လူသတ်စိတ်ဆန္ဒ
Vol. 55 Ch. 757
" ဟင်... ဒါက "
နတ်ဆိုးအရိပ် ၊ မိုယင် မှာ လက်ကြီးကို မြင်သည်နှင့် အနည်းငယ် တွန့်ဆုတ်သွားသည်။
ထို့နောက်တွင် သူ တစ်ခုကို အမှတ်ရသွားဟန်တူပြီး ချက်ချင်း တိုက်ခိုက်လိုက်၏။
" မျိုးမစစ်ကောင် ... မင်းလဲ ဝင်ပါချင်တယ်ပေါ့လေ ။ ဒီကိုလာခဲ့စမ်း "
ဝုန်း ...
သူ ပြောကာ လုံယီရွှယ်ဘက်သို့ လက်ညိုးညွှန်လိုက်သည်။
သူ့လက်ချောင်းအစွမ်းမှာ အားပြင်းလှပြီး ကမ္ဘာကြီးတစ်ခုလုံးကိုပင် ဖျက်ဆီးပစ်တော့မယောင် ...
ထိုနေရာတွင် ရှိနေကြသူ အားလုံးမှာလည်း ထိုတိုက်ခိုက်မှုကို မြင်ပြီး အူထဲအသည်းထဲမှ
ကြောက်ရွံ့ကုန်ကြသည်။
ထျန်းမင်ကမ္ဘာနှင့် စစ်ပွဲကြီးတစ်ခု တိုက်ခိုက်ခဲ့ပြီး အသွမ်းထက် မသေမျိုးဘုရင်၏ တိုက်ခိုက်မှုကို မြင်ခဲ့ရသော လောရုံလိုလူသည်ပင် ထိုလက်ချောင်းတိုက်ခိုက်မှုကို မြင်ကာ ကြောက်ရွံ့သွားရသည်။
၎င်းလက်ချောင်း၏ အစွမ်းမှာ သူ့တို့ နားလည်နိုင်စွမ်းထက်ပင် ကျော်လွန်သည်အထိ အစွမ်းထက်လှပါတကား...
ထိုလက်ချောင်းအစွမ်းသာ လုံယီရွှယ်ဆီ ရောက်သွားပါက ကောင်းကင်ဘုံနဂါးတစ်ကောင်ပင် ဖြစ်စေဦး၊ သူမ သေရမည်မှာ သေချာပါသည်။
အားလုံး ကူကယ်ရာမဲ့ ဖြစ်နေကြစဥ်မှာပင်...
လောထျန်းက လုံယီရွှယ်ရှေ့သို့ တည်နေရာရွှေ့ပြောင်းလိုက်၏။
" ဟင်.. သူရဲကောင်း ဖြစ်ချင်တယ်ပေါ့လေ ။ ဒါဆိုလဲ အတူတူ သေကြပေါ့ကွာ ။ မင်းကို သတ်ပြီးမှ ဒါ
ယွမ်ကျောက်ပြားကို ယူလဲ ဘာမှမထူးဘူး "
နတ်ဆိုးအရိပ်က လှောင်ပြုံးဖြင့် ပြောလိုက်သည်။
ထိုစဥ်မှာပင် လက်ချောင်းက အသံကျယ်တစ်သံနှင့်အတူ ကျလာပါ၏။
သို့သော်... ထိုစဥ်တွင် လောထျန်းက လက်ယမ်း၍ လက်ချောင်းအစွမ်းအား လက်နောက်ပြန်ရိုက်လိုက်သည်။
" ဟမ့် ... မင်းက သေချင်နေတာပဲ "
နတ်ဆိုးအရိပ် လှောင်ပြုံးဖြင့် ပြောပြီး လောထျန်းတစ်ယောက် လက်ချောင်းအစွမ်းဖြင့် သေရမည်ကို စောင့်ကြည့်နေလိုက်၏။
သို့သော်...
ဝုန်း ..
လောထျန်း၏ လက်ဝါးချက်က လက်ချောင်းအစွမ်းအား ရိုက်ထုတ်နိုင်လိုက်ပါသည်။
ဘုန်း ...
အစွမ်းများ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ... လျှို့ဝှက်ဒေသထဲရှိ လေထုအား ပြိုကွဲသွားစေတော့သည်။ ချက်ချင်းမှာပင် လေထုအစိတ်အပိုင်းကြီးတစ်ခု ပြိုကွဲသွားကာ ဟင်းလင်းပြင် တုန်ခါမှုများ တိုးဝင်လာ၏။
" ဘယ်လိုလုပ်ပြီး ... "
ထိုအချိန်တွင် မိုယင်တစ်ယောက် တုန်လှုပ်သွားရတော့သည်။
သူ အစောက သုံးခဲ့သည့် လက်ချောင်းအစွမ်းမှာ သူ့အစွမ်းပြည့် မဟုတ်သည့်တိုင် သာမာန်လူတစ်ယောက် ခံနိုင်သည့် အစွမ်းမျိုး မဟုတ်ပါချေ။
သို့သော် လောထျန်းက ၎င်းကို အလွယ်တကူ ခြေဖျက်နိုင်ခဲ့သတဲ့လား ...
သူ မတုန်လှုပ်ဘဲ မည်သို့ နေပါမည်နည်း ။
သို့သော် တဖက်မှ လက်ချောင်းရိုးအရိပ်ကမူ ၎င်းကို
မျှော်လင့်ထားပြီးသား ပုံစံဖြင့် အလွန်တည်ငြိမ်နေသည်။
ထိုအချိန်မှာပင်.. လုံယီရွှယ်၏ ခန္ဓာကိုယ်မှ လျှို့ဝှက်ထွင်းစာထဲရှိ လက်ကြီး၏ ပိုင်ရှင် ထွက်လာပါ၏။
သို့သော် ထိုလူဘေးရှိ လေထုမှာ ပြိုကွဲနေသည့်အတွက် လူတစ်ယောက်၏ မှုန်ဝါးဝါးပုံရိပ်ကိုသာ မြင်ရပါသည်။
ထိုလူ ပေါ်လာသည်နှင့် မိုယင်၏ အကြည့်က လောထျန်းဆီ မရှိတော့ဘဲ ၎င်းလူရိပ်ကိုသာ မျက်မှောင်ကြုံ့ကြည့်၍ ပြောသည်။
" အဘိုးကြီး ၊ မင်းက ကောင်မလေးရဲ့ ကိုယ်ထဲမှာ မင်းရဲ့ကိုယ်ပွားပုံရိပ်ကို ထည့်ထားခဲ့တာပဲကွ ။ မင်းရဲ့ အကြံကဘာလဲ "
ပုံပျက်နေသော အရိပ်က သူ့ဘက်လှည့်ကြည့်လာဟန်တူကာ အသံတစ်သံ ထွက်လာသည်။
" ခုနတုန်းက မင်း... ငါ့ရဲ့ ကိုယ်ပွားပုံရိပ်ကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တာလား "
နတ်ဆိုးအရိပ်ကြီး အော်ရယ်လိုက်၏။
" အဲ့တော့ ဘာဖြစ်လဲကွ ။ မင်းဟာမင်း ပြန်လည်မွေးဖွားခြင်းလမ်းဆုံးမှာ ပုန်းမနေဘဲနဲ့ ဘာလို့ ဒီကကိစ္စတွေမှာ ဝင်ရှုပ်ရတာလဲ "
သူ့စကားကြောင့် လောထျန်း အနည်းငယ်အံ့သြသွားကာ ပုံပျက်နေသော လူရိပ်အား လှည့်ကြည့်လိုက်သည်။
ထိုသူက ပြန်လည်မွေးဖွားခြင်း အမှတ်အသား၏ ပိုင်ရှင်တဲ့လား ..
သူ ထိုလူနှင့် ကြိမ်ဖန်များစွာ ရင်ဆိုင်ခဲ့ဖူးသော်လည်း... ထိုကောင်က လုံယီရွှယ်၏ ကိုယ်ထဲ၌ သူမသိအောင် ကိုယ်ပွားပုံရိပ်တစ်ခု ထည့်ထားနိုင်မည်ဟု မထင်ခဲ့ပါချေ။
တဖက်မှ ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင်က အေးစက်စက်ပြော၏။
" အဲ့လိုဆိုတော့လဲ မင်းကိုပဲ အရင်သတ်ရမှာပေါ့ကွာ "
သူ ပြောပြီး လေထဲသို့လက်ဆန့်လိုက်သည်။
ဝီ ...
နတ်ဆိုးအရိပ်ဘေး၌ မရေမတွက်နိုင်သော ထွင်းစာများ ရုတ်ချည်းပေါ်လာ၏။
ထို့နောက်တွင်မူ... နတ်ဆိုးအရိပ်၏ ဘေးပတ်ပတ်လည် တွန့်လိမ်သွားကာ ..
နတ်ဆိုးအရိပ်နှင့်အတူ သူ့ဘေးဝန်းကျင် လေထုတစ်ခုလုံး ပျောက်ကွယ်သွားတော့သည်။
" ဘယ်လိုဖြစ်ပြီး ... "
အားလုံး တုန်လှုပ်သွားရပြန်၏။
ထို ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင် သုံးသွားသည့်အတွက်မှာ အသံဆူဆူညံညံ မထွက်သော်လည်း မယုံနိုင်စရာပါပင် ..
လူတစ်ယောက်အား အသံတိတ်ရှင်းပစ်နိုင်သော ထိုနည်းက ဘာပါနည်း ...
သို့သော် ထိုစဥ်မှာပင် ..
ဝုန်း...
နတ်ဆိုးအရိပ် ပျောက်သွားခဲ့သော နေရာ၌ လေထုပြိုကွဲသွားပြီး ... နတ်ဆိုးအရိပ်၏ လက်များထဲမှ တစ်ဖက်က အဆုံးမဲ့သော လေထုထဲမှ ဖောက်ထွက်လာရန် ကြိုးစားလာပါ၏။
ထို့နောက်တွင်.. အသံကျယ် တစ်သံနှင့်အတူ သူ ပြန်ပေါ်လာသည်။
" ဟား ဟား... မင်းက အသွင်အစစ်ကို မပြဘဲနဲ့ ငါ့ကို ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲထည့်ဖို့ ကြိုးစားတယ်ပေါ့လေ ။ ဆုတောင်းလိုက်ဦး "
နတ်ဆိုးအရိပ်ကြီး အော်ကာ ကောင်းကင်ယံသို့ လက်ညိုးညွှန်လိုက်၏။ ထို့နောက် သူ အသံကျယ်ဖြင့် ထပ်အော်လိုက်သည်။
" ငါက နတ်ဆိုးတစ်ပါးပဲ "
ဝုန်း ...
သူ့အနောက်ဘက်တွင် မဟာနတ်ဆိုးအရိပ်ကြီးတစ်ခု တမဟုတ်ချင်း ပေါ်လာသည်။
ထို မဟာနတ်ဆိုးအရိပ်ကြီးမှာ အသန့်စင်ဆုံးသော နတ်ဆိုးစွမ်းအင်များကို ပိုင်ဆိုင်ပြီး .. ပေါ်လာသည်နှင့် ဘေးပတ်ဝန်းကျင် အရာများအားလုံးကို သူ့အစွမ်းဖြင့် စတင်တိုက်စားလိုက်၏။ ၎င်းက အားလုံးကို နတ်ဆိုးအသွင် ပြောင်းလိုသည့်အလား ...
၎င်းကို မြင်သောအခါ လက်ချောင်းရိုးအရိပ်က ရွံရှာဟန်ဖြင့် နောက်သို့ ခြေလှမ်းတစ်ဝက် ဆုတ်လိုက်သည်။
ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင်ကလည်း အေးစက်စက် နှာခေါင်းရှုံ့၏။
" မင်းရဲ့ ခန္ဓာကိုယ်အစစ် မရှိတော့ ၊ ဒီလိုနတ်ဆိုးစွမ်းအင်မျိုးပဲ သုံးနိုင်တာလား "
" အဲ့လောက်နဲ့ မင်းကိုသတ်ဖို့ လုံလောက်တယ်လေ "
နတ်ဆိုးအရိပ်၏ အော်သံနှင့်အတူ နတ်ဆိုးစွမ်းအင်
များ တိုးလာပြန်သည်။
" မင်းမှာ အဲ့လိုအစွမ်းမျိုး မရှိဘူးကွ "
ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင်က လက်ယမ်းလိုက်ရာ ... သူ့ရှေ့၌ မရေမတွက်နိုင်သော ထွင်းစာများ ပေါ်လာပြီး နတ်ဆိုးစွမ်းအင်များဆီသို့ တိုးဝင်သွား၏။
နတ်ဆိုးစွမ်းအင်များ ချက်ချင်း အပျောက်ရှင်းခံလိုက်ရတော့သည်။
သို့သော် ၎င်းစွမ်းအင်များ ပြန်ပေါ်လာပါ၏။
ထိုတခဏ၌ အရိပ်နှစ်ခု သိုင်းကွက်ထောင်ကျော် တိုက်ခိုက်လိုက်ကြပြီး ဝုန်းဒိုင်းကြဲနေတော့သည်။
သို့သော် ထိုသို့ သိုင်းကွက်ထောင်ကျော် သုံးပြီးသွားသည်အထိ တစ်ယောက်ကိုတစ်ယောက် ဘာမှ မလုပ်နိုင်ကြပါချေ။
ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင်က နတ်ဆိုးအရိပ်အား အပျောက်မဖျောက်နိုင်သလို...
နတ်ဆိုးအရိပ်မှာလည်း တဖက်လူအား နတ်ဆိုးအစွမ်းဖြင့် မတိုက်စားနိုင်ပါ ။
သို့သော်.. သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုမှ ထွက်လာသော အစွမ်းများကြောင့် ထျန်းယွမ်ကမ္ဘာမှ အစွမ်းထက် ကျင့်ကြံသူများမှာ အော်ဟစ်ငိုကြွေးနေကြရပါ၏။
နတ်ဆိုးစွမ်းအင်များ ၊ သို့မဟုတ် ပြန်လည်မွေးဖွားခြင်း အမှတ်အသားများ ဖြင့် နည်းနည်းလေး ထိလိုက်မိလျှင်ပင် သူတို့ သေချာပေါက် သေရမည်ကို အားလုံး သေချာပင် ခံစားမိနေကြပါသည်။
သို့သော် ကံကောင်းစွာပင် ထိုသို့အရေးကြီးနေချိန်၌ လောထျန်းက သူတို့ရှေ့တွင်ရပ်၍ ထိုအစွမ်းများအားလုံးကို ကာပေးထားခဲ့ပါ၏။
ထို့ကြောင့် သူတို့ အသက်မဆုံးခဲ့ရသည့်တိုင် ဘေးပတ်ဝန်းကျင် လေထုမှာကား ပြင်းထန်လှသော တိုက်ပွဲဒဏ်ကို မခံနိုင်တော့ပါချေ။
ဝုန်း ...
ထိုတခဏ၌ လျှို့ဝှက်ဒေသ တစ်ခုလုံး ပြိုကျသွားပါတော့သည်။
" ဟာ... မဖြစ်ဘူး ၊ ပြေးကြဟေ့ ။ လေထု အရှုပ်အထွေးတွေကြားထဲမှာ မပိတ်မိစေနဲ့ "
ထျန်းယွမ်ကမ္ဘာသခင်ကြီး အော်ပြောလိုက်သည်။
လောထျန်း လက်ယမ်း၍ သူ့အတွင်းကမ္ဘာငယ်ကို ဖွင့်လိုက်သည်။
" အားလုံး အထဲဝင်နေလိုက်ကြပါ ။ မဟုတ်ရင် ကျုပ် အားလုံးကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးဗျ "
သူ အော်ပြောလိုက်၏။
အားလုံးမှာ သူ့စကားကိုကြားကာ စိတ်မကောင်း ဖြစ်သွားကြပြီး ..
လောရုံဆိုလျှင် အထဲဝင်ရန်ငြင်းပြီး လောထျန်းအား ကူညီပေးမည်ဟု ပြောရန်ပြင်လိုက်သည်။
သို့သော် သူ့ဘေးမှ ထျန်းယွမ်ကမ္ဘာသခင်ကြီးက တည့်တိုးပင် ပြောလာသည်။
" သူ ပြောတဲ့အတိုင်းဆိုရင် ဒီတိုက်ပွဲက ငါတို့တွေဝင်ပါလို့ရတဲ့ပွဲ မဟုတ်တော့ဘူးကွ ။ ဒီမှာနေရင် လောထျန်းအတွက် ပိုခက်ခဲအောင် လုပ်သလိုပဲ ဖြစ်သွားမှာ "
သူ့စကားကြောင့် လောရုံ မျက်နှာကြီး သုန်မှုန်သွားသည်။
" ကောင်းပါပြီ "
သူသည် အစပိုင်းတွင် ယခင်ထက် များစွာပိုအစွမ်းထက်လာပြီ ဖြစ်သဖြင့် လောထျန်းအား ကူညီနိုင်ပြီဟုသာ ထင်ထားခဲ့ပါ၏။
သို့သော်... နောက်ဆုံးတွင်မူ သူ လောထျန်း၏ အကူအညီကို အားကိုးနေရဆဲပါပင် ။
ထို့နောက်တွင်မူ အားလုံး ကူကယ်ရာမဲ့စွာဖြင့် လောထျန်း၏ အတွင်းကမ္ဘာငယ်ထဲသို့ ဝင်သွားလိုက်ရတော့သည်။
အားလုံး ဝင်သွားကြပြီး နောက်တွင်... လောထျန်း၏ မျက်လုံးများ ရုတ်ချည်း အေးစက်သွားကြသည်။
သူ စိတ်အေးလက်အေးဖြင့် တိုက်ခိုက်၍ ရသွားလေပြီ ။
ထိုစဥ် တိုက်ခိုက်နေသည့် နှစ်ယောက်ကလည်း လောထျန်းအား သတိထားမိသွားကြ၏။
" ဟင်... တခြားသူတွေကိုခေါ်ပြီး ထွက်ပြေးမယ်ပေါ့လေ ။ စဥ်းတောင် မစဥ်းစားနဲ့ "
နတ်ဆိုးအရိပ်က လှောင်ပြုံးဖြင့် ပြောပြီး လက်ယမ်းလိုက်ရာ နတ်ဆိုးစွမ်းအင်တန်းတစ်ခုက လောထျန်းအား တင်းတင်းကျပ်ကျပ် ချုပ်နှောင်လာသည်။
" ကောင်လေး ၊ မင်းက ငါတို့အတွက် စစ်တုရင်နယ်ရုပ်လေးတစ်ရုပ်ပဲကွ ။ မင်းကိုယ်မင်း ကံတရားသားတော်လို့ တကယ်ကြီး ထင်နေတာလား ။ ဒီ ဒါယွမ်ကျောက်ပြားကြောင့်သာ မဟုတ်ရင် မင်း သေပြီး
သာ အကြိမ်တစ်ထောင်လောက်တောင် ရှိနေပြီကွ ။ မင်းက အရင်က ငါ့ရဲ့သွေးကိုတောင် သန့်စင်လိုက်သေးတယ် ။ ဒါပေမယ့် ဒီနေ့တော့ မင်း သေချာပေါက် သေရတော့မှာပါလေ ။ မင်းတင်မကဘူး .. မင်းရဲ့ ဆွေမျိုးတွေ ၊ မိတ်ဆွေတွေ ၊ မျိုးနွယ်စုဝင်တွေ အားလုံးလဲ သေကြရမှာ "
နတ်ဆိုးအရိပ်ကြီးက အထင်သေးရွံရှာဟန် အပြည့်ဖြင့် ပြောလိုက်၏။ သူ့အသွင်မှာ လောထျန်းကို သတ်ရခြင်းက ပုရွတ်ဆိတ်လေးတစ်ကောင်အား သတ်ရသလို လွယ်ကူသည်ဟု ထင်နေပုံပါပင်... ။
သို့သော်.. သူ့စကားဆုံးချိန်၌ ..
ဝုန်း ..
လောထျန်းကိုယ်မှ လူသတ်အရိပ်အငွေ့တစ်ခု ပေါက်ကွဲထွက်လာသည်။
လောထျန်းအား ချုပ်နှောင်ထားသော နတ်ဆိုးစွမ်းအင်များ ရုတ်ချည်း ပျောက်ကွယ်သွား၏။
" ဟင်... "
ထိုမြင်ကွင်းကြောင့် နတ်ဆိုးအရိပ် ၊ မိုယင် လန့်သွားကာ လောထျန်းအား တအံ့တသြ စိုက်ကြည့်လိုက်သည်။
သို့သော် လောထျန်းဘေးမှ လူသတ်အရိပ်အငွေ့မှာ သိပ်သည်းလွန်းလှ၍ သူ ၎င်းကို ထွင်းဖောက်မမြင်နိုင်ဘဲ လောထျန်း၏ပုံရိပ်ကို ခပ်ဝါးဝါးသာ မြင်ရပါ၏။
သူ မြင်ရသည်မှာ.... အရှုပ်အထွေး လူသတ်အရိပ်အငွေ့များကြားမှ သူ့အားစိုက်ကြည့်နေသည့် ရက်စက်ကြမ်းကြုတ်လှသော အနီရဲရဲ မျက်လုံးတစ်စုံ ....
" မင်း ဘာပြောလိုက်တယ် "
လူသတ်အရိပ်အငွေ့များကြားထဲမှ လောထျန်းအသံ ထွက်လာသည်။