အခန်း (၇၆၈)
Vol. 55 Ch. 768
အဘိုးအို ခေါင်းငုံ့သွားကာ တီးတိုးပြန်ပြောလိုက်သည်။
" ဟုတ်ကဲ့ ၊ ကျုပ် ပြန်ရောက်တာနဲ့ လူလွှတ်ပြီးတော့ သေချာစုံစမ်းလိုက်ပါမယ် သခင်ကြီး "
လောထျန်း ခေါင်းညိတ်လိုက်၏။
" ကောင်းပြီ ။ အဲ့ဒါပါပဲ.... အားလုံးကို မြန်နိုင်သမျှ မြန်မြန်သာ လုပ်ပေးပါ "
အဘိုးအို အံ့အားသင့်သွားကာ အံ့သြတကြီး မေးလာသည်။
" အခု.. ကျုပ်တို့ ပြန်သွားလို့ ရပြီလားဗျ "
လောထျန်းက သူ့အား ပြန်ကြည့်၏။
" အဲ့ဒါတော့ ခင်ဗျားတို့ သဘောလေဗျာ
အဘိုးအို ချက်ချင်း ဦးညွှတ်လိုက်သည်။
" ဒါဆိုရင် ကျုပ်တို့ကို သွားခွင့်ပြုပါဦး သခင်ကြီး ။ စိတ်မပူပါနဲ့ဗျာ... တခြားဟာတွေကိုတော့ အာမ မခံ
နိုင်ပေမယ့် ၊ မြေပုံကို မနက်ဖြန်ရောက်လာအောင် ပို့ပေးပါမယ် "
လောထျန်း ခေါင်းညိတ်၍ လက်ပြနှုတ်ဆက်လိုက်၏။
ထို့နောက်တွင် အဘိုးအိုက ထပ်၍ ဦးညွှတ်အရိုအသေပေးပြီးမှ သူ့မြေးမလေးနှင့်အတူ ထွက်သွားကြတော့သည်။
သူတို့နှစ်ယောက်လုံးမှာ ထျန်းကျီတောင်မှ အပြန်လမ်းတလျှောက်လုံးတွင် အသံတိတ်နေကြပြီး.. တောင်ဧရိယာ အပြင်သို့ရောက်မှ ချင်းလေးတစ်ယောက် သက်ပြင်းချလိုက်၏။
ယခု သူတို့ ထျန်းကျီတောင်မှ ထွက်လာပြီဖြစ်ရာ အနည်းငယ် စိတ်အေးရလေပြီ ။
ထို့နောက် လူလတ်ပိုင်းအရွယ်လို ပြန်ဖြစ်နေသော သူမ၏အဘိုးကို လှည့်ကြည့်ရင်း ချင်းလေး ပျော်ရွှင်သွားသည်။
" အဘိုး ၊ အဲ့လူက အဘိုးပြောခဲ့တဲ့ ထျန်းကျီတောင်သခင်ကြီး ဆိုတာလား "
သူမ မေးလိုက်သည်။
အဘိုးအိုက သူ့မြေးမကို တစ်ချက်လှည့်ကြည့်ရင်း အောင့်သက်သက်အပြုံးဖြင့် ပြော၏။
" ဒါလွေမသေမျိုးသစ်ပင်ကို အိမ်အဖြစ် ဆောက်ထားပြီးတော့ မသေမျိုးရေနွေးကြမ်းကို ဒီတိုင်း ဘာမဟုတ်သလို ထုတ်တိုက်နေမှတော့.. ဒီတားမြစ်နယ်မြေရဲ့ သခင်ကြီးကလွဲပြီး တခြား ဘယ်သူဖြစ်နိုင်ဦးမှာလဲကွာ "
ချင်းလေး နားမလည်နိုင်စွာ ဆက်မေးသည်။
" ဒါပေမယ့်... ကောလဟလတွေအတိုင်းဆိုရင် သက်ရှိတွေအတွက် တားမြစ်နယ်မြေတွေအားလုံးက သခင်ကြီးတွေက အင်မတန်ရက်စက်ပြီး ကြမ်းကြုတ်ကြတယ်ဆို ။ အခု ဒီလူကျတော့... "
အဘိုးအို မျက်နှာကြီးသုန်မှုန်သွားကာ အချိန်အတန်ကြာ စဥ်းစားနေပြီးမှ ခေါင်းယမ်း၍ ပြန်ပြော၏။
" တကယ်တော့ အဘိုးလဲ အဲ့ဒါကို နားမလည်နိုင် ဖြစ်
နေတာကွဲ့ "
ချင်းလေးက သူမအဘိုးကို ကြည့်ကာ ချက်ချင်းအပြုံးဖြင့် ဆိုသည်။
" ဘယ်လိုပဲဖြစ်ဖြစ် ၊ အဘိုးက မသေမျိုးရေနွေးကြမ်းကို သောက်ရပြီး သက်တမ်းကို ပြန်ဆွဲဆန့်နိုင်ခဲ့ပြီလေ ။ ဒါ ပျော်စရာပဲပေါ့ "
သို့သော် အဘိုးအိုက သက်ပြင်းချ၍ ပြော၏။
" အဘိုးထင်တာတော့... ဒါ ကောင်းတဲ့ကိစ္စ ဟုတ်ချင်မှဟုတ်မှာကွ "
" ဟင်.. ဘာကိုဆိုလိုတာလဲ အဘိုး "
ချင်းလေး သိချင်စိတ်ပြင်းစွာ မေးလိုက်သည်။
အဘိုးအိုက အဓိပ္ပါယ်ထော်ရန်ခက်သော မျက်နှာထားဖြင့် ပြန်ပြောသည်။
" ဒီလို သက်ရှိတွေအတွက် တားမြစ်နယ်မြေကို ဒီကမ္ဘာမှာရှိတဲ့ အဖွဲ့တွေအားလုံး လက်မခံကြတာ မင်းလဲသိတာပဲ ။ အဲ့တော့ တကယ်လို့သာ အဘိုးတို့ ထျန်းကျီတောင်ဆီ ရောက်ခဲ့မှန်း အပြင်လူတွေ သိသွားကြရင် .... အခြေအနေက ကောင်းမယ်မထင်ဘူး "
ချင်းလေးမှာလည်း ထိုအချိန်မှ ပြဿနာကို သတိထားမိကာ အလန့်တကြား မေးသည်။
" ဒါဆို အခု ဘာဆက်လုပ်ကြမလဲ အဘိုး ။ ခုချိန်ကစပြီးတော့ ထျန်းကျီတောင်နဲ့ ဆက်မပတ်သက်ဘဲ နေကြမလား "
အဘိုးအိုက ကူကယ်ရာမဲ့စွာ ပြော၏။
" အဲ့လိုလုပ်လို့ ဘယ်ရမှာလဲကွာ ။ အဘိုးက သူတို့ဆီကနေ မသေမျိုးဆေးရည်ကို ယူခဲ့တာဆိုတော့ သူတောင်းဆိုတာကို ပြန်လုပ်ပေးဖို့ တာဝန်ရှိသွားပြီလေ ။ အဲ့လိုလူတစ်ယောက်ကိုသာ စော်ကားလိုက်ရင် သူက အဘိုးကို ဒီတိုင်းလွတ်ပေးမယ် ထင်လို့လား "
ထိုစဥ် ချင်းလေးခေါင်းထဲသို့ ဒါလွေမသေမျိုးသစ်ပင်အား ထွင်းထားသည့်အကြောင်း ဝင်လာကာ ရုတ်ချည်း တုန်လှုပ်သွားသည်။
ထိုသို့သော သူတစ်ယောက်ကို ရန်သူ အဖြစ်ခံ၍ လုံးဝမရပါချေ။
ထိုစဥ်မှလည်း သူမ၏အဘိုးက အဘယ့်ကြောင့် မျက်နှာပျက်နေသည်ကို ချင်းလေး နားလည်လိုက်ခြင်းပင် ။
ကိစ္စများက သူမ ထင်ထားသည်ထက် ရှုပ်ထွေးနေပါလား...
" ထားပါလေ ... လောလောဆယ် ဒါတွေကို တွေးနေလို့လဲ အသုံးမဝင်ပါဘူး ။ သခင်ကြီးက အဘိုးတို့ကို လုပ်ခိုင်းတဲ့အလုပ်တွေက တအားကြီး မခက်တာ ကံကောင်းတာပဲ ။ အဲ့တော့ လောလောဆယ် အဲ့ဒါတွေကို ပြီးအောင်လုပ်ဖို့ပဲ အာရုံစိုက်ကြတာပေါ့ ။ နောက်ကို အပြောင်းအလဲ တစ်ခုခု ရှိလာရင်လဲ... အဲ့ကျမှ ပြောကြတာပေါ့ "
အဘိုးအို ပြောကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။
ချင်းလေးကလည်း ခေါင်းသာညိတ်လိုက်ပြီး ဘာစကားမှ ထပ်မပြောတော့ချေ။
တဖက်... ထျန်းကျီတောင်ပေါ်တွင် ...
လောထျန်းသည် မြေးအဘိုးနှစ်ယောက်ကို
နှုတ်ဆက်ပြီးနောက် ... လေထဲ ပျံတက်ကာ မသေမျိုးလက်ဖက်ပင်ကို ကြိုးစားရှာကြည့်လိုက်သည်။
သို့သော် သူ ဘာအစအနလေးကိုမှ ရှာမတွေ့ခဲ့ပါ။
အစောပိုင်းက သူ လက်ဖက်ပင်အား ခြောက်လှန့်လိုက်သလို ဖြစ်သွားခဲ့သည်မှာ အသိသာပါပင် ။
သူ စိတ်ပျက်လက်ပျက် ခေါင်းယမ်း၍ အခြားဘက်သို့သာ အကြည့်လွှဲလိုက်ရ၏။
" ဒီနေရာမှာ မသေမျိုးစွမ်းအင်တွေ ကြွယ်ဝတယ်ဆိုပေမယ့် မသေမျိုးစွမ်းအင်သွေးကြောတွေ လုံးဝ မရှိပါလား ။ အဆင့်နိမ့် စိတ်စွမ်းအင်သွေးကြောတောင် မရှိဘူး ။ အဲ့တော့ ထိပ်တန်းအဆင့် အဖွဲ့တစ်ခု တည်ထောင်ဖို့ဆိုရင် ဒါနဲ့ အလုပ်ဖြစ်မှာမဟုတ်ဘူး ။ စိတ်စွမ်းအင်သွေးကြော တွေနဲ့ မသေမျိုးစွမ်းအင်သွေးကြော တွေ စုမှဖြစ်မယ် "
လောထျန်း တွေးကာ သူ့ခြံဝင်းဆီသို့ ချက်ချင်း ပြန်သွားလိုက်ပြီး.. တိတ်တဆိတ် ကျင့်ကြံ၍ မသေမျိုးစွမ်းအင်သွေးကြော နှင့် စိတ်စွမ်းအင်သွေးကြော
များကို မြေကြီးထဲမှ ခေါ်ထုတ်လိုက်တော့သည်။
ဝုန်း ...
လောထျန်း စတင်ကျင့်ကြံလိုက်ချိန်မှာပင်.. မိုင်ပေါင်းသန်းချီဝေးသော တစ်နေရာရှိ ရေအိုင်ကြီးတစ်ခုအောက်မှ ...ဧရာမလက်ကြီးတစ်ခု တိုးထွက်လာ၏။
" ဟင်.... ဒါ.. လူအသွင်ပြောင်း စိတ်စွမ်းအင်သွေးကြော မဟုတ်လား "
" ဘယ်လို... တကယ်ကြီး လူအသွင်ပြောင်း စိတ်စွမ်းအင်သွေးကြော ပါလားကွ ။ သူက ဒဏ်ရာအပြင်းထန် ရထားခဲ့လို့ ကမ္ဘာကြီးထဲ ပေါ်မလာတာ နှစ်တွေသန်းချီပြီး ကြာသွားခဲ့ပြီ မဟုတ်ဘူးလား ။ အခု... ဒဏ်ရာတွေကနေ ပြန်ကောင်းသွားလို့များလား "
" မဟုတ်ဘူးကွ ... ကြည့်လိုက်ဦး ၊ သူ့ကိုယ်မှာ ဒဏ်ရာရှိနေသေးတယ် "
ရေအိုင်ကြီးဘေးတွင် ကျင့်ကြံနေကြသော ကျင့်ကြံသူများစွာပင် အလွန်အံ့အားသင့်သွားကြတော့သည်။
ထိုစဥ် လူအသွင်ပြောင်း မသေမျိုးစွမ်းအင်သွေးကြောက လေထဲ သုံး၊လေးပတ်မျှ လှည့်ပတ်ပျံသန်းလိုက်ပြီးနောက် ထျန်းကျီတောင် ရှိရာဘက်သို့ ဦးတည်ပျံသန်းသွား၏။
" ဟင်... ဒီကောင်ကြီးက ထျန်းကျီတောင်ဘက်ကို တကယ်ကြီး ပျံသွားတာလား ။ မဟုတ်မှလွဲရော.. သူ လက်တုန့်ပြန်ချင်လို့လား မသိဘူး "
" ငါလဲ မပြောတတ်ဘူး ။ ဒါပေမယ့် ထျန်းကျီတောင်က အဲ့ဒါကို အခွင့်ကောင်းယူနေတာတော့ နှစ်တွေအများကြီး ကြာလှပြီ ။ ကြည့်ရတာ အဲ့မှာ တစ်ခုခု ဖြစ်သွားတယ်နဲ့တူတယ် "
ပြောနေရင်း လူများ၏ မျက်နှာထားများ ပြောင်းသွားကြသည်။
ထျန်းကျီတောင်သည် သက်ရှိများအတွက် တားမြစ်
နယ်မြေတစ်ခု ဖြစ်ပြီး...
ထိုနေရာတွင်သာ တစ်စုံတရာ ဖြစ်သွားပါက... ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေနိုင်လောက်သည့် အရာဖြစ်မည်မှာ သေချာပါသည်။
အမှန်တွင်မူ... ထို မသေမျိုးစွမ်းအင်သွေးကြော တစ်ခုတည်းမကဘဲ ၊ ထျန်းကျီတောင် ဘေးပတ်လည် မိုင်ပေါင်းသန်းချီ ဧရိယာအတွင်း တုန်လှုပ်စရာ အပြောင်းအလဲကြီးများ ဖြစ်နေပါ၏။
မရေမတွက်နိုင်သော စိတ်စွမ်းအင်သွေးကြောနှင့် မသေမျိုးစွမ်းအင်သွေးကြော များစွာပင် လေထဲပျံတက်ကာ ထျန်းကျီတောင်သို့ ဦးတည်သွားနေကြသည်။
ထိုထူးဆန်းလှသော မြင်ကွင်းက မရေမတွက်နိုင်သော အဖွဲ့များ၏ အာရုံကို ဆွဲဆောင်လိုက်နိုင်သည်မှာ သဘာဝပင် ။
တစ်နေရာရှိ မသေမျိုးဂိတ်တံခါးတစ်ခု၌...
" ဘိုးဘေး ၊ မကောင်းတာ တစ်ခုခုတော့ ဖြစ်နေပြီဗျ "
သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က အထိတ်တလန့် ဖြစ်နေသော မျက်နှာကြီးဖြင့် သူတို့ဂိုဏ်း၏ တားမြစ်နယ်မြေထဲသို့ ပြေးဝင်လာသည်။
သို့သော် အဘိုးအိုမှာလည်း အဖြစ်ပျက်များကို မြင်ထားပြီးဟန်တူကာ မျက်နှာတည်ကြီးဖြင့် ပြော၏။
" ထျန်းကျီတောင် .. ငါ မြင်ပြီးသွားပြီ ။ ဟိုကောင်ကြီးက မသေသေးဘူးလား "
" ကျုပ်တို့ ဘာဆက်လုပ်မလဲ ဘိုးဘေး "
သက်လတ်ပိုင်းအရွယ် လူကြီးက မျက်နှာမသာမယာဖြင့် မေးလိုက်သည်။
ဘိုးဘေး သက်ပြင်းချ၏။
" ငါ့လို ကောင်းကင်ဘုံမသေမျိုး အဆင့်ပဲရှိတဲ့ သူတစ်ယောက်က ဘာလုပ်လို့ရမှာလဲကွာ ။ ဒီကိစ္စက ငါတို့ဝင်ပါလို့ရတဲ့ ကိစ္စမဟုတ်ဘူး "
" ဒါ... "
သူ့စကားကြောင့် သက်လတ်ပိုင်းအရွယ်လူကြီး ပို၍ ကြောက်ရွံ့သွားတော့သည်။
အဘိုးအိုက သူ့ကိုတစ်ချက်ကြည့်ကာ ပြော၏။
" ဂိုဏ်းသားတွေအားလုံးကို ပြောလိုက်ကွာ ။ ခုချိိန်ကစပြီးတော့ ထျန်းကျီတောင် အနားကိုတောင် မကပ်ရဘူးလို့ ။ အဲ့မှာဖြစ်တဲ့ကိစ္စတွေက ငါတို့ထိန်းချုပ်နိုင်တဲ့ဟာ မဟုတ်ဘူး ။ အဲ့ကိစ္စတွေကို ဒါယွိနိုင်ငံကပဲ ကိုင်တွယ်ပါစေ "
" ဟုတ်ကဲ့ "
သက်လတ်ပိုင်းအရွယ်လူကြီး ပြန်ပြောလိုက်သည်။
အခြားတဖက် လျှို့ဝှက်နေရာတစ်ခုတွင် ...
ဝုန်း ...
လူသတ်အရိပ်အငွေ့ အပြည့်ဖြင့် လူကြီးတစ်ယောက်က ကျင့်ကြံခြင်း အဆင့်တက်သွားသည့်အတွက် အသံကျယ်ဖြင့် အော်ဟစ်လိုက်၏။
" ထျန်းကျီတောင်ပါလား ... ဟိုကောင်ကြီးက တကယ်ကို မသေသေးဘူးပဲ ။ ငါတို့ ဒါယွိနိုင်ငံ မ
ငြိမ်းချမ်းတော့ဘူး ။ မြန်နိုင်သမျှမြန်မြန် နောက်ဆုတ်ကြမှ ဖြစ်မယ် "
လူကြီးက ထိုသို့တွေးကာ စကားတစ်ခွန်းမှ မဆိုဘဲ နောက်လှည့်ထွက်သွားလိုက်သည်။
ထျန်းကျီတောင် မြောက်ဘက် ၊ မိုင်သန်းချီဝေးသော နေရာတွင် သူတို့ ဒါယွိနိုင်ငံ၏ မြို့တော် ရှိပါ၏။
ဝုန်း...
ထို မြို့တော်အောက်မှ မသေမျိုးစွမ်းအင်သွေးကြော သုံးခုတို့မှာ မငြိမ်မသက် ဖြစ်လာကြကာ.. ထွက်ပြေးချင်နေကြသလို ဖြစ်လာသည်။
ထိုစဥ်မှာပင်..
ဧရာမလက်ဝါးကြီးတစ်ခု ကောင်းကင်ယံမှ ကျလာပြီး ထို မသေမျိုးစွမ်းအင်သွေးကြော သုံးခုအား ဖိနှိပ်လာ၏။
" ဘိုးဘေး ၊ ဘာတွေ ဖြစ်နေတာလဲဗျ "
ထိုစဥ် နန်းတော်ထဲမှ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က လေထဲပျံတက်ကာ ဟင်းလင်းပြင်လေထုဘက် ဦးညွှတ်၍ ဆိုလိုက်သည်။
တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင်လေထုထဲမှ လူတစ်ယောက် ထွက်လာ၏။
ထိုလူ တစ်ကိုယ်လုံးမှာ မသေမျိုးစွမ်းအင်များ ပြည့်နေပြီး အစွမ်းထက်သော မသေမျိုးဘုရင်တစ်ယောက်အသွင် ရှိပါသည်။
" ငါလဲ မသိဘူးကွ ၊ ဒါပေမယ့်.... ထျန်းကျီတောင်နဲ့တော့ တစ်ခုခု ပတ်သက်မယ် "
" ထျန်းကျီတောင် ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ ဟိုကောင်ကြီးက သေသွားပြီ မဟုတ်ဘူးလားဗျ "
သက်လတ်ပိုင်းအရွယ် လူကြီး တုန်လှုပ်သွားသည်။
မသေမျိုးဘုရင်က ခေါင်းယမ်း၍ ပြန်ပြော၏။
" ငါ သိသလောက်တော့ မဟုတ်ဘူးကွ ။ အဲ့ကောင်ကြီးကို လွယ်လွယ်သတ်ဖို့ မဖြစ်နိုင်ဘူး "
" ဘယ်လို ... "
သက်လတ်ပိုင်းအရွယ်လူကြီး တုန်လှုပ်သွားရပြန်သည်။