အခန်း (၁၆၉၆-၁၆၉၈)
Vol. 114 Ch. 1696-1698
အဆတစ်ရာစနစ် စာစဥ်(၁၁၄)
အခန်း(၁၆၉၆)
"ကောင်လေး မင်းဘယ်သူလဲ"
ကျန်းချန်က သူ၏ အစွမ်းကုန်တိုက်ခိုက်မှုကို သက်သောင့်သက်သာပင် ချေဖျက်လိုက်သည်ကို မြင်လျှင် ပင်းယန်ဟဲ၏ မျက်၀န်းတွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူ၏ မြင်နိုင်စွမ်းအရ ထိုကောင်လေး၏ အင်အားက သူ့ထက်မလျော့သည့်အပြင် သူကဲ့သို့ပင် ကောင်ကင်နတ်ဘုရား ဒုတိယအဆင့်မှန်း မြင်နိုင်ရန် မခက်ခဲ့ပေ။
ဤမျှ အသက်အရွယ်ဖြင့်ပင် ကောင်ကင်နတ်ဘုရား အဆင့်ကို ရောက်ရှိနေသူသည် ရှေးဟောင်းနဂါးမျိုးနွယ်စုမှာပင် အလွန်တရာ ရှားပါးသည်။
သူ၏ဗဟုသုတအရ ဆိုလျှင် ရှေးဟောင်းနဂါးမျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သည့် အရှင်ကုလုံ၏ တပည့်၃ဦးသာလျှင် ထိုကဲ့သို့ စွမ်းရည်များ ရှိကြသည်။
ထိုကောင်လေး၏ အင်အားကို တွက်ဆလျှင် ထိုကောင်လေးသည် အရှင်ကုလုံ စေလွှတ်လိုက်သည်မှာ သေချာသလောက်ပင်။
ယင်းသို့ တွေးမိသည်နှင့် တစ်ပြိုင်နက် ပင်းယန်ဟဲ၏ စိတ်နှလုံးသည် မွန်းကြပ်သွားခဲ့သည်။
အကယ်၍ အရှင်ကုလုံသာ သူ၏တပည့်ကို စေလွှတ်ခဲ့သည်ဆိုလျှင် နှင်းနတ်ဘုရား နန်းတော်ကို အရေးယူရန် စီစဉ်ထားမည်မှာ သေချာ၏။
ရှေးဟောင်းနဂါး မျိုးနွယ်စုသည် ရှေးဟောင်းနဂါး ကုန်းမြေကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့ပြီး မည်သည့် အင်အားစုကမှ ဆန့်ကျင်ရဲခြင်း မရှိခဲ့ပေ။
ယခု သူတို့ နှင်းနတ်ဘုရားနန်းတော်က အင်းအားကြီးမားသော ရှေးဟောင်းနဂါး မျိုးနွယ်စုနှင့် ထိပ်တိုက် ရင်ဆိုင်ရတော့မည်ဖြစ်ရာ ပင်းယန်ဟဲသည် မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ပေ။
သို့သော် သူတို့ နောက်ကွယ်မှလူကို တွေးမိလျှင် ပင်းယန်ဟဲ၏ တင်းကျပ်နေသော စိတ်နှလုံးသည် အနည်းငယ် ပြေလျော့သွားခဲ့သည်။
ဆိုရလျှင် အရှင်ကုလုံ ကိုယ်တိုင် မတိုက်ခိုက်သရွေ့ မည်သူကမှ သူတို့ နှင်းနတ်ဘုရား နန်းတော်ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ချေ။
"ငါက မင်းတို့ နှင်းနတ်ဘုရားနန်းတော်ကို နှိမ်နှင်းဖို့ ရောက်လာတဲ့သူပဲ"
ကျန်းချန်က မထီမဲ့မြင် ရေရွတ်လိုက်သည်။
ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကနေ ရုတ်တရက် ရှေးဟောင်း နတ်အလင်းများသည် နေမင်းကဲ့သို့ ပေါက်ကွဲထွက်လာခဲ့သည်။
နောက်ထပ် တစ်စက္ကန့်တွင် ထိုရှေးဟောင်းနတ်အလင်းများသည် သူ၏ ကျောဘက်၌ ရှေးဟောင်းဓားပုံရိပ် အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့၏။
"ပိုင်းဖြတ်စမ်း"
ကျန်းချန်က ရှေးဟောင်းဓားပုံရိပ်ကို ထိန်းချုပ်ကာ အမိန့်ပေးလိုက်သည်။
ရှေးဟောင်းဓားပုံရိပ်က ချက်ချင်းဆိုသလိုပင် ပျံဝဲသွားခဲ့ရာ နေနှင့်လတို့ပင် ဗြောင်းဆန်သွားခဲ့သည်။
အရာအားလုံးကို ဖျက်ဆီးနိုင်သော စွမ်းအားကို သယ်ဆောင်လာသည့် ရှေးဟောင်းဓားပုံရိပ်သည် ပင်းယန်ဟဲကို ပိုင်းချလိုက်၏။
ဓားအလင်း ဖြတ်သန်းသွားသောနေရာမှ အရာအားလုံးသည် ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်၏ နတ်ခန္ဓာပုံရိပ် ဖြစ်သည့် ရွှေရောင်ဓားပုံရိပ်ကို ကြည့်ပြီး ပင်းယန်ဟဲသည် သူ၏ ဦးခေါင်းများ ပေါက်ကွဲထွက်တော့မလိုပင် ခံစားလိုက်ရသည်။
ရှင်းပြ၍မရနိုင်သော အအေးဓာတ်သည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့သည်။
"ကောင်းကင်နတ်ဘုရားကမ္ဘာ"
ပင်းယန်ဟဲက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် စွမ်းအားကို အစွမ်းကုန် အသုံးပြုကာ ကောင်းကင်နတ်ဘုရားကမ္ဘာကို ထုတ်ဖော်၍ ကျန်းချန်၏ တိုက်ခိုက်မှုကို ခုခံရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ကျန်းချန်၏ လက်ရှိစွမ်းရည်နှင့် ဆိုလျှင် နတ်ခန္ဓာပုံရိပ်ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်သရွေ့ ကောင်းကင်နတ်ဘုရား တတိယအဆင့် ကျင့်ကြံသူအများစုပင် ခုခံနိုင်မည် မဟုတ်ပေ။
ထို့အပြင် ပင်းယန်ဟဲသည် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် အစောပိုင်းတွင်သာ ရှိရာ ကျန်းချန်၏ နတ်ခန္ဓာပုံရိပ်ကို မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။
"ဝုန်း.. ဝုန်း.. ဝုန်း.."
ရွှေရောင်ဓားပုံရိပ်က ကောင်းကင်နတ်ဘုရားကမ္ဘာ ပေါ်သို့ ကျရောက်လာခဲ့ပြီး နောက်တွင် ကျယ်လောင်သော ပေါက်ကွဲသံသည် ကမ္ဘာတစ်ခွင်ကို ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့သည်။
ပင်းယန်ဟဲ၏ ကောင်းကင်နတ်ဘုရားကမ္ဘာသည် ရွှေရောင်ဓားရိပ်၏ တိုက်ခိုက်မှုအောက်တွင် ခဏမျှသာ ခံနိုင်ရည် ရှိခဲ့ပြီး လေထုထဲတွင် ပျက်စီးသွားခဲ့သည်။
ပင်းယန်ဟဲ၏ ခန္ဓာကိုယ် တစ်ခုလုံးက တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေလည်း သွေးများ အန်ထွက်လာခဲ့၏။
သို့သော်လည်း သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို တည်ငြိမ်အောင် မထိန်းချုပ်နိုင်ခင်မှာပင် ရွှေရောင်ဓားပုံရိပ် တစ်ခုသည် လေထုကို ထိုးဖောက်၍ သူ၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာခဲ့သည်။
"ဝုန်း.."
ရွှေရောင်ဓားပုံရိပ်၏ လွှမ်းမိုးမှုအောက်တွင် ပင်းယန်ဟဲ၏ ကောင်းကင်နတ်ဘုရား ခန္ဓာကိုယ်သည် စက္ကူစုတ်ကဲ့သို့ ဖြစ်သွားခဲ့သည်။
ရွှေရောင်ဓားပုံရိပ်က သူ၏ ဦးခေါင်းအထက်ကနေ လည်ပင်း၊ရင်ဘတ်၊ ၀မ်းဗိုက်၊ ပေါင် စသည်ဖြင့် ဖြတ်သန်းသွားခဲ့ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ပင်းယန်ဟဲ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အသားစများအဖြစ် ပေါက်ကွဲသွားစေခဲ့သည်။
လေထုအလယ်ကနေ ကောင်းကင်နတ်ဘုရား၏ သွေးစက်များသည် မိုးရေစက်များကဲ့သို့ ကျဆင်းလာခဲ့ရာ အောက်ဘက်ရှိ ကျောက်သားကြမ်းခင်းများတွင် စကာပေါက် ကဲ့သို့ သေးငယ်သော အပေါက်များကိုပင် ဖြစ်ပေါ်စေခဲ့သည်။
ထိုအချိန်တွင် ပတ်၀န်းကျင် တစ်ခုလုံးသည် ရုတ်တရက်တိတ်ဆိတ်သွားခဲ့သည်။
ရွှယ်ထျန်းဟန် ဦးဆောင်သော ရွှယ်မိသားစု၀င်များ ဖြစ်စေ၊နှင်းနတ်ဘုရားနန်းတော်မှ ကျင့်ကြံသူတစ်ဒါဇင်ကျော် ဖြစ်စေ အားလုံးသည် ငြိမ်သက်သွားခဲ့ကြပြီး သူတို့၏ မျက်စိရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင် ဖြစ်နေခဲ့ကြသည်။
သူတို့အားလုံးက ကျန်းချန်ကို တစ္ဆေတစ်ကောင်အား မြင်လိုက်ရသကဲ့သို့ အံ့အားသင့်ကာ မျက်လုံးပြူး၍ ကြည့်နေခဲ့ကြ၏။
သူတို့က ကောင်ကင်ယံတွင် ၀င့်ကြွားစွာ ရပ်နေသည့် အနက်ရောင်၀တ်စုံ၀တ် လူငယ်ကို မှင်တက်စွာ ကြည့်နေခဲ့ကြပြီး အချိန်အတော်ကြာမှ သတိပြန်၀င်လာခဲ့ကြသည်။
"ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
နှင်းနတ်ဘုရားနန်းတော်မှ ပကတိနတ်ဘုရား တစ်ဒါဇင်ကျော်၏ မျက်ဝန်းများသည် ဤအချိန်တွင် မှုန်မှိုင်းနေခဲ့ပြီး နှုတ်ကနေလည်း မယုံကြည်နိုင်စွာ ရေရွတ်လိုက်ကြသည်။
ပင်းယန်ဟဲသည် သူတို့ နှင်းနတ်ဘုရားနန်းတော်၏ အကြီးအကဲဖြစ်ပြီး နှင်းနတ်ဘုရားနန်းတော်၏ နန်းတော်သခင်ပြီးလျှင် အင်အားအကြီးဆုံးသူလည်း ဖြစ်သည်။
မြောက်ပိုင်းဒေသ တစ်ခုလုံးကို ကြည့်လျှင်ပင် ပင်းယန်ဟဲသည် အထွတ်အထိပ်နေရာတွင် ရပ်တည်နိုင်သည့် ကျင့်ကြံသူဖြစ်ပြီး သူ့ကို အနိုင်ယူနိုင်သူသည် လက်ချိုးရေတွက်၍ပင် ရ၏။
သို့သော်လည်း ထိုကဲ့သို့ ကောင်းကင်နတ်ဘုရား အဆင့် ကျင့်ကြံသူသည် ကျန်းချန်၏ ဓားချက် တစ်ချက်ဖြင့်ပင် အလွယ်တကူ အသတ်ခံလိုက်ရသည်။
ရွှယ်ချင်းရို့တို့ သုံးဦးပင် စကားတစ်ခွန်းမှ မပြောနိုင်အောင် မှင်တက်နေခဲ့ကြသည်။
သူတို့က ကျန်းချန်၏ ဒဏ္ဍာရီများကို ကြားဖူး၍ ကျန်းချန်က ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူကို အလွယ်တကူသတ်ဖြတ်နိုင်မှန်း သိထားကြသည်။
သို့သော်လည်း ကျန်းချန်က ပင်းယန်ဟဲကို ဓားချက်တစ်ချက်ထဲဖြင့် သတ်ဖြတ်လိုက်သည်ကို မြင်လျှင် သူတို့သည် စကားမပြောနိုင်လောက်သည်အထိ အံ့အားသင့်သွားခဲ့ကြသည်။
"ဒီကောင်က အရမ်းကို အစွမ်းထက်လာတာပဲ"
ကုလင်က စိတ်ထဲကနေ မချိပြုံး ပြုံးကာ ရေရွတ်လိုက်သည်။
သိထားရမည့်အချက်မှာ ကျန်းချန်သည် သူ့ထက် နှစ်အနည်းငယ်လောက် နောက်ကျပြီး ရှေးဟောင်းနဂါးမျိုးနွယ်စုသို့ ၀င်ရောက်လာခဲ့သူ ဖြစ်သည်။
ဤ၁၀နှစ်အတွင်း ကျန်းချန်က တောက်လျှောက် တိုးတက်လာခဲ့ရာ သူ့အနေဖြင့် တစ်သက်စာလုံး အပတ်တကုတ် ကျင့်ကြံလျှင်ပင် မည်သို့မှ လိုက်မီနိုင်တော့မည် မဟုတ်တော့ပေ။
ကျန်းချန်နှင့် ယှဉ်လျှင် သူကဲ့သို့ ရှေးဟောင်းနဂါး မျိုးနွယ်စု၏ ထိပ်တန်းပါရမီရှင် တစ်ဦးသည် အမှိုက်နှင့် ဘာမှမကွာခြားပေ။
လူတိုင်းက သူတို့ရှေ့မှ မြင်ကွင်းကြောင့် မှင်တက်နေသောအချိန်မှာပင် ပင်းယန်ဟဲ၏ ခန္ဓာကိုယ် ပေါက်ကွဲသွားသောနေရာတွင် ခပ်ရေးရေး ပုံရိပ်တစ်ခုသည် ထွက်ပေါ်လာခဲ့သည်။
ထိုပုံရိပ်မှ ပင်းယန်ဟဲ၏ ဝိညာဉ်ပင် ဖြစ်၏။
ကျန်းချန်က ပင်းယန်ဟဲ၏ ခန္ဓာကိုယ်ကို ပိုင်းဖြတ်လိုက်သောအချိန်တွင် ပင်းယန်ဟဲ၏ ဝိညာဉ်သည် လေထုထဲသို့ ထွက်ပြေးခဲ့သည်မှာ ထင်ရှား၏။
ပင်းယန်ဟဲက ဤနေရာတွင် လုံး၀ မနေဝံ့တော့ဘဲ ချက်ချင်းဆိုသလိုပင် အနက်ရောင်အလင်း တစ်ခုအဖြစ် ပြောင်းလဲကာ အဝေးသို့ အလျင်အမြန် ထွက်ပြေးလိုက်သည်။
"ငါ့လက်ထဲကနေ လွတ်မြောက်နိုင်မယ်များ ထင်နေလား"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ချက်ချင်းဆိုသလိုပင် နေရာလွတ်စွမ်းအားကို ထုတ်သုံးလိုက်ရာ မီတာထောင်ပေါင်းများစွာ အကွာတွင် ရှိသော ပင်းယန်ဟဲ၏ ဝိညာဉ်သည် လေထုထဲတွင် ရပ်တန့်သွားခဲ့သည်။
ထို့နောက်တွင် ကျန်းချန်က ဆန်းကြယ်သော လက်ဟန်တစ်ခုကို ထုတ်ဖော်လိုက်ပြီး ဝိညာဉ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို ထုတ်ဖော်ကာ ပင်းယန်ဟဲ၏ ဝိညာဉ်ကို ဖိနှိပ်လိုက်သည်။
"မသတ်ပါနဲ့"
ဤအချိန်တွင် ပင်းယန်ဟဲသည် အလွန်တရာပင် မျှော်လင့်ချက် မဲ့နေခဲ့သည်။
သို့သော်လည်း သူက ဤစကားတစ်ခွန်းကိုသာ ညည်းညူနိုင်ခဲ့ပြီး တစ်ခဏအတွင်းမှာပင် ကျန်းချန်၏ ဝိညာဉ်ငြိမ်းသတ်ခြင်းစည်းတံဆိပ်သည် သူ၏ဝိညာဉ်ကို လုံး၀ ပျောက်ကွယ်သွားစေခဲ့သည်။
ဤမြင်ကွင်းသည် ရွှယ်မိသားစုမှ ရွှယ်ထျန်းဟန်နှင့် အခြားသူများကို အသက်ရှူရပ်မတက်ပင် အံ့ဩသွားစေခဲ့၏။
ဂုဏ်အရှိန်အဝါ ကြီးမားသော နှင်းနတ်ဘုရားနန်းတော်၏ အကြီးအကဲ ဖြစ်သည့် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် ကျင့်ကြံသူသည် အနက်ရောင်၀တ်စုံ၀တ် လူငယ်၏ အလွယ်တကူ ရှင်းလင်းခြင်းကို ခံလိုက်ရသည်။
ဆိုရလျှင် သူတို့ရှေ့မှ လူငယ်သည် အလွန် အစွမ်းထက်သော ကျင့်ကြံသူ ဖြစ်နေခဲ့၏။
"အကြီးအကဲ ကျဆုံးသွားပြီ.. အားလုံးပဲ ထွက်ပြေးကြတော့"
ပင်းယန်ဟဲ၏ ဝိညာဉ်က သုတ်သင်ရှင်းလင်း ခံလိုက်ရသည်ကို မြင်လျှင် နှင်းနတ်ဘုရားနန်းတော်မှ ပကတိနတ်ဘုရား တစ်ဒါဇင်ကျော်သည် ချက်ချင်းဆိုသလို ထိတ်လန့်သွားခဲ့ကြသည်။
သူတို့က လော်ရွှယ်မြို့တွင် ဆက်လက် နေဝံ့ခြင်းမရှိတော့ဘဲ ချက်ချင်းဆိုသလိုပင် နောက်လှည့်ကာ ထွက်ပြေးသွားခဲ့ကြ၏။
သို့သော်လည်း ကျန်းချန်က သူတို့ကို ထွက်ပြေးရန် လုံး၀ အခွင့်အရေး မပေးခဲ့ပေ။
သူက လက်ဟန်များကို ပြုလုပ်ကာ ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်ကို ထုတ်ဖော်လိုက်ရာ နှင်းနတ်ဘုရားနန်းတော်မှ ပကတိနတ်ဘုရား တစ်ဒါဇင်ကျော်သည် မည်သည့် ခုခံမှုကိုမှ မပြုလုပ်နိုင်ဘဲ ကျန်းချန်၏ စည်းတံဆိပ်အောက်တွင် ပြာများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အခန်း(၁၆၉၆)ပြီး၏။
အခန်း(၁၆၉၇)
"ကျွန်တော်မျိုး ရွှယ်မိသားစုခေါင်းဆောင် ရွှယ်ထျန်းဟန်က သခင်လေးရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်"
ရွှယ်ထျန်းဟန်က မှင်တက်ရာကနေ အသိစိတ်ပြန်ဝင်လာပြီးနောက်တွင် ကျန်းချန်ထံ အလျင်အမြန် သွားရောက်ကာ ကျေးဇူးတင်စကားကို တလေးတစား ပြောလိုက်သည်။
ရွှယ်ချိုးဟယ်က ရွှယ်ချင်းရို့၏ နောက်ကွယ်မှ လူအကြောင်းကို ပြောပြသောအခါတွင် ရွှယ်ထျန်းဟန်သည် ကျန်းချန်၏ စွမ်းရည်နှင့် ပတ်သက်၍ စိတ်ထဲတွင် သိပ်မယုံကြည်ခဲ့ပေ။
အကြောင်းရင်းမှာ ရွှယ်ချင်းရို့သည် ရှေးဟောင်းနဂါးမျိုးနွယ်စုကို ဝင်ရောက်သည်မှာ မကြာသေး၍ ဖြစ်သည်။
သူမက မြေကမ္ဘာနဂါးမြို့တော်တွင် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးနှင့် တွေ့ဆုံခဲ့သည် ဆိုလျှင်ပင် ထိုပြိုင်ဘက်ကင်းပါရမီရှင်သည် ဆယ်စုနှစ်တစ်ခု အတွင်း ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို သတ်ဖြတ်နိုင်သည့် ကျင့်ကြံသူတစ်ဦး ဖြစ်လာရန် မဖြစ်နိုင်ပေ။
သို့သော်လည်း ယနေ့တိုက်ပွဲကို မျက်မြင်တွေ့ပြီးသည့်နောက်တွင် သူ့အနေဖြင့် မယုံကြည်၍ မရတော့ချေ။
ထိုကောင်လေးသည် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် ကျင့်ကြံသူကို ဓားချက်တစ်ချက်တည်းဖြင့်ပင် သတ်ဖြတ်ပစ်လိုက်၏။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းရည်ကို ပိုင်ဆိုင်သောသူသည် ရှေးဟောင်းနဂါးကုန်းမြေ တစ်ခုလုံးကို ကြည့်လျှင်ပင် ပြိုင်ဘက်ကင်းကျင့်ကြံသူ အနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည်။
ရွှယ်ထျန်းဟန်က သူ့ကိုယ်သူ စိတ်ထဲတွင် ဘုရားတမိခဲ့သည်။
ကံကောင်းစွာဖြင့် သူက ရှေးဟောင်းနဂါးမျိုးနွယ်စုကို သစ္စာဖောက်ကာ နှင်းနတ်ဘုရားနန်းတော်ထံ အညံ့ခံရန် မရွေးချယ်မိခဲ့ပေ။
သို့မဟုတ်လျှင် ထိုလူငယ် ရောက်လာသည်နှင့် သူတို့ရွှယ်မိသားစု၏ ကံကြမ္မာသည် အလွန်တရာ ဆိုးရွားသွားလိမ့်မည် မဟုတ်ပါလား။
"နှင်းနတ်ဘုရားနန်းတော်က ရှေးဟောင်းနဂါး မျိုးနွယ်စုကို သစ္စာဖောက်ပြီး မြောက်ပိုင်းဒေသမှာ အဓိကရုဏ်းတွေ ဖြစ်အောင် ဖန်တီးနေမှတော့ ရှေးဟောင်းနဂါး မျိုးနွယ်စုက လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး"
ကျန်းချန်က သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ကာ ရွှယ်ထျန်းဟန်ကို စိုက်ကြည့်၍ ပြောလိုက်သည်။
"ခေါင်းဆောင်ရွှယ်.. နှင်းနတ်ဘုရားနန်းတော်က ဘယ်နေရာမှာရှိလဲဆိုတာ ခေါင်းဆောင် သိမယ်လို့ ထင်ပါတယ်"
ရွှယ်ထျန်းဟန်က ခဏမျှ အံ့အားသင့်သွားသော်လည်း အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။
"ကျွန်တော်မျိုးသိပါတယ် သခင်လေး"
ရွှယ်မိသားစုသည် ရှေးဟောင်းနဂါးကုန်းမြေ၏ မြောက်ပိုင်းဒေသတွင် ရှည်လျားသော သမိုင်းကြောင်း ရှိခဲ့သည်။
ရွှယ်ထျန်းဟန်က ရွှယ်မိသားစု၏ ခေါင်းဆောင် ဖြစ်ရာ နှင်းနတ်ဘုရားနန်းတော်၏ တည်နေရာကို အဘယ်ကြောင့် မသိရပါမည်နည်း။
ကျန်းချန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ခေါင်းဆောင်ရွှယ် သိတယ်ဆိုမှတော့ ကျွန်တော့်ကို နှင်းနတ်ဘုရားနန်းတော်ဆီ ခေါ်သွားပေးပါ"
"သခင်လေးက နှင်းနတ်ဘုရားနန်းတော်ဆီ သွားမလို့လား"
ရွှယ်ထျန်းဟန်က ကျန်းချန်၏ စကားကိုကြားလျှင် အံ့သြထိတ်လန့်သွားခဲ့သည်။
ကျန်းချန်က ရွှယ်ထျန်းဟန်ကို တည်ငြိမ်စွာ ကြည့်၍ မေးလိုက်သည်။
"ဘာလို့လဲ သွားလို့မဖြစ်လို့လား"
"သခင်လေး.. နှင်းနတ်ဘုရားနန်းတော်က အရမ်းကို အင်အားကြီးတယ်.. သခင်လေး သတ်လိုက်တဲ့ ပင်းယန်ဟဲအပြင် နှင်းနတ်ဘုရားနန်းတော်မှာ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ လေးဦးရှိသေးတယ်.. သူတို့ထဲမှာ နှင်းနတ်ဘုရားနန်းတော်ရဲ့ နန်းတော်သခင်က ရှေးဟောင်းနဂါးကုန်းမြေရဲ့ မြောက်ပိုင်းဒေသမှာ နံပါတ်(၁)ကျင့်ကြံသူပဲ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်နတ်ဘုရား တတိယအဆင့် အထွတ်အထိပ်ကိုတောင် ရောက်နေခဲ့ပြီ"
ထို့နောက်တွင် ရွှယ်ထျန်းဟန်က တုံ့ဆိုင်းသော အမူအရာဖြင့် ပြောလိုက်သည်။
"သခင်လေးက နှင်းနတ်ဘုရားနန်းတော်ကို တစ်ယောက်တည်း.."
သို့သော်လည်း ရွှယ်ထျန်းဟန်၏ စကားမဆုံးခင်မှာပင် ကျန်းချန်က စကားဖြတ်ပြောလိုက်သည်။
"ငါ့ကို နှင်းနတ်ဘုရားနန်းတော်ဆီ ပို့ဆောင်ပေးရင်ရပြီ.. ကျန်တာ ဘာမှ ပြောစရာမလိုဘူး"
ထို့နောက်တွင် ကျန်းချန်က ရွှေရောင်တံဆိပ်ပြား တစ်ခုကို လျှပ်တစ်ပြက် ထုတ်ယူကာ ပြလိုက်သည်။
သူက ထိုတံဆိပ်ပြားကို ကိုင်ထားရင်း ရွှယ်ထျန်းဟန်ကို ပြောလိုက်၏။
"ငါက ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ ရွှေနဂါးအဆင့်အကြီးအကဲပဲ.. အရှင်ကုလုံက မြောက်ပိုင်းဒေသရဲ့ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ အတွက် ငါ့ကို အပြည့်အဝ လွှဲအပ်ထားတယ်.. မင်းအနေနဲ့ ငါ့အမိန့်ကို နာခံပြီး လမ်းပြပေးရုံပဲ"
ကောင်းကင်နတ်ဘုရားအဆင့် အင်အားစု၏ ခေါင်းဆောင်တစ်ဦး အနေဖြင့် ရွှယ်ထျန်းဟန်သည် ရှေးဟောင်းနဂါးမျိုးနွယ်စု အကြောင်းကို အတန်အသင့် နားလည်ထားခဲ့သည်။
ထို့ကြောင့် သူက ရှေးဟောင်းနဂါး မျိုးနွယ်စုမှ ရွှေနဂါးအဆင့် အကြီးအကဲ၏ အဓိပ္ပါယ်ကို ကောင်းစွာသိရှိထားခဲ့၏။
ရှေးဟောင်းနဂါးမျိုးနွယ်စုတွင် ရွှေနဂါးအဆင့် အကြီးအကဲသည် အရှင်ကုလုံ ပြီးလျှင် အမြင့်မားဆုံး အဆင့်အတန်းဖြစ်သည်။
ထို့အပြင် ရှေးဟောင်းနဂါးမျိုးနွယ်စုမှ ရွှေနဂါးအဆင့်အကြီးအကဲတိုင်းသည် အနည်းဆုံး ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
သူ့ရှေ့မှ လူငယ်က ရှေးဟောင်းနဂါး မျိုးနွယ်စုတွင် ထူးခြားသော အဆင့်အတန်း ရှိကြောင်း ရွှယ်ထျန်းဟန် ခန့်မှန်းမိခဲ့သော်လည်း ရွှေနဂါးအဆင့်အကြီးအကဲ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ကျွန်တော်မျိုး ရွှယ်မိသားစုရဲ့ခေါင်းဆောင် ရွှယ်ထျန်းဟန်က အကြီးအကဲရဲ့ အမိန့်ကို လိုက်နာပါ့မယ်"
ရွှယ်ထျန်းဟန်က အသက်ကို ခပ်ပြင်းပြင်းရှုလိုက်ပြီး သူ၏စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ကာ တလေးတစားပြောလိုက်သည်။
ရှေးဟောင်းနဂါးမျိုးနွယ်စု၏ ရွှေနဂါးအဆင့် အကြီးအကဲအမိန့်ကို သူက မည်ကဲ့သို့ ဆန့်ကျင်ရဲပါမည်နည်း။
သူ့ရှေ့မှ လူငယ်က ရှေးဟောင်းနဂါး မျိုးနွယ်စု၏ ရွှေနဂါးအဆင့် အကြီးအကဲဖြစ်သည့်အပြင် နှင်းနတ်ဘုရားနန်းတော်၏ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် အရှင်ကုလုံ စေလွှတ်လိုက်သည် ဖြစ်ရာ ဝှက်ဖဲတချို့ ရှိမည်မှာ သေချာသလောက်ပင်။
ဤအချိန်တွင် ရွှယ်ထျန်းဟန်သည် တွန့်ဆုတ်မနေတော့ဘဲ ကျန်းချန်ကို လော်ရွှယ်မြို့၏ မြောက်ဘက် ကောင်းကင်ယံဆီသို့ တိုက်ရိုက်ပင် ဦးဆောင်သွားခဲ့သည်။
"သူ.. သူက နှင်းနတ်ဘုရားနန်းတော်ကို တစ်ယောက်တည်း နှိမ်နင်းမလို့လား"
ကောင်းကင်ယံသို့ တိုးဝင်ကာ ပျောက်ကွယ်သွားသော ကျန်းချန်ကို ကြည့်ကာ ရွှယ်ချိုးဟယ်၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
သူမက ငယ်စဥ်ကတည်းကပင် မြောက်ပိုင်းဒေသတွင် နေထိုင်ခဲ့သူ ဖြစ်၍ နှင်းနတ်ဘုရားနန်းတော်က မည်မျှ အစွမ်းထက်ကြောင်း ကောင်းစွာ သိရှိထားခဲ့သည်။
"ကုလုံ.. ကျန်းချန်က နှင်းနတ်ဘုရားနန်းတော်ကို တစ်ယောက်တည်း နှိမ်နင်းနိုင်ပ့ါမလား"
"ချိုးဟယ်.. မင်းက အခုထိ ကျန်းချန်ကို အခုထိ နားမလည်သေးဘူးပဲ.. သူက နှင်းနတ်ဘုရားနန်းတော်ကို တစ်ကိုယ်တော်ရင်ဆိုင်ရဲမှတော့ သူ့မှာ လုံလောက်တဲ့အားသာချက် ရှိနေလို့ပဲ"
ကုလုံက ခေါင်းခါရမ်းကာ ပြောလိုက်သည်။
အရှင်ကုလုံက ကျန်းချန်ကို မြောက်ပိုင်းဒေသ၏ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် စေလွှတ်လိုက်သည် ဖြစ်ရာ မည်သည့်အရာမှ ပြင်ဆင်မထားသည်မှာ မဖြစ်နိုင်ပေ။
ပြောနေစရာ မလိုလောက်အောင်ပင် ကုလင်သည် ကျန်းချန်ကို နှင်းနတ်ဘုရားနန်းတော်က ရင်ဆိုင်နိုင်မည်မဟုတ်ဟု ခံစားမိခဲ့သည်။
ကျန်းချန်၏ ကိုယ်ခံပညာပါရမီသည် ရှေးဟောင်းနဂါးမျိုးနွယ်စု၏ သမိုင်းတစ်လျှောက်ရှိ မည်သည့်ပါရမီရှင်ထက် မဆို ပိုမို ကြောက်မက်ဖွယ်ရာကောင်းပြီး အဆင့်ပိုမို မြင့်မားသည့် ရန်သူများကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိသည်။
သွေးလမင်းကုန်းမြေနှင့် စစ်ပွဲတွင် ကျန်းချန်သည် နယ်ပယ်အတားအဆီးကို ကျော်ဖြတ်ကာ ပကတိနတ်ဘုရားအဆင့်ဖြင့် ကောင်းကင်နတ်ဘုရားအဆင့်ကို သတ်ဖြတ်ခဲ့သည်။
ယခုအခါတွင် ကျန်းချန်သည် ကောင်းကင်နတ်ဘုရားဒုတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် ကောင်းကင်နတ်ဘုရား တတိယအဆင့် ကျင့်ကြံသူများထက် အားမနည်းနိုင်ပေ။
နှင်းနတ်ဘုရားနန်းတော်၏ နန်းတော်သခင်ပင်လျှင် ကျန်းချန်ကို အနိုင်ယူနိုင်စွမ်း ရှိမည်မဟုတ်ဟု သူ ထင်မိသည်။
နှင်းနတ်ဘုရားနန်းတော်သည် ရှေးဟောင်းနဂါးကုန်းမြေ၏ မြောက်ပိုင်းဒေသ အစွန်အဖျားနေရာတွင် တည်ရှိသည်။
ထိုနေရာက အပူချိန် အလွန်နိမ့်ကျပြီး ပတ်ဝန်းကျင်တစ်ခုလုံး အေးခဲနေကာ ကျယ်ပြောလှသော ရေခဲကုန်းမြေကို ဖြစ်ပေါ်စေခဲ့သည်။
နှင်းနတ်ဘုရားနန်းတော်ကို ထိုရေခဲကုန်းမြေ၏ အလယ်ဗဟိုတွင် တည်ဆောက်ထားခြင်း ဖြစ်၏။
ကျန်းချန်တို့ နှစ်ယောက်က ၁နာရီခန့် ကြာပြီးနောက်တွင် ရေခဲကုန်းမြေ၏ အလယ်ဗဟို ဆီသို့ ရောက်ရှိလာခဲ့သည်။
မကြာမီမှာပင် သူတို့ရှေ့ရှိ မိုင်၁၀၀ အကွာတွင် ပုံပြင်ထဲမှ ရေခဲတိုက် ကဲ့သို့ ကြည်လင်သော နန်းတော်တစ်ခုသည် ကျန်းချန်၏ မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။
ထိုနန်းတော်သည် အလွန်တရာ အေးစက်နေသော ပတ်ဝန်းကျင်တွင် ထီးထီးကြီး တည်ရှိနေခဲ့သည်။
နှင်းနတ်ဘုရားနန်းတော်သည် ရှေးဟောင်းနဂါး မျိုးနွယ်စုထက်ပင် ပို၍ သမိုင်းရှည်လျားသော ကောင်းကင်နတ်ဘုရားအဆင့် အင်အားစု ဖြစ်သည်။
ရှေးဟောင်းနဂါးမျိုးနွယ်စု မတည်ထောင်မီကပင် နှင်းနတ်ဘုရားနန်းတော်သည် ရှေးဟောင်းနဂါးကုန်းမြေ၏ မြောက်ပိုင်းဒေသကို စိုးမိုးခဲ့သည်။
နောက်ပိုင်းတွင် အရှင်ကုလုံသည် ရှေးဟောင်းနဂါးကုန်းမြေတွင် မွေးဖွားလာခဲ့ပြီး နယ်မြေနတ်ဘုရားအင်အားစု ဖြစ်သည့် ရှေးဟောင်းနဂါးမျိုးနွယ်စုကို တည်ထောင်ခဲ့ရာ နှင်းနတ်ဘုရားနန်းတော်သည်လည်း ရှေးဟောင်းနဂါး မျိုးနွယ်စုတွင် အညံ့ခံရန် ရွေးချယ်ခဲ့ရသည်။
သို့သော်လည်း နှင်းနတ်ဘုရားနန်းတော်သည် အမြဲတစေရည်မှန်းချက် ကြီးမားခဲ့ပြီး ရှေးဟောင်းနဂါး မျိုးနွယ်စုထံတွင် အညံ့ခံရန် မလိုလားခဲ့ပေ။
သို့သော်လည်း ရှေးဟောင်းနဂါးမျိုးနွယ်စု၏ အင်အားကြောင့် သည်းခံရုံသာ တတ်နိုင်ခဲ့သည်။
ဤတစ်ကြိမ်တွင်မူ နှင်းနတ်ဘုရားနန်းတော်သည် ရှေးဟောင်းနဂါးမျိုးနွယ်စုကို သစ္စာဖောက်ရန်နှင့် ရှေးဟောင်းနဂါးကုန်းမြေ၏ မြောက်ပိုင်းဒေသတွင် အဓိကရုဏ်းများ ဖြစ်ပေါ်လာစေရန် ပြင်ပအင်အားတချို့၏ ထောက်ခံမှုအောက်တွင် ရွေးချယ်ခဲ့သည်မှာ သိသာထင်ရှားနေခဲ့သည်။
"အကြီးအကဲကျန်း.. ရှေ့က အဆောက်အအုံက နှင်းနတ်ဘုရားနန်းတော်ပဲ.. ကျွန်တော်တို့ တစ်ခါတည်း သွားကြမလား"
ရွှယ်ထျန်းဟန်က သူ၏ ရှေ့မှ နှင်းနတ်ဘုရားနန်းတော်ကို ကြည့်လိုက်ပြီးနောက်တွင် ကျန်းချန်ကို ခေါင်းငဲ့ကာ မေးလိုက်သည်။
"မင်းပြန်လိုက်ပါ.. ငါတစ်ယောက်တည်းပဲ သွားလိုက်မယ်"
ရွှယ်ထျန်းဟန်က ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း ကောင်းကင်နတ်ဘုရား ပထမအဆင့်သာ ဖြစ်သည်။
ထို့ကြောင့် နှင်းနတ်ဘုရားနန်းတော်နှင့် တိုက်ပွဲတွင် ရွှယ်ထျန်းဟန်သည် သူ့ကို များစွာ အကူအညီပေးနိုင်မည် မဟုတ်၍ ကျန်းချန်သည် ရွှယ်ထျန်းဟန်ကို ခေါ်မသွားရန် ဆုံးဖြတ်ခဲ့၏။
စကားဆုံးသည်နှင့် ကျန်းချန်က နှင်းနတ်ဘုရားနန်းတော် ရှိရာသို့ တစ်ဟုန်ထိုး သွားရောက်ခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ရွှယ်ထျန်းဟန်သည် မချိပြုံးပြုံးမိလိုက်သည်။
ယခုအခါတွင် သူသည် ကျန်းချန်ကို နှင်းနတ်ဘုရားနန်းတော်ရှိရာသို့ ခေါ်ဆောင်လာခဲ့သည်။
အကယ်၍ ကျန်းချန်သာ နှင်းနတ်ဘုရားနန်းတော်တွင် တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့လျှင် ရှေးဟောင်းနဂါးမျိုးနွယ်စုသည် သူ၏အသက်ကို ချမ်းသာပေးမည်မဟုတ်ပေ။
ထိုသို့ တွေးမိလိုက်ပြီးနောက်တွင် ရွှယ်ထျန်းဟန်သည် သူ၏ သွားများကို အန်ကြိတ်လိုက်ကာ ကျန်းချန်၏ အနောက်သို့ အလျင်အမြန်ပင် လိုက်ပါသွားခဲ့သည်။
အခန်း(၁၆၉၇)
အခန်း(၁၆၉၈)
ကျန်းချန်က အသက်ရှူကြိမ် အနည်းငယ်ဖြင့်ပင် မိုင်ရာပေါင်းများစွာကို ဖြတ်ကျော်ကာ နှင်းနတ်ဘုရားနန်းတော်နှင့် ပေ၁၀၀၀ကျော် အကွာအဝေးသို့ ရောက်ရှိလာခဲ့သည်။
"ငါတို့ နှင်းနတ်ဘုရားနန်းတော်မှာ ရမ်းကားရဲတာ ဘယ်သူလဲ"
ထိုအချိန်မှာပင် နှင်းနတ်ဘုရားနန်းတော်မှ အစောင့်နှစ်ဦးသည် လေထဲသို့ ချက်ချင်းဆိုသလို ခုန်တက်လာပြီး ပြင်းထန်စွာ အော်ဟစ်လိုက်သည်။
ကျန်းချန်က လေထုထဲတွင် လက်နှစ်ဖက် နောက်ပစ်ကာ ဟန်ပါပါ ရပ်နေခဲ့သည်။
သူ၏ မောက်မာသော လေသံသည် နှင်းနတ်ဘုရားနန်းတော်တစ်ခုလုံးကို ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားစေခဲ့၏။
"ရှေးဟောင်းနဂါး မျိုးနွယ်စုက ကျန်းချန်.. နှင်းနတ်ဘုရားနန်းတော်ကို လာရောက်လည်ပတ်ပါတယ်"
နှင်းနတ်ဘုရားနန်းတော်၏ ခန်းမတစ်ခုထဲတွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ခန်းမ၏ အဓိကထိုင်ခုံတွင် ထိုင်နေခဲ့သည်။
ထိုအဖြူရောင် ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ အရှိန်အဝါသည် နားမလည်နိုင်လောက်အောင်ပင် နက်ရှိုင်းပြီး ခန္ဓာကိုယ်တွင်လည်း အလွန်တရာ အေးမြသော အအေးဓာတ်များဖြင့် ပြည့်နှက်နေခဲ့သည်။
ထိုသူမှာ တခြားသူ မဟုတ်ပေ။ နှင်းနတ်ဘုရားနန်းတော်၏ နန်းတော်သခင် လန်ချိုးရွှယ်ပင်ဖြစ်သည်။
ခန်းမထဲရှိ နှင်းနတ်ဘုရားနန်းတော်၏ အကြီးအကဲများသည် လန်ချိုးရွှယ်၏ ကြောက်မက်ဖွယ်ကောင်းသော ဒေါသကို ခံစားမိခဲ့ပြီး တိတ်ဆိတ်နေခဲ့ကြသည်။
"မကြာသေးခင်က အကြီးအကဲ ပင်းယန်ဟဲရဲ့ ဝိညာဥ်ကမ္မည်းတိုင် ပျက်စီးသွားခဲ့တယ်.. အကြီးအကဲပင်းယန်ဟဲက ရွှယ်မိသားစုဆီမှာ ကျဆုံးသွားလောက်ပြီထင်တယ်.. ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းတို့တွေ ဘယ်လိုမြင်လဲ"
အချိန်မည်မျှ ကြာသွားသည်ကို မသိလိုက်ပေ။ အဆုံးသတ်တွင် လန်ချိုးရွှယ်သည် ခန်းမထဲမှ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
"နန်းတော်သခင်.. အကြီးအကဲပင်းရဲ့ ကိုယ်ခံပညာနဲ့ ဆိုရင် ရွှယ်မိသားစုခေါင်းဆောင် ရွှယ်ထျန်းဟန်က ဘာမှလုပ်နိုင်မှာမဟုတ်ဘူး...ကြည့်ရတာ ရှေးဟောင်းနဂါးမျိုးနွယ်စုက အင်အားကြီးမားတဲ့ ကျင့်ကြံသူ ရောက်လာတာပဲ ဖြစ်ရမယ်"
နှင်းနတ်ဘုရားနန်းတော်မှ အကြီးအကဲ တစ်ဦးက အသက်ကိုခပ်ပြင်းပြင်း ရှုလိုက်ပြီး လေးနက်စွာပြောလိုက်သည်။
"ရှေးဟောင်နဂါးမျိုးနွယ်စုက အင်အားကြီးမားတဲ့ ကျင့်ကြံသူကို မြောက်ပိုင်းဒေသဆီ စေလွှတ်လိုက်မယ်လို့ ငါကြိုတင်မျှော်လင့်ထားပြီးသားပဲ.. ဒါပေမဲ့ ဒီလောက်အထိ မြန်မြန်စေလွှတ်လိုက်မယ်လို့တော့ မထင်ထားခဲ့ဘူး"
လန်ချိုးရွှယ်က အသာအယာခေါင်းညိတ်၍ ပြောဆိုလိုက်ပြီးနောက်တွင် ခန်းမထဲမှ အကြီးအကဲများကို ဝေ့ကြည့်လိုက်သည်။
"ရှေးဟောင်းနဂါးမျိုးနွယ်စုက ဘယ်သူ့ကို စေလွှတ်လိုက်သလဲဆိုတာကို ရွှယ်မိသားစုဆီ ဘယ်သူသွားပြီး စုံစမ်းချင်လဲ"
လန်ချိုးရွှယ်၏ စကား အဆုံးသတ်သည်နှင့် ခန်းမသည် တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။
အကြီးအကဲ ပင်းယန်ဟဲသည် နန်းတော်သခင် လန်ချိုးရွှယ် ပြီးလျှင် နှင်းနတ်ဘုရားနန်းတော်၏ အစွမ်းအထက်ဆုံးဖြစ်သည်။
အကြီးအကဲ ပင်းယန်ဟဲပင်လျှင် ရွှယ်မိသားစုထံတွင် ကျဆုံးသွားခဲ့ပြီဖြစ်ရာ ရွှယ်မိသားစုဆီ သွားရောက်ခြင်းသည် ကိုယ့်ကိုယ်ကိုယ် အသေသွားခံသည်နှင့် မည်သို့ ကွာခြားပါမည်နည်း။
အကြီးအကဲအားလုံးက တိတ်ဆိတ်နေသည်ကို မြင်လျှင် လန်ချိုးရွှယ်၏ အမူအရာသည် အနည်းငယ် လေးနက်သွားခဲ့သည်။
သူက စကားပြောရန် ပြင်လိုက်စဥ်မှာပင် လွှမ်းမိုးနိုင်စွမ်းရှိသော အသံတစ်သံသည် သူ၏နားထဲကို ရုတ်တရက် ဝင်ရောက်လာခဲ့သည်။
"ဒီလောက်အထိ အလုပ်ရှုပ်ခံစရာမလိုပါဘူး.. နှင်းနတ်ဘုရားနန်းတော်က အင်အားကြီးမားတဲ့ ကျင့်ကြံသူတွေကို စုစည်းပြီး ရွှယ်မိသားစုကို ဝင်တိုက်လိုက်ရင် ပြီးတာပဲ မဟုတ်လား"
စကားသံနှင့်အတူ အဖြူရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် သူ့ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"သခင်လေးလု.. ရှေးဟောင်းနဂါး မျိုးနွယ်စုက မြောက်ပိုင်းဒေသဆီ ဘယ်နှစ်ယောက် စေလွှတ်ခဲ့သလဲ ဆိုတာ ကျွန်တော်တို့ မသိရသေးဘူး ရွှယ်မိသားစုဆီ ဒီလိုမျိုး ဝင်တိုက်လို့ အဆင်ပြေပါ့မလား"
လန်ချိုးရွှယ်က တုံ့ဆိုင်းသော အမူအရာဖြင့် ပြောလိုက်သည်။
"ဘာတွေ စိုးရိမ်နေတာလဲ.. ရှေးဟောင်းနဂါးမျိုးနွယ်စုက ဘယ်လောက် ပဲအစွမ်းထက်တဲ့ ကျင့်ကြံသူတွေကို စေလွှတ်ပါစေ.. အရှင်ကုလုံ ကိုယ်တိုင် မကြွလာသရွေ့ ဘာပြဿနာမှ မရှိဘူး"
အဖြူရောင်ဝတ်စုံဝတ် လူငယ်က မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။
"ဘာလဲ.. အရှင်ကုလုံကိုယ်တိုင် ကြွလာမယ်လို့ မင်းထင်နေတာလား"
အဖြူရောင်ဝတ်စုံဝတ် လူငယ်၏ စကားကိုကြားလျှင် လန်ချိုးရွှယ်သည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
အရှင်ကုလုံသည် ရှေးဟောင်းနဂါးကုန်းမြေ၏ တစ်ဦးတည်းသော နယ်မြေနတ်ဘုရား ဖြစ်သောကြောင့် နှင်းနတ်ဘုရားနန်းတော်ကို ကြွလာနိုင်ဖွယ်မရှိပေ။
သူ၏ ခန့်မှန်းချက်သာမမှားလျှင် ယခုတစ်ကြိမ် မြောက်ပိုင်းဒေသကို ရှေးဟောင်းနဂါးမျိုးနွယ်စု၏ သံတမန်အဖြစ် စေလွှတ်မည့်သူသည် ရွှေနဂါးအဆင့် အကြီးအကဲတစ်ဦးသာ ဖြစ်ပေလိမ့်မည်။
သူ၏ရှေ့မှ အဖြူရောင်ဝတ်စုံဝတ် လူငယ်သည် ရှေးဟောင်းနဂါးကုန်းမြေ၏ မြောက်ဘက်ရှိ နတ်မြေနတ်ဘုရားအင်အားစု ဖြစ်သည့် ကျီလင်နယ်မြေမှ ပြိုင်ဘက်ကင်းပါရမီရှင် တစ်ဦးဖြစ်သည်။
ထိုလူငယ်သည် ကောင်းကင်နတ်ဘုရားတတိယအဆင့်ကျင့်ကြံသူဖြစ်သည့်အပြင် နယ်မြေနတ်ဘုရားအမိန့်ပြန်တမ်းတစ်ခုကိုလည်း လက်ထဲတွင် ကိုင်ဆောင်ထား၏။
ထို့ကြောင့် ရှေးဟောင်းနဂါးမျိုးနွယ်စုမှ ရွှေနဂါးအဆင့်အကြီးအကဲရောက်လာခဲ့လျှင်ပင် နယ်မြေနတ်ဘုရားအမိန့်ပြန်တမ်းကို ပိုင်ဆိုင်ထားသော အဖြူရောင်ဝတ်စုံဝတ်လူငယ်နှင့် ရင်ဆိုင်ရလျှင် သေလမ်းတစ်လမ်းသာ ရှိနေခဲ့၏။
ထိုသို့သာ ရွှယ်မိသားစုကို တိုက်ခိုက်ပြီး ရွှယ်မိသားစုဆီ ရောက်ရှိနေသည့် ရှေးဟောင်းနဂါးမျိုးနွယ်စုမှ ရွှေနဂါးအဆင့်အကြီးအကဲကို သတ်ဖြတ်နိုင်ခဲ့လျှင် ရှေးဟောင်းနဂါးမျိုးနွယ်စု၏ အင်အားသည် အလွန်အမင်း ထိခိုက်သွားလိမ့်မည်ဖြစ်သည်။
ထိုအချိန်သို့ ရောက်လျှင် အရှင်သွေးလက စစ်ချီလာမည်ဖြစ်ရာ ရှေးဟောင်းနဂါးမျိုးနွယ်စုသည် မြောက်ပိုင်းဒေသကို အာရုံစိုက်ရန် အချိန်မရှိတော့ပေ။
ယင်းနောက်တွင်မူ သူတို့သည် အရှင်သွေးလနှင့် ပူးပေါင်း၍ ရှေးဟောင်းနဂါးမျိုးနွယ်စုကို ဖျက်ဆီးနိုင်မည် မဟုတ်ပါလော။
"ကောင်းပြီ.. ငါ နှင်းနတ်ဘုရားနန်းတော်က ကျင့်ကြံသူတွေကို စုစည်းပြီး ရွှယ်မိသားစုကို တစ်ခါတည်း အမြစ်ပြတ်ရှင်းလင်းပစ်မယ်"
လန်ချိုးရွှယ်၏ မျက်ဝန်းများက အနည်းငယ် တဖျပ်ဖျပ်လက်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် လူသတ်လိုသော စိတ်ဆန္ဒများ ပြည့်နှက်နေခဲ့သည်။
သို့သော်လည်း လန်ချိုးရွှယ်အမိန့်ပေးရန် ပြင်လိုက်စဥ်မှာပင် အေးစက်စက် အသံတစ်သံသည် နှင်းနတ်ဘုရားနန်းတော်၏ အထက်ကောင်းကင်ယံတွင် ပဲ့တင်ထပ်လာခဲ့သည်။
"ရှေးဟောင်းနဂါးမျိုးနွယ်စုက ကျန်းချန်.. နှင်းနတ်ဘုရားနန်းတော်ကို လာရောက်လည်ပတ်ပါတယ်"
ထိုအသံက မိုးခြိမ်းသံကဲ့သို့ ပြင်းထန်စွာ ပဲ့တင်ထပ်နေခဲ့ပြီး နှင်းနတ်ဘုရားနန်းတော် တစ်ခုလုံးကိုပင် လှုပ်ခါသွားစေခဲ့သည်။
"ရှေး.. ရှေးဟောင်းနဂါးမျိုးနွယ်စုက တမန်တော် ငါ့တို့ဆီ ရောက်လာခဲ့ပြီ"
နှင်းနတ်ဘုရားနန်းတော်မှ တပည့်များသည် အလွန်တရာ ကြောက်ရွံ့သွားခဲ့ကြသည်။
ခန်းမထဲတွင် အစည်းအဝေးလုပ်နေသော အကြီးအကဲများ၏ မျက်နှာထက်မှာပင် ထိတ်လန့်သောအမူအရာများ ဖြစ်ပေါ်လာခဲ့ကြ၏။
ဆိုရလျှင် ရှေးဟောင်းနဂါး မျိုးနွယ်စုသည် ရှေးဟောင်းနဂါးကုန်းမြေကို နှစ်ပေါင်းများစွာ စိုးမိုးထားသော နယ်မြေနတ်ဘုရား အင်အားစု ဖြစ်သည်။
ယခု သူတို့နှင်းနတ်ဘုရားနန်းတော်က ရှေးဟောင်းနဂါးမျိုးနွယ်စုနှင့် ရင်ဆိုင်ရတော့မည် ဖြစ်ရာ နှင်းနတ်ဘုရားနန်းတော်မှ လူများသည် အဘယ်ကဲ့သို့ မကြောက်ရွံ့ဘဲ နေနိုင်ပါမည်နည်း။
"ဘာတွေ ထိတ်လန့်နေကြတာလဲ.. သခင်လေးလု ရှိနေမှတော့ အရှင်ကုလုံ ကိုယ်တိုင် မကြွလာမချင်း ဘယ်သူကမှ ငါတို့ နှင်းနတ်ဘုရားနန်းတော်ကို ထိခိုက်အောင်လုပ်နိုင်မှာမဟုတ်ဘူး.. ရှေးဟောင်းနဂါး မျိုးနွယ်စုက ကျင့်ကြံသူ ရောက်လာမှတော့ ငါတို့ ထွက်တွေ့ပြီး ရင်ဆိုင်လိုက်ကြတာပေါ့"
လန်ချိုးရွှယ်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခုသည် ဖျတ်ခနဲ လင်းလက်သွားခဲ့သည်။
သူက ရွှယ်မိသားစုကို အမြစ်ပြတ်ချေမှုန်းရန် ဆုံးဖြတ်လိုက်သောအချိန်မှာပင် ရှေးဟောင်းနဂါး မျိုးနွယ်စုမှ တမန်တော်သည် သူ၏ နှင်းနတ်ဘုရားနန်းတော်သို့ ရောက်ချလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဆိုရလျှင် ဤသည်က သူ့အတွက် အခက်အခဲများစွာကို သက်သာစေခဲ့သည်။
ထို့နောက်တွင် လန်ချိုးရွှယ်၏ပုံရိပ်သည် ဖျတ်ခနဲလက်သွားခဲ့ပြီး နှင်းနတ်ဘုရားနန်းတော်၏အထက်ကောင်းကင်ယံတွင် ပေါ်လာခဲ့သည်။
သူက နှင်းနတ်ဘုရားနန်းတော်နှင့် ပေထောင်ကျော်အကွာရှိ လေထုဆီသို့ အကြည့်ရောက်သွားခဲ့၏။
ထိုအခါ လေထုအလယ်တွင် ဝင့်ကြွားစွာ ရပ်နေသည့် ပုံရိပ်နှစ်ခုကို မြင်လျှင် သူအံ့အားသင့်သွားခဲ့သည်။
ထိုနှစ်ဦးထဲမှ တစ်ဦးသည် လန်ချိုးရွှယ်အတွက် မစိမ်းပေ။
၎င်းသည် ရွှယ်မိသားစု၏ ခေါင်းဆောင် ရွှယ်ထျန်းဟန်ဖြစ်သည်။
ရွှယ်ထျန်းဟန်၏ နံဘေးတွင်မူ အနက်ရောင်ဝတ်စုံဝတ်လူငယ်တစ်ဦးသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟန်ပါပါ ရပ်နေခဲ့သည်။
ထိုအနက်ရောင်ဝတ်စုံဝတ် လူငယ်၏ အရှိန်အဝါသည် အားမနည်းဘဲ သူကဲ့သို့ပင် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို ရောက်ရှိနေခဲ့၏။
ရှေးဟောင်းနဂါးမျိုးနွယ်စုက မြောက်ပိုင်းဒေသသို့ သံတမန်စေလွှတ်ခဲ့ရာတွင် ရွှေနဂါးအဆင့်အကြီးအကဲ မဟုတ်ဘဲ ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် ကောင်လေးတစ်ယောက်ကို စေလွှတ်လိုက်မည်ဟု လန်ချိုးရွှယ် မထင်ထားခဲ့ပေ။
ထိုကောင်လေးသည် ဤမျှငယ်ရွယ်သော အသက်အရွယ်ဖြင့် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို ရောက်ရှိနေသည်ဖြစ်ရာ ရှေးဟောင်းနဂါးမျိုးနွယ်စု၏ အထွတ်အထိပ် ပါရမီရှင်များထဲမှ တစ်ဦး ဖြစ်နိုင်လောက်သည်။
သို့သော်လည်း ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကောင်လေး တစ်ယောက်သည် သူတို့ နှင်းနတ်ဘုရားနန်းတော်ကို ရင်ဆိုင်ရန် မည်သို့မှ လုံလောက်မည်မဟုတ်ပေ။
"ကောင်လေး မင်းလို မလောက်လေး မလောက်စားတစ်ယောက်ကို စေလွှတ်လိုက်တယ် ဆိုတော့ ရှေးဟောင်းနဂါးမျိုးနွယ်စုမှာ လူမရှိတော့ဘူးလား"
လန်ချိုးရွှယ်က မှင်တက်ရာကနေ အသိပြန်ဝင်လာပြီးနောက်တွင် ကျန်းချန်ကို အထင်သေးစွာ ရေရွတ်လိုက်သည်။
"မကြာသေးခင်က မင်းတို့ နှင်းနတ်ဘုရားနန်းတော်က အကြီးအကဲကလည်း ငါ့ကို ဒီလိုပဲပြောခဲ့တယ်.. ဒါပေမဲ့ အခုတော့ သူသေသွားခဲ့ပြီ မင်းသိထားရမှာက မင်းတို့နှင်းနတ်ဘုရားနန်းတော်ကို ရင်ဆိုင်ဖို့ ငါတစ်ယောက်တည်းနဲ့တင် လုံလောက်တယ်"
ကျန်းချန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
"လက်စသတ်တော့ ပင်းယန်ဟဲက မင်းရဲ့လက်ထဲမှာ သေဆုံးသွားခဲ့တာကိုး"
ကျန်းချန်၏စကားကိုကြားလျှင် လန်ချိုးရွှယ်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားခဲ့သည်။
"ကောင်လေး ငါက ရွှယ်မိသားစုဆီမှာ မင်းကို လာရှာမလို့ပဲ.. ဒါပေမဲ့ အခုတော့ မင်းက သေမင်းခံတွင်းဝဆီကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့တယ်.. မင်းက ဒီလောက်တောင် သေချင်နေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"
စကားဆုံးသည်နှင့် လန်ချိုးရွှယ်က လက်ဟန်တစ်ခုကို ပြုလုပ်လိုက်ရာ ချက်ချင်းဆိုသလိုပင် ဧရာမရေခဲလက်ချောင်းတစ်ခုသည် လေထုကို ဖြတ်ကျော်လာခဲ့ပြီး ထိုက်စန်းတောင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အလေးချိန်ကို သယ်ဆောင်ကာ ကျန်းချန်၏ ဦးခေါင်းအထက်သို့ သက်ရောက်လာခဲ့သည်။
အခန်း(၁၆၉၈)ပြီး၏။