မသေမျိုး လက်ဖက်ရည်
Vol. 55 Ch. 767
ချင်းလေးမှာ ထိုစကားကို ကြားကြားချင်း အံ့အားသင့်နေပြီးနောက်... တစ်ကိုယ်လုံး တုန်သွားပါ၏။
" ဒီ ခြံစည်းရိုးက ဒါလွေမသေမျိုးသစ်ပင်လို့ ပြောလိုက်တာလား ။ ဒီကမ္ဘာမှာရှိတဲ့ သိဒ္ဓိဝင် သစ်ပင် ဆယ်ပင်ထဲက ကိုးပင်မြောက် ၊ ဒါလွေမသေမျိုးသစ်ပင် လား.. "
အဘိုးအို ခေါင်းညိတ်လိုက်သည်။
" လုံးဝ လွဲစရာမရှိဘူးကွ ။ အဘိုးကိုယ်တိုင် မျက်စိနဲ့ သေချာမြင်ဖူးတယ် ။ မဟာမသေမျိုးဘုရင်ဘွဲ့ရထားတဲ့သူ ဆယ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဒါလွေမသေမျိုးဘုရင်ရဲ့ သစ်သားဓားက ဒါလွေမသေမျိုးသစ်ပင်ကနေ လုပ်ထားတာ ။ အဲ့အရောင်အဝါကို သေရင်တောင် မေ့မှာမဟုတ်ဘူး "
ချင်းလေး တစ်ကိုယ်လုံး တုန်နေရှာတော့သည်။
" ဒါပေမယ့်.. ကျွန်မ သိသလောက်တော့ ဒီ ဒါလွေမ
သေမျိုးသစ်ပင်က ဖျက်ဆီးလို့မရဘူးဆို ။ အခု အကိုင်းတွေ အများကြီးကို သူ ဘယ်လိုရခဲ့တာလဲ "
အဘိုးအို အသက်ပြင်းပြင်း ရှိုက်လိုက်၏။
" ထျန်းကျီတောင်မှာ ဒါလွေ မသေမျိုးသစ်ပင် ဆယ့်နှစ်ပင်ရှိတာ အဘိုးသိတယ် ။ ကြည့်ရတာ သူက အဲ့သစ်ပင် ဆယ့်နှစ်ပင်လုံးဆီကနေ ရခဲ့တာထင်တယ် "
ချင်းလေး ခေါင်းအသာညိတ်လိုက်သည်။
ထိုစဉ် သူမ ခြံဝင်းထဲတွင် ရှိနေသော အိမ်ကိုကြည့်ရင်း ရုတ်တရက် အတွေးတစ်ခု ဝင်သွားပါ၏။
" အဘိုး... ဒီ အိမ်တွေရဲ့ အရောင်အဝါက ဟိုခြံစည်းရိုးနဲ့ တော်တော်တူတယ်လို့ ကျွန်မ ခံစားနေရတယ် "
အဘိုးအို ခေတ္တမျှ မှင်သက်သွားကာ အိမ်အား လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ စကားမဆိုနိုင်ဘဲ တောင့်တောင့်ကြီး ဖြစ်သွား၏။
" ဒါ.. ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ "
အချိန်အတန်ငယ် ကြာပြီးမှ သူ တုန်တုန်ယင်ယင် ပြောလိုက်သည်။
" ဘာဖြစ်လို့လဲ အဘိုး "ထျန်းလေးက ကြောက်လန့်တကြား မေး၏။
ဂလု...
အဘိုးအို တံတွေးမြိုချကာ ပြန်ပြောရှာသည်။
" ဒီအိမ်ကလဲ ဒါလွေမသေမျိုးသစ်ပင်နဲ့ ဆောက်ထားတာ "
" ဘယ်လို.... ဒါလွေမသေမျိုးသစ်ပင်နဲ့ ဆောက်တာ.. ။ ဒါပေမယ့် ပုံစံကိုကြည့်ရတာတော့ သစ်ကိုင်းတွေနဲ့ ဆောက်ထားတဲ့ပုံ မဟုတ်ဘူးလေ ၊ ပင်စည်နဲ့ ဆောက်ထားတာပဲ ဖြစ်မှာ ။ ဒါပေမယ့်.. ဒါလွေမသေမျိုးသစ်ပင်ကို ဖြတ်လို့ ရလို့လား "
ချင်းလေး အသံတုန်တုန်ဖြင့် ဆိုသည်။
အဘိုးအိုမှာလည်း အလွန်ကြောက်ရွံ့နေဟန်တူပြီး ဘေးသို့ တသ်ချက်လှည့်ကြည့်၍ ပြော၏။
" ဒီတိုင်း ဖြတ်ထားတာတောင် မဟုတ်ဘူးကွ "
" ဟင်... ဘယ်လိုဖြစ်လို့လဲ "
ချင်းလေး နားမလည်နိုင် ဖြစ်သွားရှာသည်။
အဘိုးအိုက တုန်တုန်ယင်ယင် ဆက်ပြော၏။
" ကြည့်လိုက်ဦး... ဒီအိမ်ထဲက ဒါလွေမသေမျိုးသစ်ပင်တွေက အပြားလိုက်ဖြစ်အောင် အဖြတ်ခံထားရတာ ။ တချို့ဟာတွေကိုကျ အပိုင်းလိုက် ဖြတ်ထားပြီးတော့.. တချို့ဟာတွေဆို သေချာထွင်းထားသေးတယ်... "
ထိုစဉ်မှ ဘာဖြစ်နေသည်ကို ချင်းလေး နားလည်ကာ မျက်လုံးပြူးသွားသည်။
" ထွင်း... ထွင်းထားတယ်... ၊ ဒါလွေမသေမျိုးသစ်ပင်ကို ထွင်းထားတာလား "
ကျန်အချက်များကို ခဏထားပါဦး ။ ဒါလွေမသေမျိုးသစ်ပင်ကို ထွင်း၍ ရသတဲ့လား...
ထိုသို့လုပ်နိုင်ရန် မည်သို့သော စွမ်းရည်မျိုး လိုအပ်ပါမည်နည်း ။
မြေးအဘိုးနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်ကာ ချက်ချင်း သဘောပေါက်သွားကြသည်။
ရှေ့မှ လောထျန်းမှာ သူတို့ထင်ထားသည်ထက်ပင် ပိုအစွမ်းထက်ပါတကား...
ထိုအတွေးဖြင့် ချင်းလေးတစ်ယောက် လောထျန်းနောက်တွင် ဒူးထောက်ချလိုက်၏။
" သခင်ကြီး ၊ ကျွန်မတို့ကို ကယ်ပါဦးရှင် "
သူမ ငိုရင်းပြောလိုက်သည်။
" ဟင် "
လောထျန်း အံ့သြတကြီး နောက်လှည့်ကြည့်လိုက်ရာ သူမအား ထိုပုံစံနှင့် မြင်လိုက်ရသဖြင့် အံ့သြသွားရတော့သည်။
" ကူညီရမယ်... ဘာကို ကူညီရမှာလဲ "
သူ မေးလိုက်၏။
" သခင်ကြီးက ထျန်းကျီတောင်ရဲ့ သခင်ကြီးဆို
တော့ သခင်ကြီးဆီမှာ မသေမျိုးဆေးရည် ရှိမှာပါ ။ အခု ကျွန်မရဲ့အဘိုးက သက်တမ်းကုန်ခါနီး ဖြစ်နေပါတယ်ရှင် ။ အဲ့ မသေမျိုးဆေးရည်ကိုသာ မရရင် သူ အသက်ဆက်ရှင်နိုင်တော့မှာ မဟုတ်ပါဘူး ။ တကယ်လို့ သခင်ကြီးကသာ ကျွန်မအဘိုးရဲ့ အသက်ကို ကယ်တင်ပေးမယ်ဆိုရင်... ကျွန်မ... ကျွန်မရဲ့ စိတ်ဝိဉာဉ်ကို သခင်ကြီးဆီ ရောင်းပေးပါ့မယ် "
ချင်းလေး ပြောကာ မြေကြီးပေါ် ပြားပြားဝပ်၍ အရိုအသေပေးလိုက်သည်။
တဖက်လူသည် ထျန်းကျီတောင်၏ သခင်ကြီးဖြစ်ရာ.. သက်ရှိများအတွက် တားမြစ်နယ်မြေဖြစ်သော ဤနေရာ၌.. မိစ္ဆာလုပ်ရပ်များကို လုပ်သူများ ရှိခြင်းက သဘာဝပင် မဟုတ်ပါလား ။
သို့သော် လောထျန်းမှာကား တဖက်မိန်းမငယ်ကို ဆွံ့အစွာသာ ကြည့်နေရှာသည်။
" ငါက မင်းရဲ့ စိတ်ဝိဉာဉ်ကို ဘာလို့ဝယ်ရမှာလဲကွ ။ ငါ မင်းပြောတာကို နားမလည်ဘူး "
" ရှင်... "
ချင်းလေး တစ်ကိုယ်လုံး တုန်သွားကာ ကူကယ်ရာမဲ့ ခံစားလိုက်ရ၏။
တဖက်လူက သူမကို ငြင်းနေခြင်းပင် မဟုတ်ပါလား...
သို့ဆိုလျှင် သူမအဘိုး....
ထိုတခဏ၌ သူမ အလွန်စိတ်ဓာတ်ကျသွားတော့သည်။
ထိုစဉ် လောထျန်းက လက်ဖက်ရည်ခွက် နှစ်ခွက်ကို ယူလာပြီး စားပွဲပေါ် ချပေးလာ၏။
" မင်းတို့နှစ်ယောက် ၊ ရေနွေးကြမ်း သောက်လိုက်ကြဦး ။ ဒီရေနွေးကြမ်းက တော်တော်ကောင်းတယ်ကွ "
အမှန်တွင်မူ ထိုလူများဆီမှ သတင်းသာ မနှိုက်လိုပါက လောထျန်း ရေနွေးကြမ်းကို တိုက်မိမည်မဟုတ်ပါချေ ။
တဖက်မှ အဘိုးအိုက အောင့်သက်သက် ပြုံးရှာသည်။
လောထျန်းက သူ့အသက်ကို ကယ်ရန် သဘောမတူခဲ့ပေရာ.. သူ့အား မကယ်လိုဆိုသည့် သဘောပါပင် ။
သို့ဆိုလျှင် သူ ဤခရီးမှ ဘာအကျိုးအမြတ်မှ မရတော့ပါချေ။
ထိုသို့တွေးရင်း အဘိုးအို စိတ်သက်သာရာ ရသွား၏။
ထို့နောက် သူ လောထျန်းအား ဦးညွှတ်၍ ပြောလိုက်သည်။
" ခုလို ကြင်နာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ကြီး "
ပြောပြီးသည်နှင့် စိတ်ထဲမှ တင်းကျပ်မှုများလည်း ပြေလျော့သွားပြီး.. စိတ်အေးလက်အေးဖြင့် ရေနွေးကြမ်းခွက်ကို ယူကာ သောက်လိုက်၏။
၎င်းမှာ သူ့ဘဝ၏ နောက်ဆုံးရေနွေးကြမ်းခွက် ဖြစ်သွားနိုင်ပါသည်။
သို့သော် ..
ဝီ ...
ရေနွေးကြမ်းခွက်ကို သောက်လိုက်သည်နှင့် သူ့ကိုယ်ထဲ၌ အသက်အစွမ်းများ တမဟုတ်ချင်း တိုးပွားလာသည်ကို အဘိုးအို ခံစားမိလိုက်ရသည်။
အစပိုင်းတွင် ခြောက်ကပ်နေခဲ့သော သူ့ကိုယ်ထဲမှ မာရီတျန် များလည်း အလွန်လျင်မြန်သောနှုန်းဖြင့် ပြန်ကောင်းလာကြ၏။
" ဘယ်လိုဖြစ်ပြီးတော့... "
ထိုတခဏ၌ သူ အလွန်တုန်လှုပ်သွားပါတော့သည်။
" အဘိုး.. "
တဖက်မှ ချင်းလေးမှာလည်း တစ်စုံတစ်ခု ပုံမှန်မဟုတ်သည်ကို သတိထားမိပြီး ချက်ချင်း လှည့်ကြည့်လာ၏။
ထိုစဥ်တွင် သူမအဘိုး မျက်နှာထက်မှ အိုမင်းနေသ
ည့် အသွင်က အလျင်အမြန်ပင် ပျောက်ကွယ်လာသည်ကို မြင်လိုက်ရပါသည်။
သူ့ဆံပင်ဖြူများကလည်း ပြန်နက်လာပြီး... မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်း သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်ပုံ ဖြစ်သွား၏။
" ဒါ.. ဘယ်လိုဖြစ်ပြီးတော့... "
ချင်းလေး မျက်လုံးပြုးသွားကာ စကားမဆိုနိုင်လောက်အောင်ပင် တုန်လှုပ်သွားသည်။
ထိုစဥ် အဘိုးအိုမှာလည်း မည်သို့ဖြစ်နေသည်ကို နားလည်သွားပါ၏။
သူ ခေါင်းငုံ့၍ လက်ထဲမှ ရေနွေးကြမ်းခွက်ကို ကြည့်ကာ တုန်လှုပ်စွာ ဆိုလိုက်သည်။
" ဒါ.. တကယ်တော့ မသေမျိုးဆေးရည်ပဲ ။ ဒါ .. မသေမျိုးရေနွေးကြမ်းလား.. "
ထို့နောက် သူ လောထျန်းရှေ့တွင် ဘုတ်ခနဲ ဒူးထောက်ချပြီး ပြားပြားဝပ် အရိုအသေပေးလိုက်၏။
" ကျုပ်ကို မသေမျိုးဆေးရည် ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ကြီးရယ် "
သူ့ဘေးမှ ချင်းလေးသည်လည်း အလားတူပင် မြေကြီးပေါ် ဒူးထောက်၍ အားပါးတရ ငိုကြွေးလိုက်သည်။
တဖက်မှ လောထျန်းမှာမူ.. သူတို့နှစ်ယောက်ကိုကြည့်ရင်း အလွန်ခေါင်းရှုပ်နေပါတော့၏။
" မသေမျိုးဆေးရည်.. ဟုတ်လား ၊ ဒီ ရေနွေးကြမ်းကို ပြောနေတာလား "
သူ ပြောကာ လက်ထဲမှ ရေနွေးကြမ်းခွက်အား တအံ့တသြ ကြည့်လိုက်သည် ။
သူ အရသာကောင်းသည်ဟုသာ ထင်ခဲ့သော ရေနွေးက အမှန်တွင် မသေမျိုးဆေးရည် ဖြစ်နေခဲ့သတဲ့လား...
၎င်းက မည်သို့သော အဆင့်မျိုးရှိသည့် မသေမျိုးဆေးရည်ပါနည်း ။
အဘိုးအိုမှာလည်း လောထျန်း၏ စကားကြောင့် အံ့
အားသင့်သွားဟန် တူပါ၏။
" ဟုတ်တယ်ဗျ ၊ အဲ့ဒါ မသေမျိုးဆေးရည်ပဲ ။ အဲ့ဆေးရည်က သေခါနီး လူတစ်ယောက်ကိုတောင် ဘဝသစ်ကို ပေးနိုင်ပြီးတော့ သက်တမ်းကိုလဲ နှစ်ဆတိုးသွားစေတယ် ။ အဲ့ဒါ တကယ့်ကို ထူးခြားလွန်းတဲ့ ဆေးရည်ပါပဲဗျာ "
သူ့စကားကို ကြားပြီးမှသာ ၎င်းက မည်မျှအစွမ်းထက်ကြောင်း လောထျန်း နားလည်သွားပါတော့သည်။
" ဟိုလက်ဖက်ပင်ကို... နောက်တစ်ခါ မရရအောင် ဖမ်းရမယ် "
သူ့ စိတ်ထဲမှ ကြိတ်ပြီး ဆုံးဖြတ်ချက် ချလိုက်၏။
" သခင်ကြီးက ကျုပ်ကို ခုလိုအဖိုးတန်လှတဲ့ ဆေးရည်မျိုးကို ထုတ်ပေးခဲ့တာ.. ကျုပ် ဘယ်လိုကျေးဇူးပြန်ရမှန်းတောင် မသိတော့ပါဘူး ။ သခင်ကြီး ကျုပ်ကို ဘယ်လိုရည်ရွယ်ချက်နဲ့ ကူညီပေးခဲ့တာလဲဆိုတာလေး သိလို့ရမလားဗျာ "
အဘိုးအို အချိန်အတန်ကြာ စဥ်းစားနေပြီးနောက်မှ အံကြိတ်၍ မေးလိုက်သည်။
လောကကြီးတွင် ဘယ်အရာကိုမှ အလကား မရသည်ကို သူ သိထားသည် မဟုတ်ပါလား ။
တဖက်လူသည် သူ့အား အဖိုးတန်လှသော ဆေးရည်ကို ပေးခဲ့သည်ဖြစ်ရာ.. တောင်းဆိုမှုများ ရှိလာလျှင်ပင် သဘာဝကျပါသည်။
သူ့စိတ်ထဲတွင်လည်း ကြိုပြင်ဆင်ထားလိုက်ပါ၏။
သူ့စကားကို ကြားသောအခါ လောထျန်း ခေါင်းညိတ်သည်။
" ခင်ဗျားက အဲ့လို မေးလာမှတော့.. ကျုပ် တကယ်လဲ ခင်ဗျားကို မေးချင်တာတွေရှိတယ် "
" မေးပါသခင်ကြီး "
အဘိုးအိုမှာ အနည်းငယ် ကြောက်ရွံ့နေသည့်တိုင် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
သူက တဖက်လူ၏ ဆေးရည်ကို သောက်ပြီးသွားခဲ့ပြီ မဟုတ်ပါလား ...
" ကျုပ် သိချင်တာ နည်းနည်းပါ ။ အရင်ဆုံး... ခင်ဗျားဆီမှာ အပေါ်ကမ္ဘာရဲ့ မြေပုံရှိလား "
လောထျန်း မေးလာ၏။
" အင်... "
အဘိုးအို မှင်သက်သွားရတော့သည်။
၎င်းကို မေးနေစရာပင် လိုနေပါသေးလား..
ထိုစဥ်မှာပင် လောထျန်းက သူ့အား ထူးထူးဆန်းဆန်း ကြည့်လာသဖြင့် အဘိုးအို ချက်ချင်းခေါင်းငုံ့သွားကာ ပြန်ပြောလိုက်၏။
" လောလောဆယ်တော့ ကျုပ်ဆီမှာ မရှိပါဘူး သခင်ကြီး ။ ဒါပေမယ့် ကျုပ်ရဲ့ ဂိုဏ်းထဲမှာတော့ ရှိပါတယ် ။ သခင်ကြီး စောင့်နိုင်တယ်ဆိုရင် ကျုပ် ဒီတစ်ခေါက် ဂိုဏ်းဆီပြန်ရောက်တာနဲ့ ချက်ချင်းလူလွှတ်ပြီး ပို့ခိုင်းလိုက်ပါ့မယ် "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ကောင်းပါပြီ "
တဖက်မှ အဘိုးအို စိတ်သက်သာရာ ရသွားဟန်ဖြင့်
သက်ပြင်းချ၏။
လောထျန်း၏ စကားအရဆိုလျှင်.. သူ ပြန်၍ရသည်ဆိုသည့် သဘောပါပင် ။
ထိုစဥ် လောထျန်းက ဆက်မေးလာသည်။
" ဒုတိယတစ်ခုက... ကောင်းကင်ဘုံစင်မြင့်ကို ဘယ်လိုသန့်စင်ရတာလဲ "
" ကောင်းကင်ဘုံစင်မြင့်... ဟုတ်လား "
အဘိုးအို ထပ်ပြီး အံ့သြသွားရပြန်ကာ... ရိုးရိုးသားသား အမှန်တိုင်းပင် ဖြေလိုက်၏။
" အဲ့ဒါတော့ ကျုပ်လဲ မသိပါဘူး သခင်ကြီး ။ ဒါပေမယ့်.. ကျုပ် သခင်ကြီးအတွက် သတင်းရှာပေးလို့ ရပါတယ် "
လောထျန်း ခေါင်းညိတ်လိုက်ပြန်သည်။
" ကောင်းပြီ ။ နောက် တတိယတစ်ခုက ကျုပ်ကို ပစ္စည်းနှစ်ခုနဲ့ ပတ်သက်တဲ့သတင်းကို ရှာပေးပါ ။ တစ်ခုက ဖီးနစ်မီးတောက်ကိုးသွယ် စိတ်ဝိဥာဥ်သစ်ပင် နဲ့ နောက်တစ်ခုက မျောလွင့်တိမ်တိုက် ငှက်မွေး "
သူ တစ်ယောက်တည်းအစွမ်းဖြင့် ထိုကိစ္စများအားလုံးကို လုပ်ရန်မှာ မလွယ်နိုင်ပါချေ။
တဖက်လူသည် အပေါ်ကမ္ဘာမှ ဖြစ်ပြီး ၊ ရာထူးအင်အားလည်း အတန်အသင့် ကြီးဟန်တူပေရာ.. ထိုသို့ သတင်းစုခြင်း ကိစ္စများအား သူ့ကို လွှဲပေးလိုက်ခြင်းက အသင့်လျော်ဆုံးဖြစ်သည်ဟု လောထျန်း တွေးလိုက်ပါ၏။