← Chapters

အခန်း (၁၆၉၉-၁၇၀၁)

Vol. 114 Ch. 1699-1701

အခန်း (၁၆၉၉-၁၇၀၁)

Vol. 114 Ch. 1699-1701

အခန်း(၁၆၉၉)

ကျန်းချန်က သူ၏လက်ချောင်းကို လှုပ်ရှားလိုက်ရာ ရှေးဟောင်းဓားအလင်းတစ်ခု သည် ကောင်းကင်‌ပေါ်သို့ ထိုးတက်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဖိအားများစွာဖြင့် ကျဆင်းလာပြီး ဤအရာမှ ရေခဲလက်ချောင်းကို ဖျက်ဆီးပစ်လိုက်သည်။

"လန်ချိုးရွှယ် မင်းက နှင်းနတ်ဘုရားနန်းတော်ကို ဦးဆောင်ပြီး မြောက်ပိုင်းဒေသကို မတည်မငြိမ် ဖြစ်စေခဲ့တယ်.. ဒါပေမဲ့ သွေးလမင်းကုန်းမြေနဲ့ စစ်ပွဲမှာ စစ်ကူ စေလွှတ်ပေးတဲ့ အတွက် မင်းကို ငါ အခွင့်အရေးပေးမယ်.. မင်းရဲ့အပြစ်ကို ခံယူဖို့ အတွက် ရှေးဟောင်းနဂါးမျိုးနွယ်စုကို ငါနဲ့အတူ လိုက်ခဲ့ပါ.. မဟုတ်ရင်တော့ ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့"

လန်ချိုးရွှယ်၏ တိုက်ခိုက်မှုကို ချေဖျက်ပြီးနောက်တွင် ကျန်းချန်၏ အေးစက်စက်အသံသည် တစ်ဖန် ပဲ့တင်ထပ်လာခဲ့သည်။

"ဟားဟား ကောင်လေး.. မင်းက စကားကြီး စကားကျယ်တွေ သိပ်ပြောတာပဲ "

လန်ချိုးရွှယ်က လှောင်ပြုံး ပြုံးလိုက်သည်။

"မင်းက ပင်းယန်ဟဲကို သတ်ဖြတ်နိုင်တယ် ဆိုတော့ မင်းရဲ့အစွမ်းက မသေးလောက်ဘူး..ဒါပေမဲ့ နှင်းနတ်ဘုရားနန်းတော်ကို နှိမ်နင်းချင်တယ် ဆိုရင်တော့ မင်းက အရည်ချင်း မပြည့်မီသေးဘူး "

သူ၏ နှင်းနတ်ဘုရားနန်းတော်သည် ရှေးဟောင်းနဂါးကုန်းမြေ၏ မြောက်ပိုင်းဒေသကို နှစ်ပေါင်းများစွာ စိုးမိုးခဲ့သော အင်အားစု ဖြစ်သည်။

ပင်းယန်ဟဲကို ဆုံးရှုံးလိုက်ရသော်လည်း ကောင်းကင်နတ်ဘုရားလေးပါး ကျန်ရှိနေပါသေး၏။

ထို့အပြင် သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း ကောင်းကင်နတ်ဘုရား တတိယအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ဆိုရလျှင် ရှေးဟောင်းနဂါး မျိုးနွယ်စုမှ ရွှေနဂါးအဆင့် အကြီးအကဲမှလွဲ၍ မည်သူမျှ သူ့ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။

ပြောနေစရာမလိုလောက်အောင်ပင် သူတို့ နှင်းနတ်ဘုရားနန်းတော်၌ ကျီလင်နယ်မြေမှ သခင်လေးလုလည်း ရှိနေခဲ့သည်။

ထို့ကြောင့် ရှေးဟောင်းနဂါး မျိုးနွယ်စုမှ ရွှေနဂါးအဆင့်အကြီးအကဲ ရောက်လာခဲ့လျှင်ပင် သေလမ်းတစ်လမ်းသာ ရှိမည်ဖြစ်ရာ သူ့ရှေ့မှ မလောက်လေး မလောက်စား ကောင်လေး ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။

"လန်ချိုးရွှယ်.. မင်းက နှင်းနတ်ဘုရားနန်းတော်ကို ဦးဆောင်ပြီး ရှေးဟောင်းနဂါး မျိုးနွယ်စုကို သစ္စာဖောက်ဖို့ လုံး၀ စိတ်ပိုင်းဖြတ်ထားပုံပဲ "

ကျန်းချန်က လန်ချိုးရွှယ်ကို အရေးမစိုက်ဟန်ဖြင့် ကြည့်လိုက်သည်။

သူ၏ ခန္ဓာကိုယ်တွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပေါက်ကွဲထွက်လာခဲ့၏။

"ရှေးဟောင်းနဂါးကုန်းမြေကို သစ္စာဖောက်ရင် ဘယ်သူမဆိုအသတ်ခံရမယ်"

"ဒီကောင်လေးက ငါတို့နှင်းနတ်ဘုရားနန်းတော်ကို အတော်လေး အထင်သေးနေတဲ့ပုံပဲ.. အကြီးအကဲတို့.. ဒီကောင်လေးကို တိုက်"

လန်ချိုးရွှယ်က အေးစက်သော လေသံဖြင့် ဒေါသတကြီး ကြုံးဝါးလိုက်သည်။

"ဝုန်း ဝုန်း ဝုန်း.."

လန်ချိုးရွှယ်ထံမှ အမိန့်ကို ရသည်နှင့် သူ၏အနောက်တွင်ရပ်နေသည့် ကောင်းကင်နတ်ဘုရား သုံးပါးသည် ကျန်းချန်ကို တစ်ပြိုင်နက် တိုက်ခိုက်လိုက်သည်။

"အကြီးအကဲကျန်း.. ကျွန်တော် သူတို့ထဲက တစ်ယောက်ကို တာ၀န်ယူလိုက်မယ် "

နှင်းနတ်ဘုရားနန်းတော်မှ ကောင်းကင်နတ်ဘုရားအဆင့်အကြီးအကဲ သုံးဦးက တစ်ပြိုင်နက် တိုက်ခိုက်လာသည်ကို မြင်လျှင် ရွှယ်ထျန်းဟန်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

"မလိုဘူး မင်းဘေးမှာပဲ စောင့်ကြည့်နေ.. ဒီသုံးကောင်ကိုတောင် မယှဉ်နိုင်ရင် ငါက နှင်းနတ်ဘုရားနန်း‌တော်ကို ဘယ်လိုလုပ်ပြီး နှိမ်နင်းနိုင်မှာလဲ "

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

ထို့နောက်တွင် သူက ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို ထုတ်ဖော်ကာ သိုင်းစွမ်းအားပုံရိပ်ကို ဖော်ထုတ်လိုက်သည်။

ထို့နောက်တွင် သူက သိုင်းစွမ်းအားပုံရိပ်မှ စွမ်းအားဖြင့် နှင်းနတ်ဘုရား နန်းတော်မှ အကြီးအကဲ သုံးဦးကို ဖိနှိပ်လိုက်၏။

သိုင်းစွမ်းအားပုံရိပ်ကနေ ထွက်ပေါ်လာသည့်‌ တောက်ပသော အလင်းရောင် တစ်ခုသည် လေထုထဲတွင် အလျင်အမြန် ကြီးထွားလာခဲ့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုအလင်းရောင်သည် မိုင်တစ်ရာ အချင်းဝက်ကို လွှမ်းခြုံသွားခဲ့ပြီး ကောင်းကင်နှင့် နေကိုပင် လွှမ်းခြုံသွားကာ နှင်းနတ်ဘုရားနန်းတော်၏ အကြီးအကဲသုံးဦးကို ဖိနှိပ်လိုက်သည်။

ဤအချိန်တွင် နှင်းနတ်ဘုရားနန်းတော်မှ အကြီးအကဲ သုံးဦးသည် သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးကို သေခြင်းတရား၏ အရိပ်အ‌ငွေ့များက လွှမ်းခြုံထားသလို ခံစားလိုက်ရ၏။

သူတို့သုံးဦးက ကြောက်လန့်တကြား ဖြစ်ကာ ကျန်းချန်၏ တိုက်ခိုက်မှုကို ခုခံရန်အတွက် ရေခဲလမ်းစဉ်၏ စွမ်းအားကို အလျင်အမြန်ပင် အသုံးပြုကာ ကောင်းကင်နတ်ဘုရားကမ္ဘာကို ထုတ်ဖော်လိုက်ကြသည်။

သို့သော်လည်း ကျန်းချန်၏ သိုင်းစွမ်းအားပုံရိပ်ကို သာမန် ကောင်းကင်နတ်ဘုရား သုံးပါးသည် မည်ကဲ့သို့ ခုခံနိုင်ပါအံနည်း။

တစ်ခဏအတွင်းမှာပင် သူတို့ ထုတ်ဖောက်ထားသော ကောင်းကင် နတ်ဘုရားကမ္ဘာသည် သိုင်းစွမ်းအားပုံရိပ်၏ လက်ချက်ဖြင့် ချက်ချင်းဆိုသလို ‌ကြေမွသွားခဲ့ပြီး သူတို့သုံးဦး၏ ခန္ဓာကိုယ်သည်လည်း သိုင်းစွမ်းအားပုံရိပ်၏ စွမ်းအားအောက်တွင် ဖျက်ဆီးခံလိုက်ရသည်။

အဆုံးသတ်တွင် သူတို့သည် အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ သိုင်းစွမ်းအားပုံရိပ်၏ ဖိနှိပ်မှုအောက်တွင် ခြေရာလက်ရာပင် မကျန်ရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ကျန်းချန်၏ နောက်တွင် အကူအညီပေးရန်အတွက် အသင့် ရှိနေခဲ့သည့် ရွှယ်ထျန်းဟန်သည် အေးစက်သော လေထုကို ရှူရှိုက်မိလိုက်သည်။

ကျန်းချန်က အလွန်တရာ သန်မာမှန်း သူသိသော်လည်း ဤမျှလောက် အစွမ်းထက်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ထိုကောင်လေးသည် နှင်းနတ်ဘုရားနန်းတော်မှ ကောင်းကင်နတ်ဘုရား သုံးဦးကိုပင် ပေါ့ပေါ့ပါးပါး သတ်ဖြတ်လိုက်သည် မဟုတ်ပါလော။

ဤသည်မှာ အရမ်းကို ကြောက်စရာ‌ကောင်းသော စွမ်းဆောင်ရည်ပင် ဖြစ်သည်။

ထိုအချိန်တွင် ရွှယ်ထျန်းဟန်သည် ရှေးဟောင်းနဂါး မျိုးနွယ်စုက ကျန်းချန် တစ်ယောက်တည်းကို အဘယ်ကြောင့် မြောက်ပိုင်းဒေသသို့ စေလွှတ်ခဲ့မှန်း အဆုံးသတ်တွင် နားလည်သွားခဲ့၏။

"ဒီကောင်လေးမှာ နှင်းနတ်ဘုရားနန်းတော်ကို နှိမ်နင်းနိုင်တဲ့ ကြောက်မက်ဖွယ်စွမ်းရည် အမှန်တကယ် ရှိနေတာပဲ.. ကောင်စုတ်လေး ငါမင်းကို သတ်ပစ်မယ်"

သူ၏ နှင်းနတ်ဘုရားနန်းတော်မှ ကောင်းကင်နတ်ဘုရားအဆင့် အကြီးအကဲ သုံးပါးလုံးက ကျန်းချန်၏ လက်ချက်ဖြင့် ချက်ချင်းဆိုသလို အသတ်ခံလိုက်ရသည်ကို မြင်လျှင် လန်ချိုးရွှယ်သည် ဒေါသအိုး ပေါက်ကွဲသွားခဲ့ပြီး ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။

ထိုကောင်လေးသည် ပင်းယန်ဟဲကိုပင် သတ်ဖြတ်နိုင်သဖြင့် တိုက်ခိုက်ရေးစွမ်းအားတွင် မခေလှသည်ကို သက်သေပြရန် လုံလောက်နေပြီ ဖြစ်သည်။

သူက အကြီးအကဲသုံးဦးကို ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်အား စမ်းသပ်ရန် စေလွှတ်လိုက်သော်လည်း ကျန်းချန်သည် အကြီးအကဲ သုံးဦးစလုံးကို အလွယ်တကူ သတ်ပစ်လိမ့်မည်ဟု မည်သူက ကြိုသိနိုင်ပါအံ့နည်း။

ဤမတိုင်ခင်က သေဆုံးသွားသော ပင်းယန်ဟဲကိုပါ ထည့်တွက်လျှင် နှင်းနတ်ဘုရားနန်းတော်မှ အကြီးအကဲလေးဦးစလုံးသည် ကျန်းချန်၏ လက်ထဲတွင် ကျဆုံးသွားခဲ့သည် ဖြစ်ရာ လန်ချိုးရွှယ်သည် အဘယ်ကြောင့် ဒေါသမထွက်ဘဲ နေနိုင်ပါအံ့နည်း။

ထိုခဏမှာပင် လန်ချိုးရွှယ်၏ လက်ဖဝါးထဲကနေ အေးစက်သော အလင်းရောင်များ ပေါက်ကွဲထွက်လာခဲ့သည်။

လေထုထဲတွင် ကောင်းကင်နှင့်မြေကြီးကို ဖြတ်သန်းစီးဆင်းနေသော ကြယ်တာရာမြစ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ပတ်၀န်းကျင်တွင်လည်း နက်ရှိုင်းသော အအေးဓာတ်များ ကိန်းအောင်းနေသည့် ကြယ်ထောင်ပေါင်းများစွာလည်း တစ်စုတဝေးတည်း ရှိနေခဲ့သည်။

ထို့အပြင် အရိုးခိုက်အောင် အေးစိမ့်သော လေပြင်းများလည်း တိုက်ခိုက်နေခဲ့၏။

"အနှိုင်းမဲ့ ရေခဲမြစ်တိုက်ကွက်"

ဤသည်မှာ ကောင်းကင်နတ်ဘုရားတတိယအဆင့်သို့ရောက်ရှိပြီးနောက်တွင် ရေခဲလမ်းစဉ်ဥပဒေသ၏ ကမ္ဘာ့စွမ်းအား ၊ကြယ်လမ်းစဉ်ဥပဒေသ၏ ကမ္ဘာ့စွမ်းအား၊လေလမ်းစဉ်ဥပဒေသ၏ ကမ္ဘာ့စွမ်းအား များကို ပေါင်းစပ်ကာ လန်ချိုးရွှယ်တီထွင်ခဲ့သည့် အပြင်းထန်ဆုံး တိုက်ကွက်ဖြစ်သည်။

ယခုအခါတွင် လန်ချိုးရွှယ်သည်အလွန်အမင်း ဒေါသထွက်နေသဖြင့် သူ၏ စွမ်းအားအလုံးစုံကို ထုတ်သုံးကာ ကျန်းချန်ကို တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

"ကောင်လေး သွားသေလိုက်စမ်း "

လန်ချိုးရွှယ်က ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် သူ၏ ဦးခေါင်းအထက်မှ အနှိုင်းမဲ့ရေခဲမြစ်သည် ရုတ်တရက်‌ အေးစက်‌သော အလင်း‌ရောင်များ ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်ရှိရာသို့ သက်ရောက်လာခဲ့သည်။

တိုက်ကွက်၏ စွမ်းအားကြောင့်နေနှင့်လတို့ပင် ဗြောင်းဆန်သွားကာ တောင်မျက်နှာပြင်များပင် ကြေမွသွားခဲ့သည်။

တိုက်ပွဲနှင့် မိုင်တစ်ရာအကွာတွင် ရှိနေသော ရွှယ်ထျန်းဟန်လျှင်ပင် လန်ချိုးရွှယ်၏ တိုက်ခိုက်မှုကို ကြည့်ကာ ထိတ်လန့်တကြားဖြစ်သွားခဲ့၏။

နှင်းနတ်ဘုရားနန်းတော်၏ နန်းတော်သခင် လန်ချိုးရွှယ်သည် မြောက်ပိုင်းဒေသ၏ နံပါတ်တစ် ကျင့်ကြံသူဖြစ်ပြီး ကောင်းကင်နတ်ဘုရား တတိယအဆင့် အထွတ်အထိပ် ကျင့်ကြံသူလည်း ဖြစ်သည်။

ကျန်းချန်သည် လန်ချိုးရွှယ်၏ အစွမ်းထက်တိုက်ကွက်ကို အမှန်တကယ် ခုခံနိုင်ပါမည်လော။

"ဟားဟား.. မင်းရဲ့အင်အားလောက်နဲ့ ငါ့ကိုသတ်ဖို့အတွက် အရည်အချင်း မပြည့်မီသေးဘူး"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

ထို့နောက်တွင် သူက ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်၏ ဒုတိယမြောက် တိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။

ချက်ချင်းဆိုသလိုပင် သူ၏ဦး‌ခေါင်းထက်တွင် ဘုံကိုးပါးနဂါးတစ်ကောင်၏ ပုံရိပ်သည် စုစည်းသွားခဲ့သည်။

ထိုပုံရိပ်ကနေ ထိတ်လန့်ဖွယ်ကောင်းသော နဂါးဟိန်းသံ တစ်သံသည် ထွက်ပေါ်လာခဲ့၏။

သူ၏ဦးခေါင်းထက်မှ နဂါးပုံရိပ်သည် အရာအားလုံးကို ဖိနှိပ်နိုင်သည့် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားကို သယ်ဆောင်ကာ လန်ချိုးရွှယ်၏ အနှိုင်းမဲ့ ရေခဲမြစ်နှင့်ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

"ဝုန်း.."

ကမ္ဘာတစ်ခုလုံးကိုပင် လှုပ်ခါသွားစေသော ပေါက်ကွဲမှုတစ်ခုသည် ပတ်၀န်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် ဖျက်ဆီးခြင်း စွမ်းအင်လှိုင်းသည် သူတို့နှစ်ဦးကို ဗဟိုပြုကာ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားခဲ့သည်။

နှင်းနတ်ဘုရား နန်းတော် တစ်ခုလုံးသည် ထိုဖျက်ဆီးခြင်းစွမ်းအင်လှိုင်း သက်ရောက်မှုကို ခံခဲ့ရပြီး ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။

အကယ်၍ နှင်းနတ်ဘုရား နန်းတော်တွင်သာ ကောင်းမွန်သော ကာကွယ်ရေး အစီအရင် မရှိခဲ့လျှင် ဤဖျက်ဆီးခြင်းစွမ်းအင်းလှိုင်း၏ တိုက်ခိုက်မှုအောက်တွင် ချက်ချင်းဆိုသလို ပြိုလဲသွားမည် ဖြစ်သည်။

လေဟာနယ်ထဲတွင် အနှိုင်းမဲ့ရေခဲ့မြစ်နှင့် နဂါးပုံရိပ်တို့သည် အဆက်မပြတ် ထိပ်တိုက်ရင်ဆိုင်နေခဲ့ကြသည်။

သိပ်မကြာခင်မှာပင် အနှိုင်းမဲ့ရေခဲ့မြစ်ပတ်၀န်းကျင်ရှိ ကြယ်ထောင်ပေါင်းများစွာသည် ဘုံကိုးပါးနဂါးပုံရိပ်၏ ဖိနှိပ်မှုအောက်တွင် ပေါက်ကွဲ ထွက်သွားခဲ့သည်။

နောက်ထပ် တစ်စက္ကန့်မှာပင် အနှိုင်းမဲ့ ရေခဲမြစ်တစ်ခုလုံးသည် မျက်စိဖြင့်မြင်နိုင်သော အရှိန်အဟုန်ဖြင့် ပေါက်ကွဲသွားခဲ့၏။

အခန်း(၁၆၉၉)ပြီး၏။

အခန်း(၁၇၀၀)

"ခရက်..ခရက်.."

အဆက်မပြတ် ကွဲအက်သွားသော အသံများသည် ကောင်းကင်ယံအနှံ့တွင် ပဲ့တင်ထပ်သွားခဲ့သည်။

ထို့နောက်တွင် လန်ချိုးရွှယ်၏ အနှိုင်းမဲ့ရေခဲမြစ်သည် လေထုထဲတွင် ဘာမှမကျန်ရှိတော့သည် အထိ ပျက်စီးသွားခဲ့၏။

သို့‌သော်လည်း ကျန်းချန်၏ သိုင်းစွမ်းအားပုံရိပ်သည် လန်ချိုးရွှယ်၏ အနှိုင်းမဲ့ ရေခဲမြစ်ကို ဖျက်ဆီးပြီးနောက်တွင် အရှိန်အဟုန် မလျော့ကျသေးဘဲ လန်ချိုးရွှယ် ဆီသို့ သက်ရောက်သွားခဲ့သည်။

သူ၏မျက်စိရှေ့တွင် အလျင်အမြန် ချဲ့ထွင်လာသော သိုင်းစွမ်းအားကို ကြည့်ကာ လန်ချိုးရွှယ်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့၏။

သူက ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို အလျင်အမြန် ဖိနှိပ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်အပြင်ဘက်တွင် ခံစစ်အလွှာ ၁၀ခုကို ဖြန့်ကြက်လိုက်သည်။

သို့သော်လည်း ထိုခံစစ်အလွှာ ၁၀ခုသည် သိုင်းစွမ်းအားပုံရိပ်၏ စွမ်းအားအောက်တွင် စက္ကူစုတ် တစ်ရွက် ကဲ့သို့ ဖြစ်သွားခဲ့ပြီး ထိမိသည်နှင့် ပြိုလဲသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ခံစစ်အလွှာ ၁၀ခုလုံးသည် သိုင်းစွမ်းအားပုံရိပ်၏ ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။

"ဖူး.."

လန်ချိုးရွှယ်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။

သူ၏ တစ်ကိုယ်လုံးသည်လည်း နှင်းနတ်ဘုရားနန်းတော်၏ အထက်တွင် ဖွဲ့စည်းထားသည့် အကာအကွယ် အစီအရင်ပေါ်သို့ ကျရောက်သွားခဲ့ရာ နှင်းနတ်ဘုရားနန်းတော် တစ်ခုလုံးသည် အပြင်းအထန် တုန်ခါသွားခဲ့သည်။

"နှင်းနတ်ဘုရားနန်းတော်ရဲ့ နန်းတော်သခင် လန်ချိုးရွှယ်က ဒီလိုပဲ ရှုံးနိမ့်သွားခဲ့ပြီလား"

ရွှယ်ထျန်းဟန်က သူ၏ မျက်စိရှေ့မှ မြင်ကွင်းကို ကြည့်ကာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့သည်။

နှင်းနတ်ဘုရားနန်းတော်၏ နန်းတော်သခင် ဖြစ်သည့် လန်ချိုးရွှယ်သည် ကောင်းကင်နတ်ဘုရား တတိယအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်သည်။

ထိုကဲ့သို့ အစွမ်းထက်သော ကျင့်ကြံသူသည်ပင် ကျန်းချန်ကို ရှုံးနိမ့်သွားခဲ့ရသည်။

ဤအချိန်တွင် ရွှယ်ထျန်းဟန်သည် ကျန်းချန်၏ အစွမ်းအစက မည်မျှပင် ကြောက်မက်ဖွယ်ရာကောင်းသည်ကို မတွေးတောနိုင်တော့ပေ။

နှင်းနတ်ဘုရားနန်းတော်ထဲမှ တပည့်များစွာသည် သူတို့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားကြသည်။

ရှေးဟောင်းနဂါး မျိုးနွယ်စုသည် သူတို့ဆီသို့ လူငယ်တစ်ဦးကိုသာ စေလွှတ်ခဲ့သော်လည်း ထိုလူငယ်သည် သူတို့နှင်းနတ်ဘုရားနန်းတော်၏ အကြီးအကဲသုံးဦးကို အလွယ်တကူ သတ်ဖြတ်ပစ်လိုက်သည့် အပြင် နန်းတော်သခင် လန်ချိုးရွှယ်ကိုပါ အပြင်းအထန် ထိခိုက်ဒဏ်ရာရစေခဲ့သည်။

ထိုလူငယ်၏ အစွမ်းအစသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းသည်ဟုသာ ဆိုရပေတော့မည်။

ဆိုရလျှင် သူတို့ နှင်းနတ်ဘုရားနန်းတော် အနေဖြင့် ရှေးဟောင်းနဂါး မျိုးနွယ်စုကို ဆန့်ကျင်နေသည်မှာ ကိုယ့်သေတွင်းကိုယ် တူးနေသည်နှင့် ဘာမှမခြားပေ။

"မင်း မင်းဘယ်သူလဲ"

လန်ချိုးရွှယ်က သူ၏ ပုံစံကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက်တွင် လေထုထဲတွင် ရှိနေသည့် ကျန်းချန်ကို စိုက်ကြည့်လိုက်သည်။

ဤအချိန်တွင် သူ၏ မျက်ဝန်းထဲ၌ ထိတ်လန့်သောအရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။

ထိုကောင်လေးသည် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း တိုက်ခိုက်ရေးစွမ်းအားသည် ဤမျှကြောက်မက်ဖွယ်ရာကောင်းသော အဆင့်ကို ရောက်ရှိနေမည်ဟု သူလုံးဝ မစဥ်းစားမိခဲ့ပေ။

သူ့လို ကောင်းကင်နတ်ဘုရား တတိယအဆင့် အထွတ်အထိပ် ကျင့်ကြံသူပင်လျှင် ထိုကောင်လေး၏ လက်ချက်ဖြင့် အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့သည်။

ဆိုရလျှင် ထိုကောင်လေး၏ တိုက်ခိုက်ရေးစွမ်းရည်သည် ကောင်းကင်နတ်ဘုရား တတိယအဆင့် ကျင့်ကြံသူထက် အနည်းငယ်မျှပင် မနိမ့်ကျပေ။

ရှေးဟောင်းနဂါးမျိုးနွယ်စုသည် ထိုကောင်လေးတစ်ယောက်တည်းကို နှင်းနတ်ဘုရားနန်းတော်အား နှင်းနိမ်ရန် အဘယ်ကြောင့် စေလွှတ်ခဲ့သည်ကို အဆုံးသတ်တွင် လန်ချိုးရွှယ်သည် နားလည်သွားခဲ့သည်။

အကယ်၍သာ သူ၏ နှင်းနတ်ဘုရားနန်းတော်သည် ကျီလင်နယ်မြေ၏ အထောက်အပံ့ကိုသာ မရခဲ့လျှင် ထိုကောင်လေး၏ လက်ချက်ဖြင့် အမှန်တကယ် နှိမ်နင်းခံရလောက်သည်ဟု သူတွေးမိခဲ့သည်။

"ငါက ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ ရွှေနဂါးအဆင့်အကြီးအကဲ ကျန်းချန်ပဲ.. အရှင်ကုလုံရဲ့အမိန့်နဲ့ မင်းတို့နှင်းနတ်ဘုရားနန်းတော်ကို နှိမ်နင်းဖို့ ရောက်လာတာပဲ"

ကျန်းချန်က လန်ချိုးရွှယ်ကို မထီမဲ့မြင်ကြည့်ကာ မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။

"လန်ချိုးရွှယ်.. မင်းက ငါ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး.. မင်းရဲ့ နောက်ကွယ်ကလူကို ခေါ်ထုတ်လိုက်ပါ"

"လက်စသတ်တော့ ဒီကောင်လေးက ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ ရွှေနဂါးအဆင့် အကြီးအကဲ ဖြစ်နေတာကိုး"

ကျန်းချန်၏ စကားကိုကြားလျှင် လန်ချိုးရွှယ်၏ မျက်ဝန်းတွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

နှင်းနတ်ဘုရားနန်းတော်၏ နန်းတော်သခင် တစ်ဦး အနေဖြင့် လန်ချိုးရွှယ်သည် ရှေးဟောင်းနဂါးမျိုးနွယ်စု၏ ရွှေနဂါးအဆင့် အကြီးအကဲသည် မည်သို့သော အဆင့်အတန်းတွင် ရှိကြောင်း ကောင်းစွာ သိရှိထားခဲ့သည်။

ယေဘုယျအားဖြင့် ရှေးဟောင်းနဂါး မျိုးနွယ်စုတွင် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူများသည်သာ ရွှေနဂါးအဆင့် အကြီးအကဲဖြစ်လာရန် အရည်အချင်း ပြည့်မီကြသည်။

ရှေးဟောင်းနဂါး မျိုးနွယ်စုကို တည်ထောင်ပြီးကတည်းကပင် ရွှေနဂါးအဆင့် အကြီးအကဲသည် စုစုပေါင်း ၅ဦးထက် မပိုခဲ့ပေ။

ဆိုရလျှင် လန်ချိုးရွှယ်သည် ရှေးဟောင်းနဂါးမျိုးနွယ်စုမှ ရွှေနဂါးအဆင့် အကြီးအကဲတချို့နှင့် မစိမ်းပေ။

သို့သော်လည်း ရှေးဟောင်းနဂါး မျိုးနွယ်စုတွင် ကျန်းချန်ဟုခေါ်သည့် ရွှေနဂါးအဆင့် အကြီးအကဲတစ်ဦး မည်သည့်အချိန်က ရှိနေခဲ့သည်ကို သူအမှန်တကယ် မသိခဲ့ပေ။

လန်ချိုးရွှယ်က မှင်တက်ကာ မရေမရာ ဖြစ်နေခဲ့သည်။

ခဏအကြာတွင် သူ၏ စိတ်ထဲ၌ ရုတ်တရက် ဖျတ်ခနဲ ဖြစ်သွားခဲ့ပြီး အဆုံးသတ်တွင် တစ်စုံတစ်ရာကို တွေးတောမိသွားခဲ့သည်။

ထို့နောက်တွင် ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်တွင် ချက်ချင်းဆိုသလို ထိတ်လန့်အံ့သြသောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

"မင်း.. မင်းက သွေးလမင်းကုန်းမြေနဲ့ စစ်ပွဲမှာ ကောင်းကင်နတ်ဘုရား အများအပြားကို သတ်ဖြတ်ခဲ့တဲ့ ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ ပါရမီရှင်လား"

လွန်ခဲ့သည့် ၂နှစ်ခန့်က စစ်ပွဲတွင် လန်ချိုးရွှယ်သည် ရှေးဟောင်းနဂါးမျိုးနွယ်စုသို့ စစ်ကူများ စေလွှတ်ခဲ့ဖူးသည်။

ထို့ကြောင့် စစ်ပွဲဖြစ်ပွားခဲ့ရာ ထျန်းဖန်းနိုင်ငံတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို သူကောင်းစွာ သိရှိထားခဲ့သည်။

ထိုစစ်ပွဲတွင် ရှေးဟောင်းနဂါးမျိုးနွယ်စုမှ တပည့်တစ်ဦးသည် အထူးပင် နာမည်ကျော်ကြားလာခဲ့ပြီး ပကတိနတ်ဘုရားအဆင့်ဖြင့်ပင် ကောင်းကင်နတ်ဘုရား အဆင့်ကို သတ်ဖြတ်နိုင်ခဲ့သည်။

နောက်ပိုင်းတွင် ထိုတပည့်သည် ကောင်းကင်ဥပဒေသများကို လျစ်လျူရှုကာ ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်သို့ တစ်ထိုင်တည်း ထိုးဖောက်သွားခဲ့၏။

အရှင်သွေးလ၏ တပည့်ကြီးဖြစ်သည့် ရွှယ်ယင်ကဲ့သို့ ပြိုင်ဘက်ကင်းပါရမီရှင်ပင် ထိုတပည့်၏လက်ထဲတွင် လုံးဝအနိုင်ယူခံလိုက်ရသည်။

ကျန်းချန်ထံမှ နာမည်ကို သိရပြီးနောက်တွင် လန်ချိုးရွှယ်သည် ထိုနာမည်နှင့် ရင်းနှီးသလို ခံစားခဲ့ရသည်။

အဆုံးသတ်တွင် သူ့ရှေ့မှ ကောင်လေးသည် ရှေးဟောင်းနဂါးမျိုးနွယ်စု၏ အစွမ်းအထက်ဆုံး ပါရမီရှင် ဖြစ်နေခဲ့၏။

"ငါ အစောကတည်းက တွေးမိခဲ့သင့်တယ်"

လန်ချိုးရွှယ်သည် စိတ်ထဲကနေ ထိတ်လန့်နေခဲ့သည်။

ဤကောင်လေး၏ တိုက်ခိုက်ရေးစွမ်းရည်သည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပြီး အရှင်ကုလုံ၏ တပည့်သုံးယောက်ထက်ပင် အစွမ်းထက်နေခဲ့သည်။

သို့ဖြစ်ရာ ထိုကောင်လေးသည် သွေးလမင်းကုန်းမြေနှင့် စစ်ပွဲတွင် နာမည်ကျော်ကြားခဲ့သော ကျန်းချန်မှလွဲ၍ တခြားမည်သူ ဖြစ်နိုင်ပါဦးမည်နည်း။

"ငါဘယ်သူလဲဆိုတာ မင်းသိပြီဆိုတော့ မင်းနောက်ကွယ်က လူကို ဘာလို့ မခေါ်ထုတ်သေးတာလဲ"

ကျန်းချန်က အေးစက်စက်ပြုံးကာ ပြောလိုက်သည်။

"ကောင်းပြီလေ မင်းသူ့ကို မခေါ်ထုတ်ဘူးဆိုရင်လည်း ငါမင်းရဲ့နှင်းနတ်ဘုရားနန်းတော်ကို အရင်ဆုံးဖျက်ဆီးပစ်မယ်"

စကားဆုံးသည်နှင့် ဓားစွမ်းအားနှင့် မိုးကြိုးစွမ်းအားတို့ဖြင့် ပေါင်းစည်းထားသော ဧရာမ မိုးကြိုးဓားတစ်စင်းသည် ကမ္ဘာကိုပင် ဖျက်ဆီးနိုင်သော စွမ်းအားကို သယ်‌ဆောင်ကာ လန်ချိုးရွှယ်ဆီသို့ ကျရောက်လာခဲ့သည်။

ကျန်းချန်၏ ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားချက်ကို ခံစားမိလျှင် လန်ချိုးရွှယ်သည် ချက်ချင်းဆိုသလို ထိတ်လန့်သွားခဲ့၏။

သူ့ရှေ့မှ ကောင်လေးသည် အရှင်သွေးလ၏ တပည့်ကြီး ရွှယ်ယင်ကိုပင် အနိုင်ယူခဲ့သူ ဖြစ်သည်။

ရွှယ်ယင်သည် ကောင်းကင်နတ်ဘုရား တတိယအဆင့်တွင် ရှိသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူထက် မနိမ့်သည်အပြင် သူ့ထက်များစွာ သန်မာသောသူဖြစ်သည်။

ရွှယ်ယင်ကဲ့သို့ ပါရမီရှင်ပင်လျှင် ကျန်းချန်ကို မတိုက်ခိုက်နိုင်လျှင် သူ့အနေဖြင့် ကျန်းချန်၏ ပြိုင်ဘက် မည်ကဲ့သို့ ဖြစ်နိုင်ပါအံ့နည်း။

ပြောနေစရာမလိုလောက်အောင်ပင် အစောပိုင်းက ကျန်းချန်နှင့် တိုက်ခိုက်မှုတွင် သူသည် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် အထွတ်အထိပ်အခြေအနေ၏ ၅၀ရာခိုင်နှုန်းထက်ပင် အားနည်းနေပြီဖြစ်သည်။

သို့ဖြစ်ရာ ကျန်းချန်၏ ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ခိုက်မှုကို သူက မည်ကဲ့သို့ ခံနိုင်ရည်ရှိပါအံ့နည်း။

ထိုသို့တွေးမိသည်နှင့် လန်ချိုးရွှယ်သည် တုံ့ဆိုင်းမနေတော့ဘဲ အောက်ဘက်ရှိ နှင်းနတ်ဘုရားနန်းတော် ရှိရာသို့ အလျင်အမြန် အော်ဟစ်လိုက်သည်။

"သခင်လေးလုရှင်းယွီ ငါ့ကို ကယ်ပါဦး"

"ဝုန်း.."

လန်ချိုးရွှယ်၏ အကူအညီတောင်းသော အော်ဟစ်သံထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ခရမ်းရောင်အလင်းတန်း တစ်ခုသည် နှင်းနတ်ဘုရားနန်းတော်၏ အောက်ဘက်ကနေ ကောင်းကင်ပေါ်သို့ ရုတ်တရက် ထိုးတက်လာခဲ့သည်။

ထိုခရမ်းရောင်အလင်းတန်းသည် ကျန်းချန်၏ မိုးကြိုးဧရာမဓားကို အပိုင်းပိုင်းဖြစ်အောင် ဖျက်ဆီးပစ်လိုက်၏။

တစ်ချိန်တည်းမှာပင် ခရမ်းရောင်အလင်းများဖြင့် လွှမ်းခြုံနေသောလူငယ်တစ်ဦးသည် နှင်းနတ်ဘုရားနန်းတော်ကနေ ထွက်ပေါ်လာခဲ့သည်။

"ရှေးဟောင်းနဂါးကုန်းမြေရဲ့ မြောက်ပိုင်းဒေသကို မတည်မငြိမ်ဖြစ်အောင် နောက်ကွယ်ကနေ လှုံ့ဆော်နေတဲ့သူက မင်းလား"

ကျန်းချန်က လေထုအထက်ကို ခုန်တက်လာသည့် လူငယ်ကို စူးရှစွာ စိုက်ကြည့်ရင်း မေးလိုက်သည်။

"မင်းက ဘယ်နယ်မြေက လာခဲ့လဲဆိုတာ ငါသိလို့ရမလား"

"ငါ့နာမည် လုရှင်းယွီ.. ကျီလင်နယ်မြေက လာတာပဲ"

ခရမ်းရောင်ဝတ်စုံဝတ် လူငယ်က ကျန်းချန်ကို ခပ်တင်းတင်းစိုက်ကြည့်လိုက်သည်။

သူ၏ ခရမ်းရောင်မျက်ဝန်းတွင် အံ့အားသင့်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။

"ဒီလိုရှေးဟောင်းနဂါး ကုန်းမြေလေးမှာ မင်းလို ပါရမီရှင်တစ်ယောက် ရှိနေတာ တကယ်ကို အံ့သြစရာပဲ"

"လုရှင်းယွီ မင်းတို့ ကျီလင်နယ်မြေက ငါတို့ ရှေးဟောင်းနဂါးကုန်းမြေရဲ့ ကိစ္စတွေကို ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူး"

ကျန်းချန်က မထီမဲ့မြင်ပြုံးကာ ပြောလိုက်သည်။

"မင်းအနေနဲ့ မသေချင်ဘူးဆိုရင် ရှေးဟောင်းနဂါးကုန်းမြေကနေ ချက်ချင်းထွက်သွားဖို့ ငါအကြံပေးချင်တယ်"

အခန်း(၁၇၀၀) ပြီး၏။

အခန်း(၁၇၀၁)

ရှေးဟောင်းနဂါးကုန်းမြေကနေ ထွက်သွားပါ ဟူသော ကျန်းချန်၏ စကားကို ကြားလျှင် လုရှင်းယွီ၏ နှုတ်ခမ်းထောင့်တွင် မထီမဲ့မြင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ဟားဟား မင်းလို ကောင်လေးတစ်ယောက်က ငါ့ကိုများ ရှေးဟောင်နဂါးကုန်းမြေကနေ ထွက်သွားဖို့ ပြောဆိုရဲတယ်လား"

လုရှင်းယွီသည် ရှေးဟောင်းနဂါးကုန်းမြေ၏ မြောက်ဘက်တွင်ရှိသည့် ကျီလင်နယ်မြေကနေ ရောက်လာခြင်းဖြစ်သည်။

ကျီလင်နယ်မြေသည် ရှေးဟောင်းနဂါးကုန်းမြေထက်ပင် အဆပေါင်းများစွာ ပို၍ အင်အားကြီးမား၏။

ဆိုရလျှင် လုရှင်းယွီသည် ကျီလင်နယ်မြေရှိ နယ်မြေနတ်ဘုရား အင်အားစုနှစ်ခုထဲမှ တစ်ခုဖြစ်သည့် ကျီယွင်ဂိုဏ်းကနေ လာခဲ့ခြင်းဖြစ်သည်။

ကျီလင်နယ်မြေတွင် ကျီယွင်ဂိုဏ်းနှင့် ချီလင်ဂိုဏ်းဟူ၍ နယ်မြေနတ်ဘုရား အင်အားစုနှစ်ခုရှိပြီး ထိုအင်အားစုများသည် တစ်ခုနှင့်တစ်ခု ရန်ဘက်အဖြစ် သဘောထားကာ အမြဲတစေ တိုက်ခိုက်ခဲ့ကြသည်။

မူလတွင် ကျီယွင်ဂိုဏ်းနှင့် ချီလင်ဂိုဏ်းတို့၏ အင်အားသည် အတူတူလောက်သာ ရှိသောကြောင့် မည်သည့်ဘက်ကမှ အသာစီး မရရှိခဲ့ကြပေ။

သို့ရာတွင် မကြာသေးခင်က ကျီယွင်ဂိုဏ်း၏ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူသည် နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်ဖို့ကြိုးစားရာတွင် ကျဆုံးသွားခဲ့သောကြောင့် ကျီယွင်ဂိုဏ်း၏ အင်အားသည် အကြီးအကျယ် အားနည်းသွားခဲ့သည်။

ထို့ကြောင့် ကျီယွင်ဂိုဏ်းက တခြားနယ်မြေတွေဆီကနေ အကူအညီတောင်းခံရန် လုပ်ဆောင်နေချိန်မှာပင် သွေးလမင်းကုန်းမြေနှင့် ဆက်သွယ်မိခဲ့သည်။

ဤသို့ဖြင့် ကျီယွင်ဂိုဏ်းနှင့် သွေးလမင်းကုန်းမြေတို့သည် အပြန်အလှန်ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ကြ၏။

ထို့ကြောင့်လည်း ကျီယွင်ဂိုဏ်း၏ ညွှန်ကြားချက်အရ လုရှင်းယွီသည် ရှေးဟောင်းနဂါးကုန်းမြေ၏ မြောက်ပိုင်းဒေသကိုရောက်လာခဲ့ပြီး နှင်းနတ်ဘုရားနန်းတော်ကို နောက်ကွယ်ကနေ ကြိုးကိုင်ကာ ရှေးဟောင်းနဂါးကုန်းမြေကို တိုက်ခိုက်ရန်အတွက် သွေးလမင်းကုန်းမြေကို ကူညီခဲ့ခြင်း ဖြစ်သည်။

သွေးလမင်းကုန်းမြေက ရှေးဟောင်းနဂါးကုန်းမြေကို ဖျက်ဆီးပြီးသည်နှင့် အရှင်သွေးလသည် ကျီယွင်ဂိုဏ်းက ချီလင်ဂိုဏ်းကို တိုက်ခိုက်ရာတွင် အကူအညီပေးမည် ဖြစ်၏။

အရှင်သွေးလ၏ အကူအညီသာ ရလျှင် ကျီယွင်ဂိုဏ်းသည် ချီလင်ဂိုဏ်းကို အနိုင်ယူကာ ကျီလင်နယ်မြေကို လွှမ်းမိုးနိုင်မည် မဟုတ်ပါလား။

ဤတစ်ခေါက် ရှေးဟောင်းနဂါးကုန်းမြေသို့ သွားရမည့် ခရီးစဥ်နှင့် ပတ်သက်၍ လုရှင်းယွီသည် သူ့ကိုယ်သူ လုံးဝ ယုံကြည်မှုအပြည့် ရှိနေခဲ့သည်။

သူ၏ ကျီယွင်ဂိုဏ်း၏ ပြိုင်ဘက်ကင်းပါရမီရှင် ဖြစ်ပြီး ပါရမီရှင် များစွာရှိသည့် ကျီလင်နယ်မြေမှာပင် သူနှင့် ယှဥ်နိုင်သည့် ပါရမီရှင် ၂ယောက်၊၃ယောက်ခန့်သာ ရှိသည်။

သူက ကောင်းကင်နတ်ဘုရား တတိယအဆင့်သာ ရှိသော်လည်း ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်ကိုပင် အလွယ်တကူ အနိုင်ယူနိုင်သော စွမ်းရည်ရှိသူ တစ်ယောက်လည်း ဖြစ်သည်။

ဆိုရလျှင် လုရှင်းယွီသည် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်နှင့် ရင်ဆိုင်ရလျှင်ပင် အလွယ်တကူ ရှုံးနိမ့်မည်မဟုတ်ပေ။

သူ၏ တိုက်ခိုက်ရေးစွမ်းရည်ဖြင့် ဆိုလျှင် ရှေးဟောင်းနဂါးကုန်းမြေတစ်ခုလုံးတွင် သူ့ကို ယှဥ်နိုင်မည့်သူ ၃ယောက်ခန့်သာ ရှိသည်။

ထို့အပြင် သူ့တွင် သူ့ဆရာ ပေးအပ်ထားသည့် နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းလည်း ရှိနေသေးသည် မဟုတ်ပါလော။

ထို့ကြောင့် အရှင်ကုလုံ ကိုယ်တိုင် မြောက်ပိုင်း‌ဒေသကို ရောက်မလာသရွေ့ သူက နှင်းနတ်ဘုရားနန်းတော်ကို ဦးဆောင်ကာ ရှေးဟောင်းနဂါး ကုန်းမြေ၏ မြောက်ပိုင်းဒေသကို သိမ်းပိုက်နိုင်မည် ဖြစ်၏။

သူ့ရှေ့မှကောင်လေးသည် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ဖြင့်ပင် ကောင်းကင်နတ်ဘုရား တတိယအဆင့်ဖြစ်သည့် လန်ချိုးရွှယ်ကို အပြင်းအထန် ဒဏ်ရာရအောင် တိုက်ခိုက်နိုင်ခဲ့သောကြောင့် အမှန်တကယ်ပင် သန်မာသည်ဟု ဆိုရပေမည်။

ထိုကောင်လေးသည် သူတို့ ကျီယွင်ဂိုဏ်း၏ ထိပ်တန်းပါရမီရှင်၁၀ယောက်စာရင်းမှာပင် ပါဝင်နိုင်ခြေရှိသည်။

သို့သော်လည်း ဤကဲ့သို့ ပါရမီရှင်မျိုးသည် သူ၏ ရှေ့တွင်မူ လုံလောက်မှုမရှိသေးပေ။

"သခင်လေးလု သတိထားပါ.. ဒီကောင်လေးက အရမ်းကို သန်မာလွန်းတယ် လွန်ခဲ့တဲ့၂နှစ်က အရှင်သွေးလရဲ့ တပည့်ကြီး ရွှယ်ယင်တောင် ဒီကောင်လေးရဲ့ လက်ထဲမှာ ရှုံးနိမ့်ခဲ့ဖူးတယ်"

နံဘေးတွင် ရှိနေသည့် လန်ချိုးရွှယ်က ချက်ချင်းဆိုသလိုပင် သတိပေးလိုက်သည်။

လန်ချိုးရွှယ်၏ စကားကိုကြားလျှင် လုရှင်းယွီ၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

မကြာသေးခင်ကပဲ အရှင်သွေးလသည် သူ၏ တပည့်ကြီးရွှယ်ယင်ကို ကျီယွင်ဂိုဏ်းဆီ စေလွှတ်ခဲ့သည်။

သူက ရွှယ်ယင်နှင့် ပညာဖလှယ်သည့် အနေဖြင့် ယှဥ်ပြိုင်ခဲ့ဖူးသောကြောင့် ရွှယ်ယင်၏ အင်အားကို ကောင်းစွာနားလည်ထားခဲ့၏။

ဆိုရလျှင် ရွှယ်ယင်၏ တိုက်ခိုက်ရေးစွမ်းရည်သည် သူ့ထက်အနည်းငယ်မျှသာ နိမ့်ကျသည်။

ထိုကောင်လေးသာ ရွှယ်ယင်ကို အနိုင်ယူနိုင်သည်ဆိုလျှင် သူကိုယ်တိုင်လည်း သတိထားရလိမ့်မည်မဟုတ်ပါလော။

"စိတ်ဝင်စားစရာပဲ.. မင်းက ရွှယ်ယင်ကိုတောင် အနိုင်ယူနိုင်လိမ့်မယ်လို့ ငါတကယ် မထင်ထားခဲ့ဘူး.. ဒီလိုဆိုမှတော့ ငါနဲ့တိုက်ခိုက်ဖို့ အရည်အချင်း ပြည့်မီသွားပြီ"

လုရှင်းယွီ၏ မျက်ဝန်းထဲကနေ ခရမ်းရောင်အလင်းများသည် ပေါက်ကွဲထွက်လာခဲ့သည်။

"ဝုန်း.."

တစ်ခဏအတွင်း ကောင်းကင်ယံ၌ ကောင်းကင်နတ်ဘုရား ကမ္ဘာတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုကမ္ဘာထဲတွင် ခရမ်းရောင် နေတစ်စင်း ရှိနေခဲ့၏။

‌‌ငွေရောင်မိုးကြိုးများသည်လည်း ပတ်ဝန်းကျင်တွင် လင်းလက်စွာ တောက်ပနေခဲ့ပြီး လေပြင်းများလည်း ပြင်းထန်စွာ တိုက်ခတ်နေခဲ့သည်။

ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်က သာမန် မဟုတ်မှန်းသိသည်နှင့် လုရှင်းယွီသည် ကမ္ဘာ့စွမ်းအား သုံးမျိုးကို ပေါင်းစည်းကာ ကောင်းကင်နတ်ဘုရား ကမ္ဘာကို အသုံးပြုရန် တုံ့ဆိုင်းမနေခဲ့ပေ။

"မမျှော်လင့်ဘဲ နှင်းနတ်ဘုရားနန်းတော်ရဲ့ နောက်ကွယ်မှာ ဒီလို ကြောက်မက်ဖွယ် အစွမ်းထက်တဲ့ ကျင့်ကြံသူတစ်ယောက် ရှိနေခဲ့တာကိုး"

လုရှင်းယွီထံကနေ ပေါက်ကွဲထွက်လာသည့် ကြောက်မက်ဖွယ်ရာကောင်းသော အင်အားကို မြင်လျှင် ရွှယ်ထျန်းဟန်သည် တုန်လှုပ်သွားခဲ့သည်။

လန်ချိုးရွှယ်က နှင်းနတ်ဘုရားနန်းတော်ကို ဦးဆောင်၍ ရှေးဟောင်းနဂါးမျိုးနွယ်စုကို သစ္စာဖောက်ရဲသည်မှာ သူ၏ နောက်ကွယ်တွင် တခြားနယ်မြေက အင်အားကြီးမားသူများ ရှိနေခြင်းကြောင့်ဖြစ်သည်မှာ ထင်ရှား၏။

ကျီလင်နယ်မြေမှ ထိုလူငယ်၏ ကျင့်ကြံခြင်းအဆင့်သည် လန်ချိုးရွှယ်နှင့် အတူတူပင် ဖြစ်သော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ လန်ချိုးရွှယ်ထက် များစွာ မြင့်မားသည်။

ဤကဲ့သို့ အစွမ်းထက်သည့် ကောင်းကင်နတ်ဘုရား တတိယအဆင့် ပါရမီရှင်ကို ကျန်းချန်သည် ယှဥ်ပြိုင်နိုင်ပါမည်လော။

"ဒီကောင်က ရွှယ်ယင်ထက်တောင် ပိုမို သန်မာနေပါလား"

လုရှင်းယွီ၏ ကောင်းကင်နတ်ဘုရား ကမ္ဘာတွင် ကိန်းအောင်းနေသည့် ကြောက်မက်ဖွယ်ရာကောင်း‌သော စွမ်းအင်ကို ခံစားမိလျှင် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

ရွှယ်ယင်နှင့် လုရှင်းယွီတို့လို ပင်ကိုပါရမီ မြင့်မားသောသူများသည် သာမန် ကျင့်ကြံသူများထက် တိုက်ခိုက်‌ရေးစွမ်းရည်များစွာ ပိုမို မြင့်မားသည်။

သူက ရွှယ်ယင်ကို အနိုင်ရခဲ့သော်လည်း တကယ်တမ်းတွင် အသက်သစ်ကိုင်း၏ စွမ်းအားကို အားကိုးခဲ့ရခြင်း ဖြစ်သည်။

အကယ်၍သာ အသက်သစ်ကိုင်းကသာ သူ၏ခွန်အားကို ဖြည့်ဆည်းမပေးစွမ်းခဲ့လျှင် သူက ရွှယ်ယင်နှင့် ရင်ဆိုင်နိုင်ရုံသာ ရှိမည် ဖြစ်ပြီး ရွှယ်ယင်ကို အနိုင်ယူဖို့ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ပေ။

သူ့ရှေ့တွင် ရှိနေသည့် လုရှင်းယွီ၏ခွန်အားသည် ရွှယ်ယင်ထက်ပင် ပို၍အားကောင်းသည်။

ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် ခွန်အားမျှဖြင့် လုရှင်းယွီကို အနိုင်ယူဖို့ ဆိုသည်မှာ လွယ်ကူသောအလုပ် မဟုတ်ချေ။

လုရှင်းယွီကို အနိုင်ယူရန် အတွက် တစ်ခုတည်းသော နည်းလမ်းမှာ မီးလမ်းစဥ် ဥပဒေသ၏ ပြီးပြည့်စုံသော စွမ်းအားကို ကမ္ဘာ့စွမ်းအားအဖြစ် ပေါင်းစည်းကာ ကောင်းကင်နတ်ဘုရား တတိယအဆင့်ကို ထိုးဖောက်ရန်ပင် ဖြစ်သည်။

ထိုသို့ တွေးမိလိုက်သည်နှင့် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ မီးလမ်းစဥ် ဥပဒေသ၏ ပြီးပြည့်စုံသော မူလစွမ်းအားကို ကမ္ဘာ့စွမ်းအား အဖြစ် စတင် ပေါင်းစည်းလိုက်သည်။

ချက်ချင်းဆိုသလိုပင် ကြည်လင်နေသော ကောင်းကင်သည် ရုတ်တရက် မည်းမှောင်သွားခဲ့ပြီး အနက်ရောင် တိမ်တိုက်များသည် လေထုထဲတွင် အလျင်အမြန် စုစည်းကာ ငွေရောင်မိုးကြိုးများသည် ငွေရောင်မြွေများကဲ့သို့ ရွေ့လျားနေခဲ့သည်။

"ကောင်းကင်နတ်ဘုရား ကပ်ဘေးပါလား.. ဒီကောင်က ကောင်းကင်နတ်ဘုရား တတိယအဆင့်ကို ထိုးဖောက်မလို့လား"

သူ့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ကျန်းချန်ကို ဖိနှိပ်ရန်အတွက် ကောင်းကင်နတ်ဘုရားကမ္ဘာကို ထုတ်ဖော်ထားသော လုရှင်းယွီ၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ကောင်းကင်နတ်ဘုရား တတိယအဆင့်၏ ကပ်ဘေးသည် မည်မျှအစွမ်းထက်မှန်း လုရှင်းယွီ ကောင်းစွာ နားလည်ထားခဲ့၏။

သူ့ရှေ့မှ ကောင်လေး၏ ပါရမီသည် သူ့ထက် မနိမ့်ကျသောကြောင့် ဖြစ်ပေါ်လာမည့် ကောင်းကင်နတ်ဘုရား ကပ်ဘေးသည် သာမန် မဟုတ်လောက်ပေ။

သူသာ ကောင်းကင်နတ်ဘုရားကပ်ဘေး ကျရောက်မည့် ဧရိယာအတွင်း ရှိနေခဲ့မည် ဆိုလျှင် ထိုကောင်လေး၏ ကောင်းကင်နတ်ဘုရား ကပ်ဘေးသည် အင်အား၂ဆ တိုးလာလိမ့်မည် ဖြစ်ပြီး သူကိုယ်တိုင်လည်း ထိုအင်အားကို ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။

ဤအတိုင်းသာ ဖြစ်လာခဲ့လျှင် သူနှင့် ထိုကောင်လေး၏ ခန္ဓာကိုယ်နှင့်ဝိညာဥ်များသည် တစ်ခါတည်း ပျက်စီးသွားလိမ့်မည် ဖြစ်၏။

ထို့ကြောင့် လုရှင်းယွီက အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ လေထဲတွင် ခြေတစ်ချက် ဆောင့်နင်းကာ နှင်းနတ်ဘုရားနန်းတော်၏ အကာအကွယ် အစီအရင်ထဲသို့ တိုက်ရိုက်ပင် ပြန်ဆုတ်သွားခဲ့သည်။

ကျန်းချန်က ကပ်ဘေးကို အောင်မြင်စွာ ကျော်လွှားနိုင်မလားဆိုသည်ကို သူ မပြောနိုင်သော်လည်း ကျန်းချန်နှင့်အတူ သေဆုံးလိုခြင်းတော့ မရှိပေ။

မည်သို့ပင် ဖြစ်စေကာမူ ထိုကောင်လေးသည် ကောင်းကင်နတ်ဘုရားကပ်ဘေးကို အမှန်တကယ် ဖြတ်ကျော်နိုင်ခဲ့လျှင်ပင် ကောင်းကင်နတ်ဘုရား ကပ်ဘေးကြောင့် အကြီးအကျယ်ဒဏ်ရာရမည်မှာ သေချာ၏။

ထိုအချိန်သို့ရောက်မှ တိုက်ခိုက်လျှင် ထိုကောင်လေးကို သတ်ဖြတ်ရာတွင် ပိုမို လွယ်ကူသွားမည်မဟုတ်ပါလော။

"သခင်လေးလု သတိထားပါ.. ကျွန်တော် သိသလောက် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စစ်ပွဲမှာ ဒီကောင်လေးက ကောင်းကင်ဥပဒေသကို လျစ်လျူရှုပြီး ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို တစ်ထိုင်တည်း တက်လှမ်းသွားခဲ့တယ်"

သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း လန်ချိုးရွှယ်က အထိတ်တလန့်ဖြင့် လုရှင်းယွီကို သတိပေးလိုက်သည်။

ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်တွင် ရှိနေစဥ်ကပင် ထိုကောင်လေး၏ တိုက်ခိုက်ရေးစွမ်းရည်သည် အလွန်တရာကြောက်မက်ဖွယ် ကောင်းနေခဲ့သည် ဖြစ်ရာ ထိုကောင်လေးသာ ကောင်းကင်ဥပဒေသကို လျစ်လျူရှုပြီး ကောင်းကင်နတ်ဘုရား တတိယအဆင့်ကို ထိုးဖောက်သွားခဲ့လျှင် လုရှင်းယွီပင် ရင်ဆိုင်ရန် ခက်ခဲသွားမည်ကို သူစိုးရိမ်နေမိသည်။

အခန်း(၁၇၀၁) ပြီး၏

All Chapters