လေစုန်ပျံသန်းခြင်း
Vol. 17 Ch. 243
ပထမဆုံးအကြိမ် လူသတ်ခြင်းမှာပင် လူဆယ့်လေးယောက်၏အသက်ကို နှုတ်ယူခဲ့သော်လည်း ကျန်းမုန့်လောင်ကတော့ စိတ်ပိုင်းဆိုင်ရာဖိစီးမှုမျိုး မရှိပေ။ မည်သို့ပင်ဖြစ်စေ ထိုလူများမှာ သူ့ကိုသတ်ဖို့ ရောက်လာကြသူများပင်။ ယဲ့ရင်၏ကြားဝင်နှောင့်ယှက်မှုမရှိပါက သူ၊ လုရီယောင်နှင့် ဝမ်လင်တို့အားလုံး ထိုနေရာမှာတင် မည်သူမျှပင် မသိလိုက်ပါဘဲ လက်စတုံးသွားနိုင်သည်။
ယခုကဲ့သို့သော လုပ်ရပ်မျိုးမှာ အလွန်ဆုံးရှိလှ လွန်ကဲသည့် ကိုယ့်ကိုယ်ကိုယ်ကာကွယ်မှုတစ်ခုအဖြစ်သာ သတ်မှတ်ခံရမည်ဖြစ်ပြီး မည်သူကမှလည်း သူ့ကို ဥပဒေအရ တရားစွဲဆိုနိုင်မည်မဟုတ်ချေ။ ထို့ပြင် ထိုလူဆယ့်လေးယောက်သေသွားသည်ကိုလည်း မည်သူကမှ သူတို့ မည်သို့နှယ်သေဆုံးသွားရလေသလဲဆိုသည်ကို မသိကြပေ။ တစ်စုံတစ်ယောက်က ကျန်းမုန့်လောင်ကို သံသယဝင်ရလောက်အောင်လည်း ယဲ့ရင်၏ဖြစ်တည်မှုကို သိသူများမှာ ဝမ်လင်တို့တစ်သိုက်ကလွဲ၍ အကုန်သေကုန်ကြပြီဖြစ်၏။ ကျန်းမုန့်လောင်နားတွင် သူ့ကိုကာကွယ်ပေးနေသည့် ယခုလိုကျွမ်းကျင်သူတစ်ယောက် ရှိနေကြောင်း မည်သူမျှ မှန်းဆနိုင်မည်မဟုတ်ချေ။
ဖျက်သင်္ဘောကား တဖြည်းဖြည်း ဆိပ်ကမ်းသို့ ဝင်ရောက်လာပြီး ကျန်းမုန့်လောင်တို့တစ်သိုက်လည်း အနည်းငယ် ပင်ပန်းနွမ်းနယ်နေသောအမူအရာဖြင့် ဆင်းလာကြသည်။ ကျန်းမုန့်လောင်ကလွဲလျှင် ကျန်သုံးယောက်မှာ ထိုအဖြစ်အပျက်ကြောင့် အနည်းနှင့်အများ ထိတ်လန့်သွားခဲ့ရပြီး ယခုဆိုလျှင် သူတို့ခန္ဓာကိုယ်ထဲရှိ အင်အားအလုံးစုံကုန်ခန်းသွားသလို ခံစားနေရသည်။
"မစ္စတာကျန်း"
အင်္ဂလိပ်ရေတပ်ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ကျန်းမုန့်လောင်အနားသို့ ချဉ်းကပ်လာသည်။
"ကျွန်တော်က အရှင်မင်းကြီးရဲ့အမိန့်ကြောင့် ဒီကိုရောက်လာပြီး ဒီစစ်သင်္ဘောကို ပြန်လာယူတာပါ"
"အိုး"
ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်လေသည်။
တကယ်တမ်းတွင် သူ့ကိုလုပ်ကြံရန် ရောက်လာကြသူများထဲတွင် အင်္ဂလန်မှ သန္ဓေပြောင်းလူသားတစ်ယောက်လည်း ပါဝင်သည်။ ထိုသူသည် သူ့စွမ်းအားကိုသုံး၍ ပင်လယ်ထဲရှိ ရေများကို ခဲသွားအောင်လုပ်ပစ်ခဲ့သူပင်။
သို့သော် ထိုသန္ဓေပြောင်းလူသားက အင်္ဂလန်တော်ဝင်မိသားစု၏လက်အောက်ရှိ အဖွဲ့အစည်းတစ်ခုခုမှ ဟုတ်ဟန်မတူချေ။ အင်္ဂလန်သာမက အခြားသောဥရောပနိုင်ငံများတွင် ယခုလိုထူးခြားစွမ်းရည်ရှိသူများနှင့် သန္ဓေပြောင်းလူသားများကို နိုင်ငံတော်အဖွဲ့အစည်းများမှ ထိန်းချုပ်ထားပုံရသည်။
ထိုသို့မဟုတ်ပါက ကျန်းမုန့်လောင်ကို ရန်စရဲလောက်အောင်အထိ တုံးအကြမည်မဟုတ်။ မည်သို့ပင်ဖြစ်စေ သူတို့တစ်ဦးချင်းစီတိုင်းက ကျန်းမုန်လောင်၏အဘိုးထံတွင် နို်ငငံခြားဖြစ်သေနတ်များနှင့် အမြောက်တို့၏လက်ချက်ကို ခံစားထားရဖူးသူများဖြစ်၏။ ဤဥရောပခရီးစဉ်တွင် မင်းသမီးပေါင်းများစွာကိုလည်း သူ့ထံ စေလွှတ်ခဲ့သေးသည်။
"မစ္စတာကျန်း ဒါက…"
ရေတပ်ဗိုလ်ချုပ်က ဖျက်သင်္ဘောကို လှမ်းကြည့်လိုက်လေရာ ကုန်းပတ်ပေါ်တွင် ခပ်နက်နက်အက်ကွဲကြောင်းတစ်ခုရှိနေပြီး အမြောက်ပြောင်းတစ်ခုကလည်း လုံးဝဖြတ်တောက်ခံထားရသည်ကို သတိထားမိလိုက်သည်။
ဖျက်သင်္ဘောက ကျန်းမုန့်လောင်ထံသို့ နှစ်ရက်မျှသာ ငှားရမ်းပြီးနောက် ယခုလိုအခြေအနေမျိုး ဆိုက်ရောက်သွားရလေသလဲ။
"ဒါက…."
ကျန်းမုန့်လောင်၏ လုပ်ကြံဇာတ်ခင်းခြင်းကို သဘောကျသည့်စိတ်က သူ့စရိုက်တစ်ခုနှယ် ဖြစ်နေလေရာ ရှေ့နောက်မစဉ်းစားဘဲ ပြောချလိုက်၏။
"အိမ်..လေလံပွဲမှာ ကျွန်တော် ဂမ္ဘီရလက်နက်တစ်ခုရခဲ့တယ်လေ။ ကပ္ပတိန်က အဲဒါကိုစမ်းသပ်ကြည့်လိုက်တာ ။ မတော်တဆလက်လွန်သွားတယ်လေ။ အဲ့ဒီပစ္စည်းက သံမဏိကိုတောင် ရွှံ့တုံးလေးလို ဖြတ်တောက်ပစ်လိုက်တာနော် ဟားဟားဟား"
ကျန်းမုန့်လောင်က စစ်သားတစ်ယောက်ကို မကြာခင်ကမှ သူလေလံတင်ဝယ်ယူထားသော ပစ္စည်းများကို ကိုင်ခိုင်းထားသည်။ ထိုပစ္စည်းများထဲမှ တစ်ခုဟာ ထူးခြားလှသောဓားတစ်လက်ပင်။
"အဲ့လိုကိုး"
ဗိုလ်ချုပ်ကလည်း နားလည်သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်ပြသည်။ ကျန်းမုန့်လောင်က အရေးပါအရာရောက်သော လေလံပွဲတစ်ခုကိုတက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သူ ကောင်းကောင်းသိထားသဖြင့် အထင်ကြီးဖွယ်ကောင်းသော ပစ္စည်းများကို အရယူနိုင်ခဲ့ခြင်းမှာ လုံးဝမထူးဆန်းပေ။ သို့တိုင် ထိုအရာက သံမဏိကို မည်သို့နှယ်ဖြတ်တောက်နိုင်လေသလဲဆိုသည်ကို သူ မြင်တွေ့ချင်လှသည်။
"အပျက်အစီးအတွက် ကျွန်တော် လျော်ပေးပါ့မယ်။ တစ်ဘီလီယံဆိုရင် လောက်ရဲ့လား"
ကျန်းမုန့်လောင်က ချက်လက်မှတ်တစ်စောင်ကို ချက်ချင်းရေးပေးလိုက်သည်။ ယခုအချိန်တွင် သူသည် ယူရိုတစ်ရာဘီလီယံကျော် ရထားသဖြင့် အံ့မခန်းချမ်းသာနေပြီဖြစ်၏။ သူသာ နည်းနည်းလောက်ထုတ်မသုံးပါက မသက်မသာဖြစ်ရပေလိမ့်မည်။
"ယူရိုတစ်ဘီလီယံလား"
ဗိုလ်ချုပ်ခမျာ အံ့ဩမှင်တက်သွားလေသည်။ ဖျက်သင်္ဘော၏ ပြုပြင်စရိတ်က ကြီးမားလှသော်ငြား ဤမျှအထိလည်း မကုန်ပေ။ ယူရိုတစ်ဘီလီယံဆိုသည်မှာ နောက်တစ်စင်းထပ်ဆောက်ဖို့ပင် လုံလောက်နေပြီဖြစ်၏။
ထို့ပြင် ဘုရင်မကြီးက ကျန်းမုန့်လောင်ကို တလေးတစားဆက်ဆံရန် အလေးပေးမှာကြားထားပေသည်။ သူက ဟုတ်တယ်ဟုပြောလျှင် သူတို့အနေနှင့် မဟုတ်ဘူးဟု ပြောလို့မရပေ။ ဗိုလ်ချုပ်က ကျန်းမုန့်လောင်၏ပိုက်ဆံကို မည်သို့နှယ်လက်ခံရဲမည်လဲ။ ထို့ပြင် အင်္ဂလန်ဖျက်သင်္ဘောကို ပြင်သစ်ရေပိုင်နက်ထဲ ဖြတ်သန်းခွင့်ရအောင် လုပ်နိုင်ခြင်းကတင် ကျန်းမုန့်လောင်၏ ကြီးမားလှသောနောက်ခံအင်အားကို ပြသရာရောက်ပေသည်။ သူ ထိုပိုက်ဆံကို လက်မခံရဲပေ။
"ယူလိုက်ပါ"
ကျန်းမုန့်လောင်က ဗိုလ်ချုပ်၏လက်ထဲသို့ ချက်လက်မှတ်ကို အတင်းထည့်ပေးလိုက်သည်။
"ခင်ဗျား မယူဘူးဆိုရင် ကျွန်တော့်ကိုအထင်သေးလို့ပဲ။ ကျွန်တော့်ကိုအထင်သေးလို့ကတော့ သတိထားနော်။ ခင်ဗျားတို့ဘုရင်မကြီးကို ကျုပ် တိုင်ပြောလိုက်မှာ"
"ဒါက…"
တစ်စုံတစ်ယောက်က ပိုက်ဆံပေးဖို့အတွက် ယခုလိုခြိမ်းခြောက်လာသည်မျိုးကို ဗိုလ်ချုပ်လည်း ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်၏။
"ဒီကိုကြည့်.. ခင်ဗျားတို့မှာလည်း ပြုပြင်စရိတ်တွေရှိတယ်မလား။ ရက်ပိုင်းစာလောက်သုံးရတဲ့ လောင်စာကလည်း ပိုက်ဆံကုန်မှာပဲ။ ထိန်းသိမ်းစောင့်ရှောက်ခကလည်း လိုသေးတယ်မလား။ ပြီးတော့ သင်္ဘောသားတွေကိုလည်း လစာပေးရဦးမယ်လေ။ ခင်ဗျားဆိုရင် အင်္ဂလန်ကနေ ဒီအထိ ခရီးထွက်လာခဲ့ရတာ။ ခရီးစရိတ်ကလည်း လိုဦးမှာပဲ။ တစ်ဆယ်ဘီလီယံဆိုရင် သိပ်မများပါဘူး"
သူက ထိုသို့ပြောနေသော်ငြား စိတ်ထဲတွင်တော့ တိတ်တိတ်လေးသရော်နေမိသည်။ အင်္ဂလန်စိတ်စွမ်းအားရှင်များက သူ့ကို ယူရို၇၀.၅ဘီလီယံ လာဘ်ထိုးခဲ့ပေသည်။ သိုးမွေးက သိုးထံမှလာသည်ဖြစ်ရာ ကျန်းမုန့်လောင်အနေနှင့်လည်း ယူရိုတစ်ဘီလီလောက်ပေးဖို့အတွက်တော့ ရင်နာမနေချေ။
အင်္ဂလန်ဘုရင်မကြီးသာ ဤအကြောင်းကိုသိသွားလျှင် မည်သို့နှယ်အမူအရာမျိုးဖြစ်သွားလေမလဲဆိုတာ သူသိချင်မိသည်။
...
"မုန့်လောင်..နင့်မိသားစုက တကယ်ပဲ ဘာလုပ်တာလဲ"
လုရီယောင်က ထိုညနေတွင် ဤမေးခွန်းကို မမေးဘဲမနေနိုင်တော့ချေ။ ကျန်းမုန့်လောင်၏မိသားစုက ချမ်းသာကြောင်း သူ(မ)သိထားပြီးသားပင်။ သို့သော် ယခုတော့ သူ(မ)သိထားသည်မှာ အပေါ်ယံမျှသာဖြစ်နေဟန်တူသည်။
"ရွှေတူးဖော်တယ်။ အငှားချတယ်။ ငွေကြေးကစားတယ်။ ကုမ္ပဏီတွေထောင်တယ်။ ဒါတွေက နေ့စဉ်လုပ်ငန်းတစ်ခုပါပဲ"
ကျန်းမုန့်လောင်က ပြောရင်းဖြင့် ရယ်မောနေလေသည်။ ကျန်းမုန့်လောင် လိမ်ညာနေခြင်းမဟုတ်ချေ။ သူတို့၏မိုင်းတွင်းများထဲတွင် ကမ္ဘာ့ရွှေ၊ ကျောက်မီးသွေးနှင့် စိန်မိုင်းတွင်းများ ပါဝင်ပြီး ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများကို မြေကွက်အငှားချကာ သူတို့၏ငွေကြေးကစားခြင်းဆိုသည်မှာလည်း ကမ္ဘာတစ်ဝှမ်းရှိ အစိုးရများကို အတိုးယူ၍ ပိုက်ဆံချေးခြင်းဖြစ်၏။
"ယဲ့ရင်လို့ခေါ်တဲ့ နင့်ရဲ့ဘော်ဒီဂတ်ကလေ…"
"သူက ငါ့မိသားစုက အချိန်အကြာကြီးလေ့ကျင့်ပေးထားတဲ့ လူတစ်ယောက်ပဲ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ပြီးတော့ ငါတို့မှာ သူ့လို အစွမ်းထက်တဲ့ဘော်ဒီဂတ်တွေ အယောက်တစ်သောင်းကျော်လောက်ရှိတယ်"
"အိပ်မက်မက်နေလိုက်"
ကျန်းမုန့်လောင်က အသေးစိတ်အချက်အလက်တချို့ကို ထိန်ချန်ထားကြောင်း လုရီယောင်သိသည်။ မည်သို့ပင်ဖြစ်စေ သူ အကုန်ပြောမပြရသည့် အကြောင်းအရင်းတစ်ခုခုတော့ ရှိလိမ့်မည်သာ။ လုရီယောင်ကလည်း ဆက်မမေးနေချေ။ ကျန်းမုန့်လောင်ကသာ မပြောင်းလဲသရွေ့ ဤသည်ကသာ အရေးကြီးဆုံးဖြစ်၏။
ရဲတိုက်တွင် နောက်တစ်ညအနားယူပြီးနောက် ကျန်းမုန့်လောင်တို့လည်း ပြန်ရန်ပြင်ကြရတော့သည်။ နိုင်ငံအသီးသီးမှ မင်းသမီးများကလည်း စိတ်ဓာတ်ကျကာ တစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြသည်။ သူတို့ ယခုလိုအခွင့်အရေးမျိုးကို ဘယ်အချိန်မှ ထပ်ရလေမလဲဆိုသည်ကို မည်သူမှမသိနိုင်ပေ။
"မစ္စတာကျန်း..နှုတ်ဆက်ပါတယ်။ နောက်များ အခွင့်အရေးရခဲ့ရင် ပြန်လာလည်ဖို့ မျှော်လင့်ပါတယ်"
ဟေဂန်က ကျန်းမုန့်လောင်ကို စိတ်ရင်းအမှန်ဖြင့် ပြောလိုက်လေသည်။
"ဒီအတောအတွင်း အလုပ်ကြိုးစားပေးလို့ကျေးဇူးတင်ပါတယ်"
ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်သည်။ လေဆိပ်ကိုသွားရန် ဟန်ပြင်ချိန်မှာ ရင်းနှီးနေသောမျက်နှာနှစ်ခုကို မြင်လိုက်ရသည်။
"မစ္စတာလဲ့..မစ္စတာကု"
ကျန်းမုန့်လောင် အံ့ဩသွားရသည်။ သူတို့နှစ်ယောက် ဟွာရှားသို့ပြန်သွားပြီဟု သူထင်ထားခြင်းပင်။
"ခင်ဗျားတို့တွေ ဒီကိုဘာလို့ရောက်လာတာလဲ"
ကျန်းမုန့်လောင် မေးလိုက်လေသည်။
"မစ္စတာကျန်း..ကျုပ်တို့က ခင်ဗျားရဲ့လုံခြုံရေးအတွက် ဒီကိုရောက်လာတာပါ"
ကုယွမ်ဝူက ကျန်းမုန့်လောင်နှင့်သူ့သူငယ်ချင်းများ ဘာထိခိုက်ဒဏ်ရာမှ ရှိမနေသည်ကိုမြင်သောအခါ စိတ်သက်သာရာဟန်ဖြင့် သက်ပြင်းချလျက် ဆိုလာလေသည်။ ကြည့်ရသည်မှာ အခြားနို်ငငံများမှ စိတ်နယ်လွန်ပညာရှင်များနှင့် သန္ဓေပြောင်းလူသားများက ပြင်သစ်နိုင်ငံထဲတွင် လှုပ်ရှားဖို့ မဆုံးဖြတ်ထားပုံပင်။
"ကျွန်တော့်လုံခြုံရေးအတွက်လား"
ကျန်းမုန့်လောင် ပဟေဠိဖြစ်သွားရသည်။
"အမတဆေးလုံးက အရမ်းအရေးကြီးတယ်။ သူတို့က အဲ့ဒါကိုမရမချင်း ရပ်မှာမဟုတ်ဘူး။ သူတို့ ပြင်သစ်နိုင်ငံထဲမှာ မလှုပ်ရှားရဲကြပေမဲ့ နိုင်ငံတကာလေကြောင်းထဲကို ရောက်သွားရင်တော့ သူတို့က ခင်ဗျားကို ပစ်မှတ်ထားလာနိုင်တယ်"
ကုယွမ်ဝူ ရှင်းပြလိုက်သည်။
"သူတို့ကတော့ ခွေးတစ်ကောင်က အမတဆေးလုံးကိုစားသွားတယ်ဆိုတာ ယုံကြမှာမဟုတ်ဘူး။ ခင်ဗျား အန္တရာယ်နဲ့ကြုံရနိုင်တယ်"
ကျန်းမုန့်လောင်ခမျာ သဘောလည်းကျသွားရသလို စိတ်အနှောင့်အယှက်လည်း ဖြစ်သွားရသည်။ သူသာ ကုယွမ်ဝူ၏ကာကွယ်မှုကို စောင့်မျှော်နေပါက သူ့အလောင်းကား ယခုလောက်ဆိုလျှင် မြေထဲပင်လယ်ထဲတွင် အေးခဲနေလောက်ပြီဖြစ်၏။
ထိုနိုင်ငံများသည် တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဆေးလုံးကို အလွန်အရေးပါသည်ဟု သတ်မှတ်ပြီး ပြင်သစ်နိုင်ငံနယ်နိမိတ်ထဲမှာပင် တိုက်ခိုက်လိုခဲ့ကြသည်။
"ကျွန်တော်တော့ လိုအပ်တယ်လို့မထင်ဘူးနော်"
ကျန်းမုန့်လောင် ခေါင်းခါယမ်းလိုက်သည်။ ထိုလူများ၏အလောင်းများက ယခုလောက်ဆိုလျှင် ငါးမန်းစာဖြစ်နေလောက်ပြီ။ သူတို့အုတ်ဂူပေါ်ရှိ မြက်များကပင် တစ်မီတာရှည်နေလောက်ပြီ။ ခင်ဗျားက အခုမှ ကျုပ်ကို လာကာကွယ်ပေးမလို့လား။
"မစ္စတာကျန်း ကျွန်တော်နောက်နေတာမဟုတ်ပါဘူး။ အတည်ပြောနေတာပါ"
ကုယွမ်ဝူက လေးလေးနက်နက်ဆိုလာလေသည်။
"သူတို့က သာမန်လူတွေမဟုတ်ပါဘူး..ဒါတွေက ကျုပ် ခင်ဗျားကိုပြောပြလို့မရတဲ့အရာတွေ။ ဒါပေမဲ့ ခင်ဗျားမှာ တိုက်လေယာဉ်တစ်တပ်လုံးရှိနေရင်တောင် အိမ်ကို ဘေးကင်းကင်းနဲ့ပြန်ဖို့ ခက်ခဲပါလိမ့်မယ်"
"သောက်ကျိုးနည်း… ကျွန်တော့်မှာ တိုက်လေယာဉ်တစ်တပ်ရှိတာ ခင်ဗျား ဘယ်လိုလုပ်သိတာလဲ"
"ကျုပ်…"
ကုယွမ်ဝူခမျာ ခဏတာမျှ ဆွံ့အသွားရသည်။ သူက အခြေအနေ၏လေးနက်မှုကို မီးမောင်းထိုးပြရန်အတွက် ဥပမာပေးနေခြင်းဖြစ်သော်ငြား ကျန်းမုန့်လောင်၏တုံ့ပြန်ပုံအရဆိုလျှင် သူ့တွင် တကယ်ပဲ တိုက်လေယာဉ်တစ်တပ်ရှိနေပုံရသည်။ တခြားနိုင်ငံကများ သူ့ကို ငှားလိုက်ခြင်းလေလား။
ကုယွမ်ဝူသည် ကျန်းမုန့်လောင်၏မိသားစုအကြောင်း စင်စစ်စုံစမ်းခဲ့ဖူးသော်လည်း ဖိုင်ထဲတွင် ထိုလူက ကုမ္ပဏီပေါင်းများစွာ၏ ရှယ်ယာရှင်ဖြစ်ကြောင်းကလွဲလျှင် ထူးထူးခြားခြား ဘာမှမရှိပေ။ ထိုအရာကလွဲ၍ စစ်ရေး သို့မဟုတ် နိုင်ငံရေးနောက်ခံလည်း မရှိပါဘဲ ဒုတိယမျိုးဆက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမျှသာ ဖြစ်၏။
"မစ္စတာကျန်း.. ကျုပ် ခင်ဗျားတို့ ဒီနေရာကနေ ထွက်ခွာဖို့အတွက် အထူးလမ်းကြောင်းတစ်ခု စီစဉ်ပေးထားပါတယ်။ ကျုပ်နောက်က လိုက်ခဲ့ပါ"
ကုယွမ်ဝူ၏ စစ်မှန်သောအမူအရာကို မြင်လိုက်ရသောအခါ ကျန်းမုန့်လောင်လည်း သူ့ဘော်ဒီဂတ်က ထိုလူများကို ရှင်းပစ်ပြီးသွားပြီဟု ပြောလိုက်ချင်သော်ငြား ထိုသို့ပြောလိုက်လျှင် အနာဂတ်၌ အရှုပ်အထွေးများဖြစ်လာနိုင်ပေသည်။
"မလိုပါဘူး မစ္စတာကု"
ကျန်းမုန့်လောင် ခေါင်းခါပြလိုက်သည်။
"ကျွန်တော့်ရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်က ပျံသန်းဖို့ အဆင်သင့်ဖြစ်နေပြီ။ ခင်ဗျားရော ကျွန်တော်တို့SF Expressလေယာဉ်နဲ့ အတူလိုက်ခဲ့ဦးမလား"
*********