← Chapters

ဧကရာဇ်တစ်ပါး ဖြစ်လာခြင်း

Vol. 1 Ch. 1

ဧကရာဇ်တစ်ပါး ဖြစ်လာခြင်း

Vol. 1 Ch. 1

လင်းပိုင်ဖန်သည် အလွန်အမင်း စိတ်ဓာတ်ကျလျက် ရှိသည်။

အဘယ်ကြောင်ဆိုသော် အိပ်ရာက နိုးလာသည့်အခါ တစ်ခြားကမ္ဘာတစ်ခုသို့ ရောက်ရှိနေပြီး သူ့နာမည်၊ အသက်နှင့် ပုံပန်းသဏ္ဍာန်အားလုံး တူနေသော ဧကရာဇ်တစ်ဦး၏ ဘဝကို ဆက်ခံလိုက်ရသည်ကို တွေ့ရှိလိုက်ရသည်။

ကြားရတာတော့ သိပ်ကောင်းသလိုပါပဲ။ သို့သော် ဤသည်မှာ နိုင်ငံများစွာဖြင့် ဖွဲ့စည်းထားပြီး သိုင်းပညာရှင်များဖြင့် ပြည့်နှက်နေသော ကမ္ဘာတစ်ခုဖြစ်သည်။

နိုင်ငံတွေက အရမ်းကို များလွန်းနေပြီး၊ သူတို့ရဲ့ အကျိုးစီးပွားအတွက် ဓားတွေ၊ လှံတွေနဲ့ အမြဲတမ်း တိုက်ခိုက်လေ့ရှိကြတယ်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အမြဲမပြတ် စစ်မက် ဖြစ်ပွားလေ့ရှိကြတယ်။

ကျွမ်းကျင်သူတွေကလည်း အရမ်းကို များလွန်းနေခဲ့သည်၊ သူတို့ရဲ့ ထူးဆန်းသော စွမ်းရည်တွေနဲ့ ထူးခြားဆန်းပြားတဲ့ စိတ်နေစိတ်ထားတွေ ရှိကြပြီး သူတို့ စိတ်မကြည်လျှင် ခေါင်းဖြတ်သတ်ဖို့ ဝန်မလေးကြပေ။

ဤကမ္ဘာတွင် မင်းဆက်တွေက တစ်ဆက်ပြီး တစ်ဆက် စိုးရိမ်ဖွယ်ရာ အကြိမ်ရေအတွက်ဖြင့် ပြောင်းလဲလေ့ရှိသည်။

စာရင်းအင်းအချို့အရ ဤနိုင်ငံများသည် နှစ် ၂၀ လျှင် တစ်ကြိမ် အုပ်စိုးသူများ ပြောင်းလေ့ရှိကြောင်း ဖော်ပြထားသည်။

နိုင်ငံတော်ရဲ့ အကြီးမြတ်ဆုံး ဖြစ်သော ဧကရာဇ်တွေတောင် မကြာခဏဆိုသလို မြှုပ်နှံဖို့တောင် နေရာမရှိဘဲ သေဆုံးတတ်သည်။

သူသည် နိုင်ငံငယ်လေးတစ်ခု၏ ထီးနန်းကို အသစ်ဆက်ခံရသော ဧကရာဇ် တစ်ဦးသာဖြစ်ပြီး ထိုသို့သော အကျပ်အတည်းကို အခုတွင် ရင်ဆိုင်နေရပြီ ဖြစ်သည်။

အပြင်ဘက်တွင် နိုင်ငံကြီးများက စောင့်ကြည့်နေပြီး မည်သည့် အချိန်တွင်မဆို ကျူးကျော်ဝင်ရောက်ရန် အဆင်သင့် ဖြစ်နေကြသည်။

ပြည်တွင်းတွင်လည်း ဩဇာြကီးမားကြသော မိသားစုကြီးများက စီးပွားရေးနှင့် အသက်မွေးမြူရေးတွေကို ထိန်းချုပ်ထားပြီး နိုင်ငံသားများ၏ စဥ်းစိမ်တွေကို လုယက်နေကြသည်။

သိုင်းပညာလောကတွင်လည်း တောခိုသူများက တောင်ကို သူတို့ ပိုင်ဆိုင်သည်ဟု ဆိုကာ သတ်ဖြတ်လုယက်မှုများ ပြုလုပ်နေကြသည်။

တရားရုံးတွင်လည်း နိုင်ငံတော်အရေးကို ထိန်းချုပ်ထားသော သစ္စာဖောက်များနှင့် ပရိယာယ်များသည့် မှူးမတ်များရှိနေပြီး အမြင်တွင် နာခံဟန်ဆောင်နေသော်လည်း အတွင်းစိတ်တွင် မနာခံဘဲ သူ့လို ငယ်ရွယ်သော ဧကရာဇ်ကို မထီမဲ့မြင် ပြုနေကြသည်။

ဒီလိုမျိုး အစက တကယ်ကို ခက်ခဲလွန်းလှသည်။

တစ်ခုတည်းသော နှစ်သိမ့်မှုလေးတစ်ခုက သူ၏ ကွယ်လွန်သူ ဖခင်က သူ့အား အာဏာအချို့ ချန်ရစ်ပေးခဲ့ခြင်းဖြစ်သည်။ သို့မဟုတ်ပါက သူသည် ထွက်ပြေးရန်ပင် ကြံနေပြီ ဖြစ်သည်။

ထိုအချိန်တွင် အသံတစ်သံက လင်းပိုင်ဖန်၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။

“ဒင်! ဂုဏ်ယူပါတယ် ကစားသမား၊ သင့်ရဲ့ ‘အင်ပါယာ မြေပုံ' ဟာ အခုအချိန်မှာ အွန်လိုင်းသို့ ရောက်ရှိလာပါပြီ”

ဒါကဘာလားဟ? လင်းပိုင်ဖန်၏ အတွေးများ နိုးနိုးကြားကြား ရှိလာပြီး သတင်းအချက်အလက်များ ဦးနှောက်ထဲသို့ စီးဝင်လာခဲ့သည်။

လင်းပိုင်ဖန်သည် အလွန်ကို အံ့အားသင့် ကျေနပ်သွားခဲ့သည်- ဒါဟာ ငါတကယ်ပဲ ဒီကမ္ဘာကြီးကို မရောက်လာခင်က ကစားခဲ့တဲ့ ‘အင်ပါယာ မြေပုံ ဂိမ်း' ပဲ၊ ငါနဲ့အတူ ပါလာပြီးတော့ တစ်ဆင့်မြင့်သွားတာပဲ! ငါ့ရဲ့ ရွှေလက်ချောင်းက (Golden Finger) ရောက်လာပြီကွ! ဟား..ဟား…!

ဒီဂိမ်းက ကစားသမားတွေ နိုင်ငံအတွင်းက ရင်းမြစ်တွေကို လိုသလို ရွေ့လျားနိုင်ပြီး၊ ခွဲဝေပေးနိုင်တဲ့ ဂိမ်း တစ်ခုဖြစ်ပြီး နိုင်ငံတော်ကို ကြီးထွားအောင်၊ အားကောင်းလာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

သူနဲ့အတူ ကူးပြောင်းလာပြီးနောက် တစ်ဆင့်မြင့်သွားကာ လက်တွေ့ဘဝတွင်ပါ အသုံးပြုနိုင်လာခဲ့သည်။

လုပ်ဆောင်ချက်တွေက သိသိသာသာ ပြောင်းလဲမှု မရှိသော်လည်း နောက်ထပ် လုပ်ဆောင်ချက်တစ်ခု ထပ်မံ ထည့်သွင်းထားသည်- နိုင်ငံတော်ရဲ့ အင်အား ပိုမိုတောင့်တင်းလာလေလေ၊ သူ့ရဲ့ စွမ်းအာ ပိုမို ကြီးထွားလာလေဖြစ်သည်။

“ဒင်း! ကစားသမားအနေနဲ့ လက်ရှိတွင် ရှ နိုင်ငံတော် ရဲ့ ဧကရာဇ်ဖြစ်တဲ့အတွက် ရှ နိုင်ငံတော် နဲ့ ချိတ်ဆက်လိုပါသလား?

“ချိတ်မယ်!” လင်းပိုင်ဖန်သည် မတွန့်ဆုတ်ဘဲ ချက်ချင်း ဖြေခဲ့သည်။

“ ဒင်! ချိတ်ဆက်မှု အောင်မြင်ပါသည်။”

ကစားသမား၏ စွမ်းအားသည် ယခုအခါ ရှ နိုင်ငံတော်၏ နိုင်ငံတော်အင်အားနှင့် ချိန်ညှိသွားပါမည်။ ဆုလာဘ်- ချီဖွဲ့တည်ခြင်းအဆင့်- အစစ်အမှန် ချီ အဆင့် စွမ်းအား!

တဒင်္ဂအတွင်း၊ ပြင်းထန်သော စွမ်းအားတစ်ခုသည် လင်းပိုင်ဖန်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာခဲ့သည်။

လင်းပိုင်ဖန်၏ စွမ်းအားတွေသည် အဆပေါင်း ရာချီ တိုးမြင့်လာခဲ့ပြီး ခန္ဓာကိုယ် လေ့ကျင့်ခြင်း အတားအဆီးကို ဖြတ်ကျော်ကာ ချီဖွဲ့တည်ခြင်းအဆင့်ရှိတဲ့ သန်မာသော ပညာရှင်တစ်ဦး ဖြစ်လာခဲ့သည်။

သူ့အတွင်းမှာ စီးဆင်းနေတဲ့ စွမ်းအားတွေကို ခံစားလိုက်ရတဲ့ လင်းပိုင်ဖန်ဟာ အရမ်းကို စိတ်လှုပ်ရှားနေခဲ့သည်- “အခု ငါက ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင် တစ်ယောက်ပဲ ဟား..ဟား…!

ဤကမ္ဘာတွင် ကျင့်ကြံခြင်းအဆင့် ကို အဓိကနယ်ပယ် ၄ ခုနှင့် အဆင့် ၁၀ ဆင့် ခွဲခြားထားသည်။

ခန္ဓာကိုယ် လေ့ကျင့်ခြင်းနယ်ပယ်- တတိယတန်းစားအဆင့်၊ ဒုတိယတန်းစားအဆင့်၊ ပထမတန်းစားအဆင့်။

ချီဖွဲ့တည်ခြင်းနယ်ပယ်- အစစ်အမှန် ချီ အဆင့်၊ ကြယ်ချီ အဆင့်၊ အင်ပါယာ ချီ အဆင့်။

ကောင်းကင်နယ်ပယ်- ဆရာသခင်အဆင့်၊ မြင့်မြတ်သော ဆရာသခင်အဆင့်၊ ကောင်းကင် ဆရာသခင်အဆင့်။

လေဟာနယ် ချိုးဖောက်ခြင်း နယ်ပယ်- မြေကမ္ဘာအင်မော်တယ်

၎င်းတို့အနက်တွင် ခန္ဓာကိုယ် လေ့ကျင့်ခြင်း အဆင့် ပညာရှင်များက ဤကမ္ဘာတွင် ၉၉% လောက်ရှိသည်။

ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင်များကိုမူ စွမ်းအားကြီးမားပြီး ဒေသတစ်ခုကို ကြီးစိုးနိုင်တယ်လို့ ယူဆနိုင်ပြီး ယေဘူယျအားဖြင့် ဂိုဏ်းအချို့ရဲ့ ဂိုဏ်းခေါင်းဆောင်တွေ ဒါမှမဟုတ် အကြီးအကဲအဆင့် ပုဂ္ဂိုလ်များဖြစ်ကြသည်။

စစ်တပ်အတွင်း ထားရှိပါက ၎င်းတို့သည် စစ်သည် တစ်သောင်းကျော်ကို ဦးဆောင်နိုင်သော ဗိုလ်ချုပ်များ ဖြစ်ကြပေလိမ့်မည်။

ကောင်းကင်နယ်ပယ် ပညာရှင်များကမူ ဤကမ္ဘာ၏ ထိပ်တန်းအဆင့် စွမ်းအားကြီးမားသူတွေ ဖြစ်ကြသည်။ တစ်ဦး တစ်ယောက်တည်း အားဖြင့် စစ်သည် သိန်း ထောင်ပေါင်းများစွာကို ယှဥ်ပြိုင်နိုင်သည်၊ ရန်သူနိုင်ငံ တစ်ခုလုံးကိုတောင် ယှဥ်တိုက်လို့ရသည်။

လေဟာနယ် ချိုးဖောက်ခြင်းနယ်ပယ်ကမူ အလွန် ဝေးကွာပြီး စိတ်ကူးသာ ယဥ်နိုင်သော ဒဏ္ဍာရီများ ဖြစ်သည်။

ဒါကြောင့် လင်းပိုင်ဖန်ဟာ အခု စွမ်းအား အတော်အတန်ရှိတဲ့ သူ တစ်ယောက်လို့ ပြောလို့ရသည်။

သူတွင် ဒဏ္ဍာရီလာ သိုင်းပညာရပ်တွေတွေ မရှိပဲ၊ အခြား ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင်တွေနဲ့ ယှဉ်ရင် အနည်းငယ် နိမ့်ကျဟန်ရှိသော်လည်း ခန္ဓာကိုယ် လေ့ကျင့်ခြင်းအဆင့် ပညာရှင်တွေကိုတော့ စက္ကန့်ပိုင်းအတွင်း အလွယ်တကူ အနိုင်ယူနိုင်ပြီဖြစ်သည်။

သူသည် အန္တရာယ်နှင့် ရင်ဆိုင်ရတဲ့အခါတွင် ပြန်လည်တိုက်ခိုက်နိုင်လာပြီဖြစ်သည်။

“ဒင်! ကစားသမား၏ စွမ်းအားသည် ယခုအခါ နိုင်ငံတော်အင်အားနှင့် ချိန်ညှိပြီးသွားပါပြီ! နိုင်ငံတော်အင်အား ကျဆင်းသွားရင်တောက်မှ ကစားသမား၏ စွမ်းအား ဘယ်တော့မှ ကျဆင်းမည် မဟုတ်ပေ။ ကျေးဇူးပြု၍ ဆက်လက်ပြီး အားထုတ်ကြိုးပမ်းပါ!

“ဒါက အကောင်းဆုံးပဲ”! လင်းပိုင်ဖန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

သူ အကြောက်ဆုံးက သူ့ကိုယ်ပိုင်စွမ်းအားက နိုင်ငံတော်ရဲ့ အင်အား ကျဆင်းမှုနဲ့အတူ လျော့နည်းသွားမှာကိုပဲ။

သို့သော် ယခုအခါ စိုးရိမ်ပူပန်မှု မရှိသောကြောင့် သူသည် အပြည့်အဝ စိတ်ချနိုင်ပြီဖြစ်သည်။

ထို့နောက်တွင် အရွယ်အစားကြီးမားသော 3D မြေပုံ တစ်ခုသည် လင်းပိုင်ဖန်၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။

ထိုမြေပုံ သည် သူနေထိုင်ရာ နိုင်ငံဖြစ်ပြီး ကောင်းကင်၊ မြေပြင်နှင့် လူ့လောကအထိ ရှင်းလင်းပြတ်သားစွာ အားလုံးကို မြင်နေရသည်။

လိုအပ်ပါက ချဲ့ကြည့်နိုင်ပြီး လူတစ်ဦးချင်းစီ၏ မျက်နှာ အမူအရာတွေကိုပါ အသေးစိတ် ကြည့်လို့ရသည်။

မြေပုံ အောက်တွင် အသေးစိတ် အချက်အလက်များ ပါဝင်နေသည်။

အင်ပါယာ မြေပုံ (စတင်ခြင်းအဆင့်)

ဧရိယာ- ၃၂၀,၀၀၀ စတုရန်းမိုင် (စိုက်ပျိုးနိုင်သောမြေ- ၈၀,၀၀၀ စတုရန်းမိုင်)

ပြည်တွင်းရင်းမြစ်များ- ၃၀.၅ သန်း (သံသတ္တုတွင်း ၁၊ ကျောက်မီးသွေးတွင်း ၁၊ ကြေးနီတွင်း ၁)

လူဦးရေ- ၃.၂၂ သန်း (လူချမ်းသာ ၁%၊ သာမန်ပြည်သူ ၁၈%၊ ဆင်းရဲသား ၇၁%)

စစ်ရေးအင်အား- ၃၀၀,၀၀၀ ( ချီဖွဲ့တည်ခြင်းအဆင့် ကျွမ်းကျင်သူ ၂ ဦး၊ ခန္ဓာကိုယ်လေ့ကျင့်ခြင်းအဆင့် ၂၀၀)

စုစုပေါင်း နိုင်ငံတော် အင်အား- ၃၄၅ (နိုင်ငံငယ်အဆင့်)

(မှတ်ချက်- ကစားသမား၏ နိုင်ငံသည် နိုင်ငံငယ် အဆင့်သာရှိသောကြောင့် အင်ပါယာမြေပုံ သည် စတင်ခြင်းအဆင့် ပုံစံဖြင့်သာရှိပြီး ကစားသမားသည် မြေအောက်ရင်းမြစ်များကိုသာ ရွေ့လျားနိုင်သည်။ နိုင်ငံအဆင့် မြင့်တက်လာသည်နှင့်အမျှ အင်ပါယာ မြေပုံ ၏ စွမ်းရည်များကို တဖြည်းဖြည်း ရှာဖွေတွေ့ရှိလာမည်ဖြစ်သည်)

လင်းပိုင်ဖန်က အံ့အားသင့်စွာ ပြောလိုက်သည်- ဒီလုပ်ဆောင်ချက်က အံ့သြစရာပဲ၊ နိုင်ငံတစ်ခုလုံးကိုတောင် စောင့်ကြည့်လို့ရတယ်။ နန်းတော်ကနေ မထွက်ဘဲနဲ့တောင် နိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတဲ့ အရာရာတိုင်းကို သိနိုင်တယ်။

သူသည် အတွေးထဲတွင် နှစ်မြုပ်သွားခဲ့သည်။ သူ၏ကိုယ်ပိုင် စွမ်းအားကို အမြန်ဆုံး တိုးမြှင့်ရန် ဤမြေပုံကို မည်သို့ အကျိုးရှိစွာ အသုံးချရမည်ကို တွေးတောနေခဲ့သည်။

ထိုအချိန်တွင် လူတစ်အုပ်နှင့်အတူ ရောက်လာသော မိန်းမစိုးအို တစ်ဦးက နန်းတော်အတွင်းသို့ ဝင်ရောက်လာပြီး ညင်သာစွာ ခေါ်လိုက်သည်- အရှင်မင်းမြတ်၊ မနက်စောစော တရားရုံးဝင်ဖို့ ပြင်ဆင်ရမယ့် အချိန်ရောက်ပါပြီ။ ထဖို့အချိန်ရောက်ပါပြီ”

ဤမိန်းမစိုးအိုကို လျှူ လို့ခေါ်ပြီး လျှူမိန်းမစိုး ဟု လူသိများကာ အစစ်အမှန်ချီ အဆင့် ဆရာတစ်ဦးလည်း ဖြစ်သည်။ သူ့အား သားတစ်ဦးကဲ့သို့ ဆက်ဆံပြီး သူ၏ ကွယ်လွန်သူ ဖခင်မှ သူ့အား ချန်ရစ်ခဲ့သော အကာအကွယ်လည်း ဖြစ်သည်။

“ကောင်းပြီ၊ ငါထပြီ! လင်းပိုင်ဖန် ထလာပြီး သန့်ရှင်းရေးလုပ်ပြီး နဂါးဝတ်ရုံကို လဲလှယ်ဝတ်ဆင်ကာ အစည်းအဝေးအခန်းထဲ ဝင်ခဲ့လိုက်သည်။

ဘုရင်မင်းမြတ်အား နှုတ်ခွန်းဆက်သပါတယ်။ ဘုရင်မင်းမြတ် သက်ကျော်ရာကျော် ရှည်ပါစေ။ အသက်ရှည်စွာ ထီးနန်းစိုးစံရပါစေ၊ ထာဝရအသက်ရှည်စွာ ထီးနန်းစိုးစံရပါစေ!

သစ္စာရှိ မူးမတ်တို့၊ ခေါင်းမော့လော့!

ဘုရင်မင်းမြတ်ကို ကျေးဇူးတင်ပါတယ်!

လင်းပိုင်ဖန်သည် စစ်ရေးနှင့် ပြည်သူ့ရေးရာ အရာရှိတွေကို မျက်နှာ၌ ဘာခံစားချက်မရှိဘဲ ကြည့်ရှုနေခဲ့သည်။

တစ်ဦးချင်းစီသည် ၎င်းတို့၏ ကိုယ်ပိုင် လျှို့ဝှက်ရည်ရွယ်ချက်များရှိနေပြီး ငယ်ရွယ်သော ဧကရာဇ်၏ အာဏာကို ချိုးဖောက်ရန် ရည်ရွယ်နေကြသည်။

သူစိတ်ချရသော လူနှစ်ဦးသာရှိသည်- လက်ရှိဝန်ကြီးချုပ် ရှောင်ကော်လျှန် နှင့် ဗိုလ်ချုပ်ကြီး ချိုင်ယုလန် တို့ဖြစ်သည်။ သူတို့သည် သူ၏ ကွယ်လွန်သူဖခင်၏ ညီအစ်ကိုများဖြစ်ပြီး ညီအစ်ကို အရင်းကဲ့သို့ ရင်းနှီးကာ သူ့အား ကူညီရန် ချန်ရစ်ခဲ့တာဖြစ်သည်။

ဤသစ္စာရှိ ဝန်ကြီးနှစ်ဦးသည် နဂါးပုလ္လင်ပေါ်တွင် မြင့်မြတ်စွာထိုင်နေသော လင်းပိုင်ဖန်ကို စိတ်သက်သာရာရပြီး ကျေနပ်မှုတို့ဖြင့် ငေးကြည့်နေသည်။

“တင်ပြစရာရှိလျှင် ယခုပြောပါ၊ မရှိရင် ရုံးတော်ကို ရုပ်သိမ်းမယ်! လျှူမိန်းမစိုးက ကြေညာသည်။

“ဘုရင်မင်းမြတ်ခင်ဗျား ဒီဝန်ကြီးမှာ တင်ပြချက်ရှိပါတယ်။ မိုနိုင်ငံတော်က သံတမန်က ဘုရင်မင်းမြတ်နဲ့ တွေ့ဆုံဖို့ တောင်းဆိုထားပါတယ်! သံတမန်ရေးရာ ဝန်ကြီးက အသံကျယ်ကျယ်နဲ့ တင်ပြလိုက်သည်။

စစ်ရေးနှင့် ပြည်သူ့ရေးရာ အရာရှိများ၏ မျက်နှာများ ပြောင်းလဲသွားပြီး လေထုက ရုတ်တရက် တင်းမာလာခဲ့သည်။

မိုနိုင်ငံတော်သည် ရှနိုင်ငံ နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံတစ်ခုဖြစ်သည်။ ၎င်းသည် နိုင်ငံငယ်တစ်ခုသာ ဖြစ်သည်ဟု ယူဆနိုင်သော်လည်း ၎င်း၏ စုစုပေါင်း အင်အားသည် ရှနိုင်ငံတော်ထက် များစွာ ကောင်းမွန်နေသည်။

နိုင်ငံနှစ်ခုသည် မကြာခဏ ပဋိပက္ခများ ရှိတက်ပြီး နယ်စပ်ဒေသသည် အလွန်တင်းမာနေသည်။

လင်းပိုင်ဖန်သည် ထီးနန်းအသစ် တက်ခါစဖြစ်ပြီး နိုင်ငံရေး အခြေအနေမှာလည်း မတည်ငြိမ်သောကြောင့် ဤအချိန်တွင် ၎င်းတို့လာရောက်ခြင်းသည် မကောင်းသော ရည်ရွယ်ချက်တစ်ခု၏ လက္ခဏာပင်ဖြစ်သည်။

လင်းပိုင်ဖန်က အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်- သူ့အား ဝင်ခွင့်ပေးလော့!

မှတ်ချက်- စာရေးသူထင်တာက စာစဥ်မိတ်ဆက်မှာ သူ့ရဲ့စွမ်းရည်တွေကို သိပ်မရှင်းပြထားဘူးထင်တယ်။ သူ့ အင်ပါယာ မြေပုံရဲ့ ရိုးရှင်းတဲ့ ရှင်းလင်းချက်က ဒီမှာပါ။

အခြေခံအားဖြင့်၊ ဧကရာဇ်တစ်ဦးအနေနဲ့ MC မှာ အုပ်ချုပ်သူတစ်ဦးအတွက် ပြည်တွင်း အရင်းမြစ်အားလုံးကို ရွေ့လျားပြီး ခွဲဝေချထားပေးနိုင်တဲ့ အလွန်အစွမ်းထက်တဲ့ စွမ်းရည် တစ်ခုရှိပါတယ်။ ဥပမာ- သူဟာ သံသတ္တုတွင်းလို ရင်းမြစ်တွေကို တောင်ကနေ မြောက်ကို သူ့ မြေပုံ ကို သုံးပြီး ရွေ့လျားနိုင်ပါတယ်။

ဒါကြောင့်မို့လို့ မိုနိုင်ငံတော် က သံသတ္တုတွင်းကို သိမ်းယူပြီးနောက် ပြိုကျပြီး စစ်သည် ၂၀၀၀၀၀ ကို မြှုပ်နှံလိုက်ရတာနဲ့ ဗိုလ်ချုပ်ကြီးရဲ့ စားနပ်ရိက္ခာတွေ လေထုထဲ ပျောက်ကွယ်သွားတာကို ဖော်ပြထားတာ ဖြစ်ပါတယ်။ (စားနပ်ရိက္ခာတွေကို သူ့ မြေပုံ ကို သုံးပြီး ရွှေ့လိုက်တာဖြစ်ပါတယ်)။

All Chapters