← Chapters

ခင်ဗျားဘာသာ ပိုက်ဆံဆုံးတာ ကျုပ်နဲ့ဘာဆိုင်လဲ

Vol. 17 Ch. 255

ခင်ဗျားဘာသာ ပိုက်ဆံဆုံးတာ ကျုပ်နဲ့ဘာဆိုင်လဲ

Vol. 17 Ch. 255

ကျန်းမုန့်လောင်က အသက်ငယ်ပြီး ပျော်ပျော်နေတတ်သူဖြစ်သော်ငြား သူ လေးနက်တည်ကြည်သွားချိန်တွင် သူ့မိသားစုနောက်ခံက သူ့အားအပ်နှင်းထားသော ယုံကြည်မှုက သူ့ကို အလွန်အမင်းဩဇာညောင်းစေပြီး ကြီးမြတ်သာလွန်သော လေထုတစ်ခုကို ထုတ်လွှတ်နေပေသည်။

ယခုလိုတိုက်ရိုက်စိန်ခေါ်မှုကြောင့် အစောပိုင်းက အကြိတ်အနယ်ငြင်းခုံနေကြသော နိုင်ငံခြားရှယ်ယာရှင်များလည်း တုန်လှုပ်သွားကြသည်။

ကျန်းမုန့်လောင်၏အနောက်တွင်ရပ်နေသော ရှုဟွမ်း၏အမူအရာကား ရယ်ချင်စရာကောင်းလှသည်။ ကျန်းမုန့်လောင် တံခါးကို ကန်ဖွင့်လိုက်ချိန်တုန်းက ကျန်းမုန့်လောင် ထိုသို့လုပ်လိမ့်မည်ဟု ထင်မထားသဖြင့် သူ့အား တားဆီးရန် အချိန်မရှိလိုက်ပေ။

Silicon Moonlight၏ ဥက္ကဋ္ဌဟောင်းလည်း ယခင်က အမျက်ထွက်ခဲ့ဖူးသော်လည်း စင်စစ်ဉာဏ်များလှသော ထိုလူကမူ ထည့်သွင်းစဉ်းစားစရာများစွာ ရှိနေသောကြောင့် သူ့ခံစားချက်ကို ထုတ်ဖော်ပြသခြင်းမရှိချေ။

သို့သော် ကျန်းမုန့်လောင်တွင်မူ ထိုသို့စိုးရိမ်ပူပန်မှုများ မရှိပေ။ သူက သူလုပ်ချင်ရာကို လုပ်ပေသည်။ သူ စိတ်အခြေအနေမကောင်းဘဲ တံခါးကိုကန်ဖွင့်ချင်လျှင်လည်း ကန်ဖွင့်ပစ်လိုက်မည်သာ။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ သူ့ကုမ္ပဏီပင်။ နောက်ဆက်တွဲဆိုးကျိုးများကိုလည်း သူ ဂရုမစိုက်ပေ။

"ဒီကလေးရဲ့စရိုက်က လူယုတ်မာကျန်းရှောင်ယွင်နဲ့ ချွတ်စွပ်ပဲ"

လျူချန်းနှင့် သူ(မ)၏လက်ထောက်က ကျန်းမုန့်လောင်၏အနောက်သို့ ခပ်မြန်မြန်လိုက်သွားလိုက်၏။

"ဒါပေမဲ့ ငါသဘောကျတယ်"

"မင်းက ဘယ်သူလဲ"

ခပ်ပိန်ပိန်နိုင်ငံခြားသားတစ်ယောက်က တရုတ်စကားမပီမသဖြင့် မေးလာလေသည်။

"ဒါက ဥက္ကဋ္ဌရုံးခန်းနော်။ မင်း စိတ်ကြိုက်ဝင်ထွက်သွားလာလို့ရတဲ့ နေရာလား"

ထိုလူက စကားအဆုံးတွင် ရှုဟွမ်းကို လှမ်းကြည့်လိုက်သည်။

"ရှုဟွမ်း.. မင်း ဒီမှာအလုပ်မလုပ်ချင်တော့ဘူးလား။ ဥက္ကဋ္ဌက ရာထူးကထွက်လိုက်တာနဲ့ပဲ မင်းက မြင်မြင်သမျှလူတိုင်းကို အထဲဝင်ခွင့်ပေးနေတော့တာပေါ့"

"ဪ ဒီ‌တော့ အခန်းထဲမှာ ဟောင်နေတဲ့ခွေးက ခင်ဗျားကိုး"

ကျန်းမုန့်လောင်က ရယ်လိုက်လေသည်။

"အင်ဖယ်လိုက် ဟုတ်တယ်မလား။ ကောင်းပြီလေ။ ကျုပ် ခင်ဗျားကို မှတ်ထားလိုက်ပြီ"

ကျန်းမုန့်လောင်က သူ့ကို လှည့်ကြည့်ရုံမျှလှည့်ကြည့်ပြီး လုံးဝလျစ်လျူရှုထားလိုက်သည်။

"ခုနက ဟွာရှားလူမျိုးအကြောင်း မကောင်းပြောနေတဲ့လူ ဘယ်သူရှိသေးလဲ"

ကျန်းမုန့်လောင်က ဆက်လက်မေးခွန်းထုတ်လိုက်သည်။

"ဘာဖြစ်တာလဲ။ အခုကျမှ ဘာလို့ပါးစပ်ပိတ်သွားတာလဲ။ ခုနတုန်းကတော့ ခင်ဗျားတို့တွေအားလုံး တအားတွေတက်ကြွနေကြတာမဟုတ်ဘူးလား။ ဘာလို့ဆက်မပြောတော့တာလဲ"

ဤနေရာရှိ လူအများစုက နိုင်ငံခြားသားရှယ်ယာရှင်များ ဖြစ်ပြီး အားလုံးနီးပါးက အင်္ဂလိပ်စကားပြောသည့် နိုင်ငံများမှလာသည့်အတွက် ကျန်းမုန့်လောင်က တရုတ်စကားမပြောချေ။ အကယ်၍ သူသာ တရုတ်လိုဆက်ပြောနေပါက သူ့စကားများကို သူတို့နားလည်လောက်မည်မဟုတ်။

"မင်းက ဘယ်သူလဲ။ အခုချက်ချင်းထွက်သွားပေးပါ။ အဲ့လိုမှမဟုတ်ရင် ငါတို့ လုံခြုံရေးကို ခေါ်ရလိမ့်မယ်"

ဤတစ်ခေါက်တွင်မူ ဟွာရှားလူမျိုးတစ်ယောက်က ပြောလာလေသည်။ ကျန်းမုန့်လောင် သူ့အသံကို မှတ်မိသည်။ ဤလူမှာ အစောပိုင်းက ကောဖန်ဟု အခေါ်ခံထားရသည့် ရှယ်ယာရှင်တစ်ယောက်ပင်။

"အိုး ဟုတ်သားပဲ။ တောင်းပန်ပါတယ်ဗျာ။ ကျုပ် မေ့သွားတယ်"

ကျန်းမုန့်လောင်၏မျက်နှာထက်တွင် နောင်တရလေဟန်အမူအရာ စိုးစဉ်းမျှမရှိပေ။

"ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပေးပါရစေ။ ကျုပ်က Silicon Moonlightကုမ္ပဏီရဲ့ ဥက္ကဋ္ဌအသစ် ကျန်းမုန့်လောင်ပါ"

အားလုံး လန့်ဖျပ်သွားကြသည်။ ကျန်းမုန့်လောင်မှာ မယုံကြည်နိုင်လောက်အောင် ငယ်ရွယ်လွန်းလှသည်။ ယနေ့ ဥက္ကဋ္ဌအသစ်တစ်ယောက် ရုံးကိုလာမည်ဖြစ်ကြောင်း သူတို့သိထားသော်လည်း ကျန်းမုန့်လောင်ဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မထားပေ။

"ကျန်းမုန့်လောင်လား။ အဲ့ဒီကျန်းမုန့်လောင်လား"

အားလုံး၏တုံ့ပြန်ပုံကား သူ့နာမည်ကို ကြားလိုက်ရစဉ်က ရှုဟွမ်၏တုံ့ပြန်ပုံနှင့် တစ်ထေရာတည်းပင်။ အချို့ကမူ သူ့ရှေ့မှာတင် ဖုန်းထုတ်၍ သူ့ဓာတ်ပုံကိုရှာပြီး အတည်ပြုနေကြသည်။

"တကယ်ကြီး သူပဲ။ အဲ့ဒီအသက်နှစ်ဆယ်အရွယ် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်လေ"

သူတို့မျက်နှာထက်ရှိ အံ့ဩတုန်လှုပ်သွားလေဟန် အမူအရာကို မြင်သောအခါ ကျန်းမုန့်လောင် အားရကျေနပ်သွားသည်။

"ကျုပ်က စကားကို တဲ့တိုးပဲပြောတတ်တယ်။ Silicon Moonlightကသာ အဲ့ဒီအနောက်တိုင်းသားတွေရဲ့တောင်းဆိုချက်ကို လိုက်လျောမယ်ဆိုရင် သူတို့ကို မစင်သာစားခိုင်းလိုက်"

ကျန်းမုန့်လောင်က ကြေညာလိုက်လေသည်။

သူက နိုင်ငံခြားသားရှယ်ယာရှင်များကို လှည့်ကြည့်လိုက်၏။

"ကျုပ်ရဲ့စကားတွေက ဒီနေရာမှာရှိတဲ့တစ်စုံတစ်ယောက်ကို‌ စော်ကားသလိုဖြစ်သွားခဲ့ရင် ဒါမှမဟုတ် ခင်ဗျားတို့ သဘောမတူဘူးဆိုရင် ကျုပ်ကို လာထိုးလှည့်ပေါ့"

"ကျုပ်တို့ဟွာရှားလူမျိုးတွေက စီးပွားရေးမလုပ်တတ်ဘူးလို့ ပြောလိုက်တာလား"

ကျန်းမုန့်လောင်က ပြက်ရယ်ပြု၍ ပြောလိုက်လေသည်။

"ခင်ဗျားတို့တွေ ရွှံ့ထဲမှာဆော့နေတဲ့အချိန် ကျုပ်ရဲ့ဘိုးဘေးတွေက ကမ္ဘာအနှံ့မှာ စီးပွားရေးလုပ်နေခဲ့ကြတာ"

"ခင်ဗျားက ဘာကြည့်တာလဲ။ မျက်နှာကရော ဘာလို့နီနေတာလ။ ကျန်းဖေးအဖြစ် သရုပ်ဆောင်နေတာလား။ မကျေနပ်ဘူးလား"

ကျန်းမုန့်လောင်က အင်ဖယ်လိုက်ကို စကားဖြင့် ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်ချေသည်။

ဒေါသူပုန်ထနေသော အင်ဖယ်လိုက်ခမျာ ကျန်းမုန့်လောင်ဘက်က စက်သေနတ်ပစ်နေသည့်အလား ပြောနေသည့်အတွက် ပြန်ပြောစရာ စကားတစ်ခွန်းမှမရှိချေ။ သံမဏိနံရံများဖြင့် ကာရံထားလျှင်ပင် ထိုစကားများကိုမူ သူ သည်းမခံနိုင်ချေ။

"ပြီးတော့ ခင်ဗျားနာမည်က ကောင်းဖန်နော် ဟုတ်တယ်မလား"

ကျန်းမုန့်လောင်က သက်လတ်ပိုင်းအရွယ် ဝဖိုင့်ဖိုင့်အမျိုးသားကြီးကို ကြည့်လိုက်သည်။

"ချမ်းသာသွားတော့ ကိုယ့်ကိုယ်ကိုယ် ဟွာရှားလူမျိုးဆိုတာ မေ့နေတယ်ပေါ့။ မျောက်ကိုမြင်ရင် မျောက်လိုလိုက်တုမယ်ပေါ့။ နိုင်ငံခြားသားတစ်ယောက်က ခင်ဗျားကို မစင်စားခိုင်းရင် ခင်ဗျားက စားလိုက်မှာပဲလား။ ခင်ဗျားက ခွေးလား"

"မစ္စတာကျန်း..ကျေးဇူးပြုပြီး စကားပြောဆင်ခြင်ပေးပါ"

ကောင်းဖန်က ကျန်းမုန့်လောင်ကို ဒေါသတကြီးစိုက်ကြည့်လိုက်၏။

သူတို့သည် ကုမ္ပဏီ၏ရှယ်ယာရှင်များဖြစ်သည်။ အမှုဆောင်များမဟုတ်ကြပေ။ ဥပဒေအရဆိုလျှင် သူတို့ဘက်က တရားမဝင်သော အပြုအမူများမလုပ်သရွေ့ ကုမ္ပဏီထဲရှိ သူတို့ရှယ်ယာများ၏အကျိုးအမြတ်များကို အမြဲခံစားခွင့်ရှိသည်။ ကျန်းမုန့်လောင်က ဥက္ကဋ္ဌဆိုသော်ငြား သူ့အနေနှင့် သူတို့ကို ဘာမှမလုပ်နိုင်ပေ။

"ဪ ဆောရီး.. ခွေးတွေကို တောင်းပန်ဖို့လိုလိမ့်မယ်။ ကျုပ် သူတို့ကိုစော်ကားမိသွားတယ်ထင်တာပဲ"

ကျန်းမုန့်လောင်က ထိုသို့ပြောကာ အစည်းအဝေးခန်းထဲရှိ ဥက္ကဋ္ဌထိုင်ခုံတွင် ထိုင်ချလိုက်သည်။

"ရှုဟွမ်း.. ဒီရှယ်ယာရှင်တွေနဲ့ အရင်မိတ်ဆက်ပေးပါဦး"

ကျန်းမုန့်လောင်က ခြေထောက်ချိတ်၍ ထိုင်လိုက်သည်။

"ဟုတ်ကဲ့ပါ ဒါရိုက်တာကျန်း"

ရှုဟွမ်းက ကျန်းမုန့်လောင်၏ဘယ်ဘက်ရှိ ရှယ်ယာရှင်များကို စတင်မိတ်ဆက်ပေးလေသည်။ ကျန်းမုန့်လောင်အပြင် Silicon Moonlightတွင် ရှယ်ယာ၁၀ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ထားသော ရှယ်ယာရှင်က နှစ်ယောက်ရှိပြီး တစ်ယောက်က အင်ဖယ်လိုက်ဖြစ်ကာ ကျန်တစ်ယောက်မှာ ရှုစုန့်ဟိုင်ဟုခေါ်သော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်ဖြစ်၏။

ထိုလူက အစောပိုင်းက ကန့်ကွက်ခဲ့သူဖြစ်ကြောင်း ကျန်းမုန့်လောင် မှတ်မိလိုက်သည်။ ထို့ကြောင့် သူ့အပေါ် အမြင်ကောင်းတစ်ခုရှိထားလေသည်။ သူက ရှုစုန့်ဟိုင်ကို ပြုံးပြလိုက်လေရာ တစ်ဖက်လူကလည်း ပြန်ပြုံးပြလေ၏။ တစ်ခါတစ်ရံတွင် ယောကျ်ားများ၏မိတ်ဆွေဖွဲ့မှုသည် တူညီသောရည်မှန်းချက်တစ်ခုအတွက်ကြောင့် ဖြစ်ပြီး အခြားအသေးစိတ်အချက်အလက်များကမူ သိပ်အရေးမကြီးပေ။

"ဪ ဟုတ်သားပဲ"

ကျန်းမုန့်လောင်က ဆက်ပြောလိုက်၏။

"ကျုပ်ရဲ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းပြောပြီးပြီနော်။ အခု ကျုပ် ခင်ဗျားတို့အများစုရဲ့အကျိုးစီးပွားကို ဆန့်ကျင်လိုက်ပြီ။ ခင်ဗျားတို့ အခု ကျုပ်ကိုဖယ်ရှားနိုင်ပါတယ်"

"ဒါရိုက်တာကျန်း.. ခင်ဗျားက အခု Silicon Moonlightရဲ့ ရှယ်ယာ၅၂ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတဲ့အတွက် အကြီးဆုံးရှယ်ယာရှင်ဖြစ်နေပါပြီ။ ကုမ္ပဏီရဲ့စည်းမျဉ်းအရ ကုမ္ပဏီရေးရာကိစ္စအားလုံးကို ခင်ဗျားအနေနဲ့ ဗီတိုအာဏာသုံးနိုင်တဲ့အတွက် ဘယ်သူကမှ ခင်ဗျားကိုဖယ်ရှားခွင့်မရှိပါဘူး"

"ပြောသွားတာ သိပ်ကောင်းတယ်"

ကျန်းမုန့်လောင်က ထိုကဲ့သို့ ထိုးထွင်းဉာဏ်ရှိသော ဝန်ထမ်းများကို သဘောကျသည်။

"မနက်ဖြန်ကစပြီး မင်းရဲ့လစာကို နှစ်ဆတိုးပေးမယ်"

ရှုဟွမ်း၏မျက်နှာထက်တွင် ဝမ်းသာရိပ်များ လွှမ်းခြုံသွားသော်လည်း တစ်ဖန်ပျောက်ကွယ်သွားပြန်လေသည်။ လစာတိုးတော့ရော ဘာအရေးလဲ။ ကုမ္ပဏီက ဘယ်လောက်အထိ ဆက်သွားနိုင်မှာမို့လို့လဲ။

"ကြားတယ်မလား"

ကျန်းမုန့်လောင် ပခုံးတွန့်ပြလိုက်သည်။

"ကျုပ်က ခင်ဗျားတို့ကို အခွင့်အရေးမပေးတာ မဟုတ်ဘူးနော်။ ခင်ဗျားတို့မှာ အဲ့လိုလုပ်နိုင်တဲ့ခွန်အားမျိုး မရှိရုံပဲ"

ထိုစကားအဆုံးတွင်မူ Silicon Moonlightကုမ္ပဏီက အနောက်တိုင်းသားများ၏ တောင်းဆိုမှုများကို လက်ခံလိုက်စေရန် မျှော်လင့်နေခဲ့ကြသော ရှယ်ယာရှင်များအားလုံး စိတ်ဓာတ်ကျသွားလေတော့သည်။ ကြည့်ရသည်မှာ ကျန်းမုန့်လောင်က ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ဖို့ စိတ်ပိုင်းဖြတ်ထားပုံပင်။

"မစ္စတာကျန်း.. အကျိုးဆက်တွေကိုရော ခင်ဗျားထည့်မစဉ်းစားဘူးလား"

ရှယ်ယာရှင်တစ်ယောက်က ဆိုလာလေသည်။

"ပြည်ပနိုင်ငံတွေက ကျုပ်တို့ကို ခရစ္စတယ်ချစ်ပ်ပြားထောက်ပံ့မှု ရပ်လိုက်ရင် ကျုပ်တို့ကုမ္ပဏီလည်း ယိုင်လဲသွားရလိမ့်မယ်။ အဲဒီအဆင့်နိမ့်ချစ်ပ်ပြားတွေက အမြတ်ထွက်ဖို့မပြောနဲ့။ ကုန်ကျစရိတ်ကိုတောင် ကာမိမှာမဟုတ်ဘူး"

"ဟုတ်တယ်။ ကျုပ်တို့ ဝန်ထမ်းလျှော့ချမှု မလုပ်ဘူးဆိုရင် ကျုပ်တို့ရဲ့နှစ်စဉ်ဝန်ထမ်းစရိတ်နဲ့ ကိရိယာကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၅ဘီလီယံလောက်ရှိတယ်။ တစ်နှစ်စာအဆင့်နိမ့်ချစ်ပ်ပြားအမှာစာတွေကို ပေါင်းလိုက်ရင်တောင် အမေရိကန်ဒေါ်လာ၂ဘီလီယံကို မရောက်ဘူး။ အဲ့လိုဆိုရင် ကျုပ်တို့ ဒေါ်လာ၃ဘီလီယံရှုံးပြီပေါ့"

"ကျုပ်မှာ ပိုက်ဆံရှိတယ်။ ပိုက်ဆံရှုံးမှာကို ကျုပ်ဂရုမစိုက်ဘူး"

ကျန်းမုန့်လောင်က ပြန်ပက်လိုက်သည်။

"ကျုပ်က ခွေးတစ်ကောင်ကို ပြုစုစောင့်ရှောက်ဖို့အတွက်တောင် အမေရိကန်ဒေါ်လာ၃ဘီလီယံသုံးတဲ့လူပါ"

"ဒါပေမဲ့ ကျုပ်တို့ဂရုစိုက်တယ်လေ"

ရှယ်ယာရှင်များ၏ အမူအရာများမှာ ပို၍အကျည်းတန်လာလေသည်။ ကျန်းမုန့်လောင်က အရှုံးကို ဂရုစိုက်သည်ဖြစ်စေ မစိုက်သည်ဖြစ်စေ လစာရနေဆဲဖြစ်သော ဝန်ထမ်းများနှင့် သူတို့ရှယ်ယာရှင်များက မတူပေ။ သူတို့သည် ကုမ္ပဏီ၏ အစုပေါ်အမြတ်ငွေကို မှီခိုနေရခြင်းဖြစ်၏။ ကုမ္ပဏီတွင် အမြတ်ငွေမရှိပါက သူတို့လည်း ပိုက်ဆံတစ်ပြားမှ ရမည်မဟုတ်ချေ။

ထို့ပြင် ဤခွေးဟာသမှာ ဟောင်းနေလေပြီ။ ကျန်းမုန့်လောင်နှင့် ခွေးများက မည်သို့ပတ်သက်နေလေသလဲ။ သူက အမြဲ ခွေးအကြောင်ကိုချည်း အစဖော်နေပေသည်။

"ခင်ဗျားတို့ ဂရုစိုက်တာ မစိုက်တာက ကျုပ်ကိစ္စမှမဟုတ်တာ"

ကျန်းမုန့်လောင် သရော်လိုက်လေသည်။

"ဘယ်လိုထင်လဲ။ ဒေါသထွက်သွားပြီလား"

ကျန်းမုန့်လောင်က ရန်စနေဟန်ဖြင့် ပြောလိုက်လေသည်။

"ကျုပ်က ရှယ်ယာအများဆုံးပဲ။ ကုမ္ပဏီနဲ့ပတ်သက်ပြီး ကျုပ်ပဲ ဆုံးဖြတ်ချက်ချမယ်။ ခင်ဗျားတို့မျက်နှာပေါ်က ဖြစ်ပျက်သွားတဲ့အမူအရာတွေကို ကျုပ် သိပ်သဘောကျတာပဲ။ စိတ်တိုနေပေမဲ့ ဘာမှလည်းမလုပ်နိုင်ရှာဘူးလေ"

**********

All Chapters