မင်းအဖေမှာ မိန်းမအယောက်သုံးရာကျော်ရှိတယ်
Vol. 17 Ch. 253
"ဂျူနီယာညီလေး မင်း တကယ်ပဲ…"
လွှမ်းမိုးနိုင်စွမ်းရှိသော ကျန်းမုန့်လောင်၏တုံ့ပြန်စကားကို ကြားလိုက်ရပြီးနောက် ကျူးမုန့်ချောင်ခမျာ ကျန်းမုန့်လောင်၏ချမ်းသာကြွယ်ဝမှုများနှင့် သတ္တိတို့ကြောင့် အံ့အားသင့်သွားရလေသည်။
နှစ်စဉ်ကုန်ကျစရိတ်က ဟွာရှားယွမ်ငွေ၃၀ဘီလီယံ ရှိလေသည်။ အကယ်၍ လုပ်ငန်းကသာ ပုံမှန်မလည်ပတ်နိုင်ပါက ပစ္စည်းကိရိယာများ၏ ကုန်ကျစရိတ်လည်း နည်းပါးသွားလိမ့်မည်ဆိုသော်ငြား ထိုပမာဏကပင် ဘီလီယံဆယ်နှင့်ချီပြီး ကုန်ကျလိမ့်မည်သာ။ ထိုသည်ကိုပင် ကျန်းမုန့်လောင်က "ငါထောက်ပံ့ပေးမယ်"ဟု ပြောနိုင်သေးသည်။
သူတို့ စကားပြောနေသည့်နေရာမှာ ဘွဲ့လွန်ကျောင်းသားများ၏ ရုံးခန်းတစ်ခုထဲတွင်ဖြစ်ပြီး အခြားစီနီယာအစ်ကိုများနှင့် အစ်မများကလည်း ကျန်းမုန့်လောင်ကို ထိတ်လန့်ဟန်ဖြင့် ကြည့်လာကြသည်။ ထိုထိတ်လန့်မှုကား ထိတ်လန့်မှုဆိုခြင်းထက် ပိုသာပြီး စိတ်လှုပ်ရှားမှုတစ်ခုဟုပင် ဆိုနိုင်လေသည်။
"ဒင် စွမ်းအားအမှတ်ဆယ်မှတ်ရတဲ့အတွက် ကျောင်းအုပ်ကြီးကိုဂုဏ်ပြုပါတယ်"
"ငါ တကယ်ကြွားချင်တဲ့ရည်ရွယ်ချက်မရှိခဲ့ပါဘူး"
ကျန်းမုန့်လောင်လည်း ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်လေသည်။ ဤသည်မှာ မျိုးချစ်စိတ်တစ်ဝက်၊ ဒေါသစိတ်တစ်ဝက်ကြောင့်သာ ဖြစ်၏။
စိတ်လိုက်မာန်ပါလုပ်ခဲ့သော်ငြား ဟွာရှားယွမ်ငွေတစ်ရာဘီလီယံမျှမှာ ကျန်းမုန့်လောင်အတွက်တော့ မပြောပလောက်ပေ။ မည်သို့ပင်ဖြစ်စေ ပြီးခဲ့သည့်တစ်ခေါက်တုန်းက သူ ယူရီုတစ်ထရီလီယံ ရှာနိုင်ခဲ့ပေသည်။ အများစုမှာ အနောက်နိုင်ငံများထံမှ လုယူထားခြင်းဖြစ်လေရာ သူတို့ စိုက်ပျိုးသည့်အရာကို သူတို့ပြန်ရိတ်သိမ်းရခြင်းပင်။ သူတို့၏အပြစ်ဒဏ်မှာမူ ကျန်းမုန့်လောင်ပင် ဖြစ်ချေသည်။
"စီနီယာအစ်ကိုတို့အစ်မတို့.. ကျွန်တော် အရင်ပြန်နှင့်ပါဦးမယ်"
ကျန်းမုန့်လောင်က ရုံးခန်းထဲရှိလူတိုင်းကို နှုတ်ဆက်လိုက်သည်။
"ကျွန်တော် အချိန်ရရင် အကုန်လုံးကို လျှောက်လည်ဖို့ခေါ်သွားဦးမယ်"
ထိုသို့ပြောပြီးနောက် ကျန်းမုန့်လောင်က ကျောင်းထဲမှ ထွက်လာခဲ့လိုက်သည်။
"ဟုန်းရီ ငါ့အတွက် လေယာဉ်ပြင်ထားပေးဦး။ ငါ ရတနာကျွန်းကို ခရီးထွက်ဖို့လိုတယ်"
...
နားစူးဖွယ်အော်သံတစ်သံနှင့်အတူ ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်းက ရတနာကျွန်းပေါ်သို့ ဆင်းသက်လာသည်။ ဤတစ်ခေါက်တွင် သူ့ကိုကြိုဆိုလာသူမှာ အလွန်ဆွဲဆောင်မှုရှိပြီး နှစ်သက်ကြည်နူးဖွယ်ကောင်းသော အမျိုးသမီးတစ်ယောက်ပင်။
"မုန့်လောင်..မတွေ့ရတာကြာပြီ"
ထိုအမျိုးသမီးက သူ့ကို အလွန်ချစ်ခင်ကြင်နာသော အကြည့်ဖြင့် ကြည့်လာလေသည်။
"မုန့်လောင်တဲ့လား"
ကျန်းမုန့်လောင်လည်း တဒင်္ဂမျှ အံ့ဩမှင်တက်သွားရလေသည်။ ယခုအချိန်အထိ ချင်းချိုးနိုင်ငံတွင်ဖြစ်စေ ဥရောပတွင်ဖြစ်စေ သူ့ကိုကြိုဆိုသူတိုင်းက သူ့အား အလွန်ရိုသေလေးစားစွာ ဆက်ဆံခဲ့ကြပြီး သခင်လေးဟု ခေါ်လျှင်ခေါ် မဟုတ်လျှင် ဆရာဟုခေါ်ကြသည်။
သို့သော် ဤအမျိုးသမီးကမူ သူ့နာမည်ကို တိုက်ရိုက်ခေါ်လာပြီး အကြီးအကဲတစ်ယောက်က လူငယ်တစ်ယောက်ကို ပြောဆိုနေသည့်လေသံမျိုးဖြင့်ပင် ပြောလာသည်။
"ယဲ့ရင် မင်းလည်းထွက်လာခဲ့"
ထိုအမျိုးသမီးက ကျန်းမုန့်လောင်၏နောက်ဘက်ရှိ ဗလာကျင်းနေသောနေရာသို့ လှမ်းကြည့်လိုက်သည်။
"သူက ယဲ့ရင်ရဲ့ဖြစ်တည်မှုကိုပါ သိတယ်ပေါ့"
ကျန်းမုန့်လောင် ပို၍ပင်အံ့ဩသွားရသည်။ သူ့ကိုယ်ပိုင်ဘော်ဒီဂတ်ဖြစ်သူ ယဲ့ရင်ကို ဟုန်းရီတစ်ယောက်တည်းသာသိပြီး နေ့ညမပြတ် သူနှင့်အတူရှိနေခဲ့သော လုရီယောင်ပင်လျှင် ဥရောပခရီးစဉ်မှသာ သိရှိခဲ့သည်။ ဤအမျိုးသမီးက မည်သို့နှယ်သိနေလေသလဲ။
"အန်တီလျူ"
"အန်တီလျူလား"
ထိုအခေါ်အဝေါ်ကို ကြားလိုက်သည်နှင့် ကျန်းမုန့်လောင်လည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရုတ်တရက်ခံစားလိုက်ရသည်။ ဧကန္တ… မဖြစ်နိုင်လောက်ပါဘူးနော်။
ကျန်းမုန့်လောင်က ယဲ့ရင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ယဲ့ရင်ကလည်း ကျန်းမုန့်လောင်ကို ပြန်ခေါင်းညိတ်ပြသည်။
"သောက်ကျိုးနည်း"
ကျန်းမုန့်လောင် လက်တစ်ချောင်းထောင်လိုက်သည်။
ယဲ့ရင်က ခေါင်းခါပြလေသည်။
ကျန်းမုန့်လောင် လက်သုံးချောင်းထောင်ပြလိုက်သော်လည်း ယဲ့ရင်က ခေါင်းခါပြနေဆဲသာ။
ကျန်းမုန့်လောင်က နံပါတ်၁ပုံစံလုပ်ပြပြီး သုညပုံစံပါ လုပ်ပြလိုက်သည့်တိုင် ယဲ့ရင်က ခေါင်းခါပြနေဆဲပင်။
ကျန်းမုန့်လောင် ခေါင်းကို ငဲ့စောင်းလိုက်မိ၏။ ထိုသို့ဆိုလျှင် ဘယ်လောက်များလဲဟု တွေးနေမိသည်။
ယဲ့ရင်က ခါးသက်သက်အပြုံးတစ်ခုကို ပြုံးလိုက်မိပြီးနောက် အန်တီလျူဟုခေါ်သော အမျိုးသမီးကြီးကို တစ်ဖန်ပြန်ကြည့်လိုက်၏။
"သူ့ကိုအပြစ်မတင်ပါနဲ့"
အန်တီလျူက ရယ်လိုက်လေသည်။
"ငါ ဖြေပေးပါ့မယ်။ မင်းအဖေဆီမှာ မင်းအမေအပြင် မိန်းမအယောက်သုံးရာကျော်ရှိတယ်"
"အဟွတ် အဟွတ် အဟွတ် အဟွတ်"
ကျန်းမုန့်လောင် အကြမ်းပတမ်းချောင်းဆိုးသွားရသည်။
သုံးရာကျော်တောင်လား။ တစ်နေ့တစ်ယောက် မထပ်စေဘူးဆိုလျှင်ပင် တစ်နှစ်တိတိ အချိန်ယူရပေလိမ့်မည်။ သူ့အဖေက ဤမျှအထိအဆင်အခြင်မဲ့ရလေသလား။ သူ့အဘိုးက ဤအကြောင်းကို သိသလား။ သူ့အမေ၏စရိုက်အရဆိုလျှင် သူ(မ) ထိုအရာကို သည်းခံနိုင်ပါ့မလား။
"ဒါပေမဲ့ ဒါတွေက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ဇာတ်လမ်းတွေပါ။ အဲ့ဒီအချိန်တုန်းက သူက မင်းအမေနဲ့တောင် မတွေ့သေးဘူး"
အန်တီလျူက ရယ်ကာမောကာဖြင့် ဆက်ပြောလာသည်။
"အဲဒီတုန်းက မင်းအဖေက မိသားစုအမွေကို ဆက်ခံခါစပဲရှိသေးတာ။ မင်းအမေနဲ့မတွေ့ခင်အထိ တကယ့်ကိုအပျော်အပါးလိုက်စားတဲ့ ဒုတိယမျိုးဆက်လူချမ်းသာတစ်ယောက်ပဲ။ မင်းအမေနဲ့တွေ့ပြီးတဲ့နောက် တခြားလူတစ်ယောက်အဖြစ် ပြောင်းသွားသလိုပဲ"
ကျန်းမုန့်လောင် ဆွံ့အသွားရလေသည်။ ဤသည်မှာ "ပင်လယ်ဘုရင်"ပြန်လာခြင်းဟူသော ကိစ္စနှင့် ဘာကွာလေသလဲ။
"ကျွန်တော့်အမေကရော..ဒီအကြောင်းတွေကို အကုန်သိလား"
"သိတာပေါ့။ မင်းအမေက ထက်မြက်တဲ့မိန်းမတစ်ယောက်လေ"
အန်တီလျူက ပြောလာ၏။
"ဒါပေမဲ့ ငါတို့လိုပဲ သူကလည်း မင်းအဖေကို အရမ်းချစ်ရှာတာ"
ထိုသို့ပြောပြီးနောက် သူ(မ) ရုတ်တရက်သက်ပြင်းချလိုက်လေသည်။
"မင်းအဖေက အရမ်းထူးချွန်တဲ့ယောကျ်ားတစ်ယောက်လေ။ နက္ခတ္တဗေဒရော ပထဝီရော ဂီတနဲ့အားကစားရော သူမလုပ်နိုင်တာကို မရှိဘူး"
"ခင်ဗျားတို့တွေအကုန် လှည့်စားခံထားရတာ"
ကျန်းမုန့်လောင် စိတ်ထဲမှတွေးလိုက်မိသည်။
"ဒါတွေအားလုံးက ထူးရှယ်နတ်ဘုရားကျောင်းတော်မှာ သူသင်ယူခဲ့ရတဲ့အရာတွေပဲ"
"ဒီလိုထူးချွန်ထက်မြက်တဲ့ယောကျ်ားတစ်ယောက်ကို တွေ့ဖူးထားမှတော့ ငါတို့က ဘယ်လိုလုပ်ပြီး တခြားယောကျ်ားတွေကို အာရုံထဲရှိတော့မှာလဲ"
အန်တီလျူက ပြောင်ပြောင်တင်းတင်းပြောလိုက်ချေသည်။ ငါတို့အယောက်သုံးရာထဲက ရှစ်ဆယ်ရာခိုင်နှုန်းလောက်က နောက်တစ်ခါထပ်ပြီးလက်ထပ်ဖို့ စိတ်ကူးမရှိကြဘူး။ ဒါပေမဲ့ သူ့ကိုလည်း ထပ်မတွေ့ချင်ကြတော့ဘူးလေ။ အဲဒါကြောင့် လူတိုင်း ကမ္ဘာအနှံ့လူစုခွဲပြီး သူ့မိသားစုပိုင်ဆိုင်မှုတွေကို ကူညီစီမံပေးနေကြတာပေါ့"
"အသက်မွေးဝမ်းကြောင်းတစ်ခုပြုဖို့အတွက် စိတ်မပူရပေမဲ့"
အန်တီလျူ၏မျက်လုံးထဲတွင် ကူကယ်ရာမဲ့လေဟန် အရိပ်အယောင်တစ်ခုကို ကျန်းမုန့်လောင် မြင်လိုက်ရသည်။
"သူက တကယ့်အမှိုက်ပဲ"
ကျန်းမုန့်လောင်က ကျန်းရှောင်ယွင်ကို သူ့စိတ်ထဲတွင် ခပ်ကြမ်းကြမ်းဆဲရေးလိုက်မိသည်။ သူ့အဖေကို စံပြအမျိုးသားတစ်ယောက်အဖြစ် သတ်မှတ်ခဲ့မိခြင်းကိုလည်း နောင်တရနေမိ၏။
"ငါ မင်းကို နောက်ဆုံးတစ်ခေါက်တွေ့တုန်းက မင်းက လက်သီးဆုပ်အရွယ်လေးပဲရှိသေးတာ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ နှစ်နှစ်ဆယ်တောင် ကျော်သွားပြီပဲ"
အန်တီလျူက သက်ပြင်းတချချလုပ်နေလေသည်။ သူ(မ)မှာ အသက်လေးဆယ်ကျော်နေပြီဆိုသော်ငြား ကျန်းရှောင်ယွင်က သူ(မ)အတွက် ထူးခြားသည့်အရာတစ်ခုခုကို ပေးခဲ့ဟန်တူသည်။ သူ(မ)၏ပုံစံမှာ အသက်နှစ်ဆယ်သာသာ ရှိသေးသလိုထင်ရသည်။
"ကျွန်တော်မွေးတုန်းက ခင်ဗျားရောရှိနေခဲ့တာလား"
"ငါတို့တွေအားလုံးရှိတာပေါ့။ အယောက်သုံးရာကျော်လုံးလေ"
"ဖွီး"
ကျန်းမုန့်လောင် အကြောင်သားဖြစ်သွားရလေတော့သည်။
သူ့စိတ်ထဲတွင်မူ မြင်ကွင်းတစ်ခုကို မြင်ယောင်မိနေသည်။ လွန်ခဲ့သည့်နှစ်နှစ်ဆယ်ခန့်က သူမွေးဖွားရာဆေးရုံခန်းထဲရှိ ထိပ်တန်းအဆင့်မီးဖွားခန်းတစ်ခုကို အမျိုးသမီးအယောက်သုံးရာကျော်က ဝိုင်းရံထားခဲ့သည့် ပုံရိပ်တစ်ခုပင်။
"ဟစ်"
အဓိပ္ပာယ်မရှိသော ထိုပုံရိပ်ကို သူ့ခေါင်းထဲက ဖယ်ရှားရန်အတွက် ကျန်းမုန့်လောင် ခပ်မြန်မြန်ခေါင်းခါယမ်းလိုက်မိသည်။ ဤကိစ္စများမှာ ရှေ့မျိုးဆက်များ၏ အရေးကိစ္စသာဖြစ်ပြီး သူနှင့်မဆိုင်ပေ။
သူ့အဖေက ဤအမျိုးသမီးများကို မတရားသဖြင့် ဆက်ဆံခဲ့သော်ငြား ဤသည်မှာ သူတို့၏ရွေးချယ်မှုသာ ဖြစ်၏။ သူတို့ အိမ်ထောင်ထပ်ပြုဖို့လည်း ရွေးချယ်နိုင်ပေသည်။ ထို့ပြင် ကြည့်ရသည်မှာ ကျန်းရှောင်ယွင်က သူတို့ကို လျော်ကြေးပေးရန် ကြိုးစားခဲ့ပုံပင်။ သို့သော် သူပေးသည့်အရာကား သူတို့လိုချင်သည့်အရာမဟုတ်ပေ။
"ဒါပေမဲ့ ကြည့်ရတာတော့ ကျွန်တော့်အဖေရဲ့လုံခြုံရေးအစီအမံတွေက တကယ်ခိုင်မာသားပဲ။ သူ ကျွန်တော့်အတွက် ညီလေးတွေညီမလေးတွေ မဖန်တီးခဲ့ဘူးလေ"
ကျန်းမုန့်လောင် အတန်ငယ်စိတ်သက်သာရာရမိသည်။ အကယ်၍သာ သူ့မိသားစုက ပထမမျိုးဆက်ကတည်းက ဤမျှအပျော်အပါးလိုက်စားပြီး လုံခြုံရေးအစီအမံများကို မလုပ်ခဲ့ပါလျှင် ယခုလောက်ဆိုလျှင် ကမ္ဘာကြီးလည်း ကျန်းမျိုးရိုးများဖြင့် ပြည့်နှက်သွားပေလိမ့်မည်။
"ဒီအတောအတွင်း မင်း ဒီမှာပဲနေသင့်တယ်"
အန်တီလျူက ပြောလာသည်။
"အိုး ဟုတ်သားပဲ။ ငါ့ရဲ့နာမည်အပြည့်အစုံက လျူချန်းတဲ့။ မင်း ငါ့ကို တခြားလူတွေခေါ်သလိုမျိုး အန်တီလျူလို့ခေါ်လို့ရတယ်"
"အန်တီလျူ"
ကျန်းမုန့်လောင် ထိုသို့သာ ခေါ်လိုက်သည်။ သူ့အဖေ၏အမျိုးသမီးအပေါ် သူ့အနေနှင့် လေးစားသင့်ပေသည်။
"မင်း ရတနာကျွန်းကိုလာတာ လုပ်ငန်းကိစ္စတစ်ခုခုရှိလို့ပဲဖြစ်ရမယ်"
လျူချန်းက မေးလာ၏။
"ဟုတ်ပါတယ်"
"မင်း ဘာလုပ်ဖို့စီစဉ်ထားလဲတော့ ငါမသိပေမဲ့ မင်း လုပ်ချင်တာမှန်သမျှ သွားလုပ်လိုက်"
လျူချန်းက အပြုံးတစ်ပွင့်ဆင်မြန်း၍ ပြောလာလေသည်။
"ငါတို့ညီအစ်မအယောက်သုံးရာကျော်ထဲက တစ်ရာလောက်က ဒီရတနာကျွန်းမှာနေကြတယ်။ ဒီနေရာမှာ ငါတို့မဖြေရှင်းနိုင်တဲ့ကိစ္စဆိုတာမျိုး မရှိဘူး"
"ဟစ်"
ကျန်းမုန့်လောင် ပင့်သက်ရှိုက်လိုက်မိသည်။
"ဒါက ပိုးချည်မျှင်ဂူကြီးပဲ။ ဟုန်းရီ ငါနဲ့အတူလိုက်မလာချင်တာ မအံ့ဩတော့ပါဘူး"
...
လျူချန်း၏နေအိမ်မှာ ရတနာကျွန်းပေါ်ရှိ ရွှေရောင်တောင်ပိုင်းလမ်းမထက်တွင် တည်ရှိပြီး အီတလီနိုင်ငံ့ရတနာဖြစ်သူ လိုရန်ဇိုတွန်ဒယ်လီက ဒီဇိုင်းရေးဆွဲပေးထားပြီး တန်ဖိုးအားဖြင့် သန်း၁၂၀ကျော် ရှိပေသည်။ သူ(မ)၏အိမ်နားတွင်မူ ဒါရိုက်တာကျိုးအပါအဝင် အနုပညာရှင်များစွာ နေထိုင်ကြသည်။
သို့သော် ယခုမူ ထိုအရာများက ကျန်းမုန့်လောင်ကို မအံ့ဩစေတော့ပေ။
"ဟုန်းရီ.. မင်း ငါ့ကို ဘာလို့ စောစောကမပြောပြခဲ့တာလဲ။ ငါ့မှာ လုံးဝတောင်မပြင်ဆင်ထားမိဘူး"
ကျန်းမုန့်လောင်က ဖုန်းထဲမှတစ်ဆင့် မကျေနပ်ဟန်ဖြင့် ပြောလိုက်သည်။
"မစ္စတာကျန်း… ရှင့်ရဲ့မိသားစုကိစ္စတွေကို ထုတ်ပြောရမှာ ကျွန်မအတွက် နည်းနည်းကိုးရိုးကားရားနိုင်တယ်လေ"
ဟုန်းရီက စိတ်ထိခိုက်လေဟန်ဖြင့် ပြန်ပြောလာသည်။
"အိုး..ကောင်းပြီလေ။ လုပ်ငန်းအကြောင်းပဲ အရင်ပြောကြတာပေါ့။ Silicon Moonlightကို ဝယ်ဖို့ကိစ္စက အခြေအနေဘယ်လိုရှိလဲ"
ကျန်းမုန့်လောင် မေးလိုက်သည်။
"ပိတ်ဆို့မှုကိစ္စကြောင့် ဒီနေ့ စတော့ရှယ်ယာတွေ ကျနေပါတယ်။ ရှယ်ယာရှင်တွေကလည်း ရှယ်ယာတွေကို အသည်းအသန်ထုတ်ရောင်းနေကြတာပါ။ ကျွန်မ ရှယ်ယာ၅၂ရာခိုင်နှုန်းကို ဒေါ်လာ၃၈ဘီလီယံနဲ့ ဝယ်ထားပြီးပါပြီ"
ဟုန်းရီက ဆိုလာလေသည်။
"တကယ်တော့ ဒီအခြေအနေအတိုင်းဆိုရင် သန်ဘက်ခါကျရင် ရှယ်ယာဈေးထပ်ကျနိုင်ခြေရှိပါတယ်။ ကျွန်မတို့ နောက်မှဝယ်မယ်ဆိုရင် အများကြီးသက်သာသွားမှာပါ"
"စိတ်မပူနဲ့"
ကျန်းမုန့်လောင် ရယ်မောလိုက်လေသည်။
"နှစ်ရက်စာအချိန်ကိုခြွေတာဖို့အတွက် ဒေါ်လာဘီလီယံတချို့ကိုသုံးလိုက်ရတာက သိပ်မနစ်နာပါဘူး။ မနက်ဖြန်ကျရင် Silicon Moonlightမှာ အဲဒီရှယ်ယာရှင်တွေနဲ့ အရင်သွားတွေ့မယ်"
***********