အခန်း (၇၆၂)
Vol. 55 Ch. 762
" ဒါ... "
လောထျန်း မျက်ခုံးပင့်သွားရသည်။
ဆုမီတောင်သည် သဘာဝမှ ဖန်တီးထားသော မသေမျိုးလက်နက်တစ်ခု ဖြစ်ပြီး ... အံ့သြဖွယ် အစွမ်းမျိုး ရှိပါ၏။
ယခု... ၎င်းက ပြိုကျသွားပြီတဲ့လား...
" သခင်လေး "
ထိုစဉ် တတိယအကြီးအကဲက ပျောင်ပိုင်မြို့ထဲမှ ဒယိမ်းဒယိုင် ထွက်လာသည်။
" ဟင်... အကြီးအကဲ ၊ မြို့ထဲမှာ အခြေအနေ ဘယ်လိုရှိလဲ "
လောထျန်း စိုးရိမ်တကြီး မေးလိုက်၏။
တတိယအကြီးအကဲမှာ မျက်နှာတပြင်လုံး
သွေးဆုတ်ဖြူရော်နေပြီး နှုတ်ခမ်းထောင့်တွင်လည်း သွေးစအချို့ ရှိနေကာ ဒဏ်ရာရထားပုံပေါ်သည်။
လောထျန်းအမေးကို ကြားသည်နှင့် သူ မြန်မြန်ပင် ပြန်ပြော၏။
" စိတ်မပူပါနဲ့ သခင်လေး ။ ခုနတုန်းကတော့ အားပြင်းတဲ့ စွမ်းအင်အပြောင်းအလဲတွေ ဖြစ်သွားသေးတယ်.. ဒါပေမယ့် အများစုကို ဆုမီတောင်ကပဲ ကာကွယ်ပေးသွားတာ ။ မြို့ရဲ့ အစီအမံတွေ အားလုံးနီးပါးတော့ ပျက်စီးကုန်ကြပြီဗျ ။ ဒဏ်ရာရတဲ့သူတွေလဲ အများကြီးပဲ ။ ဒါပေမယ့်.. ဒဏ်ရာဆိုးဆိုးရွားရွား ရတဲ့သူတော့ သိပ်မရှိဘူး ၊ အသေအပျောက်လဲ မရှိသွားဘူး "
ထိုအချိန်မှ လောထျန်း စိတ်အေးသွားရသည်။
သို့သော် တခဏအကြာမှာပင် သူ တစ်ခုကို သတိရသွားပြီး အတွင်းကမ္ဘာငယ်ကို ဖွင့်၍ အားလုံးကို ထွက်ခိုင်းလိုက်သည်။
" ဟင်... သခင်လေးလောထျန်း ၊ ဘာတွေ ဖြစ်နေတာလဲ "
" အကိုထျန်း ၊ ရန်သူတွေ ဘယ်ရောက်သွားပြီလဲဗျ "
အားလုံး အလောတကြီး မေးလာကြ၏။
အထူးသဖြင့် ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ တဖက်ရန်သူက မည်မျှအစွမ်းထက်ကြောင်း ကောင်းကောင်းသိသည့်အတွက် အလွန်စိုးရိမ်နေသည့် မျက်နှာကြီး ဖြစ်နေသည်။
လောထျန်း တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောလိုက်သည်။
" အားလုံးကို ဖြေရှင်းပြီးသွားပြီ "
" ဟင်. "
အားလုံး တုန်လှုပ်ကုန်ကြ၏။
လောထျန်း လက်ကာပြ၍ ဆက်ပြောလိုက်သည်။
" အခု အဲ့ဒါကို စိတ်မပူပါနဲ့ဗျာ ။ အားလုံး ကိုယ့်ဂိုဏ်းကို ပြန်ပြီးတော့ အထိအခိုက် အပျက်အစီးတွေ ဘယ်လောက်ရှိလဲ စစ်ကြည့်လိုက်ကြဦး "
" ဒါ.. "
သခင်ကြီးထျန်းလုံတို့ လူစုမှာလည်း ထိုစဉ်မှသာ အတွေးရပြီး တည်နေရာရွှေ့ပြောင်းခြင်း အစီအမံကို သုံး၍ ချက်ချင်းပြန်သွားကြသည်။
နေ့တစ်ဝက်ခန့် ကြာသွားပြီးမှသာ သူတို့ ပြန်ရောက်လာကြ၏။
" အခြေအနေ ဘယ်လိုရှိလဲဗျ "
လောထျန်း မေးလိုက်သည်။
ယောင်ချီ နတ်ဘုရားသခင်မကြီးက ဦးစွာပြန်ဖြေ၏။
" ကျွန်မတို့ယောင်ချီရဲ့ လျှို့ဝှက်ဒေသက လုံးဝနီးပါး ဖျက်ဆီးခံလိုက်ရပြီ ။ ဂိုဏ်းသူ သုံးရာလဲ သေသွားခဲ့ပြီးတော့... ဒဏ်ရာရတဲ့သူတွေက မရေမတွက်နိုင်အောင်ပဲ "
ထိုသို့ ပြောနေစဉ်တွင် သူမ၏ မျက်လုံးများ အရောင်မှိန်နေပြီး တစ်ကိုယ်လုံးလည်း တုန်နေရှာသည်။
" ဝူလျန်နန်းတော်လဲ လုံးဝကို ပြာကျသွားခဲ့ပြီ ။ အသေအပျောက်က တစ်ရာကျော် ရှိပြီးတော့.. အားလုံးနီးပါးလဲ ဒဏ်ရာရသွားခဲ့ကြတယ် "
ချင်းဝူချုံ အံကြိတ်၍ ဆို၏။
" ထျန်းယွမ်ကျောင်းတော်ကတော့ အခြေအနေ နည်းနည်းပိုကောင်းတယ် ။ လေးယောက်ပဲ သေသွားခဲ့တာ ... ၊ ဒါပေမယ့် ကျုပ်တို့လက်အောက်က အဖွဲ့ခွဲတွေကတော့ ဆုံးရှုံးမှု တော်တော်ကြီးကြတယ် "
သခင်ကြီးထျန်းလုံ ခေတ္တမျှ စကားစရပ်လိုက်ပြီးမှ ဆက်ပြောသည်။
" ဒါပေမယ့်.. ကျုပ်တို့နဲ့ ယှဉ်လိုက်ရင် ကျန်တဲ့ ထျန်းယွမ်ကမ္ဘာရဲ့ အခြေအနေက အများကြီးပိုဆိုးတယ် ။ ကျုပ်တို့ဂိုဏ်းတွေက အကာအကွယ်အစီအမံတွေ ရှိသေးပေမယ့်.. တခြားနေရာတွေက မရှိကြဘူးလေ ။ အထူးသဖြင့်... သာမာန် အရပ်သားတွေပဲ "
" အားလုံးကို ပေါင်းလိုက်ရင်... အသေအပျောက် ပမာဏက ခန့်မှန်းချေ သန်းပေါင်း ရာနဲ့ချီမယ်ထင်တယ်... "
သန်းပေါင်းရာချီတဲ့လား ..
ကြားလိုက်ရသည့် အရေအတွက်ကြောင့် အားလုံး တုန်လှုပ်သွားကြတော့သည်။
လောထျန်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။
ထျန်းယွမ်ကမ္ဘာသခင်ကြီးက လောထျန်း၏ ဒေါသကို ခံစားမိသည့်အလား မြန်မြန်ဝင်ပြောသည်။
" ဒါပေမယ့်... ဒါ အကောင်းဆုံး ရလဒ်လို့ ပြောလို့ရတယ်ကွ ။ အရင်တစ်ခေါက် လက်ချောင်းရိုးအရိပ် နဲ့ တခြားသူတွေ တိုက်ခိုက်ခဲ့တုန်းကဆိုရင် အသေအပျောက်က ခုထက် အနည်းဆုံး အဆတစ်ရာ ၊ တစ်ထောင်လောက်ကို ပိုများခဲ့တာ "
သခင်ကြီးထျန်းလုံ နှင့် ကျန်လူများ ခေါင်းညိတ်လိုက်ကြသည်။
အမှန်တွင်လည်း ထိုစဉ်က ကမ္ဘာပျက်ကိန်းကြီးနှင့် ကြုံခဲ့ရစဉ်တွင် ထျန်းယွမ်ကမ္ဘာ၏ အမွေအနှစ်များ ဖြတ်တောက်ခံခဲ့ရပြီး ကျင့်ကြံသူ အားလုံးနီးပါးလည်း အသတ်ခံခဲ့ရပါ၏။
ဤတစ်ကြိမ် အဆုံးအရှုံးက ထိုစဉ်ကနှင့်ယှဉ်လျှင် တော်တော်နည်းသည်ဟု ပြော၍ရပါသည်။
အမှန်တွင်မူ.. ထျန်းယွမ်ကမ္ဘာဘက်မှ နိုင်သွားသည်ဟုပင် ပြော၍ရပါ၏။
နှစ်ဖက်၏ အစွမ်းက အလွန်ကွာနေခဲ့သည် မဟုတ်ပါလား..
သို့သော် လောထျန်းကမူ ထိုသို့ မတွေးပါချေ။
" ငါသာ ခုထက်ပို အစွမ်းထက်ထားရင် အဲ့လိုတွေ ဖြစ်မှာမဟုတ်ဘူး "
သူ့ရင်ထဲမှ ရေရွတ်လိုက်သည်။
သူ အလွန်လည်း ဒေါသထွက်နေတော့၏။
လက်ချောင်းရိုးအရိပ် ပြန်ရောက်လာပြီး သူနှင့် ထပ်တိုက်ခိုက်ရန်ကိုပင် စိတ်ထဲမှ ကြိတ်ပြီးဆုတောင်းလိုက်ပါသည်။
သို့သော် လက်ရှိတွင် လက်ချောင်းရိုးအရိပ်က ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး ထိုသူ၏ ကျန်အရိုးများက မည်သည့်နေရာတွင် ရှိကြသည်ကိုလည်း သူ မသိပါ ။
လာထျန်း လက်သီးကို ကျစ်ကျစ်ပါအောင် ထပ်ဆုပ်လိုက်၏။ သူ့ကိုယ်မှ လူသတ်အရိပ်အငွေ့များလည်း ထုတ်လွှတ်မိသွားသည်။
ဘေးတွင် ရှိနေကြသူများမှာ သူ့ လူသတ်အရိပ်အငွေ့ကြောင့် ကျောရိုးထဲမှ ချမ်းစိမ့်သွားသလိုပင် ခံစားလိုက်ကြရသည်။
လောထျန်းအား ထိုပုံစံဖြင့် မြင်ရသည်မှာ ယခုက သူတို့အတွက် ပထမဆုံးအကြိမ်ပင် ။
" မဖြစ်ဘူး... ၊ တကယ်လို့ သူ့ကို လူသတ်အရိပ်အငွေ့ မထုတ်လွှတ်ခိုင်းရင် သူ့ဒေါသက ပိုဆိုးသွားလိမ့်မယ် "
ထျန်းယွမ်ကမ္ဘာသခင်ကြီး တွေးမိလိုက်သည်။
သို့သော် လောထျန်း၏ လူသတ်အရိပ်အငွေ့ကို ကြာကြာခံနိုင်သူ မည်သူရှိပါမည်နည်း။
ထိုစဉ်မှာပင် ..
ဝုန်း ...
ကောင်းကင်နှင့်မြေကြီး မငြိမ်မသက် ဖြစ်လာပါ၏။
အားလုံး ရင်းနှီးထားသည့် အရောင်အဝါတစ်ခုလည်း ထွက်လာသည်။
" ကမ္ဘာနှစ်ခုကြား တံခါးပေါက်ရဲ့ အရောင်အဝါလား.. ။ ဘယ်ကမ္ဘာ ရောက်လာတာလဲ "
ချင်းဝူချုံ အံ့အားသင့်သွားရသည်။
သခင်ကြီးထျန်းလုံ သူ့နဖူးသူ လက်ဝါးဖြင့် ပြန်ရိုက်လိုက်၏။
" ဟာ... ငါ တကယ်ကြီးကို မေ့သွားခဲ့တာပဲ "
အားလုံး သူ့ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
သခင်ကြီးထျန်းလုံ ပြော၏။
" အရင်က ထျန်းမင်ကမ္ဘာကိစ္စကို စိတ်ပူနေခဲ့တော့ အာရုံက အဲ့ဆီပဲ ရောက်နေခဲ့တာ ။ နောက်ထပ် ရက်အနည်းငယ်အတွင်းမှာ ကောင်းကင်ဘုံပျက်စီးခြင်းကိုးခု ထဲကတစ်ခု ထပ်ရောက်လာစရာ ရှိနေသေးတာကို ကျုပ် မေ့သွားတယ် "
ယခင်ကဆိုလျှင် ကောင်းကင်ဘုံပျက်စီးခြင်း ကိုးခုထဲမှ မည်သည့်တစ်ခုမဆို အားလုံးအတွက် ကမ္ဘာပျက်ကိန်းကြီးလို ဖြစ်မည်ဖြစ်သော်လည်း ..
ယခုတွင်မူ ၎င်းကို မည်သူမှ ဂရုမစိုက်ကြတော့ပါချေ။
" ကျုပ် ခုခံဖို့အတွက် လူစုလိုက်မယ် "
လောရုံ ပြောလိုက်သည်။
ငြင်းဆန်သူမရှိဘဲ အားလုံး ခေါင်းအသာညိတ်လိုက်ကြ၏။
အဘယ့်ကြောင့်ဆိုသော် ပျောင်ပိုင်မြို့သား ဆယ်ယောက်ကျော်ခန့် လွှတ်လိုက်လျှင်ပင် ရန်သူများ
ရှုံးနိမ့်သွားမည်ဖြစ်ကြောင်းကို သူတို့ သိသည်မဟုတ်ပါလား ။
သို့သော်..
" ခဏနေဦး "
လောထျန်း ပြောလာ၏။
အားလုံး သူ့ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
လောထျန်းက အေးစက်စက် ပြော၏။
" အားလုံး ဒီမှာပဲ နေခဲ့ကြပါ ၊ ကျုပ်ကိုယ်တိုင် သွားလိုက်မယ် "
သူ ပြောကာ နေရာမှ ပျောက်ကွယ်သွားသည်။
ထိုစဥ် မြောက်ပိုင်းဒေသ ၊ တစ်နေရာ၌...
ဝုန်း ...
ကမ္ဘာနှစ်ခုကြား တံခါးပေါက် ပွင့်သည်နှင့် တံခါး၏ တဖက်ခြမ်းတွင် လူတစ်စု ပေါ်လာ၏။
" ဒါ ထျန်းယွမ်ကမ္ဘာလား... ၊ ဒီ အမှိုက်ကမ္ဘာက ဘာကောင်းလို့လဲကွာ ။ ဂိုဏ်းချုပ်ကြီးက ကောင်းကင်ဘုံစင်မြင့်ကို သုံးပြီးတော့တောင် ဒီလို အောက်ကမ္ဘာဆီ ငါတို့ကို ခေါ်လာသေးတယ်.. "
လက်နောက်ပစ်ထားသော လူငယ်တစ်ယောက်က သူ့ရှေ့မှ ထျန်းယွမ်ကမ္ဘာအား အထင်သေးသည့် မျက်နှာထားဖြင့် ကြည့်၍ ပြောလိုက်သည်။
" ဟား ဟား ၊ ညီလေးရှန်... ဒါ ဂိုဏ်းချုပ်ကြီးရဲ့ ဆုံးဖြတ်ချက်လေကွာ ... အထွန့်တက်မနေပါနဲ့ ။ ပြီးတော့ မင်းတတ်ထားတဲ့ သိုင်းကွက်အသစ်တွေကို စမ်းသပ်ဖို့ လူရှာနေခဲ့တာ မဟုတ်ဘူးလား ။ အခုက စမ်းသပ်ဖို့ အချိန်ကောင်းပဲလေ "
လူငယ်ဘေးမှ သူ့ထက်အသက်ပိုကြီးသော ဂိုဏ်းသားက ပြော၏။
သို့သော် ညီလေးရှန် ဆိုသူက မကျေမနပ်ဟန်ဖြင့် ဆက်ပြောသည်။
" ကျုပ်ရဲ့အကွက်သစ်လား... ဒီ ထျန်းယွမ်ကမ္ဘာမှာ အဲ့သိုင်းကွက် ခံနိုင်တဲ့သူ ဘယ်သူရှိမယ်ထင်လို့လဲဗျာ ။ ကျုပ် အဲ့အကွက်ကို ထုတ်သုံးရအောင် ထိုက်တန်တဲ့သူတောင် ရှိမှာမဟုတ်ဘူး "
တဖက်လူ ခေတ္တမျှ အံ့သြနေဟန် တူပြီးမှ ခေါင်းညိတ်လိုက်၏။
" အဲ့ဒါလဲ ဟုတ်တာပဲ "
ထိုစဥ် ညီလေးရှန်ဆိုသူ၏ မျက်လုံးများ ရုတ်တရက် အရောင်လက်သွားကြသည်။
" ဟုတ်သားပဲ.... အကိုထျန်း ၊ ကျုပ် အပျင်းပြေ ကစားရအောင်လို့ စိတ်ဝင်စားစရာ နည်းတစ်ခု စဥ်းစားမိတယ်ဗျ "
" ဘယ်လိုလဲ ပြောပါဦး "
အကိုထျန်းဆိုသူက စိတ်ဝင်တစား ပြန်မေးလိုက်သည်။
" ဒီ ထျန်းယွမ်ကမ္ဘာသားတွေကို ဘယ်သူက ပိုများများ သတ်နိုင်မလဲဆိုတာ ပြိုင်ကြမယ်လေဗျာ ။ ရှုံးတဲ့သူက နိုင်တဲ့သူကို နောက်လမှာရမယ့် လခနဲ့ အရင်းအမြစ်တွေကို ပေးကြေး .. ဘယ်လိုလဲ "
ညီလေး ရှန် ပြော၏။
အကိုထျန်းဆိုသူ ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီလေ ၊ လုပ်ကြတာပေါ့ "
သို့သော် မျှော်လင့်မထားစွာပင် သူတို့နှစ်ယောက် ပြောပြီး သွားခါနီးအချိန်၌.. အနောက်ဘက်မှ လူတစ်ယောက်က ဒေါသတကြီး အော်ပြောလာ၏။
" မင်းတို့နှစ်ကောင် တိတ်တိတ်နေကြစမ်း ၊ ငါတို့ အခု ထျန်းယွမ်ကမ္ဘာကို လာတာ ကိစ္စကြီးကြီး ရှိလို့ကွ "
သို့သော် သူ့စကားဆုံးချိန်တွင် ခေါင်းပေါ်၌ ထူးဆန်းသောအလင်းတန်းတစ်ခု ရှိနေသည့် အဘိုးအိုတစ်ယောက် ပေါ်လာကာ အပြုံးဖြင့်ဆိုသည်။
" ရပါတယ် လူငယ်လေးရယ် ။ သူတို့တွေ နည်းနည်းကစားချင်ကြတာ ငါ နားလည်ပါတယ် "
ထို့နောက် သူ လူငယ်နှစ်ယောက်ဘက် လှည့်ကြည့်ကာ ပြော၏။
" ကဲ.. မင်းတို့ သတ်မှာဆိုလဲ သွားသတ်ကြ ။ ငါက မင်းတို့အတွက် ဒိုင်လူကြီး လုပ်ပေးမယ် ။ အသက်ကြီးကြီး ၊ ငယ်ငယ်... ယောကျ်ားဖြစ်ဖြစ်.. မိန်းမဖြစ်ဖြစ် အရေးမကြီးဘူး ။ ထျန်းယွမ်ကမ္ဘာကလူ ဆိုတာနဲ့ အကျုံးဝင်တယ် "
" ဟုတ်ကဲ့ "
လူငယ်နှစ်ယောက် ပျော်ရွှင်စွာ ပြန်ပြောလိုက်ကြသည်။
ထို့နောက် သူတို့နှစ်ဦး နောက်လှည့်ထွက်ခွာရန် ပြင်လိုက်စဥ်မှာပင်....
ဝီ...
လေထဲမှ လူရိပ်တစ်ခု ဆင်းသက်လာသည်။