အချိန်မြစ်ရှည်
Vol. 55 Ch. 758
" ဒါ... "
နတ်ဆိုးအရိပ်ကြီး တခဏမျှ မှင်သက်သွားတော့သည်။
သို့သော် ထို့နောက်တွင် သူ ဒေါသထွက်သွားပါ၏။
အောက်ကမ္ဘာမှ ဘာမဟုတ်သော ကောင်လေးတစ်ယောက်က သူ့အား အနည်းငယ် ကြောက်စိတ်ဝင်သွားအောင်ပင် လုပ်နေနိုင်သတဲ့လား ...
မည်မျှ ရှက်စရာကောင်းလိုက်ပါသနည်း ။
" ကောင်လေး ၊ မင်းလိုကောင်ကများ ငါ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့လေ။ အဲ့လိုဆိုမှတော့လဲ ဒီနေ့ မင်းနဲ့ မင်းရဲ့လူတွေကိုတင် မကဘူး ၊ ထျန်းယွမ်ကမ္ဘာတစ်ခုလုံးကို သတ်ပစ်ရတော့မှာပေါ့ "
နတ်ဆိုးအရိပ် အံကြိတ်၍ ပြောလိုက်သည်။
သို့သော်... ထိုစကားများက လောထျန်းအား ပိုဒေါသထွက်အောင် လုပ်လိုက်သလို ဖြစ်သွားကြောင်းကိုမူ.. သူ မသိလိုက်ပါ ။
" သေစမ်းကွာ "
ဝုန်း ...
ထို့နောက်တွင်မူ ... လောထျန်းက ရှေ့သို့ ရုတ်တရက်ခုန်ထွက်လာကာ.. အဆုံးမဲ့သော လူသတ်အရိပ်အငွေ့များဖြင့် နတ်ဆိုးအရိပ်ကြီးဆီ ပြေးဝင်လာသည်။
" ဟမ့်... မင်းက ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့လေ ။ ကောင်းတယ်ကွာ.. မင်းကို သတ်ပြီးသွားရင် ဒါယွမ်ကျောက်ပြားကို ယူပြီး မဟာလမ်းစဥ်ကို ရသွားတော့မှာ "
နတ်ဆိုးအရိပ် ပြောကာ လောထျန်းဆီ လက်လှမ်းလိုက်သည်။
နတ်ဆိုးအစွမ်းများ လွှမ်းခြုံထားသော နတ်ဆိုးလက်သည်းချွန်များက လောထျန်း၏ ခေါင်းပေါ် အုပ်မိုးလာ၏။
သို့သော် လောထျန်းက မည်သည့်သိုင်းကွက်ကိုမှ သုံး၍ မခုခံဘဲ ရှေ့သို့သာ ဆက်ပြေးဝင်လာသည်။
" ဟား ဟား.. မင်း ရူးသွားပြီလား ။ သနားစရာ ကောင်းလိုက်တာကွာ... ဒေါသတစ်ခုတည်းနဲ့ အလုပ်ဖြစ်နေရင် ဘာလို့ ကျင့်ကြံစရာ လိုနေဦးမှာလဲကွ "
နတ်ဆိုးအရိပ်ကြီး စိတ်ထဲမှ ကြိတ်ရယ်လိုက်သည်။ ထိုစဥ်တွင် သူ့ နတ်ဆိုးလက်သည်းချွန်များကလည်း လောထျန်းအား ဖမ်းဆုပ်မိသွားပါ၏။
သူ လောထျန်းအား ထိုသို့ ဖမ်းမိသည်နှင့် ဖိခြေပြီး သတ်ရန် ပြင်လိုက်သော်လည်း ...
ဝုန်း ....
သူ့လက်သည်းကို အားသုံးပြီး ဆုပ်လိုက်သည့်တိုင် လောထျန်းကို မဖိခြေနိုင်ခဲ့ပါ ။
ထိုအစား.. သူ့လက်သည်းများကသာ လောထျန်း၏ လူသတ်အရိပ်အငွေ့ကြောင့် ပြိုကွဲသွားပါ၏။
" ဒါ.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
မိုယင် တုန်လှုပ်သွားရသည်။
အစောက တိုက်ခိုက်မှုတွင် သူ ဘာကိုမှ ထိန်းမထားဘဲ အစွမ်းကုန် သုံးခဲ့ခြင်း ဖြစ်ပါသည်။
ပုရွက်ဆိတ်လေး တစ်ကောင်ဟုသာ သူ ထင်ထားခဲ့သော တဖက်လူက သူ့လက်သည်းများကို ပျက်စီးသွားအောင် အမှန်တကယ် လုပ်နိုင်ခဲ့သတဲ့လား...
ထို့ထက်ပို ဆိုးသည်မှာ ထိုကောင်လေးက ဘာသိုင်းကွက်ကိုမှ မသုံးဘဲ လူသတ်အရိပ်အငွေ့ တစ်မျိုးတည်းကို သုံးပြီး သူ့လက်အား ဖျက်ဆီးလိုက်ခြင်းပါပင် ။
၎င်းမှာ မလွန်လွန်းဘူးလား...
သို့သော် လက်ရှိမှာ ထိုကိစ္စကို တွေးနေရန် အချိန်ကောင်း မဟုတ်ပါချေ ။
တဖက်မှ လောထျန်းက လူသတ်အရိပ်အငွေ့ အပြည့်
ဖြင့် သူ့ထံသို့ ဆက်ပြေးဝင်လာနေပါ၏။
" ကောင်လေး... ငါ့ကို လျှော့တွက်ဖို့ မစဥ်းစားနဲ့နော် "
နတ်ဆိုးအရိပ်ကြီး ဒေါသတကြီး အော်ကာ လက်နှစ်ဖက်ကို စုလိုက်သည်။ သူ့ခေါင်းပေါ်မှ မဟာနတ်ဆိုးအရိပ်ကြီးက အခြားအသွင်တစ်ခု ပြောင်းတော့မည့်ဟန်ဖြင့် တွန့်လိမ်လာ၏။
သို့သော်... သူ ထိုသိုင်းကွက်အား ပြီးအောင် မလုပ်လိုက်နိုင်ခင်မှာပင် ... လောထျန်းက သူ့အား ဝင်တိုက်လိုက်ပါသည်။
ဝုန်း ..
အသံကျယ်တစ်သံနှင့်အတူ နတ်ဆိုးအရိပ်၏ ခန္ဓာကိုယ်ရော ၊ သူ့ခေါင်းပေါ်မှ မဟာနတ်ဆိုးအရိပ်ကြီးပါ လောထျန်းကြောင့် အပိုင်းပိုင်း ပြိုကွဲသွားရတော့၏။
နတ်ဆိုးအရိပ် လုံးဝ ဖျက်ဆီးခံလိုက်ရလေပြီ ။
" မင်း.... "
ထိုစဥ် ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင်မှာလည်း ကိုယ်တိုင်ပင် သတိမထားမိဘဲ အနောက်ဘက် ပေထောင်ချီအကွာထိ ဆုတ်မိသွားပြီး ၊ လောထျန်းအား တုန်လှုပ်စွာ ကြည့်လာသည်။
သူသည်လည်း ယခင်က ကိုယ်ပွားပုံရိပ်ကိုသုံး၍ လောထျန်းအား တိုက်ခိုက်ခဲ့ဖူးပါ၏။
သူ မှတ်မိသလောက်ဆိုလျှင်.. လောထျန်းက အစွမ်းထက်သည် မှန်သော်လည်း ယခုလောက် အစွမ်းမထက်ပါချေ။
သူတို့ချင်း မတွေ့သည်မှာ ဤမျှ မကြာသေးပါဘဲ... ဘာတွေဖြစ်သွားခဲ့၍ ထိုကောင်လေးက ယခုလောက် အစွမ်းထက်လာရပါသနည်း ။
ထိုအချိန်တွင် လောထျန်းက သူ့ဘက်သို့ ရုတ်တရက် လှည့်ကြည့်လာသည်။
ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင်ဘေးရှိ လေထု မငြိမ်မသက် ဖြစ်သွား၏။
ထို့နောက်တွင်.. သူ တွန့်ဆုတ်မနေဘဲ လောထျန်းဆီသို့ လက်ညိုးညွှန်လိုက်သည်။
ဝီ ...
လောထျန်း၏ ဘေးပတ်လည်တွင် ထွင်းစာများ ပြွတ်သိပ်သွားပြီး ... သူ့အား ချုပ်နှောင်၍ ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲသို့ ဆွဲခေါ်သွားရန် အသင့်ဖြစ်နေတော့သည်။
သူသာ လောထျန်းအား ပြန်လည်မွေးဖွားခြင်းစက်ဝန်းအဆုံးသို့ ခေါ်သွားပြီး သူ့ခန္ဓာကိုယ် အစစ်ဆီသာ ပို့လိုက်ပါက ဒါယွမ်ကျောက်ပြားကို ရမည်ဟု ယုံကြည်ချက် အပြည့်ရှိပါ၏။
သို့သော်...
ဝုန်း...
တာအိုထွင်းစာများက လောထျန်းအနီး ရောက်သည်နှင့် ချက်ချင်းပြိုကွဲသွားကြပါသည်။
" ဒါ.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင် တုန်လှုပ်သွားရတော့သည်။
သူ လောထျန်းအား ဆွဲမခေါ်နိုင်ဘူး ဆိုလျှင်ပင် ယခုလို မဖြစ်သင့်ပါချေ ။
မဟုတ်မှလွဲရော... ထိုကောင်လေးက သူ့ခန္ဓာကိုယ် အစစ်နှင့် အစွမ်းတူနေပြီလား ..
သူ ထိုသို့ တွေးနေချိန်မှာပင် တဖက်မှ လောထျန်း လှုပ်ရှားသွားပါ၏။
ဝုန်း ...
လောထျန်းက ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင်ဘေးသို့ တမဟုတ်ချင်း ရောက်လာသည်။
" အား.... "
ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင်၏ မျက်နှာထား ချက်ချင်းပြောင်းသွားပြီးနောက် ... အစီအမံတစ်ခုကို ရုတ်တရက် လုပ်၍ ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲသို့ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော်... သူ အနည်းငယ်လေး နောက်ကျသွားခဲ့ပါ၏။
ဇွတ် ...
သူ့လက်တစ်ဖက်က လောထျန်း၏ ဆွဲဖြုတ်ခြင်းကို ခံလိုက်ရပြီး ကောင်းကင်ယံတခွင် အမည်းရောင်သွေးများ ပြန့်ကျဲသွားတော့သည်။
အား ....
တဖက်မှ ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင်မှာ ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲသို့ ထပ်ပြေးဝင်သွားပြီး လောထျန်းနှင့်သူ့ကြား အကွာအဝေးတစ်ခု ခြားထားရန် ကြိုးစားလိုက်၏။
သို့သော် သူ့လက်မှ နာကျင်မှုက ဆိုးရွားလှဆဲပါပင်..
" အချိန် ပြန်လှည့်စေ "
ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင်မှာ အံကြိတ်၍ အချိန်စည်းမျဥ်းအစွမ်းကို ချက်ချင်းသုံးကာ သူ့ဒဏ်ရာများမှ ပြန်သက်သာအောင် ကြိုးစားလိုက်သည်။
သို့သော် ...
လောထျန်းက လက်ညိုးညွှန်လိုက်ရာ.. တူညီသော အချိန်စည်းမျဥ်း အစွမ်းများထွက်လာပြီး သူ့အား အချိန်နောက်ပြန်မဆုတ်နိုင်အောင် တားလာပါ၏။
" မင်း... "
ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင် တုန်လှုပ်သွားကာ အလွန်လည်း ဒေါသထွက်သွားတော့သည်။
လက်ရှိ သူ၏ ကိုယ်ပွားပုံရိပ်မှာ ရှေးဟောင်းနတ်ဆိုးကမ္ဘာမှ လူအရေပြား ကိုယ်ပွားပုံရိပ်ထက် များစွာ ပိုအစွမ်းထက်ပါ၏။
သို့ဖြစ်ရာ သူ လက်ရှိသုံးနိုင်သော အချိန်စည်းမျဥ်း အစွမ်းကလည်း များစွာပိုအစွမ်းထက်ပါသည်။
သီအိုရီအရ ဆိုပါက... ၎င်းမှာ သူ မှတ်မိသော လောထျန်းအား ကိုင်တွယ်ရန်အတွက် လုံလောက်သည်ထက်ပင် ပိုပါသည်။
သို့သော် လက်ရှိတွင်မူ... လောထျန်း၏ အချိန်စည်းမျဥ်းကို ထိန်းချုပ်နိုင်စွမ်းက သူ့ထက် ပိုသာနေပါ၏။
သူတို့ချင်း မတွေ့ဖြစ်သည့် အချိန်တခဏလေးအတွင်း လောထျန်း၏ အချိန်စည်းမျဥ်းကို ထိန်းချုပ်နိုင်စွမ်းက ဤမျှ တိုးလာခဲ့သတဲ့လား ...
ထိုတခဏ၌ သူ လွန်စွာတုန်လှုပ်သွားတော့သည်။
ထို့နောက်.. လုံးဝ မတိုက်ခိုက်ရသေးသော လက်ချောင်းရိုးအရိပ်ဘက် သူ ရုတ်တရက်လှည့်ကာ ပြောလိုက်၏။
" မင်းက သူ့အစွမ်းကို သိထားခဲ့တာမို့လို့ အခုထိ မတိုက်ခိုက်သေးတာ မဟုတ်လား... "
လက်ချောင်းရိုးအရိပ်က သူ့ကို ပြန်ကြည့်ကာ အေးဆေးပင် ပြောသည်။
" ဒီကိစ္စက အဲ့လောက်မရိုးရှင်းဘူးလို့ ငါ ပြောခဲ့သားပဲကွာ ။ မင်းတို့တွေက နားမှမထောင်ခဲ့ကြတာ "
" မင်း... မင်း တော်တော်ရွံစရာကောင်းပါလားကွ ။ မင်း အပိုင်းပိုင်း အဖြတ်ခံရတာ မဆန်းတော့ဘူး "
ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင် ဒေါသထွက်သွားကာ ဆဲရေးလိုက်တော့သည်။
လက်ချောင်းရိုးအရိပ်က သဘောကျနေဟန်ဖြင့် ရယ်၏။
" မင်း လွဲနေပြီကွ ။ ငါက တခြားသူရဲ့ အပိုင်းပိုင်းဖြတ်တာကို ခံခဲ့ရတာမဟုတ်ဘူး ။ ငါ့ကိုယ်ငါ အပိုင်းပိုင်းဖြစ်အောင် လုပ်ခဲ့တာ "
သူ့စကားကြောင့် ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင် ခဏတာမျှ အံ့သြမှင်သက်သွားပြီးမှ ... တုန်လှုပ်စွာ ပြောလိုက်သည်။
" မင်း ... ဟိုလမ်းစဥ်ကို လျှောက်နေတာလား "
လက်ချောင်းရိုးအရိပ် ခေါင်းညိတ်ပြ၏။
" မင်း ခန့်မှန့်တာ မှန်သွားပြီ ။ ကမ္ဘာကြီးမှာ ဒါယွမ်ကျောက်ပြားတွေက နည်းနည်းလေးပဲရှိတာ ဆိုတော့ ငါ့ဘဝသက်တမ်းမှာ အဲ့ဒါကို ရဖို့အခွင့်အရေးက တော်တော်နည်းတယ်လေ ။ ဒါပေမယ့် ငါက ဒီအဆင့်မှာလဲ အမြဲတမ်းကြီး မနေချင်တာကြောင့်မို့ လောင်းကစားတစ်ခု လုပ်ခဲ့တာ ။ တကယ်လို့ ငါ ဒါယွမ်ကျောက်ပြားကို မရနိုင်ရင်တောင် ... ငါ့ရဲ့ အရိုးတစ်ခုစီတိုင်းကို ငါ့မူလခန္ဓာကိုယ်ရဲ့ အစွမ်းမျိုးရောက်အောင် ကျင့်ကြံနိုင်ရင်.... နောင်အနာဂါတ်မှာ အဲ့အရိုးတွေအားလုံး ပေါင်းစည်းလိုက်တဲ့အခါ ငါ မဟာတာအိုအစွမ်းကို ရပြီပေါ့ကွာ "
" အရူးပဲကွ ..။ မင်းက တကယ့်ကို အရူးပဲ "
ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင်မှာ ထိုစဥ်မှသာ လက်ချောင်းရိုးအရိပ်၏ ရူးသွပ်မှုကို သိလိုက်ရပါတော့၏။
" ဒါဆိုရင် ... မင်းက ဒီ ဒါယွမ်ကျောက်ပြားကို တကယ်ကြီး မလိုဘူးပေါ့ "
ထို့နောက် သူ တစ်ခုကို တွေးမိသွားကာ တအံ့တသြ မေးလိုက်သည်။
သို့သော် လက်ချောင်းရိုးအရိပ်က အပြုံးဖြင့် ပြန်ပြောလာ၏။
" တကယ်လို့ မင်းသာ အစွမ်းပြည့် ပုံစံဆိုရင်တော့ ငါ အဲ့လောက်အသည်းအသန် တိုက်ခိုက်မှာ မဟုတ်ဘူးကွ ။ ဒါပေမယ့်... ဟို အရူးနတ်ဆိုးကောင်က သူ့ကိုယ်သူ သိပ်တော်တယ်ထင်နေတော့... အခု သူ့ရဲ့ကိုယ်ပွားပုံရိပ်က ဖျက်ဆီးခံလိုက်ရပြီ ။ အဲ့တော့.. သူ့ရဲ့ ခန္ဓာကိုယ်အစစ်လဲ ရောက်မလာနိုင်တော့ဘူး "
" မင်းကလဲ အခု ဒဏ်ရာဆိုးဆိုးရွားရွား ရထားတာဆိုတော့ မင်းအစွမ်းက ပုံမှန်ရဲ့ တစ်ဝက်လောက်ပဲ ရှိတော့တာ "
" ဟို စိတ်ဝိဥာဥ်တစ်သောင်း သခင်ကြီးကိုလဲ စိတ်ပူစရာတော့ကောင်းတာမှန်တယ် ။ ဒါပေမယ့်.. သူ့ရဲ့ ကိုယ်ပွားပုံရိပ်က အသွင်မပေါ်လာခင်မှာတင်.. ဟိုကောင်လေးရဲ့ ဖျက်ဆီးတာကို ခံလိုက်ရတော့ သူ့အစီစဥ် မအောင်မြင်ဖြစ်သွားတဲ့ပုံပဲ ။ အဲ့တော့ အခု သူ ဘေးကပဲ ကြည့်နေရမှာ "
လက်ချောင်းရိုးအရိပ်က ပြောရင်း ဟင်းလင်းပြင်
လေထုထဲသို့ လှမ်းကြည့်လိုက်သည်။
ထိုအချိန်တွင် ဟင်းလင်းပြင်ထဲမှ အံကြိတ်သံတစ်ခုလည်း ထွက်လာပါ၏။
ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင်မှာ ထိုစဥ်မှ စိတ်ဝိဥာဥ်တစ်သောင်း သခင်ကြီးက တိတ်တဆိတ် ကြည့်နေသည်ကို သတိထားမိသွားသည်။
သူ့ ကိုယ်ပွားပုံရိပ်သည် လုံးဝ ဖျက်ဆီးခံထားရပြီး သူ အရံအနေဖြင့် စီစဥ်ထားသည့် အစီအစဥ်မှာလည်း ပျက်စီးသွားခဲ့ပြီဖြစ်သဖြင့်... လက်ရှိတွင် သူ ဆင်းလာ၍ မရပါချေ။
ထိုစဥ် လက်ချောင်းရိုးအရိပ်က အပြုံးဖြင့် စကားဆက်၏။
" မင်းတို့တွေအားလုံးက အဲ့လို အသုံးမကျကြတော့ ငါ မတိုက်ခိုက်ချင်ပေမယ့် တိုက်ခိုက်ရတော့မှာပေါ့ကွာ ။ ငါ သိချင်စိတ်လဲ ဖြစ်မိတယ် ။ လက်ရှိ ငါ့ရဲ့အစွမ်းနဲ့ ဒါယွမ်ကျောက်ပြားကိုသာ ပေါင်းစပ်လိုက်မယ်ဆိုရင် ..ငါက ဟိုးကမ္ဘာတည်စ အချိန်ကစပြီး...
အစွမ်းအထက်ဆုံး သူတစ်ယောက် ဖြစ်သွားမလားမသိဘူး "
" အဲ့လောက်ထိ စိတ်ကူးယဥ်မနေနဲ့ ။ ဘာပဲဖြစ်ဖြစ် မင်းက လက်ချောင်းရိုး ကိုယ်ပွားပုံရိပ် တစ်ခုပဲ ။ ဒီကောင်လေးကို မင်း အနိုင်ယူနိုင်မယ် ထင်လို့လား "
ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင်က ပြောလိုက်သည်။
လက်ချောင်းရိုးအရိပ် ခေါင်းယမ်းပြ၏။
" ဒီကောင်လေးက ဘယ်လို လူထူးဆန်းလဲ မသိပေမယ့်... သူ ဘယ်လောက်အစွမ်းထက်တယ် ဆိုတာကို ငါ ကြုံရပြီးပြီကွ ။ လောလောဆယ်တော့ ငါက သူ့ပြိုင်ဘက်မဟုတ်ဘူး "
" ဒါဆို.. မင်းက ဘယ်လိုတိုက်ခိုက်မှာလဲ "
ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင်က တအံ့တသြ ဆက်မေးလိုက်သည်။
လက်ချောင်းရိုးအရိပ်က အပြုံးဖြင့် ပြန်ပြော၏။
" ငါက အစတည်းက လက်ရှိအခြေအနေကို ပြည့်စုံအောင် ရည်ရွယ်ထားတာမဟုတ်ဘဲ.. ငါ့ရဲ့ အနာ
ဂါတ်အခြေအနေကိုသာ ပြည့်စုံအောင်လုပ်ဖို့ ရည်ရွယ်ထားတာလေ "
သူ ပြောပြီး လက်နောက်ပစ်လိုက်သည်။
" ငါ ကျိန်လိုက်မယ် ။ အနာဂါတ်မှာသာ ငါ မဟာတာအိုအစွမ်းကို ရခဲ့ရင် အခုချိန်ကို အချိန်နောက်ပြန်ဆုတ်ပြီးတော့ လောထျန်းကို သတ်မယ် "
သူ့စကား ဆုံးချိန်မှာပင် ....
အချိန်မြစ်ကြီးတစ်စင်း... ရုတ်တရက် ပေါ်လာပြီး ... ၎င်းမြစ်ကြီး၏ အဆုံးမှ ကာလကြာရှည် ဖြတ်ကျော်လာသော အစွမ်းတစ်ခုက တိုက်ခိုက်လာပါ၏။