မင်းတို့သိတာ တအားများလွန်းနေပြီ
Vol. 17 Ch. 242
"ဓားပြတိုက်တာလား"
ထိုစကားနှစ်ခွန်းကို ကြားသောအခါ သန္ဓေပြောင်းလူသားများ၏ မျက်ဝန်းများဟာ အတိုင်းသားပြူးကျယ်သွားချေသည်။ သူတို့အားလုံးထင်မှတ်ထားကြသည်မှာ ယနေ့ ကျန်းမုန့်လောင်လက်ထဲသို့ ကျရောက်သွားပါက သေရတော့မည်ဟူ၍ပင်။ သို့သော် ကျန်းမုန့်လောင်က စည်းမျဉ်းများနှင့်အညီ မကစားပေ။
"မင်းတို့ ဒီတစ်ခေါက် ပိုက်ဆံတွေအများကြီးယူလာတယ်ဆိုတာ ငါသိတယ်"
ကျန်းမုန့်လောင်က အင်ဒီမှ သန္ဓေပြောင်းလူသားတစ်ယောက်ကို လက်ညှိုးထိုးပြလိုက်သည်။
"မနေ့တုန်းက မင်းက လေလံကိုလက်လျှော့လိုက်တဲ့ ပထမဆုံးလူဆိုတာ ငါမှတ်မိတယ်။ ဒါပေမဲ့ မင်း ယူရို၆၂ဘီလီယံယူလာခဲ့တယ်မလား"
ကျန်းမုန့်လောင်က သူ့ဖုန်းကိုထုတ်ယူလိုက်သည်။
"မင်း.. ကျီဖုပေါင်ကနေ လွှဲမလား။ ဝီချက်ကနေ လွှဲမလား"
"ငတုံး"
ဝမ်လင်က ကျန်းမုန့်လောင်၏နောက်မှနေ၍ ဆဲရေးလိုက်သည်။
"ယူရီု၆၂ဘီလီယံကို ဖုန်းနဲ့ ငွေလွှဲတဲ့လူတစ်ယောက်ယောက်ကို မင်းမြင်ဖူးလို့လား။ မင်း ရူးနေပြီလား"
"ဟားဟား..ဆောရီး ငါဆင်းရဲခဲ့တုန်းကအချိန်ကို အကျင့်ပါသွားလို့"
ကျန်းမုန့်လောင်လည်း ခပ်ရှက်ရှက်ဖြင့် သူ့ဖုန်းကိုပြန်သိမ်းလိုက်သည်။ သူသာ များပြားလှသော ငွေပမာဏကြီးကို ဤနည်းလမ်းနှစ်မျိုးဖြင့် လွှဲပြောင်းဖို့ ကြိုးစားခဲ့မှန်းသာသိလျှင် မာယွင်နှင့် မာဟွားတို့ကတော့ အံ့အားသင့်သွားကြပေလိမ့်မည်။
"မင်းတို့ကိုမေးပါရစေဦး။ ပိုက်ဆံကိုလိုချင်လား။ မင်းတို့အသက်ကိုလိုချင်လား"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
အင်ဒီမှ သန္ဓေပြောင်းလူသားက ခေါင်းငိုက်စိုက်ချလိုက်သည်။ အင်ဒီလူမျိုးများမှာ အမေရိကန်များလောက် မချမ်းသာပေ။ ဤပိုက်ဆံပမာဏမှာ တစ်နိုင်ငံလုံး၏အင်အားစိုက်ထုတ်မှုဖြင့် စုဆောင်းလာခဲ့ခြင်းဖြစ်၏။ အကယ်၍ သူတို့သာ အမတဆေးကိုလည်း မရ၊ ပိုက်ဆံကိုလည်း ဆုံးရှုံးပြီး ပြန်သွားခဲ့ပါလျှင် နိုင်ငံသို့ပြန်ရောက်သည့်အခါ ပြင်းထန်လှသောအပြစ်ဒဏ်ကို ခံရမည်မှာ သေချာပေါက်ပင်။
သို့သော် ပိုက်ဆံမပေးလျှင်လည်း ကျန်းမုန့်လောင်လက်ထဲတွင် ဤနေရာ၌ အသက်ဆုံးရှုံးရမည်ဖြစ်၏။
"ငါ..ငါ ပိုက်ဆံပေးပါ့မယ်"
အင်ဒီလူမျိုးက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်လေသည်။ နိုင်ငံပြောင်းပြီး ထွက်ပြေးခြင်းကသာ ပိုကောင်းပေသည်။ သူ့အစွမ်းအစဖြင့်ဆိုလျှင် အမည်မဖော်ဘဲ နေထိုင်နိုင်သရွေ့ ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မဆို သူ နေနိုင်ပေသည်။
ကျန်းမုန့်လောင်က ထိုလူ့အား သူ့ဆွစ်ဘဏ်အကောင့်နံပါတ်ကိုပေးပြီး အင်တာနက်ချိတ်ဆက်နိုင်သော ကွန်ပျူတာတစ်လုံးကိုပါ ပေးလိုက်သည်။
မိနစ်အနည်းငယ်အကြာတွင် ကျန်းမုန့်လောင်လည်း ဆွစ်ဘဏ်မှ အသိပေးချက်ကို လက်ခံရရှိလိုက်သည်။ ယူရို၆၂ဘီလီယံကို လွှဲပြောင်းပေးပို့ပြီးဖြစ်၏။
"အခြေအနေအချိန်အခါကိုသိတဲ့လူတွေကို ငါသဘောကျတယ်"
ကျန်းမုန့်လောင်က ပြုံးလိုက်သည်။
"နောက်တစ်ယောက်"
ကျန်းမုန့်လောင်၏အကြည့်က ဒါမန်တိုင်းပြည်မှ နိုးထသူတစ်ယောက်ဆီသို့ ကျရောက်သွားသည်။
"မျက်မှန်ဝိုင်းတပ်ပြီး မင်းက ဘာကိုသရုပ်ပြနေတာလဲ။ ဟယ်ရီပေါ်တာလား"
ထိုနိုးထသူခမျာ အကြောက်တရားကြောင့် ခိုက်ခိုက်တုန်နေပြီး ကျန်းမုန့်လောင်၏မျက်လုံးကိုပင် တည့်တည့်မကြည့်ရဲပေ။
သူထင်မှတ်ထားသည်မှာ ကျန်းမုန့်လောင်၏အကြီးမားဆုံးသော မှီခိုအားထားရာက မနေ့က လေလံပွဲတွင် ဝယ်ယူခဲ့သောဖျက်သင်္ဘောဖြစ်ပြီး ထို့ကြောင့်ပင် အာဒင်နာနှင့် ကျန်းမုန့်လောင်တို့ကို ဧကရာဇ်ကျောက်စိမ်းတံဆိပ် ပြိုင်လုခွင့်ပေးခဲ့ခြင်းဖြစ်၏။
လေလံမတင်မီက ကျန်းမုန့်လောင်သည် သူနှင့်ယှဉ်ပြိုင်ရဲသူမှန်သမျှ ဤနေရာမှ ထွက်သွားနိုင်မည်မဟုတ်ကြောင်း တင်းကျပ်သော သတိပေးချက်တစ်ခု ထုတ်ပြန်ခဲ့သည်။ အာဒင်နာ၏လုပ်ရပ်က ကျန်းမုန့်လောင်၏မျက်နှာတည့်တည့်ကို ဤလူအားလုံးရှေ့တွင် ရိုက်ပစ်လိုက်ခြင်းနှင့် အလားသဏ္ဌာန်တူလှသည်။
ကျန်းမုန့်လောင်လို လူတစ်ယောက်က ငွေကိုဂရုမစိုက်သော်ငြား သူ့မာနကိုတော့ အလွန်ဂရုစိုက်ကြောင်း သူနားလည်ထားသည်။ ထို့ပြင် ဤငွေတောင်းခံခြင်းကား သူ့ကို အမြင်မကြည်ခြင်းသက်သက်သာ။
"အာဒင်နာ"
မျက်ဝန်းအစိမ်းရောင်နှင့် လူငယ်လေးက အံတင်းတင်းကြိတ်လျက် ပြောလိုက်သည်။
"ငါ့နိုင်ငံထဲပြန်ရောက်တဲ့အထိ စောင့်နေ။ ငါ မင်းကို ဒီကိစ္စအတွက် ပြန်ပေးဆပ်ခိုင်းမှာ"
"မင်းက ခြိမ်းခြောက်နေတဲ့ အဲ့ဒီမျက်နှာထားနဲ့ ဘယ်သူ့ကိုလာခြောက်နေတာလဲ"
ကျန်းမုန့်လောင်က မာန်မဲလိုက်ချေသည်။
"ယူရို၆၉ဘီလီယံမလား။ ထုတ်ပေးလိုက်တော့။ တစ်ပြားမှမလျော့စေနဲ့။ မဟုတ်လို့ကတော့ မင်းရဲ့ခေါင်းက ဆံပင်တစ်ချောင်းဆွဲနှုတ်ပစ်မယ်။ ဆံပင်မွေးကုန်သွားရင် ခြေထောက်မွေးကို ဆွဲနှုတ်မှာ။ ခြေထောက်မွေးကုန်သွားရင်တော့ မင်းကို မိုးပြာရောင်နဂါးတစ်ကောင်ဖြစ်အောင် လုပ်ပေးလိုက်မယ်"
"ဟားဟားဟား မင်းက တကယ့်ကိုအရည်အချင်းရှိတာပဲ"
ကြောက်ရွံ့မှုများ လွင့်ပါးသွားသောအခါ ဝမ်လင့်စိတ်လည်း သက်သောင့်သက်သာဖြစ်သွားသည်။ လုရီယောင်ပင်လျှင် အော်မရယ်ဘဲ မနေနိုင်တော့ချေ။
ကျန်းမုန့်လောင်လို ပြဿနာကောင်တစ်ယောက်ကို ရန်စခြင်းမှာ သေခြင်းတရားထက်ပင် ပိုဆိုးဝါးသည်။
လူငယ်လေးလည်း သူ့ခြေထောက်တစ်လျှောက် ကြက်သီးမွေးညင်းထသွားရသဖြင့် ကျန်းမုန့်လောင်၏အကောင့်ထဲသို့ ကွန်ပျူတာကတစ်ဆင့် ခပ်မြန်မြန်ငွေလွှဲလိုက်သည်။
ကျန်လူများလည်း သူတို့ကံကြမ္မာကို လက်ခံလိုက်ရလေသည်။ အမိမြေသို့ပြန်ရောက်လျှင် အပြစ်ဒဏ်ခံရမည်မှာ ကျန်းမုန့်လောင်၏လက်ချက်ဖြင့် ဤနေရာတွင် သေဆုံးရခြင်းထက် ပိုကောင်းသေးသည်။ ယဲ့ရင်လို သတ္တဝါမျိုး အနားမှာရှိနေသည့်အတွက် သူတို့၏အဆင့်ကိုးအထူးတပ်ဖွဲ့ဝင်များ ဝင်ရောက်မစွက်ဖက်သရွေ့တော့ သူတို့ထဲကတစ်ယောက်မှ အသက်ရှင်လျက် ပြန်ထွက်မလာနိုင်ပေ။ ထို့ကြောင့် အဖွဲ့အစည်းများနှင့် အစိုးရများလည်း သူတို့ကို အပြစ်တင်နိုင်မည်မဟုတ်ချေ။
ငွေများက ကျန်းမုန့်လောင်၏အကောင့်ထဲသို့ အဆက်မပြတ်စီးဝင်လျက်ရှိပြီး သူ စစ်ဆေးကြည့်လိုက်သောအခါ သူ့အကောင့်ထဲတွင် ယခုအချိန်မှာ ယူရိုတစ်ထရီလီယံကျော်နေသည်ကို တွေ့လိုက်ရသည်။
မနေ့ကဆိုလျှင် သူ ယူရို၂၀၀ဘီလီယံလျော့လျော့ကို သုံးခဲ့သည်။ ယနေ့မှာမူ ထိုပိုက်ဆံအားလုံးကို ပြန်ရခဲ့သည့်အပြင် အမြတ်ပါ ရလိုက်သေးသည်။
"ပိုက်ဆံရှာရတာက သိပ်မခက်ပါဘူး"
ကျန်းမုန့်လောင် တစ်ကိုယ်တည်းရေရွတ်လိုက်မိသည်။ အမေရိကန်ဒေါ်လာ၁၀၀ဘီလီယံကို ကုန်အောင်သုံးရန်အတွက် သူ့မှာ လပေါင်းများစွာ အချိန်ယူခဲ့ရသော်လည်း မိနစ်နှစ်ဆယ်ပင် မပြည့်သေးသည့်အချိန်အတွင်းမှာ သူ ယူရိုတစ်ထရီလီယံရှာလိုက်နိုင်ပြီဖြစ်၏။ ပိုက်ဆံရှာရခြင်းကား သုံးရခြင်းထက် ပိုလွယ်ကူလှပေသည်။
ယဲ့ရင်ခမျာ ဤအဖြစ်ကိုကြည့်ရင်း မျက်ဆန်လည်လိုက်မိသည်။ ဤကိစ္စနှစ်ရပ်ကို နှိုင်းယှဉ်၍ရပါသလား။
"မင်းမှာ ဆွစ်ဘဏ်အကောင့်ရှိလား"
ကျန်းမုန့်လောင်က ဝမ်လင့်ကိုမေးလိုက်သည်။
"ရှိတယ်လေ"
ဝမ်လင်က နံပါတ်စဉ်တစ်ခုကို ရွတ်ပြလိုက်သည်။
"ဘာလို့လဲ"
"တရားမျှတမှုအတွက်လေ"
ကျန်းမုန့်လောင်က ပြုံးလိုက်၏။
"နှုတ်ပိတ်ခပေါ့။ ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စကို မင်း လျှောက်ပြောလို့မရဘူး"
"၁၀ဘီလီယံ"
ဝမ်လင့်ခမျာ သူ့အကောင့်ထဲရှိ လက်ကျန်ငွေကိုကြည့်ပြီး မျက်လုံးပြူးသွားရှာသည်။ ဖြစ်ပျက်ခဲ့သမျှကို သူ လျှောက်ပြောနေ၍မရကြောင်း သိထားသော်ငြား နှုတ်ပိတ်ခယူရိုတစ်ဆယ်ဘီလီယံဆိုသည်မှာမူ များလွန်းလှသည်မဟုတ်လား။
"ကိစ္စမရှိဘူး။ သိုးမွေးက သိုးဆီကပဲလာတာလေ။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါ ငါ့ပိုက်ဆံမှမဟုတ်တာ"
ကျန်းမုန့်လောင်က ပခုံးတွန့်ပြလိုက်သည်။
"ပြီးတော့ အဲ့ဒါက ဒီနေ့ငါရလိုက်တဲ့ငွေပမာဏကိုတောင် မနီးစပ်သေးဘူး"
"သေစမ်းကွာ။ ငါသာ မိန်းမတစ်ယောက်ဆိုရင် မင်းကို သေချာပေါက်မြှူဆွယ်မိမှာပဲ"
ဝမ်လင်က ချဲ့ကားလျက် ပြောလိုက်လေသည်။
"လစ်စမ်း။ ငါ့ကို ရွံအောင်လာမလုပ်နဲ့"
"ကျန်တဲ့ပိုက်ဆံတွေကိုတော့ ယူရို၁၀၀ဘီလီယံကို အရင်ဆုံးထုတ်ပြီး အလှူအတန်းနည်းနည်းပါးပါးလုပ်မယ်"
ကျန်းမုန့်လောင်က တီးတိုးရေရွတ်လိုက်ချေသည်။
"ပြီးရင် လေယာဉ်တင်သင်္ဘောကြီးကို ကြည့်ကောင်းတဲ့ရွက်လှေတစ်ခုဖြစ်အောင် မွမ်းမံမယ်။ ပြီးတော့ နှစ်သစ်ကူးပြီးသွားရင် ဘွဲ့လွန်ကျောင်းဝင်ခွင့်ဖြေမယ်။ ကျန်တဲ့ပိုက်ဆံတွေကို သိပ္ပံသုတေသနအတွက် သုံးပြီး တော်ဝင်ပညာရှင်အဖြစ် အရွေးချယ်ခံပြီး ဘဝရဲ့အထွတ်အထိပ်ကိုတက်လှမ်းမယ်.."
ကျန်းမုန့်လောင်နှင့် သူ့သူငယ်ချင်းများ ပျော်ပါးနေကြသည်ကို ကြည့်ရင်း သန္ဓေပြောင်းလူသားများလည်း လုံးဝထိတ်လန့်နေကြလေသည်။ သူတို့ပိုက်ဆံကိုလုယူပြီး ကျန်းမုန့်လောင်၏အမည်ဖြင့် အလှူအတန်းလုပ်မည်တဲ့လား။ သည့်ထက်ပိုပြီး ရှက်ဖို့ကောင်းသည့်အရာဟူ၍ ရှိနိုင်ပါဦးမလား။
လုပ်စမ်းပါ။ သူ့လိုလူတစ်ယောက်က ဘွဲ့လွန်ဝင်ခွင့်ဖြေစရာလိုသေးလို့လား။ သူက အစကတည်းက ဘဝရဲ့အထွတ်အထိပ်ကို ရောက်နေပြီမဟုတ်ဘူးလား။
တော်ဝင်ပညာရှင်အဖြစ် ရွေးချယ်ခံရဖို့ဆိုသည်မှာ တော်ဝင်ပညာရှင်များက မိုးပေါ်က ပြုတ်ကျလာသည်ဟုများ ထင်နေလေသလား။ ချမ်းသာကြွယ်ဝမှုနှင့် အထင်ကြီးလောက်သော ဘော်ဒီဂတ်များရှိနေလျှင်ပင် တော်ဝင်ပညာရှင်ဟူသောဂုဏ်ပုဒ်ကို ဝယ်နိုင်ပါ့မလား။ သူတို့ အိပ်မက်မက်နေခြင်းပင် ဖြစ်ရမည်။
သို့သော် သူတို့ မည်သို့သိနိုင်ပါမည်နည်း။ စွမ်းအားအမှတ်လုံလုံလောက်လောက်ရှိလျှင် ကျန်းမုန့်လောင်သည် သူ့ဆရာတိုနီထံမှ စွမ်းရည်တစ်ခုကို သင်ယူပြီး အတတ်ပညာတစ်ခုခုကိုလေ့လာကာ စာတမ်းများထုတ်ဝေ၍ လက်ရှိပညာရှင်များထက် ပို၍ပင် လွယ်လွယ်ကူကူထူးချွန်နိုင်ပြီး တော်ဝင်ပညာရှင်တစ်ယောက် ဖြစ်လာနိုင်ပေသည်။
"ဟေ့ လောင်ကျန်း"
ဝမ်လင်က မေးလိုက်သည်။
"မင်းတို့မိသားစုရဲ့စည်းစိမ်တွေက လုယူထားတာလား။ ရှာထားတာလားဆိုပြီး ငါတွေးမိနေပြီ"
"ဟားဟားဟား"
ကျန်းမုန့်လောင်က ရယ်လိုက်လေသည်။
"အဲ့ဒါတော့ ငါလည်းမသိဘူ။ မင်း ငါ့ဘိုးဘေးတွေကိုမေးမှပဲ။ အခွင့်အရေးရရင် ငါ မင်းကို သူတို့နဲ့မိတ်ဆက်ပေးမယ်"
"မဖြစ်နိုင်တာ"
ဝမ်လင်က ခပ်မြန်မြန်ပင် နောက်ဆုတ်သွားသည်။ ကျန်းမုန့်လောင်၏ဘိုးဘေးများအားလုံး အသက်ရှင်နေသေးသည်ကို သူလုံးဝမသိချေ။ သူတို့နှင့်တွေ့ဆုံရန်အတွက်ဆိုလျှင် အောက်အရပ်သို့ သူဆင်းသက်သွားရမည်ဟု ထင်နေပေသည်။
"ကောင်းပြီလေ။ မင်းတို့တွေ ပြန်လို့ရပြီ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ယဲ့ရင် သူတို့တွေအကုန်လုံးကို ပစ်ချလိုက်တော့"
"ဟုတ်ကဲ့ မစ္စတာကျန်း"
ယဲ့ရင်ကလည်း ဂရုတစိုက်ပြန်လည်ဖြေကြားလိုက်သည်။
သူ့မျက်လုံးတစ်ချက်လှုပ်ရှားလိုက်သည်နှင့် သန္ဓေပြောင်းလူသားတစ်ဒါဇင်ကျော်ခန့်မှာ ကုန်းပတ်ပေါ်မှ ပစ်ချခံလိုက်ရပြီး ဆယ်မီတာလောက်မြောက်တက်သွားကာ ခဲနေသော ရေခဲပြင်ပေါ်သို့ အကြမ်းပတမ်းပစ်ချခံလိုက်ရသည်။
ယဲ့ရင်၏စွမ်းရည်ဖြင့် ဖျက်သင်္ဘောကို ပိတ်ဆို့ထားသော ရေခဲပြင်ကြီးလည်း ကွဲအက်ကုန်သည်။
"ဖြောက်"
သူက လက်ဖျောက်တီးလိုက်လေရာ ဖျက်သင်္ဘောပေါ်တွင် အစောပိုင်းက သတိလစ်မေ့မြောသွားသော သင်္ဘောသားများဟာ ရုတ်တရက်ပြန်သတိရလာပြီး သင်္ဘောကိုပြန်နှိုးကာ ပြင်သစ်နိုင်ငံရှိရာဘက်သို့ ရွက်လွှင့်ပါတော့သည်။
"သောက်ကျိုးနည်း"
ထိုရေခဲပြင်လေးပေါ်တွင်မူ သန္ဓေပြောင်းလူသားတစ်သိုက်မှာ တစ်ယောက်ကိုတစ်ယောက် ခါးသက်သောအပြုံးများဖြင့် ကြည့်မိကြသည်။ သို့သော် သူတို့ဘေးတွင် တောင့်ခဲနေပြီဖြစ်သော ချားလ်၏ခန္ဓာကိုယ်ကို ကြည့်လိုက်မိချိန်မှာတော့ သူတို့ကိုယ်သူတို့ ကံကောင်းလှသည်ဟု ခံစားလိုက်မိသည်။
"ဒီဟွာရှားလူမျိုးက တကယ့်ကို နတ်ဆိုးတစ်ကောင်ပဲ"
"ငါတို့ အဖွဲ့အစည်းကို ပြန်သတင်းပို့မှဖြစ်မယ်။ အဆင့်ကိုးကိုကျော်လွန်ထားတဲ့နိုးထသူတစ်ယောက် ဟွာရှားမှာပေါ်ထွန်းလာပြီ"
"ဝှစ်"
ထိုအခိုက်ဝယ် ယဲ့ရင်က တစ္ဆေတစ်ကောင်အလား တစ်ဖန်ပြန်လည်ထွက်ပေါ်လာပြီး အဆင့်ကိုးကိုကျော်ဖြတ်ထားနိုင်သူများ၏ အထူးလက္ခဏာဖြစ်သော ပျံသန်းနိုင်စွမ်းရှိသည့် နတ်ဘုရားတစ်ပါးအလား လေထဲတွင် လွင့်မျောနေပေသည်။
ကမ္ဘာမြေဆွဲအား၊ လျှပ်စီးကြောင်းနှင့် သံလိုက်စက်ကွင်းများကို ထိန်းချုပ်နိုင်သည့် အထူးသန္ဓေပြောင်းလူသားများနှင့် နိုးထသူများကလွဲလျှင် အဆင့်ကိုးကျော်သူများကသာ မိမိဘာသာပျံသန်းနိုင်သည်မှာ ဒုတိယကမ္ဘာသားများသိထားသည့် အခြေခံဗဟုသုတတစ်ခုဖြစ်၏။
"မစ္စတာကျန်းက ခုနတုန်းက ပြောဖို့မေ့သွားလို့တဲ့။ ငါ့ကို အစားပြောခိုင်းလိုက်တယ်"
ယဲ့ရင်က ပြောလိုက်သည်။
"မင်း..မင်းက ဒီနေ့ကိစ္စကို လျှို့ဝှက်ထားခိုင်းမလို့မလား"
"စိတ်ချ။ ငါတို့ ဒီနေ့ကိစ္စနဲ့ပတ်သက်ပြီး တစ်ခွန်းတောင်မဟပါဘူး"
တချို့က ယခုလိုထုတ်ပြောနေကြသော်ငြား စိတ်ထဲမှာတော့ သရော်နေချေသည်။ သူတို့နိုင်ငံသို့ ပြန်ရောက်သည်နှင့် ကျန်းမုန့်လောင်၏လူများက သူတို့နောက်ကို လိုက်ဒုက္ခပေးနိုင်မည်တဲ့လား။ ကမ္ဘာပေါ်တွင် ယဲ့ရင်တစ်ယောက်တည်းသာ အဆင့်ကိုးကျော်ဖြတ်ထားနိုင်သူမဟုတ်ပေ။
"မဟုတ်ဘူး"
ယဲ့ရင်က ခေါင်းခါပြလိုက်သည်။
"မစ္စတာကျန်းက မင်းတို့ကို ငါကတစ်ဆင့် တစ်ခုမေးခိုင်းလိုက်တယ်။ သူခန့်ညားတယ်မလားတဲ့"
အားလုံးလည်း အံ့အားသင့်သွားရပြီးနောက် အချင်းချင်းအကြည့်ချင်းဆုံလိုက်မိကြသည်။ ထို့နောက်မှာတော့ ရုတ်ခြည်းသဘောပေါက်သွားကြသည်။
"ခန့်ညားတာပေါ့"
"မစ္စတာကျန်းလို ခန့်ညားတဲ့ဟွာရှားလူမျိုးတစ်ယောက်ကို ငါ လုံးဝမမြင်ဖူးဘူး"
...
"ဂျွတ်"
ထိုအယောက်နှစ်ဆယ်သော လူများ၏ လည်ပင်းများမှာ ချက်ချင်းကျိုးသွားရပြီး သူတို့ ဘာအမှားလုပ်လိုက်သလဲဆိုသည်ကို မသိလိုက်ရပါဘဲ သေဆုံးသွားကြသည်။
သူတို့၏အလောင်းများကိုတော့ ယဲ့ရင်၏ထိန်းချုပ်မှုဖြင့် မြေထဲပင်လယ်ကြမ်းပြင်အောက်ထဲသို့ နှစ်ပစ်လိုက်ချေသည်။ မှေးမှိန်ပျောက်ကွယ်သွားသော သူတို့အရိပ်များကို ကြည့်ရင်း ယဲ့ရင်က အေးတိအေးစက်ပြောလိုက်လေသည်။
"မင်းတို့တွေသိထားတာ သိပ်များနေပြီလို့ မစ္စတာကျန်းက ငါ့ကိုပြောခိုင်းလိုက်တယ်"
**********