အခန်း (၉)
Vol. 1 Ch. 9
အင်ပါယာ မြေပုံထဲတွင် အရင်းအမြစ် မြောက်မြားစွာ ပေါ်လာခဲ့သည်။
စိုက်ပျိုးဖို့ မြေကောင်းတွေ၊ မြေဆီလွှာ ကြွယ်ဝတဲ့မြေတွေ၊ ကျောက်မီးသွေး တွင်းတွေ၊ ထုံးကျောက်တွင်းတွေနဲ့ ငွေတွင်းတွေပဲ ဖြစ်သည်။
ဒီအရင်းအမြစ်တွေဟာ မူလက မိုနိုင်ငံရဲ့ အပိုင်ဖြစ်ပြီး အများစုက မြေကြီးအောက်တွင် မြုပ်နေတာဖြစ်လို့ ဘယ်သူမှ သတိမထားမိကြပေ။ ဒါပေမယ့် ရှ နိုင်ငံတော် နယ်မြေထဲကို ရောက်သွားတဲ့အခါမှာတော့ လင်းပိုင်ဖန် ရဲ့ အင်ပါယာ မြေပုံထဲမှာ အကုန်လုံး ရှင်းရှင်းလင်းလင်း ပေါ်လာခဲ့သည်။
အင်ပါယာ မြေပုံထဲတွင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် မြေပုံရဲ့စွမ်းရည်ကို အသုံးပြုပြီး ရွှေ့ပြောင်းလို့ရပြီဖြစ်သည်။
သူ့၏ နယ်မြေချဲ့ထွင်လိုစိတ်က ဒီအရင်းအမြစ်တွေ အတွက်ပဲ ဖြစ်သည်။
အရင်းအမြစ်တွေသာ ရှိနေရင် နိုင်ငံတစ်ခုက ဘယ်လိုလုပ် အင်အားမကြီးဘဲ နေမှာလဲ?
“ဒီလောက်ကြီးမားတဲ့ ကျောက်မီးသွေး တွင်းကြီး၊ ရွှေ့ရမှာပေါ့!”
“ထုံးကျောက်တွင်း၊ ဒါလည်း တန်ဖိုးရှိတာပဲ၊ ရွှေ့လိုက်!”
“ဆားတွင်း၊ ရွှေ့ရမှာပေါ့!”
“စိုက်ပျိုးဖို့ မြေကောင်းနဲ့ မြေဆီလွှာ ကြွယ်ဝတဲ့မြေ၊ ဒါတွေလည်း ငါလိုချင်တယ်၊ ရွှေ့မယ်!”
“F**k! တကယ်ပဲ ဆယ်သန်းကျော်တန်တဲ့ ဒီလောက်ကြီးမားတဲ့ ရွှေတွင်းကြီး ရှိနေတာပဲ၊ ငါ့အတွက် တကယ်ကို အမြတ်ပဲ! ရွှေ့လိုက်!”
“အားလုံး ငါ့ပိုင်ပဲ၊ အကုန်ရွှေ့မယ်၊ ဟား..ဟား..!”
လင်းပိုင်ဖန် က ပင်ပန်းစွာနဲ့ အရင်းအမြစ်တွေကို သယ်ယူနေခဲ့ရာ အားလုံးကို ရှ နိုင်ငံတော်၏ နယ်မြေထဲသို့ ရွှေ့ပြောင်းခဲ့သည်။
ဒီအတောအတွင်းမှာပဲ အန်လုရှန် က သူ့ရဲ့စစ်တပ်ကြီးကို ဦးဆောင်ပြီး ဆက်လက် နယ်မြေချဲ့ထွင်နေသည်။
သုံးရက်ကြာပြီးနောက် သူတို့ဟာ မိုနိုင်ငံတော်ရဲ့ မြို့ ၁၅ မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ရှ နိုင်ငံရဲ့ နယ်နိမိတ်ကို မြောက်ဘက်သို့ လီ နှစ်ရာလောက်ထိ (၁၀၀ ကီလိုမီတာ) တိုးချဲ့ခဲ့သည်။ ( 1 li = 0.5 km)
အင်ပါယာ မြေပုံရဲ့ ဇယားဟာလည်း အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
အင်ပါယာ မြေပုံ (စတင်ခြင်း အဆင့်)
နယ်မြေဧရိယာ: စတုရန်းမိုင် ၃၆၀,၀၀၀ (စိုက်ပျိုးမြေ စတုရန်းမိုင် ၁၁၀,၀၀၀)
ပြည်တွင်းအရင်းအမြစ်များ: သန်း ၅၁.၅ (သံတွင်း ၁၊ ကျောက်မီးသွေးတွင်း ၂၊ ကြေးနီတွင်း ၁)
လူဦးရေ: ၃.၂၂ သန်း (လူချမ်းသာ ၁%၊ သာမန်ပြည်သူ ၁၈%၊ ဆင်းရဲသား ၇၁%)
စစ်ရေးအင်အား: ၃၀၀,၀၀၀ (ချီဖွဲ့တည်ခြင်းအဆင့် ၂ ဦး၊ ခန္ဓာကိုယ် လေ့ကျင့်ခြင်း အဆင့် ၂၀၀)
စုစုပေါင်း နိုင်ငံတော် အင်အား: ၄၄၅ (နိုင်ငံငယ်အဆင့်)
ပထမဆုံးအနေနဲ့၊ နယ်မြေဧရိယာက စတုရန်းမိုင် ၄၀,၀၀၀ တိုးလာပြီး စိုက်ပျိုးမြေကလည်း စတုရန်းမိုင် ၃၀,၀၀၀ တိုးလာတာကြောင့် ရှ နိုင်ငံတော်ဟာ ပိုများတဲ့ လူဦးရေကို ထောက်ပံ့နိုင်ပြီလို့ ဆိုလိုသည်။
ပြည်တွင်းအရင်းအမြစ်တွေကလည်း သန်း ၂၀ ကျော် တိုးလာတာကြောင့် နှစ်ဆနီးပါး တိုးလာခဲ့သည်။
လူဦးရေနဲ့ စစ်ရေးအင်အားမှာတော့ သိပ်မပြောင်းလဲပေမယ့် နိုင်ငံတော်ရဲ့ စုစုပေါင်း အင်အားက ၁၀၀ တိုးလာပြီး ၃၀% နီးပါး တက်လာခဲ့သည်။
ဒီရက်အနည်းငယ်အတွင်းမှာတင် သူ့ရဲ့ နိုင်ငံတော် အင်အားက ၃၀% တိုးလာခဲ့သည်။
လင်းပိုင်ဖန် ဟာ ချမ်းသာလာြပီလို့ ခံစားလိုက်ရသည်။
“ဒင်! ကစားသမားရဲ့နိုင်ငံတော်အင်အား တိုးတက်လာသည်နှင့်အမျှ သင်၏ စွမ်းအားကိုလည်း တစ်ပြိုင်တည်း တိုးမြှင့်လာခဲ့သည်! အဆင့်အမြင့်ဆုံး ကိုယ်ခံပညာရပ်ဖြစ်သော ‘မူလ စွမ်းအင်သို့ သုံးပိုင်း ပြန်လည်ခြင်း’ ကို ချီးမြှင့်လိုက်သည်။
‘မူလ စွမ်းအင်သို့ သုံးပိုင်းပြန်လည်ခြင်း’ ဟာ လေနတ်ဘုရားခြေထောက်၊ တိမ်ပြယ်လက်ဖဝါး နှင့် နှင်းခဲလက်သီး တို့ကို ပေါင်းစပ်ထားတာဖြစ်ပြီး ဒီသုံးခုကို ပေါင်းလိုက်တဲ့အခါ ကောင်းကင်ကို တုန်လှုပ်စေပြီး ဝိညာဉ်များကို လှုပ်ရှားစေနိုင်တဲ့ အထိ အစွမ်းအစ ရှိလာပါလိမ့်မည်။
ချက်ချင်းဆိုသလိုပဲ ဒီကိုယ်ခံပညာရပ်ရဲ့ လျှို့ဝှက်ချက်တွေဟာ လင်းပိုင်ဖန် ရဲ့စိတ်ထဲသို့ ပေါင်းစပ်သွားခဲ့သည်။
လင်းပိုင်ဖန် က ကိုယ်တိုင် သင်ယူ တတ်မြောက်သွားသလို ဒီထူးခြားတဲ့ စွမ်းရည်ကို ပိုင်နိုင်စွာ တတ်မြောက်သွားခဲ့သည်။
လင်းပိုင်ဖန် က အရမ်းပျော်သွားပြီး “ဒါက အကောင်းဆုံးပဲ! ဒီ ‘မူလ စွမ်းအင်သို့ သုံးပိုင်းပြန်လည်ခြင်း’ နဲ့ဆိုရင် ငါ့ကိုယ်ငါ အစစ်အမှန် ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင်လို့ တကယ်ပဲ မှတ်ယူနိုင်ပြီကွ! ဒီထူးခြားတဲ့ စွမ်းရည်နဲ့ဆိုရင် အဆင့်တူတွေထဲမှာ ငါ့ကို ဘယ်သူမှ ယှဉ်နိုင်မှာမဟုတ်ဘူး! ဟား..ဟား..!”
လင်းပိုင်ဖန် က သူရလိုက်တာတွေနဲ့ ပတ်သက်ပြီး အရမ်းကို ကျေနပ်နေသည်။
“အခုတော့ အချိန်တန်ပြီ!”
လင်းပိုင်ဖန် က အမိန့်တော် တစ်ရပ် ထုတ်ပြန်လိုက်ပြီး စစ်ပွဲဆင်နွှဲနေတဲ့ အန်လုရှန် ဆီကို အမြန်ဆုံး ပို့လိုက်သည်။
အမိန့်တော်ကို လက်ခံရရှိလိုက်တဲ့ အန်လုရှန် ဟာ လင်းပိုင်ဖန် က သူ့ကို ချီးကျူးဖို့နဲ့ ပိုမိုကြိုးစားပြီး မြို့တွေ၊ နယ်မြေတွေကို ဆက်လက်သိမ်းပိုက်ကာ အင်ပါယာရဲ့ နယ်နိမိတ်ကို ချဲ့ထွင်ဖို့ မျှော်လင့်နေတယ်လို့ ပြောမယ် ထင်ပြီး အရမ်းပျော်ရွှင်နေခဲ့သည်။
အမိန့်တော်ကို ဖတ်ပြီးတဲ့နောက်မှာတော့ သူဟာ ကြောင်အသွားခဲ့သည်။
ဘုရင်မင်းမြတ်က သူ့ကို တပ်တွေကို ပြန်ဆုတ်ခိုင်းနေတာလား?
ပြီးတော့ သိမ်းပိုက်ရရှိထားတဲ့ နယ်မြေတွေကို မို နိုင်ငံတော်ကို ပြန်ပေးပြီး မူလနယ်နိမိတ်ကို ပြန်ဆုတ်ခိုင်းနေတာလား?
အန်လုရှန် ဟာ လင်းပိုင်ဖန် ရဲ့လုပ်ရပ်ကြောင့် လုံးဝ ထုံထိုင်းသွားပြီး သူ့ရဲ့ဦးရေပြားတွေပါ ကျင်လာခဲ့သည်။
ဒီတိုက်ပွဲတွေ အားလုံးက အပျင်းပြေဖို့ အတွက်ပဲလား?
ထုံထိုင်းနေတဲ့ အန်လုရှန် ကို မြင်တော့ တခြားစစ်သူကြီးတွေလည်း စိတ်ပူပန်လာကြသည်။
“ဗိုလ်ချုပ်၊ ဘုရင်မင်းမြတ်က ဘာပြောလဲ?”
“တစ်ခုခုတော့ ပြောပါဦး!”
“အမိန့်တော်ထဲမှာ ဘာတွေ ပါလို့လဲ?”
“ငါ ဘယ်လိုပြောရမှန်းတောင် မသိဘူး၊ မင်းတို့ ကိုယ်တိုင်ပဲ ကြည့်ကြတော့!” အန်လုရှန် က သက်ပြင်းချပြီး အမိန့်တော်ကို လူတိုင်းလက်ထဲ ထိုးပေးလိုက်သည်။
စစ်သူကြီးတွေ ဖတ်ပြီးတဲ့ နောက်မှာတော့ အားလုံး ကြောင်အသွားခဲ့ကြသည်။
“ဘာ၊ ဘုရင်မင်းမြတ်က ကျွန်တော်တို့ကို တပ်ဆုတ်ခိုင်းနေတာလား?”
“ကျွန်တော်တို့တွေ တိုက်ခိုက်ပြီး အနိုင်ရခဲ့တဲ့ နယ်မြေတွေကို မို နိုင်ငံတော်ကို ပြန်ပေးခိုင်းနေတာလား?”
“ဒါတွေအတွက် ကျွန်တော်တို့ ဒီလောက်တောင် ကြိုးစားခဲ့တာကို ဘယ်လိုလုပ် ပြန်ပေးရမှာလဲ?”
“ဒီအမိန့်တော်က အတုလား?”
အန်လုရှန် က နက်ရှိုင်းစွာ သက်ပြင်းချပြီး အင်အားမရှိသလို ခံစားလာရကာ “ဒါက ဘုရင်မင်းမြတ် ကိုယ်တိုင် ထုတ်ပြန်တဲ့ အမိန့်တော်ပဲ၊ စစ်ဘက်ဆိုင်ရာ ကြီးကြပ်ရေးမှူးကလည်း အတည်ပြုပြီးသား၊ ဘယ်လိုလုပ် အတုဖြစ်နိုင်မှာလဲ? ဘုရင်မင်းမြတ်က ငါတို့ကို တပ်တွေ ဆုတ်ခိုင်းပြီး တိုက်ပွဲတွေကို ရပ်ခိုင်းတာက တကယ်ကို အမှန်ပဲ!” လို့ ပြောလိုက်သည်။
“ဗိုလ်ချုပ်၊ ကျွန်တော်တို့ တကယ် တပ်ပြန်ဆုတ်ရမှာလား?”
“ဗိုလ်ချုပ်ကရော လက်ခံနိုင်လား?”
“ဗိုလ်ချုပ်၊ ကျွန်တော်တို့ ဘာလုပ်သင့်လဲ?”
စစ်သူကြီးတွေနဲ့ စစ်သားတွေက စတင်ပြီး အသံတွေ ထွက်လာကြသည်။
သိမ်းပိုက်ရရှိထားတဲ့ နယ်မြေတွေကို လက်လွှဲပေးရမှာကို သူတို့ မလုပ်ချင်ကြပေ။
“ဘာလုပ်နိုင်မှာလဲ? ဘုရင့်အမိန့်ကို ဆန့်ကျင်လို့မှ မရတာ”
အန်လုရှန် ရဲ့လေသံဟာ တွန့်ဆိုင်းခြင်းတွေ၊ ကူကယ်ရာမဲ့မှုတွေနဲ့ ပြည့်နေခဲ့တယ်။
“ငါတို့တွေ တပ်ပြန်ဆုတ်ရမယ်!”
“စစ်သူကြီးတွေနဲ့ စစ်သားတို့၊ ငါ့အမိန့်ကို နာခံကြ၊ ဆုတ်ခွာကြမယ်!” စစ်တပ် တစ်ခုလုံးတွင် စစ်အမိန့်အသစ်ကို ထုတ်ပြန်လိုက်သည်။
ပြီးနောက်၊ အန်လုရှန် က စစ်တပ်ကြီးကို ဦးဆောင်ပြီး ရှ နိုင်ငံတော်ရဲ့ မူလ နယ်နိမိတ် မျဉ်းဆီကို လျင်မြန်စွာ ဆုတ်ခွာခဲ့ရာ သူတို့ အခုလေးတင် သိမ်းပိုက်ထားခဲ့တဲ့ မြို့ ၁၅ မြို့နဲ့ နယ်မြေ စတုရန်းမိုင် ၄၀,၀၀၀ လောက်ကို မို နိုင်ငံတော်ကို ပြန်ပေးခဲ့သည်။
ဤတိုက်ပွဲအတွက် ကြီးမားလှတဲ့ စစ်တပ်ကို စုဆောင်းထားပြီးသားဖြစ်တဲ့ မို နိုင်ငံကတော့ ကြောင်သွားခဲ့သည်။
“ငါတို့က အဆုံးအထိ တိုက်ဖို့၊ နှစ်ဖက်လုံး ပျက်စီးပြီး သေတဲ့အထိ တိုက်ဖို့ အားလုံး ပြင်ဆင်ထားခဲ့တာကို မင်းတို့က အခုတော့ ဆုတ်သွားတယ်တဲ့လား?”
“ပြီးတော့ နယ်မြေတွေကိုပါ ပြန်ပေးသေးတယ်၊ ဒါက ဘာကိုဆိုလိုတာလဲ?”