အခန်း (၇၆၀)
Vol. 55 Ch. 760
အရှုပ်အထွေးခန္ဓာကိုယ် ပွင့်သွားသည်နှင့် အရှုပ်အထွေးလက်နက်ခြောက်ခုလုံး ပေါ်လာပြီး .. လောထျန်းက ၎င်းတို့အားလုံးကို လက်ထဲကိုင်ထားလိုက်သည်။
တာအိုစိတ်ဝိဥာဥ်အရိပ်ကလည်း လောထျန်းဘေး ဝန်းရံလာကာ အရှုပ်အထွေးထွင်းစာများ စုစည်းလာကြသည်။
" ဒီကောင်ရဲ့... အရှုပ်အထွေးခန္ဓာကိုယ်က အဲ့အဆင့်ထိတောင် ရောက်ထားပြီလား "
ခပ်လှမ်းလှမ်းရှိ ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင် တုန်လှုပ်သွားတော့သည်။
လက်ချောင်းရိုးအရိပ် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။
" မူလလမ်းစဥ်တွေထဲက တစ်ခုဖြစ်တဲ့ အရှုပ်အထွေး လမ်းစဥ် .... ဒါယွမ်ကျောက်ပြား မပါ
ဘဲနဲ့ အဲ့အဆင့်ထိကို ရောက်ထားနိုင်တာလား ။ ဒီကောင်လေးက အရှုပ်အထွေးခန္ဓာကိုယ်ကို အဲ့အဆင့်ရောက်အောင် တကယ်ကြီး ကျင့်ကြံထားနိုင်တာပဲ ။ ဒါယွမ်ကျောက်ပြားက ဒါ့ကြောင့်မို့ သူ့ကို ရွေးချယ်ခဲ့တာလား... ။ မယုံဘူး.. လုံးဝ မဖြစ်နိုင်ဘူးကွာ "
သူ ဒေါသတကြီး ပြောလိုက်သည် ။
သို့သော်.. လောထျန်းမှာကား ယခုမှ စနေတုန်းပင် ရှိပါသေးသည်။
" ထူးခြားစိတ်စွမ်းအင်ပင်လယ်... ပွင့်စေ "
လောထန်း ပြောပြီး လက်ဝါးနှစ်ဖက်ကို ထပ်စုလိုက်ပြန်၏။
ဝုန်း...
သူ့ခေါင်းပေါ်၌ ကြယ်ပင်လယ်ကြီးတစ်ခု ထပ်ပေါ်လာသည်။
" ဒါ... "
၎င်းကိုမြင်သောအခါ ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင် မျက်လုံးပြူးသွားတော့သည်။
၎င်းမှာ အစွမ်းထက်လှပေသည်။
တဖက်မှ လက်ချောင်းရိုးအရိပ်မှာကား သူနှင့်ဆန့်ကျင်ဘက် တည်ငြိမ်နေပါ၏။
ထိုအချိန်တွင် အနာဂါတ်မှ အစွမ်းကလည်း အချိန်မြစ်ရှည်ကို ဖြတ်လာနေလေပြီ ။
" လာလေ... အဲ့ဒါ ငါ့ရဲ့ အသက်ကယ်သိုင်းကွက်ပဲ ။ လောထျန်း... မင်း အဲ့သိုင်းကွက်ကို ခံနိုင်မလား ကြည့်ကြတာပေါ့ကွာ "
လက်ချောင်းရိုးအရိပ် အံကြိတ်ရင်း အော်လိုက်သည်။
ဝုန်း...
ထိုစဥ်မှာပင် အရှုပ်အထွေးလမ်းစဥ်များက လောထျန်းရှေ့ ရောက်လာပါ၏။
" ကောင်းကင်ဘုံစည်းမျဥ်း ခြောက်သွယ် "
လောထျန်းက အလွန်တည်သော မျက်နှာထားဖြင့် ရေရွတ်လိုက်ရာ.. သူ့လက် ခြောက်ဖက်လုံးက မတူညီသော သိုင်းကွက်များကို သုံးလိုက်ကြသည်။
ထိုလက်များထဲ၌ မဟာလမ်းစဥ်ခြောက်သွယ် စုစည်းလာ၏။
" သတ်ပစ်... "
ထို့နောက်တွင်.. လောထျန်း၏ ဒေါသတကြီး အော်သံနှင့်အတူ သူ့ခေါင်းထက်မှ ကြယ်ပင်လယ်ပြီး တလက်လက်တောက်လာကာ မဟာလမ်းစဥ်ခြောက်သွယ် ပါဝင်သော လက်ခြောက်ဖက်က လက်ချောင်းရိုးအရိပ်၏ အစွမ်းဆီသို့ တိုးဝင်သွား၏။
ဝုန်း...
ကမ္ဘာတုန်သွားစေသည့် မြည်သံကျယ်ကြီး ထွက်လာသည်။
ဝုန်း...
ထိုတခဏ၌ ထျန်းယွမ်ကမ္ဘာ တစ်ခုလုံး ပြိုကွဲသွားတော့မည့်အလား ပြင်းထန်စွာ တုန်ခါလာ၏။
ထိုတိုက်ခိုက်မှုအလယ်တွင် ရှိနေသော လောထျန်းက အရှုပ်အထွေးများကို အကောင်းဆုံးကြိုးစား၍ ခုခံပြီး ရှေ့သို့ ခက်ခက်ခဲခဲ ခြေလှမ်းလှမ်းလိုက်သည်။
သို့သော်... ထိုအဖြစ်ကပင် ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင်အား ပါးစပ်အဟောင်းသားဖြင့် မှင်သက်အောင် လုပ်လိုက်နိုင်ပါ၏။
" ဒီကောင်လေးက.... မဟာတာအို အရှုပ်အထွေးကို တကယ်ကြီး ဖိနှိပ်လိုက်နိုင်တာလား.. "
သူ လောထျန်းအား တုန်လှုပ်စွာ ကြည့်ရင်း ဘာပြောရမည်မသိ ဖြစ်နေတော့သည်။
လောထျန်းက မသိသော်လည်း ၊ အနာဂါတ်မှ လာခဲ့သည့် ပုန်ကန်ခြင်းလမ်းစဥ်က မည်သို့သော အစွမ်း
မျိုးရှိသည်ကို ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင် ကောင်းကောင်းကြီး သိပါ၏။
၎င်းမှာ ကမ္ဘာကြီးက ခွင့်ပြုသော အစွမ်းပမာဏ အကန့်အသတ်ကိုပင် ရောက်နေလေပြီ ။
အချိန်နောက်ပြန် လာခဲ့ရသည့်အတွက် ၎င်းအစွမ်းက မူလပမာဏ၏ ဆယ်ပုံတစ်ပုံသာ ရှိသည့်တိုင်...
ဟိုးရှေးခေတ်မှစ၍ ယနေ့ခေတ်အထိ ထိုဆယ်ပုံတစ်ပုံ အစွမ်းလေးကိုပင် ခုခံနိုင်သူ သိပ်မရှိလှပါ။
" ဒါ... ဘာမဟုတ်တဲ့ ထျန်းယွမ်ကမ္ဘာက လောထျန်းဆိုတဲ့ကောင်က အဲ့လိုအစွမ်းမျိုးကို တကယ်ကြီး ထုတ်နိုင်တာလား.. "
၎င်းက ဒါယွမ်ကျောက်ပြား ကြောင့်ပေလား...
သို့သော် သူနားလည်ထားသည့် အချက်အရ ထိုသို့ မဟုတ်ပါချေ ။
လောထျန်းက ထိုအဆင့်ရှိသည့် အစွမ်းကို ပိုင်ဆိုင်ထားခြင်းမှာ ... ဒါယွမ်ကျောက်ပြားက လုပ်နိုင်
သော ပမာဏထက်ပင် ကျော်လွန်နေပြီ ဖြစ်ပါသည် ။
သူ ထိုသို့တွေးနေစဥ်မှာပင် ... လောထျန်းလက်ထဲရှိ အရှုပ်အထွေး လက်နက်ခြောက်ခုမှ အရှုပ်အထွေး နတ်ဘုရားအလင်းတန်း ခြောက်သွယ် ဆက်တိုက်ထုတ်လွှတ်လာသည်။
ဝုန်း ...
အရှုပ်အထွေးစိတ်ဝိဥာဥ်အစစ် နှင့် လောထျန်းမှာလည်း တစ်သားတည်း ပေါင်းစပ်သွားကာ ... လောထျန်း၏အစွမ်း ထပ်တိုးလာပြန်၏။
" သေစမ်းကွာ "
ထိုစဥ် လောထျန်းက ဒေါသတကြီး အော်လိုက်ရာ လမ်းစဥ်ခြောက်သွယ် ပေါက်ကွဲထွက်သွားသည်။
ဝုန်း...
အသံကျယ် တစ်သံနှင့်အတူ ပြန်ပုန်ကန်ခြင်းလမ်းစ
ဥ်မှာ အချိန်မြစ်ရှည်ထဲသို့ ပြန်တွန်းပို့ခြင်း ခံလိုက်ရတော့၏။
" ဒီမအေ %$#$% "
ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင် လက်ယမ်း၍ ပြန်လည်မွေးဖွားခြင်း လေထုကိုဖွင့်ကာ အချိန်မရွေး ထွက်ပြေးနိုင်ရန် အသင့်ပြင်ထားလိုက်သည်။
ထိုစဥ် လေထဲရပ်နေသော လောထျန်းက လက်ခြောက်ဖက်လုံးဖြင့် လက်ချောင်းရိုးအရိပ်ကို ရွယ်ကာ ပြောလာသည်။
" မျိုးမစစ်ကောင်.. သေစမ်း "
လက်ချောင်းရိုးအရိပ်၏ ရုပ်သွင်မှာ မထင်ရှားသည့်တိုင် သူ့မျက်လုံးများမှ ကြောက်ရွံ့မှုအနည်းငယ် ရောထွေးနေသော ဒေါသငွေ့တို့ ထွက်နေသည်ကိုမူ မြင်ရပါသည်။
သူ သေချာစီစဥ်ထားသော တိုက်ခိုက်မှုက လောထျန်းနှင့် ထိပ်တိုက်ရင်ဆိုင်ရာတွင် ရှုံးနိမ့်သွားရမည်ဟု
သူ လုံးဝ မထင်ခဲ့ပါချေ။
လောထျန်းက ဤမျှ အစွမ်းထက်မည်ဟုလည်း သူ မျှော်လင့်မထားခဲ့ပါ ။
ယခုတွင်မူ... သူ့အတွက် လောထျန်းအား အနိုင်ယူရန် နည်းနှစ်ခုသာ ရှိပါတော့၏။
တစ်နည်းမှာ... နေရာစုံတွင် ပျံ့နှံ့နေသော အရိုးများကို တစ်ခုတည်းအဖြစ် စုစည်းရန်ဖြစ်ပြီး ..
ကျန်တစ်နည်းမှာကား... အနာဂါတ်မှ သူကိုယ်တိုင် အချိန်မြစ်ရှည်ကို ဖြတ်၍ ဤနေရာသို့ ရောက်လာရန် ဖြစ်ပါသည်။
သို့သော် ထိုနည်းနှစ်ခုလုံးမှာ လက်တွေ့မဆန်လှပါချေ။
ပထမနည်း အလုပ်ဖြစ်ရန်အတွက် သူ၏ အခြားအရိုးများက အကန့်အသတ် အကာအရံများကို ဖြတ်ကျော်ပြီး ဤနေရာသို့ ရောက်လာရန်မှာ မဖြစ်နိုင်ပါ ။
အကယ်၍ ၎င်းတို့က ရောက်လာနိုင်သည်ဆိုလျှင်ပင်.. ထိုသို့ အရိုးများအားလုံး ရောက်လာရန် အနည်းဆုံး သုံးနှစ်မှ ငါးနှစ်အထိ အချိန်ယူရမည် ဖြစ်ပါ၏။
လောထျန်းက ဤမျှ အချိန်အကြာကြီး စောင့်ပါမည်လား ...
ဒုတိယနည်းမှာ ပို၍ပင် ဆိုးပါသေးသည်။
သူသည် အချိန်လမ်းစဥ်ကို ကျင့်ကြံမထားဘဲ နောက်ပြန်လည်ခြင်းလမ်းစဥ် ကိုသာ ကျင့်ကြံထားပါ၏။
သို့ဖြစ်ရာ အနာဂါတ်မှ အစွမ်းကို ပို့လိုက်ခြင်းက ပြဿနာမရှိသော်လည်း ..
သူ့ခန္ဓာကိုယ်အစစ်ဖြင့် အချိန်မြစ်ရှည်အတွင်း ဆင်းလိုက်လျှင်မူ ... သူ ဤနေရာသို့ မရောက်ခင်မှာပင် သေသွားရပေလိမ့်မည်။
လက်ရှိတွင်.. ထိုနည်းနှစ်ခုလုံးက လမ်းဆုံးများ ဖြစ်နေပါ၏။
လက်ချောင်းရိုးအရိပ် သက်ပြင်းချလိုက်ပြီးနောက်.. လက်ယမ်းကာ ကောင်းကင်ယံ၌ တံခါးတစ်ခု ဖွင့်လိုက်တော့သည်။
" ဟင်... နောက်ဆုတ်တော့မယ်ပေါ့လေ "
ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင် တအံ့တသြ ရေရွတ်လိုက်၏။
လက်ချောင်းရိုးအရိပ်က ထိုမျှ ရိုးရှင်းသော အရာမျိုးကို လုပ်လိမ့်မည်ဟု သူ အမှန်တကယ် ထင်မထားခဲ့ပါ ။
သို့သော် ထိုစဥ်မှာပင် .
ဝုန်း ...
ပျောက်ကွယ်သွားခဲ့သော အချိန်မြစ်ရှည်ကြီးက ရုတ်တရက် ပြန်ပေါ်လာ၏။
" ဘယ်လိုဖြစ်ပြီး ... "
ဤတစ်ကြိမ်တွင်ကား လက်ချောင်းရိုးအရိပ် ကိုယ်တိုင်သည်ပင် အံ့အားသင့်သွားရတော့သည်။
သူ အချိန်မြစ်ရှည်အား လှည့်ကြည့်၍ တီးတိုးရေရွတ်လိုက်၏။
" ငါ ဘာမှလဲ မကျိန်လိုက်ပါဘူး .... ဘယ်သူက လုပ်နေတာလဲ "
ကျန်လူများလည်း အချိန်မြစ်ရှည်ကို လှည့်ကြည့်လိုက်ကြသည်။
ထို့နောက်တွင်မူ သူတို့အားလုံး သေချာမြင်လိုက်ရပါတော့၏။
ဝုန်း ..
ယခု လာနေသော အစွမ်းမှာ လက်ချောင်းရိုးအရိပ် ခေါ်ယူခဲ့သော အနာဂါတ်မှ အစွမ်းနှင့် အချိန်ချင်း တူမနေပါ ။
၎င်းက ထို့ထက်ပိုဝေးသော အနာဂါတ်မှ လာခဲ့ခြင်း
ဖြစ်ပါသည်။
ထို့အပြင် ယခုလာနေသည့် အစွမ်းမှာလည်း ပြန်ပုန်ကန်ခြင်းလမ်းစဥ် ဖြစ်ပြီး ယခင်တိုက်ခိုက်မှုထက် အဆများစွာ ပိုအစွမ်းထက်ပါ၏။
၎င်းကို မြင်သောအခါ ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင် ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
" မင်းရဲ့ အနာဂါတ်က တကယ်ကြီး အောင်မြင်သွားခဲ့တာလား.. ။ ဒါ... ရိုးရိုး ဉာဏ်အလင်းပွင့်ခြင်း မဟုတ်ဘူးကွ ။ မင်း... ဟိုအဆင့်ကို ရောက်သွားခဲ့ပြီ "
ထိုစဥ် ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင်က လက်ချောင်းရိုးအရိပ်ကို ကြည့်သောအကြည့်မှာလည်း ယခင်လို မဟုတ်တော့ပါချေ။
ထိုအဆင့်မှာ ကမ္ဘာ အကန့်အသတ် ပမာဏထက် များစွာ ကျော်လွန်နေခဲ့လေပြီ ။
ဟိုး ရှေးခတ်မှစ၍ ယနေ့ခေတ်အထိ ထိုအဆင့်
အောင်မြင်မှုကို ရခဲ့သူမှာ လက်တစ်ဖက်စာပင် မပြည့်ပါ ။
ထို အရူးကောင်က ဤမျှ အစွမ်းထက်သတဲ့လား...
သို့သော်.. လက်ချောင်းရိုးအရိပ်ကမူ ထို အနာဂါတ်မှလာသော တိုက်ခိုက်မှုကို ကြည့်ပြီး ပျော်ရွှင်ပုံ ပေါက်မနေပါ ။
" အမှန်တိုင်းပြောရရင် ... "
လက်ချောင်းရိုးအရိပ် အသက်ပြင်းပြင်း ရှိုက်လိုက်၏။
ထို့နောက် သူ ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင်ဘက် လှည့်ကြည့်ကာ ပြောလိုက်သည်။
" မင်းနဲ့ငါနဲ့ သိခဲ့ကြတာလဲ ကြာနေပြီဆိုတော့.. ငါ မင်းကို မြန်မြန်ထွက်သွားဖို့ အကြံပေးချင်တယ် "
" ဟင်... အဲ့တိုက်ခိုက်မှုရဲ့ အကျိုးဆက်ကို မင်း မခံနိုင်လို့ ကြားထဲမှာ ငါက ဒါယွမ်ကျောက်ပြားကို လုသွားမှာ ကြောက်လို့လား "
ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင် မေးလိုက်၏။
သို့သော် လက်ချောင်းရိုးအရိပ်က ခေါင်းယမ်း၍ ပြန်ပြောသည်။
" မဟုတ်ဘူးကွ ၊ ဒါယွမ်ကျောက်ပြားက ခုချိန်မှာ အဲ့လောက်အရေးမကြီးတော့ဘူး ။ ငါ့ရဲ့ ဒီ ကိုယ်ပွားပုံရိပ်ကလဲ ဒီမှာပဲသေဖို့ ဆုံးဖြတ်ချက် ချပြီးသွားပြီ "
" ဒါဆို ဘာဖြစ်လို့လဲ "
ပြန်လည်မွေးဖွားခြင်း အမှတ်အသားပိုင်ရှင် တုန်လှုပ်သွားတော့သည် ။
လက်ချောင်းရိုးအရိပ်က တည်တည်ငြိမ်ငြိမ်ပင် ပြော၏။
" ပိုဝေးတဲ့ အနာဂါတ်မှာ ငါ အဲ့အဆင့်ထိ ရောက်သွားခဲ့တာကို မင်းလဲ မြင်လိုက်ရတာပဲ ။ တကယ်ဆို ငါက ပြိုင်ဘက်ကင်း ဖြစ်နေသင့်တာလေ ။ ဒါပေမယ့် ငါက စွန့်စားပြီးတော့ အတိတ်ကိုပြန်သွားပြီး တိုက်ခိုက်ခဲ့တယ် ။ အဲ့လိုလုပ်ရတဲ့ အကြောင်းရင်း ဖြစ်နိုင်ချေ နှစ်ခုရှိတယ်ကွ "
" ပထမတစ်ခုက... ဒါယွမ်ကျောက်ပြားကို ယူဖို့ပဲ ။ ဒါပေမယ့် ပထမတိုက်ခိုက်မှု နှစ်ခုလုံးက မအောင်မြင်ခဲ့ဘူးဆိုတော့ ငါ အဲ့ချိန်ထိ ဒါယွမ်ကျောက်ပြားကို မရခဲ့ဘူးဆိုတဲ့ အဓိပ္ပါယ်ပဲလေ ။ ဒါပေမယ့် ပိုဝေးတဲ့အနာဂါတ်မှာ... ငါက အဲ့အဆင့်ကို တက်သွားနိုင်တဲ့အတွက် ဒါယွမ်ကျောက်ပြားက ငါ့အတွက် အရေးမကြီးတော့ဘူး "
" အဲ့တော့ တကယ့် အကြောင်းရင်းအစစ်က ဒုတိယတစ်ခုပဲ ဖြစ်နိုင်တယ် ။ အဲ့ဒါကတော့... အနာဂါတ်မှာ ငါ ဘယ်လိုမှ အနိုင်မယူနိုင်တဲ့ ရန်သူတစ်ယောက်နဲ့ ရင်ဆိုင်ရပြီးတော့.... အတိတ်က အဲ့လူကို သတ်ဖို့အတွက် အချိန်နောက်ပြန် သွားခဲ့ရတယ်ဆိုတဲ့ သဘောပဲ ။ ပြီးတော့.. အဲ့ရန်သူကလဲ သူပဲကွ "
သူ ပြောကာ လောထျန်းအား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။