်ဟု စိတ်ကူးကြည့်နိုင်ပေသည်။

...

"ဂျူနီယာညီလေး.. မင်း အခုပြောလိုက်တဲ့စကားက ဘာအဓိပ္ပာယ်လဲ။ သူတို့ရဲ့ချစ်ပ်ပြားတွေကို ပျက်စီးအောင်လုပ်မယ်လို့ ပြောလိုက်တာလား"

"ဟုတ်တယ်။ ကျွန်တော်တို့သာ ပိုကောင်းတဲ့ချစ်ပ်ပြားတစ်ခုကို ထုတ်လုပ်နိုင်ရင် သူတို့ထုတ်ကုန်တွေက အသုံးမဝင်တော့ဘူးမဟုတ်လား။ အဲ့ဒီအချိန်ကျရင် ကျွန်တော်တို့ချစ်ပ်ပြားတွေကိုဝယ်ဖို့ သူတို့ဘက်ကတောင် ခယလာကြဦးမှာ"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"အဲဒါသာ အလွယ်လေးဆိုရင်တော့.."

တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့်သက်ဆိုင်သော သုတေသနများကို ပါမောက္ခဟန်နှင့် အမြဲအတူတွဲလုပ်နေပါသည့် ကျူးမုန့်ချောင်က ဤနယ်ပယ်သည် မည်မျှခက်ခဲကြောင်း သိပေသည်။

"ငါတို့နိုင်ငံက အဆင့်မြင့်ချစ်ပ်ပြားတွေကို ဖန်တီးနိုင်ပေမဲ့ ဓာတ်ခွဲခန်းထုတ်လုပ်မှုနဲ့ စက်ရုံအလုံးအရင်းထုတ်လုပ်မှုကတော့ လုံးဝကွာခြားတယ်လေ။ ငါတို့က ထုတ်လုပ်မှုနည်းပညာမှာ ငါးနှစ်လောက် နောက်ကောက်ကျနေသေးတယ်"

ဟွာရှားနိုင်ငံ၏ အကြီးဆုံးတစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းကြီးဖြစ်သည့် Silicon Moonlightကိုပင် ဥပမာထားကြည့်ပါ။ သူတို့ ချစ်ပ်ပြားထုတ်လုပ်ရေးလုပ်ငန်းစဉ်၏ အရိုးရှင်းဆုံးအပိုင်းကိုသာ လုပ်ကိုင်ပြီး သူတို့၏စက်ကိရိယာများအားလုံးကလည်း နိုင်ငံခြားမှ တင်သွင်းထားခြင်းဖြစ်၏။

တစ်နည်းအားဖြင့် ဆိုရလျှင် သူတို့၏တင်သွင်းသူကသာ "ခရစ္စတယ်ချစ်ပ်ပြား"ကို မထောက်ပံ့ပေးပါက ပြည်တွင်းကုမ္ပဏီများလလည်း "ခရစ္စတယ်ချစ်ပ်ပြား"ဆိုသော အရာကို ထုတ်လုပ်နို်ငခြင်းမရှိသောကြောင့် သူတို့၏ကုမ္ပဏီတစ်ခုလုံး လုံးဝပြိုလဲသွားမည်ဖြစ်၏။

"စီနီယာအစ်ကို… ကျွန်တော်တို့နိုင်ငံထဲမှာ အကြီးဆုံးတစ်ပိုင်းလျှပ်ကူးချစ်ပြားလုပ်ငန်းစုက ဘယ်ဟာလဲ"

ကျန်းမုန့်လောင် မေးလိုက်လေသည်။

"ခုနက ငါ မင်းကိုပြောတဲ့ Silicon Moonlightပဲ ဖြစ်မှာ"

ကျူးမုန့်ချောင်က ဆိုလာလေသည်။

"ဒါပေမဲ့ သူတို့အခြေအနေက အခု တော်တော်ဆိုးနေပြီ။ သူတို့ရဲ့"ခရစ္စတယ်ချစ်ပ်ပြား"ထောက်ပံ့သူတွေက အနောက်နိုင်ငံတွေချည်းပဲလေ။ အရင်တုန်းကတော့ ဒါက လုံးဝပြီးပြည့်စုံတဲ့ ထောက်ပံ့ရေးလုပ်ငန်းစုကြီးတစ်ခု ဖြစ်ခဲ့တာ။ အနောက်နိုင်ငံတွေက ကုန်ကြမ်းပစ္စည်းတွေကို ထောက်ပံ့ပေးတယ်။ သူတို့က ချစ်ပ်ပြားတွေကို ထုတ်လုပ်တယ်။ နောက်တော့ ဟွာရှားလုပ်ငန်းစုတွေကို အသုံးပြုဖို့အတွက် ရောင်းချပေးတယ်"

"ဒါပေမဲ့ အခုတော့…"

ကျူးမုန့်ချောင် သက်ပြင်းချလိုက်မိသည်။

"အဲဒီကုန်ကြမ်းပစ္စည်းထောက်ပံ့ရေးကုမ္ပဏီတွေက သူတို့အနေနဲ့ နောင်အနာဂတ်မှာ ဟွာရှားလုပ်ငန်းစုတွေကို သူတို့ချစ်ပ်ပြား ရောင်းချခွင့်မရှိတော့ဘူးလို့ ပြောနေကြတယ်။ ဒါကိုမလိုက်နာရင် သူတို့ကို ခရစ္စတယ်ချစ်ပ်ပြားထောက်ပံ့မှုပိတ်ပင်မှာတဲ့။ အဲ့လိုဆိုရင် သူတို့လုပ်ငန်းလည်း ပိတ်သိမ်းရမဲ့ကိန်းကိုဆိုက်သွားမှာလေ"

"ဝိုး..ဒါကြီးက တော်တော်ရက်စက်တာပဲ"

ကျန်းမုန့်လောင် အလွန်ဒေါသထွက်သွားသည်။

"စီနီယာအစ်ကို..ကျွန်တော် အခုနားလည်ပါပြီ။ Silicon Moonlightက ရတနာကျွန်းမှာ အခြေစိုက်တယ်လို့ ကျွန်တော်မှတ်မိထားတာပဲ။ ဟုတ်တယ်မလား"

"ဟုတ်တယ်"

ကျူးမုန့်ချောင်က ထိုသို့ပြောပြီးနောက် သူ့အမူအရာမှာ ပဟေဠိဖြစ်သွားရလေသည်။

"ဂျူနီယာညီလေး…မင်း Silicon Moonlightကို သွားမလို့လား"

"ဟုတ်တယ်။ ကျွန်တော် သူတို့ကုမ္ပဏီကို ဝယ်မလို့"

ကျန်းမုန့်လောင် ထိုသို့နှယ် ဆိုလိုက်လေသည်။

"ဝယ်မလို့လား"

ကျူးမုန့်ချောင်ခမျာ မျက်လုံးအပြူးသားဖြစ်သွားရလေသည်။

"ဂျူနီယာညီလေး.. Silicon Moonlightရဲ့ ဈေးကွက်တန်ဖိုးက အမေရိကန်ဒေါ်လာ၈၀ဘီလီယံကျော်ရှိတာနော်"

"အမေရိကန်ဒေါ်လာ၈၀ဘီလီယံတဲ့လား။ သိပ်မများပါဘူး"

ကျန်းမုန့်လောင် ရယ်မောလိုက်ချေသည်။

ကျူးမုန့်ချောင်ကတော့ လုံးဝကြက်သေသေသွားရချေသည်။ သူ့ဂျူနီယာညီလေးက ယခုဆိုလျှင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပြီမှန်း သူသိသည်။ လက်ရှိForbesစာရင်းတွင်လည်း သူ့စုစုပေါင်းပိုင်ဆိုင်မှုမှာ ၈၀ဘီလီယံ၏ဆယ်ဆဖြစ်သော အမေရိကန်ဒေါ်လာ၈၀၀ဘီလီယံအထိ ရှိကြောင်း ကြေညာထားသည်။ ထို့ပြင် ဤငွေများထဲမှ အများစုဖြစ်သော အမေရိကန်ဒေါ်လာ၆၀၀ဘီလီယံကျော်မှာ ငွေသားပိုင်ဆိုင်မှုများဖြစ်ကြောင်းလည်း သူသိထားသည်။

သို့သော် လက်ရှိအခြေအနေအတိုင်းဆိုလျှင် Silicon Moonlightက ဒေဝါလီခံရလုနီးပါးဖြစ်နေချေပြီ။ သူတို့ဘက်ကသာ ထိုအနောက်တိုင်းသားများ၏ တောင်းဆိုချက်ကို ငြင်းပယ်လိုက်ပါက လုံးဝဒေဝါလီခံရလိမ့်မည်သာ။

သို့သော် သူတို့သာ အနောက်တိုင်းသားများ၏ တောင်းဆိုချက်ကိုလက်ခံပြီး ဟွာရှားကို ချစ်ပ်ပြားထောက်ပံ့မှု ရပ်ဆိုင်းလိုက်ပါက ကုမ္ပဏီကလည်း ဟွာရှားပိုင်မဟုတ်တော့ပါဘဲ အနောက်တိုင်းသားများ၏ စည်းစိမ်စုဆောင်းရေးကိရိယာတစ်ခု ဖြစ်သွားပေလိမ့်မည်။ ကျန်းမုန့်လောင်သာ ထိုကုမ္ပဏီကို ဝယ်လိုက်ပါက နောင်အနာဂတ်တွင် ဝေဖန်မှုအလုံးလိုက်အရင်းလိုက် ပေါ်ပေါက်လာနိုင်ခြေရှိသည်။

ကျူးမုန့်ချောင်က သူ့စိုးရိမ်ပူပန်မှုများကို ကျန်းမုန့်လောင်အား အမြန်ပြောပြလိုက်သည်။

"စီနီယာအစ်ကို စိတ်ချပါ။ အဲ့ဒီအနောက်တိုင်းသားတွေရဲ့တောင်းဆိုချက်ကို ကျွန်တော် လုံးဝလက်ခံမှာမဟုတ်ပါဘူး"

ကျန်းမုန့်လောင်က ပြုံးလိုက်လေသည်။ ထိုကုမ္ပဏီမှာ သူတို့အမိမြေရှိ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ တည်ထောင်ထားသော ကုမ္ပဏီတစ်ခုဖြစ်၏။ ၎င်းမှာ ဟွာရှားပိုင်ကုမ္ပဏီတစ်ခုပင်။ ကျန်းမုန့်လောင်ကတော့ သူ့အပိုင်ကုမ္ပဏီတစ်ခုကို အနောက်နိုင်ငံ၏ ငွေကြေးစုဆောင်းရေးကိရိယာတစ်ခု အဖြစ်ခံမည်မဟုတ်။

"ဒါဆို မင်းက အဲ့ဒီကုမ္ပဏီကို ဘာလို့ဝယ်မှာလဲ"

ကျူးမုန့်ချောင်က ပို၍ပင်စိတ်ရှုပ်ထွေးသွားရသည်။

"ခရစ္စတယ်ချစ်ပ်ပြားတွေသာ မရှိဘူးဆိုရင် သူတို့ရဲ့ထုတ်လုပ်ရေးလိုင်းတွေလည်း အသုံးမဝင်ဘူး။ ဘာထုတ်လုပ်ရေးမှလည်း မလုပ်နိုင်ဘူး"

"ဘာလဲ။ အနောက်နိုင်ငံတွေပဲ ခရစ္စတယ်ချစ်ပ်ပြားကိုထုတ်လုပ်နိုင်တာလား"

ကျန်းမုန့်လောင်၏စကားများမှာ သူ တကယ်ထုတ်လုပ်နိုင်ကြောင်းနှင့် သူထုတ်လုပ်မည့် ချစ်ပ်ပြားများမှာ သူတို့ထက် ဆယ်ဆခန့်ပိုထိရောက်မှုရှိကြောင်း ပြသနေပေသည်။

သို့သော် ကျူးမုန့်ချောင်ကတော့ သူ့ကို လုံးဝအထင်လွဲနေပေသည်။ ကျန်းမုန့်လောင်မှာ သာမန်ဘွဲ့ကြိုကျောင်းသားတစ်ယောက်မျှသာဖြစ်ပြီး သူ့ဘွဲ့ကြိုပရောဂျက်ကိုလည်း သူ့စီနီယာအစ်ကိုများက ကူညီလုပ်ကိုင်ပေးနေခြင်းဖြစ်သည်။ ၎င်းမှာလည်း ပေါ်လီမာအကြောင်းဖြစ်၏။ တစ်ပိုင်းလျှပ်ကူးကုန်ကြမ်းပစ္စည်းလောကနှင့် ပတ်သက်၍ ကျန်းမုန့်လောင် ဘာမှမသိပေ။

"တချို့နိုင်ငံတွေကလည်း ခရစ္စတယ်ချစ်ပ်ပြားတွေကို ထုတ်လုပ်နိုင်တယ်ဆိုပေမဲ့.."

ကျူးမုန့်ချောင်က ရှင်းပြလိုက်သည်.

"သူတို့သုံးထားတဲ့ နည်းပညာနဲ့အဆင့်အတန်းက အနောက်နိုင်ငံတွေရဲ့အပိုင်ပဲလေ။ အနောက်နိုင်ငံတွေဆီက ဒီပိတ်ဆို့မှုက တစ်ကမ္ဘာလုံးအနှံ့လုပ်တာဆိုတော့ သူတို့နည်းပညာကိုသုံးတဲ့လူတိုင်းကိုလည်း ဟွာရှားကိုမထောက်ပံ့ရဘူးလို့ တားမြစ်ထားတယ်။ အဲ့လိုမှမဟုတ်ရင် သူတို့အရေးယူခံရမှာ"

"ငါတို့နိုင်ငံမှာလည်း ခရစ္စတယ်ချစ်ပ်ပြားတွေ ထုတ်လုပ်နိုင်တာပါပဲ။ ဒါပေမဲ့ အရမ်းအဆင့်နိမ့်ပြီး လုပ်ဆောင်ရည်နိမ့်လွန်းတယ်။ ထုတ်လုပ်ထားတဲ့ချစ်ပ်ပြားတွေက အဆင့်နိမ့်ဖုန်းတွေနဲ့ ကွန်ပျူတာတွေမှာပဲ သုံးလို့ရတယ်။ အဲ့ဒါတွေကို ထိပ်တန်းအဆင့်ဆက်သွယ်ရေးနည်းပညာမှာ သုံးမယ်လို့တွေးကြည့်လိုက်မိရင်ကို ရယ်ချင်စရာကြီး"

ကျန်းမုန့်လောင် ပြုံးလိုက်မိသည်။ ကျူးမုန့်ချောင်က သူ့အဆိုပြုချက်ကို နားလည်မှုလွဲမှားသွားကြောင်း သူသိလိုက်သည်။ သို့သော် ထိုအကြောင်းကို သူ အကျယ်တဝင့်ပြောပြ၍ မရနိုင်ချေ။ အကယ်၍သာ သူ့တွင် အဆင့်မြင့်ခရစ္စတယ်ချစ်ပ်ပြားများကို ထုတ်လုပ်သည့်နည်းနာတစ်ခုရှိကြောင်း ကျူးမုန့်ချောင်ကို ပြောပြလိုက်ပါက ကျူးမုန့်ချောင်ကလည်း သူ့ကို ယုံကြည်မည်မဟုတ်ပေ။

"အခုမဖြစ်သေးရင်လည်း ကျွန်တော်တို့နိုင်ငံက အဆင့်မြင့်ခရစ္စတယ်ချစ်ပ်ပြားတွေ ထုတ်လုပ်နိုင်တဲ့အချိန်အထိစောင့်ပြီးမှ ထုတ်လုပ်ရေးကိုပြန်စကြတာပေါ့"

ကျန်းမုန့်လောင်က ထိုသို့ဆိုလိုက်သည်။

"အဲ့ဒါက နည်းပညာကွာဟမှုငါးနှစ်တောင်ရှိတယ်နော်"

ကျူးမုန့်ချောင်က ဆိုလာလေသည်။

"ဒီဖိအားအောက်မှာ ငါတို့ရဲ့သုတေသနစွမ်းဆောင်ရည်က တအားတိုးတက်လာခဲ့တယ်ဆိုရင်တောင် အချိန်က အနည်းဆုံး နှစ်နှစ်သုံးနှစ်အထိ ကြာသွားနိုင်တယ်။ မင်းသာ အဲဒီကုမ္ပဏီကို အခုဝယ်လိုက်မယ်ဆိုရင် ဝန်ထုပ်ဝန်ပိုးတစ်ခု သယ်လိုက်ရသလိုပဲဖြစ်မှာ။ သူတို့ရဲ့နှစ်စဉ်လုပ်ငန်းလည်ပတ်စရိတ်က ဟွာရှားငွေကြေး၃၀ဘီလီယံကျော်တယ်"

"အဲဒါက ဘာအရေးလဲ"

ကျန်းမုန့်လောင် ခပ်ဖွဖွပြုံးလိုက်လေသည်။

"ကျွန်တော်တို့အမိမြေရဲ့ပိုင်ဆိုင်မှုက ကျွန်တော့်ပိုင်ဆိုင်မှုပဲလေ။ သူတို့ကိုယ်သူတို့ တိုးတက်အောင်မလုပ်နိုင်ရင် ကျွန်တော်က ထောက်ပံ့ပေးမှာပေါ့"

***********

All Chapters