အခန်း (၇၆၅)
Vol. 55 Ch. 765
လောထျန်း ထိုသို့ပြောပြီးနောက် ကောင်းကင်ဘုံတံခါးထဲသို့ ဝင်သွားလိုက်တော့သည်။
သူ့ဘေးမှ လေထု ပြောင်းလဲသွားပြီး စည်းမျဥ်းအစွမ်းများလည်း သက်ဝင်လှုပ်ရှားလာ၏။
၎င်းကို ကြည့်ရင်း ထိုအဖြစ်မျိုးအား ကြုံဖူးထားခဲ့သလို လောထျန်း ခံစားလိုက်ရသည် ။
သို့သော် ဘယ်တုန်းက ကြုံဖူးခဲ့သည်ကိုမူ သူ ပြန်စဥ်းစား၍ မရပါ ။
(စာစစ်သူ - အထက်ဘုံက ဘိုးဘေးကြီး နေကိုးစင်းခြင်္သေ့မင်းကို ခွေးတကောင်လိုရိုက်ခဲ့တုန်းကလေ)
ထို့နောက်တွင်... ဘေးပတ်ဝန်းကျင်လေထု ရုတ်တရက် တည်ငြိမ်သွားပြီး ...
ဝုန်း ..
လောထျန်း တောအုပ်ကြီးတစ်ခုထဲသို့ ရောက်သွားသည်။
သူရှေ့ မျက်စိတစ်ဆုံးတွင် မိုးထိုးနေသော သစ်ပင်အိုကြီးများ ပြွတ်သိပ်စွာပင် ရှိနေကြပြီး မြေပြင်တစ်ခုလုံး သစ်ပင်ရိပ်များဖြင့် အုပ်ဆိုင်းနေ၏။
လေထုမှာလည်း သိပ်သည်းလွန်း၍ ဘေးပတ်ဝန်းကျင်တစ်ခုလုံး မြူမှုန်များဖြင့် အုံ့မှိုင်းလျက် ...
လောထျန်း ထိုမြင်ကွင်းကိုကြည့်ရင်း မနေနိုင်ဘဲ ရေရွတ်မိသွားသည်။
" အပေါ်ကမ္ဘာ ဆိုတဲ့အတိုင်းပါပဲလား.. ။ ဒီတိုင်း ကျပန်းရောက်လာတဲ့ နေရာကတောင် ပျောင်ပိုင်မြို့က လျှို့ဝှက်ဒေသထက် မသေမျိုးစွမ်းအင်တွေ ပိုသိပ်သည်းနေသေးတယ် "
ထို့နောက် သူ ဘေးဘီသို့လှည့်ကြည့်၍ အသံကျယ်ဖြင့် အော်မေးလိုက်၏။
" ဘယ်သူရှိကြလဲ "
သူ့အော်သံကျယ်က တောင်တန်းများနှင့် တောအုပ်များဆီသို့ ပဲ့တင်ထပ်သွားသော်လည်း မည်သည့်တုန့်
ပြန်သံမှ ပြန်ထွက်မလာပါချေ။
" ဟာ... ငါ သူလူမရှိတဲ့ နေရာကိုများ တက်လာခဲ့မိတာလား "
လောထျန်း အံ့သြသွားရပါသည်။
" ဒါပေမယ့် အဲ့လိုကလဲ ကောင်းတာပါပဲလေ ။ ငါ့ကို ဘယ်သူကမှ မနှောင့်ယှက်နိုင်တော့ အေးအေးဆေးဆေး စဥ်းစားလို့ရတာပေါ့ "
သူ တစ်ကိုယ်တည်း ရေရွတ်လိုက်၏။
" အခု အပေါ်ကမ္ဘာကို ရောက်ပြီဆိုတော့ လုပ်စရာတွေ အများကြီးရှိတယ် ။ အရင်ဆုံးကတော့.. ငါ့အစွမ်းကို တိုးတက်အောင်လုပ်ဖို့ပဲ ။ ဒီတော့ ဟိုရတနာနှစ်ခုကို ရှာမှဖြစ်မယ် "
" ပြီးရင်... ကိုယ်ပိုင်အဖွဲ့တစ်ခု ဖွဲ့ပြီးတော့ ကောင်းကင်ဘုံစင်မြင့်ကို လုပ်ရမယ် ။ အဲ့ကျမှ အောက်ကမ္ဘာကို ပြန်ဆင်းပြီးတော့ ထျန်းယွမ်ကမ္ဘာက သူတွေလဲ အပေါ်ကမ္ဘာကို အလွယ်တကူ တက်နိုင်ကြမှာ "
" နောက်ဆုံးကတော့.... လက်ချောင်းရိုးရဲ့ တခြားအရိုးတွေရဲ့ ဇစ်မြစ်ကိုရှာပြီး လက်တုန့်ပြန်ရမယ် "
လောထျန်း လုပ်စရာများကို ခေါင်းထဲ အစီစဥ်ဆွဲလိုက်သည် ။
" ဒါပေမယ့်... အဲ့သုံးခုထဲမှာ ဘယ်ဟာကို အရင်ဦးစားပေးပြီး လုပ်ရမလဲဆိုတာ ရှိသေးတယ် ။ ဥပမာ.. လက်ချောင်းအရိုးကို ရှာဖို့ကိစ္စက ငါ့ရဲ့ကျင့်ကြံခြင်း အဆင့်နည်းနည်းတက်လာတဲ့အထိ ဒီတိုင်း ခဏထားထားရမှာ "
" ကျင့်ကြံခြင်းအဆင့်တက်ဖို့ ရတနာကို ရှာတာနဲ့ အဖွဲ့တည်ထောင်တာကိုတော့ တစ်ချိန်တည်း လုပ်လို့ရပါတယ်လေ "
ထို့နောက်တွင် လောထျန်း မျက်လုံးမှိတ်လိုက်ပြီး.. သူ့ စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်၍ ဘေးပတ်ဝန်းကျင်တဝိုက်ကို စစ်ဆေးကြည့်လိုက်သည်။
မိုင်သောင်းချီ အကျယ်အဝန်းအတွင်း ရှိနေသည့် အရာများအားလုံး သူ့မြင်ကွင်းထဲသို့ တမဟုတ်ချင်း
ပေါ်လာကြ၏။
" အင်း.. မိုင်တစ်ထောင်အတွင်းမှာတော့ ဒီနေရာက မသေမျိုးစွမ်းအင် အကြွယ်ဝဆုံးပဲ ။ ကြည့်ရတာ ဒီတောင်ကို မြင့်မြတ်နယ်မြေလို့တောင် သတ်မှတ်လို့ရတယ်နဲ့ တူတယ် ။ အဲ့တော့ အဖွဲ့သစ်အတွက် နေရာကို ဒီမှာပဲ သတ်မှတ်လိုက်မယ်ကွာ "
လောထျန်း စိတ်ထဲမှကြိတ်၍ ဆုံးဖြတ်လိုက်သည်။
" အရင်ဆုံး... နေစရာ နေရာတစ်ခု ရှာရမယ် "
သူ တွေးကာ ဘေးဘီသို့ တစ်ချက်ထပ်ကြည့်လိုက်သည်။ ထိုစဥ် တောင်ထိပ်တစ်ခုမှ မသေမျိုးစွမ်းအင်များကို ထုတ်လွှတ်နေကာ ဖြောင့်လွန်းသည့် သစ်ပင်အို ဆယ့်နှစ်ပင်အား သူ ရုတ်တရက် သတိထားမိသွား၏။
" အပေါ်ကမ္ဘာတော့ တကယ်ကို အံ့သြစရာပါပဲ ။ သစ်ပင်တွေကတောင် မသေမျိုးစွမ်းအင်ကို ထုတ်လွှတ်နေကြတာ "
သူ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိပြန်သည်။
ထို့နောက်တွင် .
သူ ထိုသစ်ပင်များရှေ့သို့ တည်နေရာရွှေ့ပြောင်းသွား၏။
" ဒီသစ်ပင်တွေကိုသာ ခုတ်လိုက်ရင် အိမ်တစ်လုံးတော့ ဆောက်လို့ရသွားပြီ "
လောထျန်း တွေးကာ ဟင်းလင်းပြင်လက်စွပ်ထဲမှ ဓားတစ်လက်ကို ထုတ်၍ သစ်ပင်အိုတစ်ပင်အား ခုတ်ဖြတ်လိုက်သည်။
သို့သော် သူ့ဓားချက်က မသေမျိုးသစ်ပင်၏ သုံးပုံတစ်ပုံလောက်ကိုသာ ဖြတ်လိုက်နိုင်ပါ၏။
လောထျန်း အမှန်တကယ်ပင် အံ့အားသင့်သွားရသည်။
ထိုဓားချက်တွင် သူ့အစွမ်းအပြည့်ကို မသုံးခဲ့သည့်တိုင်.. ၎င်းက အတော်အားပြင်းသည်ဟု ပြော၍ရပါသည်။
" ဒီ အပေါ်ကမ္ဘာကတော့ တကယ်ပါပဲကွာ ... သဘာဝအရင်းမြစ်တွေလဲ ပေါလိုက်တာ "
လောထျန်း သက်ပြင်းထပ်ချလိုက်ပြီးနောက် နောက်ဓားချက်တစ်ချက်ဖြင့် သစ်ပင်အား ခုတ်ဖြတ်လိုက်၏။
ပြီးနောက် ထိုနည်းအတိုင်းပင် ကျန်သစ်ပင်အို ဆယ့်တစ်ပင်ကိုလည်း ဆက်ခုတ်လိုက်သည်။
" ရသွားပြီ "
ဤသို့ဖြင့် မကြာခင်မှာပင်.. လောထျန်းတစ်ယောက် တောင်ပေါ်ရှိ မြေပြန့်နေရာသို့ ရောက်လာပြီး သစ်ပင်အိုများကို မြေပြင်တွင်ချကာ သူနေဖို့ အိမ်တစ်လုံး စဆောက်နေတော့သည်။
သူသည် စစချင်းတွင် အကြိမ်အနည်းငယ် ဖြစ်သလိုကြိုးစား ဆောက်ကြည့်လိုက်သေးသော်လည်း ၊ သူ ထိုအပိုင်းတွင် လုံးဝ ပါရမီ မပါသည်ကို မကြာခင်ပင် သိလိုက်ရပါ၏။
ဝုန်း ..
သူ ဆောက်ထားသော အိမ်များမှာ ကြာကြာမခံဘဲ
သူ့အလိုလို ပြိုကျနေကြပါသည်။
ထိုတခဏ၌ လောထျန်း အနည်းငယ် ဒေါသထွက်လာတော့သည်။
" ချီး... အဲ့လောက်ကိစ္စသေးသေးလေးကိုတောင် မလုပ်နိုင်ဘူးလားကွာ "
သူ မျက်မှောင်အနည်းငယ် ကြုံ့သွား၏။
သို့သော် တခဏအကြာမှာပင် သူ တစ်ခုကို တွေးမိကာ လက်ခုပ်တီးလိုက်သည်။
" ဟုတ်သားပဲ... စဥ်းစားပုံကို ပြောင်းလိုက်မယ် ။ လက်နက်သန့်စင်နည်းကို သုံးပြီးတော့ အိမ်ဆောက်ကြည့်ရင်ရော မရနိုင်ဘူးလား "
သူ ထိုသို့တွေးကာ ချက်ချင်းလှုပ်ရှားလိုက်သည်။
ဝုန်း...
ထို့နောက် လက်နက်သန့်စင်နည်းအတိုင်း သစ်သားစများကို စတင်ပေါင်းစည်းလိုက်၏။
ထိုသို့ လုပ်နေစဥ်တွင်လည်း အိမ်ကို တောင့်တင်းစေရန်အတွက် သစ်ပင်အိုများထဲသို့ ကောင်းကင်နှင့်မြေကြီး စည်းမျဥ်းများ ထည့်သွင်းလိုက်ပြီးနောက်... အစီအမံအစွမ်းဖြင့် ခိုင်မြဲအောင် တုပ်နှောင်လိုက်သည်။
ဤသို့ဖြင့် သူ အချိန်အတန်ကြာ အလုပ်ရှုပ်နေပြီးနောက်တွင်ကား... ယခုတစ်ခေါက် ထွက်လာသည့်အိမ်က ပြိုလဲမသွားတော့ပါချေ။
သို့သော်... ၎င်းက အလွန်ရုပ်ဆိုးလှပါသည်။
" ဟူး ... တကယ်ဆို ငါ ပျောင်ပိုင်မြို့က လူနည်းနည်းလောက်ကို ခေါ်လာခဲ့သင့်တာကွာ ။ ထားပါလေ.. အခုမှတော့ ဘာမှမထူးတော့ပါဘူး ။ ကောင်းကင်ဘုံစင်မြင့်ကို မြန်နိုင်သမျှ မြန်မြန်လုပ်ပြီးတော့ ထျန်းယွမ်ကမ္ဘာကလူတွေ စိတ်ကြိုက်တက်လာနိုင်အောင် လုပ်မှဖြစ်မယ် "
လောထျန်း တွေးနေပြီးနောက် ဘေးသို့လှည့်မိလိုက်ရာ မြေပြင်တွင် သစ်ကိုင်းငယ်များနှင့် သစ်ရွက်များ ပုံနေသည်ကို မြင်လိုက်ရသည်။
" ဒါတွေကို အလေလွင့် အဖြစ်ခံလို့ မရဘူး ။ ဒါတွေနဲ့ ခြံစည်းရိုး လုပ်လိုက်မယ်ကွာ "
လောထျန်း ပြောပြီးနောက် သစ်ကိုင်းများကို သုံး၍ ခြံဝင်းတစ်ခု ခတ်လိုက်တော့သည်။
ထိုသို့ လုပ်နေစဥ်တွင်လည်း လောထျန်းပုံမှာ ကိုးယို့ကားယား နိုင်လှပြီး သစ်ကိုင်းများအား လှလှပပ အစီစဥ်တကျ မစီတတ်ပါချေ။
သူ အားလုံးပြီးသွားချိန်တွင်မူ... နေဝင်ချိိန်ပင် ရောက်သွားခဲ့လေပြီ ။
လောထျန်း ခေါင်းကုတ်၍ သက်ပြင်းချလိုက်၏။
" ဗိုက်တောင် ဆာလာပြီကွာ... တစ်ခုခု စားရမယ် "
လက်ရှိ သူ့အစွမ်းမှာ အဆင့်မနိမ့်ပေရာ အမှန်တွင် သူ အစားမစားဘဲ နေ၍ရပါသည်။
သို့သော် ဘဝကြီးကိုအရသာကို ခံစားတတ်သည့် လောထျန်းမှာ အစား တစ်နပ်လေးပင် အလွတ်ခံတတ်သူတစ်ယောက် မဟုတ်ပါ ။
သို့သော်... ဟင်းလင်းပြင်လက်စွပ်ကို ထုတ်၍ စားစရာ ရှာလိုက်ချိန်တွင်မူ.. သူ မှင်သက်သွားရပါသည်။
" ဟာ... သွားပါပြီကွာ ။ ငါ လောလောနဲ့ တက်လာခဲ့ရတော့ အစားအသောက် ပြင်ဖို့ မေ့ခဲ့တယ် "
လောထျန်း မျက်နှာချက်ချင်းပျက်သွား၏။
အရသာရှိသော အစားအသောက်လေး နည်းနည်းပင် စားစရာမရှိခြင်းက ညှင်းပမ်းနှိပ်စက်ခံရခြင်းနှင့် ဘာခြားပါမည်နည်း ။
သူ ဘာလုပ်ရပါမည်လဲ...
တောင်အောက်ဆင်းပြီး စားစရာ ရှာရမည်လား..
သို့သော်.. ဘေးပတ်ပတ်လည် မိုင်ထောင်ချီ အကွာအဝေးအတွင်း၌ မြို့ကြီးများလည်း တစ်ခုမှ ရှိဟန်မတူပါ ။
သူ ထို့ထက်ဝေးဝေးသို့ ဆက်သွားကြည့်ရတော့မည့်ပုံပါပင် ။
လောထျန်း စိတ်ပျက်လက်ပျက်ဟန်ဖြင့် ခေါင်းယမ်း၍ သက်ပြင်းချလိုက်ပြီးနောက်.. ထွက်ခွာရန် ပြင်လိုက်၏။
သို့သော် ထိုစဥ်မှာပင်..
ဝီ ...
တောင်ပေါ်ရှိ တောအုပ်တစ်နေရာမှ မသေမျိုးအလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ရုတ်တရက် ထိုးတက်သွားသည်။
" ဟင်... အဲ့ဒါ... "
လောထျန်း အံ့အားသင့်သွားကာ ထိုအလင်းတန်း ရှိရာဆီသို့ တည်နေရာရွှေ့ပြောင်းသွားလိုက်သည်။
ဝှစ်...
လောထျန်း ပြန်ပေါ်လာချိန် ခေါင်းမော့ကြည့်လိုက်ရာ... တောင်အတွင်းပိုင်းနေရာ၌ မရေမတွက်နိုင်သော မသေမျိုးစိတ်ဝိဥာဥ်များစွာက တစ်နေရာ
တည်း စုဝေးနေကြသည်ကို မြင်လိုက်ရသည်။
" ဒါ... "
လောထျန်း အံ့အားသင့်သွားရပြန်ပါ၏။
" အပေါ်ကမ္ဘာက တကယ်ကို ထူးခြားတာပဲ ။ သစ်ပင်တွေကတောင် သူတို့ဟာသူတို့ ကျင့်ကြံနိုင်ကြတယ် "
လောထျန်း တွေးပြီး ရှေးဟောင်းသစ်ပင်အိုတစ်ပင်အား ကြည့်လိုက်သည်။
ထိုစဥ်မှာပင် သူ့နှာခေါင်းထဲသို့ မွှေးပျံ့သော ရနံ့တစ်ခု လွင့်ပျံ့လာပါသည်။
" အနံ့လေးက မွှေးလိုက်တာ "
လောထျန်း ချက်ချင်း စိတ်တက်ကြွသွား၏။
ဂလွီ..
သူ့ဗိုက်ထဲမှလည်း မြည်သံပေးလာသည်။
" အနံ့ရတော့ ပိုပြီးတောင် ဗိုက်ဆာလာပြီကွာ ။ ဒီအနံ့က ဘယ်ကရောက်လာတာလဲ "
လောထျန်း တံတွေးမြိုချကာ ဘေးဘီသို့ ဝေ့ဝဲရှာကြည့်လိုက်သည်။
ထို့နောက်.. သူ အနံ့ထွက်လာသည့်နေရာကို တွေ့သွားပါ၏။
၎င်းမှာ မသေမျိုးစွမ်းအင် ထုတ်လွှတ်နေသော သစ်ပင်အို ခပ်ပုပုတစ်ပင်မှ ဖြစ်ပါသည်။
" မင်းလား.... ငါ အဲ့လိုတော့ မလုပ်ချင်ပါဘူးကွာ ။ ဒါပေမယ့် အခု ဗိုက်ကလဲ ဆာနေပြီ ၊ မင်းကလဲ အနံ့တော်တော်မွှေးတာဆိုတော့... လာကွာ "
လောထျန်း ပြောပြီး သစ်ပင်ကို ဖမ်းဆုပ်ရန် လက်လှမ်းလိုက်၏။
ဝီ ...
သစ်ပင်အို ကျင့်ကြံနေစဥ်တွင် ...
ဝုန်း...
ကောင်းကင်ယံမှ ရွှေရောင်လက်ကြီးတစ်ဖက် ကျလာသည်။