အခန်း (၇၆၄)
Vol. 55 Ch. 764
ဖရိုဖရဲ ဖြစ်နေကြသော ရန်သူများကို ကြည့်နေသည့် လောထျန်း၏ မျက်နှာမှာ အလွန်အေးစက်နေပါ၏။
" ဒီဓားက ဒုံလွမ်ကမ္ဘာရဲ့ ကျင့်ကြံသူတွေအားလုံးကို သတ်ပစ်လိမ့်မယ် ။ ပြီးတော့ နောက်နှစ်တစ်သောင်းအတွင်းမှာ ကျင့်ကြံရဲတဲ့ သူတွေအားလုံးလဲ သေကြရမယ် "
လောထျန်း အေးစက်စက်ပြောကာ ဓားအမှတ်အသားတစ်ခု ချန်ပြီး နောက်လှည့်၍ ထျန်းယွမ်ကမ္ဘာသို့ ပြန်သွားလိုက်သည်။
သူသည် အစပိုင်းတွင် ဒုံလွမ်ကမ္ဘာမှ သက်ရှိများအားလုံးကို သတ်ဖြတ်ပစ်ချင်စိတ် ဖြစ်နေခဲ့သေးပါ၏။
သို့သော် တိုက်ခိုက်နေချိန်တွင်မူ.. သူ့ရင်ထဲ၌ တစ်ခုကို ခံစားမိသွားခဲ့ပြီး..
အကယ်၍သာ သူ ထိုသို့ လုပ်လိုက်ပါက.... မ
ကောင်းသော ကိစ္စတစ်ခု ဖြစ်သွားမည်ကို စိုးရိမ်စိတ် ဝင်သွားခဲ့သည်။
ထို့ကြောင့်လည်း သနားညှာတာသည့်အနေဖြင့် ဒုံလွမ်ကမ္ဘာ၏ ကျင့်ကြံသူများကိုသာ သတ်ခဲ့ခြင်းဖြစ်သည်။ ထိုနည်းဖြင့်ဆိုပါက သူတို့ကမ္ဘာ၏ နှစ်တစ်သောင်းစာ အမွေအနှစ်ကို ဖြတ်တောက်ပြီးသား ဖြစ်သွားပြီမဟုတ်ပါလား ။
ထို့နောက်တွင်မူ သူ ကမ္ဘာနှစ်ခုကြား တံခါးပေါက်ကို လှည့်ကြည့်ပြီး ခြေဖြင့်ကန်လိုက်၏။
ဘုန်း...
ကမ္ဘာနှစ်ခုကြားတံခါးပေါက် ပိတ်သွားကာ ပျောက်ကွယ်သွားတော့သည်။
အားလုံးပြီးသွားချိန်တွင်မူ သူ့ကိုယ်ထဲမှ လူသတ်အရိပ်အငွေ့က များစွာပင် လျော့နည်းသွားသည်ကို လောထျန်း ခံစားလိုက်ရ၏။
ထျန်းယွမ်ကမ္ဘာ၏ စိတ်မကောင်းစရာ အခြေအနေ
ကို ကြားချိန်၌ ဖြစ်ခဲ့ရသော ဒေါသများလည်း ပြန်ငြိမ်ကျသွားခဲ့လေပြီ ။.
ထို့နောက်တွင် သူ တည်နေရာရွှေ့ပြောင်းပြီး ပျောင်ပိုင်မြို့သို့ ပြန်သွားလိုက်သည်။
" သခင်လေး... "
အကြီးအကဲများစွာပင် လောထျန်းအား စိုးရိမ်တကြီး ကြည့်လာကြ၏။
လောထျန်း လက်ကာပြ၍ ပြောလိုက်သည်။
" အားလုံး စိတ်မပူကြပါနဲ့ဗျာ ။ ကျုပ် စိတ်ပြန်ငြိမ်သွားပါပြီ "
ထိုစဥ်မှသာ အားလုံး သက်ပြင်းချနိုင်သွားကြဟန်ပါပင် ။
တဖက်မှ လောထျန်းက စကားဆက်၏။
" ဒါနဲ့ ၊ ဒီကိစ္စ ဖြစ်ပြီးသွားတဲ့နောက်မှာ ကျုပ် သိလိုက်ရတာ တစ်ခုရှိတယ်ဗျ ။ ဒါကတော့.. ကျုပ် လုံလောက်အောင် အစွမ်းမထက်သေးဘူး ဆိုတာပဲ
။ အဲ့တော့ ကျုပ်အစွမ်းကို မြန်နိုင်သမျှမြန်မြန် တိုးတက်အောင် လုပ်ဖို့လိုတယ် "
အားလုံးရင်ထဲ စိတ်မကောင်း ဖြစ်သွားကြပါသည်။
" သခင်လေးလောထျန်း ၊ ကျုပ်တို့ ဘယ်လိုကူညီပေးလို့ ရနိုင်မလဲ "
သခင်ကြီးထျန်းလုံက ဦးစွာ မေးလာသည်။
လောထျန်းက တည့်တိုးပင် ပြန်ပြောလိုက်၏။
" ကျုပ် ကျင့်ကြံခြင်း အဆင့်တက်ဖို့ ပစ္စည်းတချို့ လိုတယ်ဗျ ။ ကျုပ် စစ်ကြည့်ထားတာတော့ ကျန်တဲ့ပစ္စည်းတွေအားလုံး စုံနေပေမယ့် .. ရှာမရသေးတဲ့ ပစ္စည်းနှစ်ခုရှိတယ် "
" ဟင် .... အဲ့ပ္စစည်းက ဘာလဲဆိုတာသာ ပြောပါသခင်လေး ။ ကျုပ်တို့ ဝူလျန်နန်းတော်မှာ ရှိတဲ့ဟာဆိုရင် ကျုပ် သခင်လေးကို လက်နှစ်ဖက်နဲ့ သေချာဆက်သမှာပါ "
ချင်းဝူချုံ ပြောလိုက်သည်။
" ကျွန်မတို့ ယောင်ချီလဲ အတူတူပါပဲ သခင်လေး "
ယောင်ချီ နတ်ဘုရားသခင်မကြီးကလည်း နောက်ကျမကျန်ခဲ့လိုဟန်ဖြင့် ဆို၏။
သခင်ကြီးထျန်းလုံကမူ မည်သို့မှ မပြောသည့်တိုင်.. သူ့မျက်လုံးများကို ကြည့်ခြင်းဖြင့်ပင် သူ့စိတ်ရင်းကို သိနိုင်ပါသည်။
လောထျန်း တည့်ပင် ဆက်ပြောလိုက်သည်။
" ပထမတစ်ခုကတော့ ဖီးနစ်မီးတောက်ကိုးသွယ် စိတ်ဝိဥာဥ်သစ်ပင် ပဲ ၊ ဒုတိယတစ်ခုကတော့ လွင့်မျောတိမ်တိုက်ငှက်မွေး ..."
လောထျန်း၏ စကားဆုံးချိန်တွင် တဖက်လူများ မှင်သက်သွားကြဟန်တူ၏။
" ဖီးနစ်မီးတောက်ကိုးသွယ် စိတ်ဝိဥာဥ်သစ်ပင်.. နဲ့ လွင့်မျောတိမ်တိုက်ငှက်မွေး.. ဟုတ်လား ။ ကျုပ် အဲ့နာမည်တွေကို တစ်ခါမှ မကြားဖူးဘူး ။ ခင်ဗျားတို့ ထျန်းယွမ်ကျောင်းတော်က မှတ်တမ်းတွေထဲမှာရော ရှိလား "
ချင်းဝူချုံ ပြောကာ သခင်ကြီးထျန်းလုံဘက် လှမ်းမေးလိုက်သည်။
သခင်ကြီးထျန်းလုံ မျက်မှောင်ကြုံ့သွား၏။
" တစ်ခါမှတော့ မတွေ့ဖူးဘူး ။ ကျုပ်ကပဲ မေ့နေလို့လားတော့ မပြောတတ်ပါဘူးလေ... ကျုပ် ပြန်ရောက်ရင် သေချာရှာကြည့်လိုက်ဦးမယ် "
သို့သော် သူ့စကား ဆုံးချိန်မှာပင် ထျန်းယွမ်ကမ္ဘာသခင်ကြီးက ခေါင်းယမ်း၍ ပြောလာပါသည်။
" ရှာမနေနဲ့ကွ.. အသုံးဝင်မှာ မဟုတ်ဘူး "
" ဟင်.. သခင်ကြီးက အဲ့နှစ်ခုကို သိတာလား "
အားလုံး သူ့ဘက်သို့ စိတ်ဝင်တစား လှည့်ကြည့်လိုက်ကြ၏။
ထျန်းယွမ်ကမ္ဘာသခင်ကြီး ခေါင်းညိတ်၍ ဆိုသည်။
" အင်း.. သိတယ် ။ အရင်ဆုံး... ဖီးနစ်မီးတောက်ကိုးသွယ် စိတ်ဝိဥာဥ်သစ်ပင် ဆိုတာ အင်မတန်ကြမ်းတဲ့ မီးလောင်ပြင်တွေမှာမှ ပေါက်တတ်တဲ့ မသေမျိုးသစ်ပင် တစ်မျိုးပဲကွ ။ ထျန်းယွမ်ကမ္ဘာမှာ အဲ့လို မီးလောင်ပြင်မျိုး မရှိဘူးလေ "
" ဒုတိယတစ်ခု ... လွင့်မျောတိမ်တိုက်ငှက်မွေးကို ရဖို့ဆို ပိုတောင်ဆိုးသေးတယ် ။ အဲ့ဒါ နတ်ဘုရားငှက်
ရဲ့ တာအိုငှက်မွေးပဲ ... ပြီးတော့ အဲ့ငှက်မွေးထဲမှာ အဲ့နတ်ဘုရားငှက်ရဲ့ အသက်အစွမ်း တစ်ဝက်လောက်ကို ပါတယ် "
အားလုံးမှာ စကားဆုံးအောင် နားထောင်ပြီးသည့်တိုင် နားလည်သေးဟန် မတူပါ ။
သခင်ကြီးထျန်းလုံ မေးလာသည်။
" ဒါဆို .. အဲ့ပစ္စည်း နှစ်ခုကို ဘယ်မှာရှာလို့ရလဲ သခင်ကြီး "
ထျန်းယွမ်ကမ္ဘာသခင်ကြီး ခေတ္တမျှ စဥ်းစားလိုက်ပြီးမှ ပြန်ဖြေ၏။
" အပေါ်ကမ္ဘာ မှာ... "
အားလုံးမှာ ထိုအဖြေကို မျှော်လင့်ထားပြီးသား ဖြစ်ဟန်တူပါသည်။
" အပေါ်ကမ္ဘာလား.. "
ထိုစဥ် လောထျန်းက အပေါ်သို့ ခေါင်းမော့ကြည့်ပြီး ရှေ့တိုးလာ၏။
အမှန်တွင်မူ ထိုဖြစ်နိုင်ချေကို သူ စဥ်းစားမိပြီးသားပါပင် ။
သို့သော် ယခင်အတိုင်းဆိုလျှင်.. သူ ထိုအချက်ကို သိသည့်တိုင် အပေါ်ကမ္ဘာသို့တက်ရန် အချိန်ဆွဲနေမိဦးမည် ဖြစ်ပါသည်။
သူ့မိသားစုများနှင့် မိတ်ဆွေများအားလုံးက ထျန်းယွမ်ကမ္ဘာတွင်သာ ရှိကြသည် မဟုတ်ပါလား... ။
သို့ဖြစ်ရာ သူ့အနေဖြင့် အပေါ်ကမ္ဘာသို့ အလောတကြီး တက်စရာအကြောင်းမရှိပါချေ။
သို့သော် ... လက်ချောင်းရိုးအရိပ်နှင့် တိုက်ပွဲ ပြီးသွားသည့်နောက်တွင်မူ လောထျန်းရင်ထဲတွင် အစွမ်းထက်ရန် အလျင်လိုနေပါတော့၏။
အဘယ့်ကြောင့်ဆိုသော် လက်ချောင်းရိုးအရိပ် ၊ သို့မဟုတ် အခြား အစွမ်းထက်ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်အစစ်သာ သူ့အား လာတိုက်ခိုက်ပါက မည်သူ နိုင်မည် ၊ ရှုံးမည်ကို ပြောရန်ခက်ကြောင်း သူ သိသောကြောင့်ပင် ။
ထို့ကြောင့် မြန်မြန်အစွမ်းထက်ရန် လိုပါသည်။
" ထျန်းလေး ၊ အပေါ်ကမ္ဘာကို တက်ချက်ရင် တက်လို့ရတယ်နော်။ ပျောင်ပိုင်မြို့ကို အဖေ သေချာဂရုစိုက်ထားမယ် "
ထိုစဥ် လောဖုန်း ပြောလာ၏။
ကျန်လူများလည်း ခေါင်းညိတ်လိုက်ကြသည်။
" ဟုတ်တယ် အကိုထျန်း ၊ ပျောင်ပိုင်မြို့ကို စောင့်ကြပ်မယ့် ကျုပ်တို့ရှိနေတာပဲဗျာ ။ ဘာပြဿနာမှ မရှိနိုင်ပါဘူး "
လောရုံကလည်း ခေါင်းညိတ်၍ ဆိုသည်။
" သခင်လေးလောထျန်း ၊ ဘာမှ စိတ်မပူဘဲ အေးဆေးသာသွားပါ ။ ထျန်းယွမ်ကမ္ဘာကို လာထိရဲတဲ့သူ မှန်သမျှကို ကျုပ် သတ်ပစ်မှာ "
ကျူးကဲ့ကျန့်ကလည်း ပြော၏။
ပျောင်ပိုင်မြို့မှ လူအားလုံးလည်း လောထျန်းအား အလေးနက် မျက်နှာထားများဖြင့် ကြည့်လိုက်ကြ
သည်။
သူတို့ထဲတွင် လောထျန်း၏ ကျင့်ကြံခြင်းလမ်းစဥ်၌ ဆူးညှောင့်ခလုတ် ဖြစ်လိုသူ တစ်ယောက်မှ မရှိကြပါ ။
ထျန်းယွမ်ကမ္ဘာသခင်ကြီးက အားလုံး၏ မျက်နှာထားကိုကြည့်ရင်း ဆိုလာ၏။
" လောထျန်း ၊ တကယ်တော့ မင်း အပေါ်ကမ္ဘာကို တက်တာ ကောင်းတဲ့ကိစ္စပဲကွ "
" ဟင်.. ဘာဖြစ်လို့လဲ "
လောထျန်း သူ့ဘက် လှမ်းကြည့်လိုက်သည်။
ထျန်းယွမ်ကမ္ဘာသခင်ကြီး ပြော၏။
" အောက်အဆင့်က ကမ္ဘာငယ်တွေ အများစုက အပေါ်ကမ္ဘာမှာ အဖွဲ့တွေ ဖွဲ့ထားကြတယ်ကွ ။ အခု ထျန်းယွမ်ကမ္ဘာက အင်အားကြီးနေပြီဆိုပေမယ့် သဘာဝအရင်းမြစ်တွေမှာတော့ အပေါ်ကမ္ဘာထက် အများကြီး ပိုအားနည်းတယ် ။ အဲ့တော့ အပေါ်ကမ္ဘာမှာသာ အခြေခံအုတ်မြစ်ချပြီး ထျန်းယွမ်ကမ္ဘာအတွက် အဖွဲ့တစ်ခု တည်ထောင်ထားနိုင်မယ်ဆို
ရင်... ထျန်းယွမ်ကမ္ဘာ အတွက်ရော ၊ ပျောင်ပိုင်မြို့အတွက်ရော အကျိုးကျေးဇူးတွေ အများကြီးရလိမ့်မယ် "
" ပြီးရင်.. ငါတို့ထျန်းယွမ်ကမ္ဘာမှာသာ ကောင်းကင်ဘုံစင်မြင့် ရှိပြီဆိုတာနဲ့ တခြားသူတွေရဲ့ အမဲလိုက်တာကို ခံရမှာလဲ စိတ်ပူစရာမလိုတော့ဘဲ အပေါ်ကမ္ဘာကို စိတ်ကြိုက် တက်လို့ရပြီ ။ ပြီးရင် အဲ့ကောင်းကင်ဘုံစင်မြင့်ကို သုံးပြီးတော့ ထျန်းယွမ်ကမ္ဘာကို ပြန်ဆင်းလို့လဲရတယ် ။ အဲ့တော့ ပြန်လာချင်တဲ့သူတွေအတွက်လဲ ဒုက္ခမရောက်တော့ဘူးပေါ့ကွာ "
ထိုစကားကို ကြားသောအခါ သခင်ကြီးထျန်းလုံနှင့် ကျန်လူများ၏ မျက်လုံးများ အရောင်လက်သွားကြသည်။
ကောင်းကင်ဘုံစင်မြင့် တဲ့လား ...
အမှန်တွင်မူ ... သူတို့ထဲတွင် ပြီးခဲ့သောနှစ်များအတွင်း အပေါ်ကမ္ဘာသို့တက်ရန် မတွေးခဲ့ဖူးသူ မရှိပါချေ။
သူတို့သည် ကိုယ်ပိုင်အစွမ်းဖြင့်ပင် ထျန်းယွမ်ကမ္ဘာ၌ မသေမျိုးများ ဖြစ်လာနိုင်ခဲ့ကြရာ..
အပေါ်ကမ္ဘာသို့သာ တက်လိုက်ရလျှင် သူတို့၏ ကျင့်ကြံခြင်းအဆင့် ရှေ့ပိုရောက်သွားမည် ဖြစ်ပါသည်။
သို့သော်... သူတို့ ထျန်းယွမ်ကမ္ဘာအား ကောင်းကင်ဘုံပျက်စီးခြင်း ကိုးခုမှ ကာကွယ်တိုက်ခိုက်ရန် ရှိပါသေး၏။
ထို့အပြင် .... ကောင်းကင်ဘုံစင်မြင့် မရှိဘဲ အပေါ်ကမ္ဘာသို့ တက်ခြင်းမှာ အလွန်အန္တရာယ်ကြီးလှပါသည်။
ထို့ကြောင့် သူတို့ ဘာမှမတတ်နိုင်ဘဲ ထိုအကြံကို လက်လျှော့ခဲ့ကြရသည်။
ယခု ထျန်းယွမ်ကမ္ဘာသခင်ကြီး၏ စကားကို ကြားပြီးချိန်တွင်မူ သူတို့ စိတ်လှုပ်ရှားသွားတော့၏။
အကယ်၍သာ သူတို့ အပေါ်ကမ္ဘာသို့ တက်ပြီး .... မိမိ၏ ကိုယ်ပိုင်အစွမ်းကို တိုးတက်အောင် လုပ်နိုင်
လျှင် မည်မျှ ကောင်းလိုက်မည်နည်း ။
ထိုစဥ် လောထျန်း ခေါင်းအသာညိတ်လိုက်သည်။
" အဲ့လိုဆိုရင်တော့လဲ ကျုပ် အပေါ်ကမ္ဘာကို တက်ပြီး အဖွဲ့တစ်ခု တည်ထောင်ရုံပေါ့ဗျာ ။ ပြီးရင် အားလုံးကိုပါ ကျုပ်နဲ့အတူ ခေါ်သွားမယ် "
" ဟုတ်ကဲ့ပါ သခင်လေး "
အားလုံး သံပြိုင်ပြန်ဖြေလိုက်ကြသည် ။ သို့သော် အားလုံးမှာ ခံစားချက်ကိုယ်စီဖြင့်...
ပျောင်ပိုင်မြို့မှ လူအများစုမှာမူ ထိုသို့ ထွက်ခွာရန် အနည်းငယ် တွန့်ဆုတ်နေကြပြီး ကျန်လူများမှာကား စိတ်လှုပ်ရှားနေကြပါ၏။
" ဒါပေမယ့်.... "
ထိုစဥ် လောထျန်း ဆက်ပြောလာသည်။
" ဟင်.. ဘာဖြစ်လို့လဲ သခင်လေး "
အားလုံးက သူ့အား လှမ်းကြည့်လာကြ၏။
လောထျန်း အားလုံးကို တစ်ချက်ကြည့်လိုက်သည်။
" အခု ကျုပ်က အပေါ်ကမ္ဘာကို ဘယ်လိုတက်ရမှာလဲ "
သူ့စကားကြောင့် အားလုံး ဆွံ့အသွားကြတော့သည်။
ကောင်းကင်ဘုံတံခါးဝအဆင့် ရောက်ထားသော သာမာန်ကျင့်ကြံသူများက အပေါ်ကမ္ဘာသို့ တက်နိုင်ချိန်တွင်... မသေမျိုးဘုရင် တစ်ယောက်ကိုပင် စက္ကန့်ပိုင်းလေးအတွင်း သတ်ခဲ့သော လောထျန်းက မတက်နိုင်သေးဘူးတဲ့လား..
ထိုစဥ် သွမ့်ချန်ချိုးက ရုတ်တရက် ပြောလာ၏။
" ကျုပ် သဘောပေါက်ပြီ ။ ကောင်းကင်ဘုံတံခါးကို ဖွင့်ပြီး အပေါ်ကမ္ဘာကို တက်တာက ကျင့်ကြံခြင်းအဆင့်ရယ် ၊ စည်းမျဥ်းတွေရယ်နဲ့ပဲ သက်ဆိုင်ပြီးတော့ အစွမ်းနဲ့ သိပ်ပြီးမပတ်သက်ဘူး ။ သခင်လေးလောထျန်းရဲ့ အစွမ်းက ကြောက်စရာဆိုပေမယ့် သူက အခု တုကျဲ့အဆင့်မှာပဲ ရှိနေသေးတာလေ ။ အဲ့တော့ သူ့ဟာသူ ကောင်းကင်ဘုံတံခါးကို ဖွင့်ဖို့ မဖြစ်နိုင်သေးဘူး "
ထိုရှင်းပြချက်ကို ကြားမှ အားလုံးနားလည်သွားကြ
သည်။
သို့သော် တစ်ချိန်တည်းမှာပင် ၎င်းက အဓိပ္ပါယ်မရှိသော ကိစ္စကြီးဟုလည်း သူတို့ ခံစားမိလိုက်ကြပါ၏။
လူအများစုဆိုလျှင် လောထျန်းက တုကျဲ့အဆင့်၌သာ ရှိသေးကြောင်းကို ထိုစဥ်မှသာ ပြန်သတိရသွားကြသည်။
လက်ရှိ သူတို့အားလုံးထဲတွင် သူက ကျင့်ကြံခြင်းအဆင့် အနိမ့်ဆုံးဟုပင် ပြော၍ရပါ၏။
တဖက်မှ သခင်ကြီးထျန်းလုံက ချောင်းအနည်းငယ်ဟန့်၍ ပြောသည်။
" အဲ့လိုဆိုရင်.. ကျုပ်တို့က သခင်လေးလောထျန်းအတွက် ကောင်းကင်ဘုံတံခါးကို ဖွင့်ပေးရင်ရော.. ရနိုင်လား "
" အင်း... အဲ့လိုလုပ်လို့ ရမယ်ထင်တာပဲ "
ထျန်းယွမ်ကမ္ဘာသခင်ကြီး ပြန်ပြောလိုက်သည်။
လောထျန်း၏ မျက်လုံးများ အရောင်လက်သွား၏။
" ကောင်းတယ်ဗျာ ။ ဒါဆိုရင် ကျေးဇူးပြုပြီးတော့ တစ်ယောက်ယောက်က ကျုပ်အတွက် ကောင်းကင်ဘုံတံခါးကို ဖွင့်ပေးနိုင်မလား "
ချင်းဝူချုံ ဝင်ပြောလိုက်သည်။
" ကျုပ် လုပ်လိုက်မယ် "
သူ ပြောပြောဆိုဆိုပင် လေထဲသို့ လက်မြှောက်လိုက်၏။
ဝီ ...
ကောင်းကင်ဘုံတံခါး ရုတ်ချည်းပွင့်လာသည်။
၎င်းကိုမြင်သည်နှင့် လောထျန်း တံခါးရှေ့သို့ ပျံသန်းသွားလိုက်၏။ ထို့နောက် သူ အားလုံးဘက် လှည့်ကြည့်ကာ ဦးညွှတ်၍ နှုတ်ဆက်လိုက်သည်။
" အားလုံး သေချာဂရုစိုက်ကြပါ ။ ကျုပ် မကြာခင် ပြန်လာခဲ့ပါ့မယ် "
ဤကဲ့သို့နှင့် ဇာတ်လိုက်ကျော်ကြီးလောထျန်း၏ အထက်ဘုံခရီးစဉ် စခဲ့ပြန်ချေပြီတမုံ့…