← Chapters

အခန်း (၈)

Vol. 1 Ch. 8

အခန်း (၈)

Vol. 1 Ch. 8

စစ်ပွဲတစ်ခု ဆင်နွှဲတယ်ဆိုတာ သာမန်ကိစ္စ မဟုတ်ဘူးဆိုတာ နားလည်ထားရမည်။

ဆိုရိုးစကားရှိတယ်၊ စစ်တပ် မထွက်ခင် ရိက္ခာအရင် သယ်သွားရမယ်တဲ့။

ရှ နိုင်ငံရဲ့ ဧကရာဇ်က စစ်တပ်ချီတက်ဖို့ အမိန့်ပေးခဲ့တာ မနေ့တနေ့ကပဲ ရှိသေးတယ်။ ရိက္ခာ ပြင်ဆင်ဖို့ကိုပဲ နှစ်ရက်၊ သုံးရက်ကြာမယ်၊ ပြီးရင် နောက်ထပ် သုံးလေးရက်လောက်ထိ သယ်ယူရဦးမယ်။

ဒါ့အပြင်ကိုမှ စစ်သားတွေရဲ့စိတ်ဓာတ်ကို မြှင့်တင်ဖို့နဲ့ ချီတက်ဖို့အတွက် ပြင်ဆင်မှုတွေ လုပ်ဖို့လည်း လိုအပ်သေးတယ်။ စစ်မြေပြင် ရောက်ရင်လည်း စစ်သည်တွေကို ဒေသတွင်း ပတ်ဝန်းကျင်နဲ့ အသားကျစေဖို့၊ တိုက်ပွဲမစခင် အပြည့်အဝ အနားရစေဖို့ နောက်ထပ် ချိန်ညှိမှုတွေ ပြုလုပ်ရဦးမယ်။

အကုန်လုံးပေါင်းလိုက်ရင် အဆင်သင့်ဖြစ်ဖို့ တစ်ပတ်နီးပါးတော့ အနည်းဆုံးကြာမှာပဲ။

ဒါတောင် သူတို့ခင်ဗျာ တိုက်ခိုက်မှုကို စတင်လိုက်ပြီဆိုတဲ့ သတင်းကို ခုမှရတာဖြစ်သည်!

ဒီတိုက်ခိုက်မှုက ဘယ်လောက်တောင်မှ အရေးတကြီး ဖြစ်နေလို့လဲ။

“ဒီကိစ္စက တကယ်ကော ဟုတ်ရဲ့လား” လို့ မို နိုင်ငံရဲ့ဧကရာဇ်က စိုးရိမ်တကြီး မေးလိုက်တယ်။

“မှန်ကန်ကြောင်းပါ၊ အရှင်မင်းကြီး။ ကျွန်တော်မျိုး ဘယ်လိုလုပ်ပြီး အရှင်မင်းကြီးကို လိမ်ဝံ့ပါ့မလဲ” လို့ သံတမန် ဗိုလ်က လောလောနဲ့ ပြန်ဖြေလိုက်တယ်။

မို နိုင်ငံတော်ရဲ့ဧကရာဇ်က မျက်လုံးတွေကို မှိတ်၊ အသက်ပြင်းပြင်းရှူပြီး ခပ်ပြတ်ပြတ် ပြောလိုက်တယ်– “အချိန်ဆွဲလို့မရဘူး။ စစ်တပ်အင်အား ၃၀၀,၀၀၀ ကိုချက်ချင်းစုပြီး ရန်သူတွေကို အပြတ်အသတ် ချေမှုန်းပစ်ကြစမ်း!”

“ဒါပေမဲ့ အရှင်မင်းကြီး” စစ်သူကြီးတစ်ဦးက အရိုအသေပေးပြီး ပြောလိုက်သည်။

“ကျွန်တော်မျိုးတို့ရဲ့ စစ်တပ်အင်အား ၃၀၀,၀၀၀ က တစ်နိုင်ငံလုံးအနှံ့မှာ ပြန့်ကျဲနေပါတယ်။ စုရုံးဖို့က သုံးလေးရက်လောက် ကြာမှာဖြစ်ပြီး၊ အဲဒီအချိန်ကျရင် နောက်ကျသွားမှာကို ကျွန်တော်မျိုး စိုးရိမ်ရပါတယ်”

မိုနိုင်ငံရဲ့ဧကရာဇ်က အော်လိုက်တယ်– “ဒါဆို မောင်မင်းတို့မှာ တခြားဘယ်လို အစီအစဉ် ရှိလို့လဲ။ ရှ နိုင်ငံရဲ့စစ်တပ်က တိုက်ခိုက်နေပြီ! ချက်ချင်းသွားပြီး စစ်သည်တွေကို တတ်နိုင်သမျှ မြန်မြန် စုစည်းကြ။ သူတို့တွေ မြို့တော်ကို ရောက်လာရင် မင်းတို့ခေါင်းတွေ အကုန်ပြုတ်ကုန်မယ်!”

“အမိန့်အတိုင်းပါ၊ အရှင်မင်းကြီး” မှူးမတ်တွေက ကြောက်ရွံ့တုန်လှုပ်စွာနဲ့ ဆုတ်ခွာသွားကြတယ်။

မိုနိုင်ငံတော်ရဲ့ စစ်တပ်ဟာ ရှ နိုင်ငံရဲ့ ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်ဖို့ အသည်းအသန် စုစည်းခဲ့လိုက်ရတယ်။

​ တစ်ချိန်တည်းမှာပဲ အန်လုရှန်က ရှ နိုင်ငံရဲ့ စစ်တပ်အင်အား ၂၀၀,၀၀၀ ကို ဦးဆောင်ပြီး မြို့တွေနဲ့ နယ်မြေတွေကို သိမ်းပိုက်နေခဲ့တယ်။

မိုနိုင်ငံရဲ့ စစ်သည် ၂၀၀,၀၀၀ က သံသတ္တုတွင်းထဲမှာ မြှုပ်နှံခံလိုက်ရတဲ့အတွက် ဒီနယ်စပ်တစ်လျှောက်က ကာကွယ်ရေးဟာ အလွန်အားနည်းနေခဲ့ပြီး စစ်အင်အား မလုံလောက်တဲ့အတွက် ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိခဲ့ပေ။ ဒါကြောင့် ရှနိုင်ငံရဲ့ စစ်တပ်ဟာ နယ်မြေတွေကို ဆက်တိုက်သိမ်းယူနိုင်ခဲ့တယ်။

ဒီလိုနဲ့ပဲ ရှ နိုင်ငံရဲ့စစ်တပ်ကြီးဟာ ခေတ္တမျှ မနားမယူဘဲ အောင်ပွဲခံလျက် ဆက်လက် ချီတက်လာခဲ့သည်။

တစ်ရက်မပြည့်ခင်မှာပဲ မြို့လေးမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ရှ နိုင်ငံရဲ့ နယ်နိမိတ်ကို မြောက်ဘက်ထိ မိုင် ၅၀ ကျော်အထိ တိုးချဲ့နိုင်ခဲ့တယ်။

အန်လုရှန်က အရမ်းကို တက်ကြွနေခဲ့သည်။ “ရဲ​ဘော်တို့၊ ဆက်လက်တိုက်ခိုက်ကြစို့။ သုံးရက်အတွင်း မိုနိုင်ငံရဲ့ မြို့ ၁၅ မြို့ကိုသာ သိမ်းနိုင်ခဲ့ရင် ငါတို့ရဲ့ နိုင်ငံနယ်နိမိတ်ဟာ မြောက်ဘက်ကို မိုင် ၂၀၀ တိုးလာလိမ့်မယ်!”

“ဟုတ်ကဲ့ပါ၊ စစ်သူကြီး” လို့ စစ်သားတွေက တစ်သံတည်း ပြန်ဖြေကြသည်။

ဒါပေမဲ့ အဲ့ဒီအချိန်မှာပဲ လက်အောက်က စစ်သူကြီးတစ်ဦးက တွေဝေစွာနဲ့ “ဒါပေမဲ့ စစ်သူကြီး၊ ကျွန်တော်တို့က နေ့မအား၊ ညမအား တိုက်နေရတာ၊ စစ်သားတွေအားလုံး နားဖို့ လိုနေပါပြီ! ဒါ့အပြင်ကို ကျွန်တော်တို့က အရမ်း မြန်မြန်ချီတက်နေတော့ ရိက္ခာ ပို့ဆောင်ရေးက လိုက်မမီနိုင်ဘူး” လို့ ပြောလိုက်သည်။

“ဒါက တကယ်ကို ပြဿနာပဲ၊ ဒါပေမဲ့ တိုက်ဖို့ကလွဲပြီး ရွေးစရာမရှိဘူး”

အန်လုရှန်က ကူရာမဲ့စွာ ပြုံးလိုက်ပြီး– “မထွက်ခွာခင်က ငါ့ကို အရှင်မင်းကြီးက ဒီစစ်ရေးမှာ တတ်နိုင်သမျှ မြန်မြန်နဲ့ တတ်နိုင်သမျှ အဝေးဆုံးအထိ မရပ်မနား တိုက်ခိုက်ဖို့ ညွှန်ကြားထားတယ်”

“စစ်သူကြီး၊ ကျွန်တော့်ကို စကားဖြတ်ပြောခွင့် ပြုပါ”

လက်အောက်ခံ စစ်သူကြီးက တိုးတိုးလေးပြောလိုက်တယ်– “အရှင်မင်းကြီးက အရမ်းစွန့်စားလွန်းတယ် မဟုတ်လား။ ဘယ်သူက ဒီလိုမျိုး စစ်ကို တိုက်ကြလို့လဲ”

“ငါသိတာပေါ့၊ ဒါပေမဲ့ စစ်အမိန့်ကို ဆန့်ကျင်လို့ မရဘူး” ဟုပြောကာ အန်လုရှန်က သက်ပြင်းချလိုက်တယ်။

စစ်ပွဲကို ဒီလိုမျိုး အဆင်ခြင်မဲ့စွာ တိုက်ပါက ဘယ်လိုအကျိုးဆက်တွေဖြစ်လာမယ်ဆိုတာကို သက်တမ်းရင့်စစ်သူကြီးတစ်ယောက်အနေနဲ့ သူဘယ်လိုလုပ် မသိဘဲနေမလဲ။

ရိက္ခာထောက်ပံ့မှုတွေ နှောင့်နှေးသွားပြီး စစ်သည်တွေ ပင်ပန်းနွမ်းနယ်လာတဲ့အခါ ဒီတိုက်ပွဲမှာ ရှုံးနိမ့်ဖို့က အသေအချာပဲ။

ဒါပေမဲ့ အခုမှ စစ်သူကြီးရာထူးရထားပြီး စစ်တပ်ကို အမိန့်ပေးခွင့်ရတာဆိုတော့ သူ့ရဲ့အခြေခံက အရမ်းကို အားနည်းနေသေးတဲ့အတွက် အမိန့်ကို နာခံဖို့ကလွဲပြီး တခြားရွေးချယ်စရာမရှိခဲ့ပေ။

အန်လုရှန်က ခဏလောက် စဉ်းစားလိုက်ပြီး စိတ်ကူးတစ်ခု ရလိုက်တယ်– “ဒီလိုလုပ်ကြစို့။ ငါတို့ရဲ့စစ်တပ်အင်အား ၂၀၀,၀၀၀ ကို နှစ်ဖွဲ့ခွဲမယ်– တစ်ဖွဲ့က အနားယူ၊ နောက်တစ်ဖွဲ့က ဆက်တိုက်ခိုက်မယ်။ အနားယူတဲ့အဖွဲ့က ရိက္ခာသယ်ပို့တာကို ကူညီမယ်! ဒီနည်းလမ်းနဲ့ဆိုရင် အားအင်အပြည့်နဲ့ ဆက်လက် တိုက်ခိုက်နိုင်လိမ့်မယ်!”

“ဒီအခြေအနေမှာတော့ ဒီလိုပဲ လုပ်ကြတာပေါ့” လို့ လက်အောက်ခံ စစ်သူကြီးက ခေါင်းငြိမ့်ပြီး သဘောတူလိုက်တယ်။

မိုနိုင်ငံရဲ့ ကာကွယ်ရေးက အရမ်း အားနည်းနေပြီ ဖြစ်တဲ့အတွက် စစ်တပ်အင်အား ၁၀၀,၀၀၀ နဲ့တောင်မှ သူတို့ကို ချေမှုန်းနိုင်သည်!

အန်လုရှန်က တိုက်ခိုက်နိုင်စွမ်းရှိနေသေးတဲ့ စစ်သား ၁၀၀,၀၀၀ ကို ပေါ့ပေါ့တန်တန် ရွေးလိုက်ပြီး ဓားကို မြှောက်ကာ “ရဲဘော်တို့၊ ငါ့နောက်ကနေ လိုက်ပြီး တိုက်ခိုက်ကြ။ အခုချိန်မှာ ဂုဏ်သိက္ခာရှိအောင်နဲ့ မင်းတို့ရဲ့ နာမည်တွေ ထင်ရှားလာအောင် လုပ်ရမယ့် အချိန်ပဲ!” လို့ အော်ဟစ်လိုက်တယ်။

“ဟုတ်ကဲ့ပါ၊ စစ်သူကြီး” လို့ စစ်သားတွေက တစ်သံတည်း ပြန်ဖြေခဲ့ကြသည်။

ဒီလိုနဲ့ ရှနိုင်ငံရဲ့စစ်တပ်ဟာ မြို့သိမ်း၊ နယ်သိမ်း စစ်ပွဲကို ဆက်လက် ဆင်နွှဲခဲ့ကြသည်။

တစ်ဖက်မှာတော့ မိုနိုင်ငံက အသည်းအသန် စစ်သည်တွေ နေရာချထားပြီး ရှ နိုင်ငံကို သံတမန်တွေ စေလွှတ်ခဲ့တယ်။

ရှနိုင်ငံရဲ့ နန်းတော်ထဲတွင် မိုနိုင်ငံရဲ့ သံတမန် ချီမူက “ရှ နိုင်ငံတော် အရှင်မင်းမြတ်ခင်ဗျာ၊ ကျွန်တော်တို့က သဘောတူညီချက်ကို လက်မှတ် ရေးထိုးပြီးသားဖြစ်ပြီး ကျွန်တော်မျိုးတို့နိုင်ငံက သံသတ္တုတွင်းအတွက် တန်ဖိုးတစ်ခု ပေးခဲ့ပြီးပါပြီ! အခုတော့ အရှင်က အတင်းအဓမ္မ ပြန်သိမ်းယူပြီး ကျွန်တော်တို့ရဲ့ နယ်မြေကိုလည်း ကျူးကျော်နေပါတယ်…. အရှင်မင်းမြတ်က ကိုယ်ပြောတဲ့စကားကို ကိုယ်ဖောက်ဖျက်ပြီး ပေးထားတဲ့ကတိကို မတည်တဲ့အပြင် အုပ်စိုးသူတစ်ဦးရဲ့ တာဝန်တွေကိုလည်း ပျက်ကွက်ခဲ့တယ်” လို့ အသံကျယ်ကျယ်နဲ့ မေးခွန်းထုတ်လိုက်တယ်။

လင်းပိုင်ဖန်က ပြုံးလိုက်တယ်– “မိုနိုင်ငံ သံတမန်၊ မောင်မင်းရဲ့စကားတွေက လွန်လွန်းနေပြီ! ဘာကို ဖောက်ဖျက်တာလဲ၊ ဘာကတိကို မတည်တာလဲ။ ငါကိုယ်တော် အဲ့လိုအရာတွေ တစ်ခါမှ မလုပ်ခဲ့ဖူးဘူး!”

“ဟူကျို့ သံသတ္တုတွင်း ကိစ္စအတွက်ကတော့ ငါကိုယ်တော် အမြဲတမ်း မောင်မင်းတို့အတွက် ဘေးဖယ်ထားပေးမှာဖြစ်ပြီး မောင်မင်းတို့ လိုချင်တဲ့အချိန် လာယူနိုင်တယ်! ကျန်တဲ့နေရာတွေ အတွက်ကတော့ ငါတို့ စာချုပ်မချုပ်ထားဘူး၊ ဒါဆို ငါကိုယ်တော် သိမ်းယူတာ ဘာများမှားလို့လဲ။ မောင်မင်းတို့ကရော အဲဒီလို မလုပ်ခဲ့ဖူးလို့လား”

မို နိုင်ငံတော်ရဲ့ သံတမန် ဒေါသ ထွက်သွားခဲ့သည်။

သံသတ္တုတွင်းကို သူတို့အတွက် ဘေးဖယ်ထားပေးမှာဖြစ်ပြီး သူတို့ လိုချင်တဲ့အချိန် လာယူနိုင်တယ်လို့ ဘယ်လိုတောင် ပြောရက်တာလဲ။

သူတို့ရဲ့နယ်မြေကို ကျူးကျော်ထားပြီး သံသတ္တုတွင်းကို ဝိုင်းထားမှတော့ အခုချိန်မှာ သူတို့ဘယ်လိုလုပ် လာယူနိုင်တော့မှာလဲ။

သံတမန် တစ်ဦးအနေနဲ့ သူဟာ လူတွေ အများကြီးနဲ့ တွေ့ဆုံဖူးပေမယ့် ဒီလို အရှက်မရှိတဲ့သူမျိုးကို တစ်ခါမှ မတွေ့ဖူးပေ။

“ဒါဆို ရှ နိုင်ငံတော်က စစ်သည်တွေကို ပြန်ရုပ်သိမ်းဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ယူဆရမှာလား”

“ပါးစပ်ထဲရောက်နေတဲ့ အသားကို ပြန်ထွေးထုတ်တဲ့သူကို မောင်မင်း တွေ့ဖူးလား?”

“ကောင်းပြီ! ပြောစရာက ဒီလောက်ပဲ!”

မို နိုင်ငံတော်ရဲ့ သံတမန်က မကျေမနပ် ပြောလိုက်တယ်– “ရှ နိုင်ငံရဲ့ ဧကရာဇ်၊ ခဏတာ အောင်ပွဲကိုပဲ အရင် ခံစားလိုက်ပါ။ မကြာခင်မှာ မင်းတို့ဟာ ငါတို့ မို နိုင်ငံရဲ့ ပြိုင်ဘက်ကင်း မြင်းတပ်ကို မြင်ရမှာဖြစ်ပြီး မင်းတို့တွေ အလွယ်တကူ ရန်စလို့မရဘူးဆိုတာ သိလာလိမ့်မယ်! ပြန်ပါတော့မယ်”

လင်းပိုင်ဖန်က ခပ်ပြုံးပြုံးလေးနဲ့ ပြောလိုက်သည်– “မောင်မင်း ဆန္ဒအတိုင်းပဲ”

မို နိုင်ငံရဲ့သံတမန်ကို ထွက်သွားဖို့ ပြောပြီးနောက် လင်းပိုင်ဖန်က စိတ်ထဲရှိ အင်ပါယာ မြေပုံကို ကြည့်လိုက်တယ်။

ဒီအချိန်တွင် အင်ပါယာ မြေပုံက အရင်ကလို မဟုတ်တော့ပေ၊ မြောက်ဘက်ကို မိုင်ငါးဆယ်ကျော်ထိ တိုးလာခဲ့ပြီဖြစ်သည်။

ဒါ့အပြင်ကိုမှ ဆက်လက်ပြီးတော့လည်း ချဲ့ထွင်နေဆဲပဲ ဖြစ်သည်။

လင်းပိုင်ဖန်ရဲ့ မျက်လုံးတွေဟာ စိတ်လှုပ်ရှားမှုကြောင့် အရောင်တွေ တောက်ပနေခဲ့တယ်– “ငါ….. ချမ်းသာတော့မယ်ကွ!”

All Chapters