အခန်း (၁၇၀၅-၁၇၀၇)
Vol. 114 Ch. 1705-1707
အခန်း(၁၇၀၅)
ကျန်းချန်က နှင်းနတ်ဘုရားနန်းတော်ကို ဖျက်ဆီးပြီးနောက်တွင် အလျင်စလို ထွက်မသွားခဲ့ပေ။
အဆုံးသတ်တွင် သူက ကျီလင်နယ်မြေမှ ကျီယွင်ဂိုဏ်း၏တပည့်ဖြစ်သည့် လုရှင်းယွီကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ရာ ကျီယွင်ဂိုဏ်းက တုံ့ပြန်မှု မလုပ်နိုင်ဟု အာမခံရန် ခက်ခဲသောကြောင့် ရှေးဟောင်း နဂါးကုန်းမြေ၏ မြောက်ပိုင်းဒေသတွင် ခဏမျှ နေထိုင်ရန် စီစဥ်ခဲ့သည်။
ထို့ကြောင့် ကျန်းချန်က ရွှယ်ထျန်းဟန်ကို စေလွှတ်လိုက်ပြီး နှင်းနတ်ဘုရားနန်းတော်တွင် တစ်ကိုယ်တည်း နေထိုင်ခဲ့သည်။
ရှေးဟောင်းနဂါးကုန်းမြေ၏ မြောက်ဘက်ဒေသကို ကြီးစိုးထားသော ကောင်းကင်နတ်ဘုရားအဆင့် အင်အားစုအနေဖြင့် နှင်းနတ်ဘုရား နန်းတော်သည် အလွန်တရာအားကောင်းသည့် အခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားခဲ့သည်။
ထို့ကြောင့် နှင်းနတ်ဘုရား နန်းတော်တွင် သူ့အတွက် အသုံးဝင်မည့် အရင်းအမြစ်များ ရှာဖွေရန် ကျန်းချန်က အသင့်ဖြစ်နေခဲ့သည်။
နှင်းနတ်ဘုရားနန်းတော်တွင် ရတနာ အများအပြား ရှိနေသည်ကို ကျန်းချန်က ရှာဖွေတွေ့ရှိခဲ့၏။
ထို့အပြင် နှင်းနတ်ဘုရားနန်းတော်၏ အဂ္ဂိရတ်ခန်းမတွင် သတ္တမအဆင့် နတ်ဆေးဝါးအတွက် လိုအပ်သည့် ဆေးဝါးပစ္စည်းများကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။
အဆုံးသတ်တွင် ကျန်းချန်သည် နှင်းနတ်ဘုရားနန်းတော်၏ အလယ်ဗဟိုရှိ ရေခဲနန်းတော် ရှိရာသို့ ရောက်လာခဲ့သည်။
ထိုရေခဲနန်းတော်တွင် ကြည်လင်တောက်ပနေသည့် အဖြူရောင်ခရစ္စတယ် တစ်ခု ရှိနေခဲ့သည်။
ထိုအဖြူရောင်ခရစ္စတယ်သည် နှင်းနတ်ဘုရားနန်းတော်၏ အထွတ်အမြတ်ရတနာ ဖြစ်သည့် ရေခဲဝိညာဥ် အဆီအနှစ် ဖြစ်သည်။
ရေခဲဝိညာဥ် အဆီအနှစ်သည် နတ်ဘုရားနယ်မြေတွင် ရှားပါးသောရတနာတစ်ပါး ဖြစ်ပြီး ရေခဲလမ်းစဥ် ဥပဒေသကို နားလည်ရာတွင် အကူအညီပေးနိုင်သည့် အထွတ်အမြတ် ရတနာတစ်ပါး ဖြစ်သည်။
ဆိုရလျှင် ရေခဲဝိညာဥ် အဆီအနှစ်၏ အဖိုးထိုက်တန်မှုသည် ထျန်းဖန်းနိုင်ငံ၏ ရှေးဟောင်း မိုးကြိုးသစ်ပင်ထက် မနိမ့်ကျပေ။
ကျန်းချန်က ရေခဲဝိညာဥ် အဆီအနှစ်ကို အသုံးချကာ အဋ္ဌမမြောက် ကိုယ်ခံပညာ ဥပဒေသကို နားလည်အောင် လုပ်ရန် ဆုံးဖြတ်လိုက်သည်။
ကျန်းချန်က သူ၏ ခန္ဓာကိုယ်ထဲတွင် အဆ ၁၀၀ စနစ် ရှိနေသောကြောင့် ကိုယ်ခံပညာလမ်းစဥ် ဥပဒေသ ၆မျိုး သို့မဟုတ် ၇မျိုးလောက်ဖြင့် ရပ်တန့်ပစ်မည် မဟုတ်ပေ။
သူ၏ပန်းတိုင်မှာ ကိုယ်ခံပညာဥပဒေသ လမ်းစဥ်၉မျိုး၏ စွမ်းအားဖြင့် နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်ရန် ဖြစ်၏။
ယခု သူက အဋ္ဌမမြောက် ကိုယ်ခံပညာဥပဒေသကို နားလည်နိုင်မည့် အခွင့်အရေး ရှိနေသည်ဖြစ်ရာ ကျန်းချန်သည် အဘယ်ကြောင့် အလွယ်တကူ လက်လွှတ်ခံနိုင်ပါအံ့နည်း။
ရေခဲဝိညာဥ်အဆီအနှစ်သည် ရေခဲလမ်းစဥ်ဥပဒေသ၏ မူလစွမ်းအားကို နားလည်ရာတွင် အကူအညီ ပေးနိုင်သည့် အလွန်တရာ မြင့်မြတ်သော ရတနာတစ်ပါး ဖြစ်သည်။
ကျန်းချန်က ရေခဲဝိညာဥ် အဆီအနှစ်ကို အသုံးပြုပြီး ရေခဲလမ်းစဥ်ဥပဒေသ၏ စွမ်းအားကို နားလည်အောင် ကြိုးစားခဲ့သည်။
ရေခဲဝိညာဥ် အဆီအနှစ်၏ အထောက်အပံ့ဖြင့် သူ၏ အတွေ့အကြုံရမှတ် ရရှိသည့် အရှိန်အဟုန်သည် အလွန်အမင်း မြန်ဆန်နေခဲ့၏။
၅ရက်ခန့်အကြာတွင် နှင်းနတ်ဘုရားနန်းတော်၏ အပြင်ဘက်ကနေ ရွှယ်ထျန်းဟန်၏ စိုးရိမ်တကြီး လေသံက ဝင်ရောက်လာခဲ့သည်။
"အကြီးအကဲကျန်း.. အရှင်သွေးလက ကောင်းကင်နတ်ဘုရား၁၀၀ကျော်ကို ဦးဆောင်ပြီး ရှေးဟောင်းနဂါးကုန်းမြေဆီ ချီတက်လာခဲ့ပြီ.. ဒါကြောင့် အရှင်ကုလုံက ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတွေကို ဖန်းလုံခံတပ်ဆီ အမြန်ဆုံး လာရောက်ဖို့ ဆင့်ခေါ်ထားတယ်"
ရွှယ်ထျန်းဟန်၏ စကားကိုကြားလျှင် ကျန်းချန်၏ မှိတ်ထားသော မျက်လုံးများသည် ရုတ်တရက် ပွင့်လာခဲ့သည်။
သူက နှင်းနတ်ဘုရားနန်းတော်နှင့် ကျီလင်နယ်မြေမှ လုရှင်းယွီကို နှိမ်နင်းပြီး သိပ်မကြာခင်မှာပင် သွေးလမင်းကုန်းမြေသည် ရှေးဟောင်းနဂါးကုန်းမြေသို့ တစ်ဖန် ချီတက်လာခဲ့သည်။
သူသာ လုရှင်းယွီနှင့် နှင်းနတ်ဘုရားနန်းတော်ကို ခပ်သွက်သွက် မနှိမ်နင်းခဲ့လျှင် ရှေးဟောင်းနဂါး ကုန်းမြေသည် အမှန်တကယ်ပင် အန္တရာယ်ထဲ ကျသွားလောက်သည်။
"ကျီလင်နယ်မြေက လုရှင်းယွီက ရှေးဟောင်းနဂါး ကုန်းမြေမှာ ရုတ်တရက် ပေါ်လာတာ တိုက်ဆိုင်မှု မဟုတ်လောက်ဘူး ထင်တယ်"
ထိုသို့ တွေးမိပြီးနောက်တွင် ကျန်းချန်သည် ကျင့်ကြံနေရာကနေ မတ်တတ်ထရပ်လိုက်သည်။
"ဒီရတနာကို သိုလှောင်လက်စွပ်ထဲ ထည့်ယူသွားလို့ မရတာ ဝမ်းနည်းစရာပဲ.. ဒီရေခဲဝိညာဥ် အဆီအနှစ်ရဲ့ စွမ်းအားနဲ့သာဆိုရင် ရေခဲလမ်းစဥ် ဥပဒေသရဲ့ မူလစွမ်းအားကို သိပ်မကြာခင် နားလည်နိုင်မှာ အသေအချာပဲ"
ရေခဲဝိညာဥ် အဆီအနှစ်ကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းထဲတွင် နှမြောသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
စင်စစ် ရေခဲဝိညာဥ် အဆီအနှစ်ကို ယူသွား၍ မရသည်တော့မဟုတ်ပေ။
သို့သော်လည်း ရေခဲဝိညာဥ် အဆီအနှစ်တွင် ပါဝင်နေသည့် ရေခဲလမ်းစဥ်၏ စွမ်းအားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေခဲ့သည်။
အကယ်၍ သူက သိုလှောင်လက်စွပ်ထဲကို ထည့်သိမ်းလိုက်လျှင် သူ၏ သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းအများစုသည် ရေခဲဝိညာဥ် အဆီအနှစ်ကြောင့် ပျက်စီးသွားမည်ကို သူစိုးရိမ်မိခဲ့သည်။
"ရွှယ်မိသားစုဆီမှာပဲ ခဏလောက် ထိန်းသိမ်းခိုင်းထားတာ ကောင်းမယ်ထင်တယ်"
ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
ထို့နောက်တွင် သူက ရေခဲဝိညာဥ် အဆီအနှစ်ကို ကိုင်ကာ နှင်းနတ်ဘုရားနန်းတော်၏ အပြင်ဘက်သို့ ထွက်လာခဲ့၏။
သူက ရေခဲဝိညာဥ်အဆီအနှစ်ကို ယူမသွားနိုင်မည့် အတူတူ ရွှယ်မိသားစုထံတွင် ထားခဲ့ရန် ဆုံးဖြတ်လိုက်သည်။
အချိန်တန်လျှင် သူသည် ရေခဲလမ်းစဥ်ဥပဒေသ၏ မူလစွမ်းအားကို နားလည်ရန်အတွက် ရွှယ်မိသားစုဆီသို့ လာရောက်လိုက်ရုံပင် မဟုတ်ပါလော။
ကျန်းချန်က ရေခဲဝိညာဥ် အဆီအနှစ်ကို ကိုင်ကာ နှင်းနတ်ဘုရားနန်းတော်ကနေ ထွက်လာသည်ကို မြင်လျှင် ရွှယ်ထျန်းဟန်၏အကြည့်သည် ရေခဲဝိညာဥ်အဆီအနှစ် ဆီသို့ ချက်ချင်းဆိုသလို ကျရောက်သွားခဲ့သည်။
"ဒါ ဒါက နှင်းနတ်ဘုရားနန်းတော်ရဲ့ အထွတ်အမြတ် ရတနာဖြစ်တဲ့ ရေခဲဝိညာဥ်အဆီအနှစ် မဟုတ်လား"
ကျန်းချန်က ခေါင်းညိတ်၍ ပြုံးလိုက်သည်။
"ဟုတ်တယ် ဒါက ရေခဲဝိညာဥ် အဆီအနှစ်ပဲ.. အခုအချိန်ကစပြီး မင်းတို့ ရွှယ်မိသားစုက ငါ့ကိုယ်စား ဒီရတနာကို ထိန်းသိမ်းပေးထားရမယ်"
ထို့နောက်တွင် ကျန်းချန်က ရေခဲဝိညာဥ် အဆီအနှစ်ကို ရွှယ်ထျန်းဟန်ဆီသို့ လက်လွှဲပေးလိုက်သည်။
ရေခဲဝိညာဥ်အဆီအနှစ်ထံမှ ကြောက်မက်ဖွယ်ရာကောင်းသော အအေးဓာတ်နှင့် ထိတွေ့မိလျှင် ကောင်းကင်နတ်ဘုရား ပထမအဆင့်ဖြစ်သည့် ရွှယ်ထျန်းဟန်သည် ချမ်းစိမ့်သွားသလို ခံစားလိုက်ရသည်။
"အကြီးအကဲကျန်းက တကယ်ပဲ ရေခဲဝိညာဥ်အဆီအနှစ်ကို ကျွန်တော်တို့ ရွှယ်မိသားစုဆီ ထားခဲ့မှာလား"
ရွှယ်ထျန်းဟန်၏ မျက်ဝန်းထဲတွင် အလွန်တရာစိတ်လှုပ်ရှားသည့် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ရေခဲဝိညာဥ်အဆီအနှစ်သည် နှင်းနတ်ဘုရားနန်းတော်၏ အထွတ်အမြတ်ရတနာဖြစ်သည်။
နှင်းနတ်ဘုရားနန်းတော်အနေဖြင့် ရှေးဟောင်းနဂါးကုန်းမြေ၏ မြောက်ပိုင်းဒေသကို ကြီးစိုးနိုင်သည့် အင်အားစု ဖြစ်လာရသည့် အကြောင်းအရင်းမှာ ရေခဲဝိညာဥ်အဆီအနှစ် ရှိနေသောကြောင့်ပင်။
သူတို့ရွှယ်မိသားစုသာ ရေခဲဝိညာဥ်အဆီအနှစ်၏ စွမ်းအားကို အသုံးပြုနိုင်လျှင် သိပ်မကြာခင်မှာပင် သူတို့ရွှယ်မိသားစုသည် အဆင့်သစ်တစ်ခုသို့ တက်လှမ်းသွားနိုင်မည် ဖြစ်သည်။
"ငါ ရေခဲဝိညာဥ်အဆီအနှစ်ကို အသုံးပြုချင်တဲ့ အခါကျရင် ရွှယ်မိသားစုဆီ လာခဲ့မယ်.. ပြဿနာရှိလား"
"ပြဿနာမရှိပါဘူး.. အကြီးအကဲကျန်းကိုယ်စား ကျွန်တော်တို့ရွှယ်မိသားစုက ရေခဲဝိညာဥ်အဆီအနှစ်ကို ထိန်းသိမ်းပေးထားပါ့မယ်.. အကြီးအကဲလိုအပ်ရင် အချိန်မရွေး ရွှယ်မိသားစုဆီကနေ ပြန်ယူသွားနိုင်ပါတယ်"
ရွှယ်ထျန်းဟန်က ခပ်သွက်သွက်ပင် ပြန်ဖြေလိုက်သည်။
ရေခဲဝိညာဥ်အဆီအနှစ်ကို ခဏမျှ ထိန်းသိမ်းထားနိုင်လျှင်ပင် သူတို့ရွှယ်မိသားစုသည် ရေခဲဝိညာဥ် အဆီအနှစ်ဆီကနေ အကျိုးကျေးဇူးများစွာ ရရှိနိုင်မည် ဖြစ်သည်။
"ကောင်းပြီ.. အခုသွေးလမင်းကုန်းမြေက စစ်ချီလာပြီဆိုတော့ ငါအနေနဲ့ အရှေ့ပိုင်းဒေသကို အရင်သွားလိုက်တော့မယ်.. ချင်းရို့ကို ရှန်လုံမြို့ဆီ ပြန်ပြီး အချိန်မရွေး လေ့ကျင့်နိုင်တယ်လို့ ငါ့ကိုယ်စား ပြောပေးပါ"
စကားသံဆုံးသည်နှင့် ကျန်းချန်၏ ပုံရိပ်သည် မျက်စိတစ်မှိတ် အတွင်းမှာပင် ခြေရာလက်ရာပင် မကျန်ရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
----------------
ရှေးဟောင်းနဂါးကုန်းမြေ၏ အရှေ့ပိုင်းဒေသရှိ ဖန်းလုံခံတပ်တွင် အရှင်ကုလုံသည် ကောင်းကင်နတ်ဘုရားများကို ဦးဆောင်ကာ ဖန်းလုံခံတပ်၏ နံရံပေါ်တွင် မားမားမတ်မတ်ရပ်နေခဲ့သည်။
ဖန်းလုံခံတပ် အပြင်ဘက်ရှိ လေဟာနယ်တွင် အရှင်သွေးလသည် ကောင်းကင်နတ်ဘုရား ၁၀၀ကျော်ကို ဦးဆောင်ကာ ဖန်းလုံခံတပ်ကို စူးစိုက်ကြည့်နေခဲ့သည်။
"ငါထင်ထားတာထက် ပိုပြီး အခြေအနေက ဆိုးရွားနေတဲ့ပုံပဲ.. နှင်းနတ်ဘုရားနန်းတော်ရဲ့ကိစ္စကို ဖြေရှင်းနေတဲ့ အချိန်ကျမှ သွေးလမင်းကုန်းမြေက စစ်ချီလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
လုံကျန့်ရှင်းက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ရေရွတ်လိုက်သည်။
ထို့နောက်တွင် သူ၏ နံဘေးရှိ အရှင်ကုလုံကို ကြည့်ကာ မေးလိုက်၏။
"အရှင်ကုလုံ.. အကြီးအကဲဖန်းရဲ့ အခြေအနေကရော ဘယ်လိုရှိလဲ"
"အကြီးအကဲဖန်းရဲ့ အခြေအနေက မဆိုးဘူး.. လဝက်အတွင်း နယ်မြေနတ်ဘုရား အဆင့်ကို ဖြတ်ကျော်နိုင်မယ်လို့တော့ ခန့်မှန်းရတာပဲ"
အရှင်ကုလုံက ပြန်ဖြေလိုက်သည်။
ထိုစကားကို ကြားလျှင် လုံကျန့်ရှင်းက လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။
"ဒီအတိုင်းဆို ဖန်းလုံခံတပ်ကို အနည်းဆုံး လဝက်လောက်ထိန်းထားဖို့ လိုအပ်လိမ့်မယ်.. ကျန့်ရှင်း.. ဒီတစ်ကြိမ် အရှင်သွေးလက အင်အားအပြည့်အဝနဲ့ တိုက်ခိုက်လာမှာ အသေအချာပဲ.. အကယ်၍ ငါတို့ ဖန်းလုံခံတပ်ကို မကာကွယ်နိုင်တော့ရင် ဖန်းလုံခံတပ်နဲ့ အရှေ့ပိုင်းဒေသကို စွန့်လွှတ်လိုက်ရုံပါပဲ"
ထိုစကားကိုပြောနေရင်း အရှင်ကုလုံ၏မျက်ဝန်းထဲတွင် အလင်းရောင်တစ်ခု ဖျတ်ခနဲ လက်သွားခဲ့သည်။
ယခုအခါတွင် ဖန်းချင်းယွမ်သည် နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်ရန်အတွက် အရေးကြီးသော အခြေအနေကို ရောက်ရှိနေသည် ဖြစ်ရာ အရှင်ကုလုံသည် သွေးလမင်းကုန်းမြေနှင့် မတိုက်ခိုက်ချင်ခဲ့ပေ။
အကယ်၍ သွေးလမင်းကုန်းမြေ၏ ထိုးစစ်ကို မကာကွယ်နိုင်ခဲ့လျှင် ဖန်းလုံခံတပ်နှင့် အရှေ့ပိုင်းဒေသ တစ်ခုလုံးကို စွန့်လွှတ်ရန် အရှင်ကုလုံက ဆုံးဖြတ်ထားခဲ့သည်။
ဖန်းချင်းယွမ်က နယ်မြေနတ်ဘုရားအဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်သရွေ့ အရှင်သွေးလ ထံတွင် ဆုံးရှုံးထားသမျှ အရာအားလုံးကို ၁၀ဆ သို့မဟုတ် အဆ ၁၀၀ ပြန်လည်ရယူနိုင်သည် မဟုတ်ပါလော။
အခန်း(၁၇၀၅)ပြီး၏။
အခန်း(၁၇၀၆)
"ကုလုံ ခင်ဗျားနဲ့မတွေ့ရတာ အတော်ကြာပြီ.. ကျန်းခန့်သာလို့မာပါစ"
အရှင်ကုလုံက လုံကျန့်ရှင်းနှင့် စကား ပြောဆိုနေစဥ်မှာပင် အရှင်သွေးလ၏ အေးစက်စက် အသံသည် ဖန်းလုံခံတပ်၏ အထက်စီးသို့ ချက်ချင်းဆိုသလို ပဲ့တင်ထပ်လာခဲ့သည်။
"သွေးလ.. ငါတို့ရှေးဟောင်းနဂါးကုန်းမြေစုဆီ နောက်တစ်ကြိမ် စစ်ချီ လာပြန်လာပြီလား"
အရှင်ကုလုံက အရှင်သွေးလကို အရေးမစိုက်ဟန်ဖြင့် စိုက်ကြည့်လိုက်သည်။
သူ၏အမူအရာက အလွန်တရာ တည်ငြိမ်နေခဲ့၏။
အရှင်သွေးလက လှောင်ပြုံးပြုံးကာ ပြောလိုက်၏။
"သိပ်မကြာခင် ငါပြန်လာမယ်လို့ ပြောခဲ့တာ မင်းမေ့နေပြီလား"
"မင်း ငါ့ရဲ့ ရှေးဟောင်းနဂါးကုန်းမြေကို လာတော့ရော ဘာထူးသွားမှာမို့လဲ"
အရှင်ကုလုံက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"အရင်တိုက်ပွဲတွေတုန်းကလည်း ငါတို့ ရှေးဟောင်းနဂါးကုန်းမြေစုကို မင်းဘာမှ အသာစီးမရခဲ့ဘူး.. ဒီတစ်ခေါက်လည်း ရလဒ်က အတူတူပဲ ဖြစ်လာလိမ့်မယ်"
"ဟားဟား ဒီတစ်ကြိမ်တော့ မင်းရဲ့ ရှေးဟောင်းနဂါးကုန်းမြေကို သိမ်းပိုက်ဖို့ အတွက် ငါက ကောင်းကင်နတ်ဘုရား ၁၀၀ကျော်ကို ဦးဆောင်လာခဲ့တယ်.. ငါနဲ့ ရင်ဆိုင်ရအောင် မင်းရဲ့ရှေးဟောင်းနဂါးကုန်းမြေမှာ ကောင်းကင်နတ်ဘုရားတွေ ဘယ်လောက်တောင် ရှိနေလို့လဲ"
"ဒါနဲ့ ဖန်းချင်းယွမ် ဘယ်ရောက်နေတာလဲ.. ဒီလိုကြီးကျယ်တဲ့တိုက်ပွဲမှာ ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်တဲ့သူက ဘာကြောင့် မပေါ်လာရတာလဲ"
အရှင်သွေးလက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
"ငါခန့်မှန်းတာ မမှားဘူးဆိုရင် ဖန်းချင်းယွမ်က အလုပ်များနေတဲ့ပုံပဲ"
ကျီယွင်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည့် အရှင်ကျီယွင်၏ တပည့် လုရှင်းယွီသည် သူ၏ တပည့်ကြီး ရွှယ်ယင်ထက်ပင် တိုက်ခိုက်ရေးစွမ်းရည် ပိုမို ကောင်းမွန်သည်။
ရှေးဟောင်းနဂါးကုန်းမြေ တစ်ခုလုံးရှိ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ နှစ်ယောက်သာ လုရှင်းယွီကို ဖိနှိပ်နိုင်သောစွမ်းရည်ရှိ၏။
ယခု ဖန်းချင်းယွမ်က ဤနေရာတွင် မပေါ်ထွက်လာခဲ့ရာ လုရှင်းယွီကို ရင်ဆိုင်ရန်အတွက် ရှေးဟောင်းနဂါးကုန်းမြေ၏ မြောက်ဘက်ဒေသကို သွားရောက်နေသည်မှာ ထင်ရှားနေသည် မဟုတ်ပါလား။
ထို့အပြင် လုရှင်းယွီ၏ လက်ထဲတွင် အရှင်ကျီယွင် ပေးအပ်ထားသည့် နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်း တစ်ခုလည်း ရှိနေသေး၏။
လုရှင်းယွီက နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းကို လှုံ့ဆော်လိုက်သည်နှင့် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ဖြစ်သည့် ဖန်းချင်းယွမ်သည် မသေလျှင်ပင် ဒဏ်ရာအပြင်းအထန် ရရှိသွားလိမ့်မည် ဖြစ်၏။
ရှေးဟောင်းနဂါးကုန်းမြေတွင် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ နှစ်ယောက်ရှိရာ ယခု လုရှင်းယွီက တစ်ယောက်ကို ရှင်းလင်းလိုက်မည်ဆိုလျှင် ရှေးဟောင်းနဂါးကုန်းမြေသည် သူ၏ တိုက်ခိုက်မှုအား မည်ကဲ့သို့ တားဆီးနိုင်မလဲဆိုသည်ကို အရှင်သွေးလ အမှန်တကယ် သိချင်နေမိသည်။
အရှင်ကုလုံက အရှင်သွေးလ၏ လှောင်ပြောင်သော စကားကိုကြားခဲ့ရသော်လည်း ဘာမှ မတုံ့ပြန်ခဲ့ပေ။
သို့သော် သူ၏ တောက်ပသော မျက်ဝန်းထဲတွင်မူ မမြင်နိုင်သောအပြုံးရိပ်တစ်ခုရှိနေခဲ့သည်။
သူ၏ ရှေ့တွင် ရှိနေသည့် အရှင်သွေးလသည် ရှေးဟောင်းနဂါးကုန်းမြေ၏ မြောက်ပိုင်းဒေသကို စေလွှတ်လိုက်သူမှာ ကျန်းချန် ဖြစ်မှန်း မသိခဲ့ပေ။
မြောက်ပိုင်းဒေသကို စေလွှတ်လိုက်သည်ဟု အရှင်သွေးလထင်မြင်နေသော ဖန်းချင်းယွမ်သည် လက်ရှိအချိန်တွင် နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ဖို့ ကြိုးစားနေခဲ့သည်။
အရှင်သွေးလက ဖန်းချင်းယွမ်ကို ရှေးဟောင်းနဂါးကုန်းမြေ၏ မြောက်ပိုင်းဒေသသို့ စေလွှတ်လိုက်သည်ဟု မှားယွင်းစွာ ထင်မြင်နေသောကြောင့် အရှင်ကုလုံသည် တမင်တကာ နှုတ်ဆိတ်၍ နေခဲ့သည်။
အရှင်ကုလုံ တိတ်ဆိတ်နေသည်ကို မြင်လျှင် သူ၏ ခန့်မှန်းချက်ကို ပို၍ ယုံကြည်လာခဲ့၏။
ဤအချိန်တွင် သူက နောက်ထပ် မတွေဝေတော့ဘဲ အေးစက်စက် ကြုံးဝါးလိုက်သည်။
သူ၏ ကျယ်လောင်သောအသံက ကောင်းကင်နှင့်မြေကြီးကိုပင် ပဲ့တင်ထပ်သွားခဲ့၏။
"အားလုံးပဲ.. ငါနဲ့အတူ တိုက်ပွဲဝင်ပြီး ဖန်းလုံခံတပ်ကို ဖျက်ဆီးလိုက်ရအောင်"
အရှင်သွေးလက အော်ဟစ် အမိန့်ပေးလိုက်သည်နှင့် သူ၏ နောက်ဘက်မှာ ကောင်းကင်နတ်ဘုရား ၁၀၀ကျော်သည် ဖန်းလုံခံတပ်ကို စတင် တိုက်ခိုက်လိုက်သည်။
အရှင်ကုလုံ၏ မျက်ဝန်းတွင် ရွှေရောင်အလင်းများ တောက်ပသွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် အရှင်သွေးလကို တားဆီးရန်အတွက် ဖန်းလုံခံတပ်ကနေ ထွက်လာခဲ့သည်။
သူတို့ နှစ်ယောက်က တစ်ယောက်နှင့် တစ်ယောက် ပေ၁၀၀၀ အကွာအဝေးတွင် ရပ်နေခဲ့ကြသည်။
ကြောက်မက်ဖွယ်ရာကောင်းသော နယ်မြေနတ်ဘုရား အရှိန်အဝါသည် လေထုထဲတွင် ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့၏။
မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့နှစ်ယောက် ပတ်ပတ်လည်ရှိ ၁၀မိုင် ပတ်ဝန်းကျင်အတွင်း ချက်ချင်းဆိုသလို လေဟာနယ်ဇုန်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"သွေးလ မင်းတကယ်ပဲ ငါနဲ့ တိုက်ခိုက်မှာလား"
အရှင်သွေးလက အေးစက်စက်ပြုံးကာ ပြန်ဖြေလိုက်သည်။
"ဒီတစ်ခေါက်တော့ ငါထပ်ပြီး မင်းကို ရှုံးနိမ့်တော့မှာ မဟုတ်ဘူး"
"အဲဒါတော့ မဖြစ်နိုင်ဘူးထင်တယ်.. အခုအချိန်မှာ အနိုင်အရှုံးကို ပြောဖို့က စောပါသေးတယ်"
အရှင်ကုလုံက မထီမဲ့မြင်ပြုံးကာ ပြောလိုက်သည်။
"ကောင်းပြီလေ ဒီတစ်ခေါက်တိုက်ပွဲမှာ မင်းငါ့ကို ဘယ်လိုအနိုင်ယူမလဲ ဆိုတာ ငါကြည့်ချင်သေးတယ်"
အရှင်သွေးလက လက်ပိုက်၍ ရပ်နေခဲ့ပြီး အရှင်ကုလုံကို ခပ်တင်းတင်း စိုက်ကြည့်လိုက်သော်လည်း ဘာမှလုပ်ဆောင်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။
ရှေးဟောင်းနဂါးကုန်းမြေတွင် အရှင်ကုလုံသည် နယ်မြေနှလုံးသား မူလစွမ်းအားကို အသုံးပြုနိုင်၍ ခွန်အားများစွာ တိုးတက်လာနိုင်၏။
သူသာ အရှင်ကုလုံနှင့် အပြင်းအထန် တိုက်ပွဲဝင်မည် ဆိုလျှင် သူ့တွင် မည်သည့် အားသာချက်မှ ရှိမည်မဟုတ်ပေ။
လက်ရှိအချိန်တွင် သူ့အနေဖြင့် အရှင်ကုလုံကို တိုက်ပွဲထဲတွင် မပါဝင်စေရန် ထိန်းထားဖို့သာ လိုအပ်သည်။
အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းနဂါးကုန်းမြေ၏ အင်အားသည် သွေးလမင်းကုန်းမြေ၏ တိုက်ခိုက်မှုကို ရပ်တန့်ရန် မဖြစ်နိုင်သောကြောင့်ပင်။
အချိန်တန်လျှင် ဖန်းလုံခံတပ်ကို သိမ်းပိုက်ပြီး ရှေးဟောင်းနဂါးကုန်းမြေ၏ တစ်စိတ်တစ်ပိုင်းကို ဝါးမျိုလိုက်သည်နှင့် သူ၏စွမ်းအားက ပို၍ အားကောင်းလာလိမ့်မည် ဖြစ်ပြီး အရှင်ကုလုံ၏ စွမ်းအားကမူ တဖြည်းဖြည်း အားနည်းလာလိမ့်မည် ဖြစ်သည်။
ဤအခြေအနေသို့ ရောက်လျှင် အရှင်ကုလုံကို ရှင်းလင်းရန်အတွက် သံသယဖြစ်ဖွယ်ရာမရှိ ပိုမို လွယ်ကူသွားလိမ့်မည် မဟုတ်ပါလား။
အရှင်ကုလုံနှင့် အရှင်သွေးလ တို့က လေထုအထက်တွင် မျက်နှာချင်းဆိုင်ကာ ရင်ဆိုင်နေသော အချိန်တွင် သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရား ၁၀၀ကျော်သည် ဖန်းလုံခံတပ်ကို တိုက်ခိုက်ခဲ့ကြသည်။
လုံကျန့်ရှင်းကလည်း ကောင်းကင်နတ်ဘုရားများကို ဦးဆောင်ကာ ဖန်းလုံခံတပ်ကနေ ခုခံတိုက်ခိုက်ခဲ့သည်။
ဖန်းလုံခံတပ်တွင် ကောင်းကင်နတ်ဘုရား အယောက်၅၀ကျော်သာ ရှိ၍ သွေးလမင်းကုန်းမြေထက် တစ်ဝက်နီးပါး လျော့နည်းနေခဲ့သည်။
ထို့ကြောင့် ဖန်းလုံခံတပ်၏ အားကောင်းသော ကာကွယ်ရေး အစီအရင်ဖြင့်ပင် သွေးလမင်းကုန်းမြေ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် အလွန်တရာ ခက်ခဲနေခဲ့၏။
အထူးသဖြင့် လုံကျန့်ရှင်းသည် သွေးလမင်းကုန်းမြေ၏ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူနှစ်ယောက်၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေခဲ့ရသည်။
တစ်ခဏအတွင်းမှာပင် လုံကျန့်ရှင်းသည် အောက်စည်းသို့ရောက်သွားခဲ့ပြီး ကောင်းကင်နတ်ဘုရားဆဋ္ဌမအဆင့် ကျင့်ကြံသူ နှစ်ယောက်၏ တိုက်ခိုက်မှုကို အသေအလဲ ရင်ဆိုင်နေခဲ့ရသည်။
"ဟားဟား ကုလုံ.. ဒီတစ်ကြိမ်တော့ မင်းငါ့ကို ဘယ်လိုမှ အနိုင်ရတော့မှာ မဟုတ်တော့ဘူး"
အောက်ဘက်ရှိ မြင်ကွင်းကိုမြင်လျှင် အရှင်သွေးလ၏ မျက်ဝန်းတွင် ယုံကြည်မှုရှိသော အပြုံးရိပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"နေ့ဝက်အတွင်း ငါတို့သွေးလမင်းကုန်းမြေက ဖန်းလုံခံတပ်ကို ထိုးဖောက်ပြီး ရှေးဟောင်းနဂါးကုန်းမြေရဲ့အရှေ့ပိုင်းဒေသကို သိမ်းပိုက်နိုင်လိမ့်မယ်"
ထိုစကားကို အရှင်ကုလုံက အရေးမစိုက်သော်လည်း စိတ်ထဲတွင် သက်ပြင်းချမိခဲ့သည်။
အရှင်သွေးလသည် ဤတစ်ကြိမ်တွင် ဘက်ပေါင်းစုံ ကနေ အဆင်သင့် ပြင်ထားခဲ့၏။
ထို့ကြောင့် သူတို့ ရှေးဟောင်းနဂါးကုန်းမြေသည် ဖန်းလုံခံတပ်ကို ကာကွယ်ရန် အမှန်တကယ်ကို ခက်ခဲနေခဲ့သည်။
လက်ရှိအချိန်တွင် ဖန်းလုံခံတပ်ကို ဆက်လက် ထိန်းထားရန် အတင်းအကျပ် ခုခံခဲ့လျှင် ကြီးလေးသော အဖိုးအခကို ပေးဆပ်ရမည်မှာ သေချာသလောက်ပင်။
ထို့ကြောင့် ဤအချိန်တွင် ဖန်းလုံခံတပ်နှင့် အရှေ့ပိုင်းဒေသကို စွန့်လွှတ်ဖို့ကိုသာ ဦးစားပေး ရွေးချယ်ရလိမ့်မည် မဟုတ်ပါလော။
အရှင်ကုလုံက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ဆုတ်ခွာရန်အမိန့်ပေးဖို့ပြင်လိုက်စဥ်မှာပင် အနက်ရောင်ပုံရိပ် တစ်ခုသည် ဖန်းလုံခံတပ် အနားတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ရယ်သံတစ်သံသည် ကမ္ဘာတစ်ဝန်းလုံးတွင် ပဲ့တင်ထပ်သွားခဲ့၏။
"ဟားဟား လွန်ခဲ့တဲ့၂နှစ်ကျော်က တိုက်ပွဲမှာ ငါပါဝင်ခဲ့တယ် ဒါကြောင့် ဒီတစ်ကြိမ် တိုက်ပွဲမှာလည်း ငါကျန်းချန်က ဘယ်လိုလုပ်ပြီး လွဲချော်ခံနိုင်မှာလဲ"
အားရပါးရ ရယ်မောသံက မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်သွားခဲ့သည်။
ရုတ်တရက် ထွက်ပေါ်လာသည့် အနက်ရောင်ဝတ်စုံဝတ်လူငယ်ကို မြင်လျှင် သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားများနှင့် အရှင်သွေးလ၏ အကြည့်များသည် ကျန်းချန်၏ ကိုယ်ပေါ်သို့ စုပြုံကာ ကျရောက်သွားခဲ့သည်။
"ဒီကောင်လေးက အရင်တစ်ခေါက် တိုက်ပွဲမှာ ငါတို့သွေးလမင်းကုန်းမြေရဲ့ ကောင်းကင်နတ်ဘုရား အများအပြားကို သတ်ဖြတ်ပြီး တိုက်ပွဲကို အလှည့်အပြောင်း ဖြစ်စေခဲ့တဲ့သူပဲ"
အရှင်သွေးလ၏ မျက်ဝန်းထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားခဲ့သည်။
အရှင်ကုလုံက အရှင်သွေးလကို အေးစက်စွာ စိုက်ကြည့်လိုက်၏။
"သွေးလ.. မင်းဘာလုပ်ချင်လည်းဆိုတာ ငါသိတယ်.. ဒါပေမဲ့ ငါရှိနေသရွေ့ မင်း အဲဒီ အခွင့်အရေး ရမှာမဟုတ်ဘူး"
"ဟားဟား သူသာ ဒီနေ့ ထွက်ပေါ်မလာခဲ့ဘူးဆိုရင် ရက်အနည်းငယ်လောက် အသက်ရှင်နိုင်ဦးမှာပဲ.. အခုတော့ ဒီနေ့က သူ့ရဲ့ နောက်ဆုံးနေ့ရက် ဖြစ်လာလိမ့်မယ်"
အရှင်သွေးလက အေးစက်စက်ပြုံးကာ ပြောလိုက်သည်။
"ဒီနေ့ ငါမလှုပ်ရှားရင်တောင် သူက ဒီနေရာကနေ လွတ်မြောက်ဖို့ အခွင့်အရေး ရှိမှာ မဟုတ်ဘူး"
အခန်း(၁၇၀၆)ပြီး၏။
အခန်း(၁၇၀၇)
"သွေးလ.. သတ္တိရှိရင် စမ်းကြည့်လိုက်လေ"
အရှင်ကုလုံက ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။
ကျန်းချန်က ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို ၀င်ရောက်စဉ်ကပင် ကျန်းချန်၏တိုက်ခိုက်ရေး စွမ်းအင်သည် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်နှင့် ယှဉ်နိုင်နေပြီ ဖြစ်သည်။
သွေးလမင်းကုန်းမြေ တစ်ခုလုံးမှာပင် ကျန်းချန်ကို ခြိမ်းခြောက်နိုင်သူသည် နှစ်ယောက်၊ သုံးယောက်ခန့်သာ ရှိ၏။
ကျန်းချန်သည် ပါရမီ အလွန်တရာ ကောင်းမွန်ပြီး ဆယ်နှစ်မပြည့်မီမှာပင် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို ထိုးဖောက်နိုင်ခဲ့သူ ဖြစ်သည်။
ထို့အပြင် ဤ၂နှစ်အတွင်း တိုးတက်မှု မရှိဘဲ မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။
ဤတစ်ကြိမ်တွင်လည်း ကျန်းချန်သည် မှော်ဆန်သော အခိုက်အတန့်ကို ထပ်မံ ဖန်တီးနိုင်လိမ့်မည်ဟု အရှင်ကုလုံက ခံစားမိနေခဲ့သည်။
"ကျန်းချန် "
ထိုအချိန်မှာပင် လေထုထဲ၌ ရုတ်တရက် ဒေါသတကြီး ကြုံးဝါးသံ ထွက်ပေါ်လာခဲ့သည်။
မကြာမီမှာပင် သွေးလမင်းကုန်းမြေဘက်ကနေ အေးစက်စက်မျက်နှာအမူအရာရှိပြီး သွေးရောင်၀တ်စုံကို ၀တ်ဆင်ထားသော လူငယ်တစ်ယောက်သည် ကျန်းချန်ဆီသို့ တိုက်ရိုက်ပင် ပြေးထွက်လာခဲ့သည်။
ထိုသွေးရောင်၀တ်ရုံ၀တ် လူငယ်သည် တစ်ခြားသူ မဟုတ်ပေ။
အရှင်သွေးလ၏ တပည့်ကြီး ဖြစ်သည့် ရွှယ်ယင်ပင် ဖြစ်သည်။
ရွှယ်ယင်က အေးစက်စက်မျက်၀န်းများဖြင့် ကျန်းချန်ကိုစူးစိုက်ကြည့်နေခဲ့၏။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေခဲ့သည်။
"ကျန်းချန် ငါဒီနေ့မင်းကို အလွှတ်ပေးမှာ မဟုတ်ဘူး.. မင်းငါ့လက်ထဲမှာ သေဖို့သာ ပြင်ထားလိုက်တော့"
"အရှုံးသမားကများ ငါ့ရှေ့မှာ လေလုံးထွားရဲတယ်လား"
ကျန်းချန်က လှောင်ပြုံးပြုံးကာ ခနဲ့လိုက်သည်။
"လွန်ခဲ့တဲ့ နှစ်နှစ်က မင်းငါ့ကို မသတ်ဖြတ်နိုင်ခဲ့ဘူး ခုဆိုရင် မင်းက ငါနဲ့ ရင်ဆိုင်ဖို့တောင် အရည်အချင်း မပြည့်မီတော့ဘူး မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ "
သူ့ကို မျက်စိထဲပင် မထည့်သည့် ကျန်းချန်၏စကားကို ကြားလျှင် ရွှယ်ယင်၏ မျက်၀န်းထဲတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများသည် ပို၍ပင် ကြီးမားလာခဲ့သည်။
သူက သွေးရောင်ဓားရှည် တစ်လက်ကို ထုတ်ယူလိုက်ပြီး ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်ရာ ကြောက်မက်ဖွယ်ရာကောင်းသော သွေးရောင်ဓားအလင်းသည် ထွက်ပေါ်လာခဲ့သည်။
ထိုသွေးရောင် ဓားအလင်းတွင် မိုးကြိုးစွမ်းအားနှင့် အဖျက်စွမ်းအားများပါ၀င်နေခဲ့သည်။
လွန်ခဲ့သည့် နှစ်နှစ်က ကျန်းချန်၏ အနိုင်ယူခြင်းကို ခံခဲ့ရပြီးနောက်တွင် ရွှယ်ယင်သည် အရူးတစ်ယောက်လိုပင် အပတ်တကုတ် ကျင့်ကြံခဲ့သည်။
ယခုဆိုလျှင် သူ၏ ကျင့်ကြံမှုအဆင့်သည် ကောင်းကင်နတ်ဘုရား တတိယအဆင့် အစောပိုင်းကနေ အလယ်လတ်အဆင့်ထိပင် ရောက်ရှိနေခဲ့ချေပြီ။
သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည်လည်း လွန်ခဲ့တဲ့နှစ်နှစ်ကထက် ပိုမို၍ အားကောင်းလာခဲ့သည်။
ထို့အပြင် လွန်ခဲ့သည့် ၂နှစ်က ကျန်းချန်ကို ရှုံးနိမ့်ခဲ့ရသည့် အဓိကအကြောင်းအရင်းမှာ ကျန်းချန်ကို အလွန်ပင် အထင်သေးမိခဲ့ပြီး တိုက်ပွဲ အစပိုင်းတွင် အပြင်းအထန် မတိုက်ခိုက်မိခဲ့ခြင်းကြောင့် ဖြစ်သည်။
ကျန်းချန်က တိုက်ခိုက်ရေးစွမ်းရည် အလွန်တရာ အားကောင်းသည့်အပြင် ခံနိုင်ရည် စွမ်းအားတွင်လည်း သာမန်လူများထက် အဆပေါင်းများစွာ ပိုမိုအားကောင်းသည့် နလန်ထူနိုင်စွမ်း ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ထိုတိုက်ပွဲတွင် သူသည် အားအင်များ ကုန်ခန်းကာ ပင်ပန်းနွမ်းနယ်ပြီး ရှုံးနိမ့်ခဲ့ရသည်။
ထို့ကြောင့် ဤတစ်ကြိမ် ထပ်မံ ကျန်းချန်နှင့် ရင်ဆိုင်ရသည့်အခါတွင် ရွှယ်ယင်သည် အနည်းငယ်မျှပင် တွေဝေမှုမရှိဘဲ ကောင်းကင်နတ်ဘုရား တတိယအဆင့်၏ စွမ်းအားကို အစွမ်းကုန် ထုတ်ဖော်ကာ ကျန်းချန်ကို မိုးကြိုးကဲ့သို့အရှိန်အဟုန်ဖြင့် အနိုင်ယူချင်ခဲ့သည်။
ကျန်းချန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး သွေးရောင်ဓားအလင်းကို အလွယ်တကူ ချေဖျက်လိုက်သည်။
"ဒါ ဒါ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ရွှယ်ယင်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့၏။
လွန်ခဲ့သည့်နှစ်က သူ၏ အပြည့်၀တိုက်ခိုက်မှုကို ခုခံရန်အတွက် ကျန်းချန်သည် ခွန်အား၁၀၀ ရာခိုင်နှုန်းကို အသုံးပြုခဲ့ရသော်လည်း ယခုအခါတွင် အလွယ်တကူ ခုခံနိုင်ခဲ့သည်။
"ရွှယ်ယင် မင်းနဲ့မတွေ့ရတာ နှစ်နှစ်လောက်ပဲ ရှိသေးတယ်.. မင်းက ဘာမှလည်း မတိုးတက်လာပါလား.. လွန်ခဲ့တဲ့ နှစ်နှစ်က မင်းငါ့ကို မယှဉ်နိုင်ခဲ့ဘူး.. အခုဆိုရင် မင်းက ငါ့ရဲ့ ပြိုင်ဘက်ဖြစ်ဖို့တောင် အရည်အချင်း မပြည့်မှီတော့ဘူး.. မင်းလိုကောင်ကများ ငါနဲ့ လာယှဉ်ရဲတယ်.. သွားသေလိုက်တော့"
ကျန်းချန်က ခပ်ထေ့ထေ့ ရယ်မောလိုက်ပြီး သူ၏လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ သူ၏ လက်ဖဝါးပေါ်တွင် တောက်ပသော ခုနှစ်ရောင်ခြယ် အလင်းတစ်ခု ရှိနေခဲ့သည်။
ထိုခုနှစ်ရောင်ခြယ်အလင်းကနေ ပူပြင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့၏။
"သွားစမ်း.."
ကျန်းချန်က လက်ဖဝါးကို အသာအယာ လှုပ်ရှားလိုက်သည်နှင့် မိုင်တစ်ရာအတွင်းတွင် ရှိသည့် လေဟာနယ်တစ်ခုလုံးသည် ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။
လေထုထဲတွင် ခုနှစ်ရောင်ခြယ် နတ်အလင်းများကို ထုတ်လွှတ်နေသည့် ဧရာမ မီးလက်ဝါးတစ်ခုသည် ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး ရွှယ်ယင်ကို ဖိနှိပ်လိုက်သည်။
"ဒီကောင်က ကောင်ကင်နတ်ဘုရား တတိယအဆင့်ကို ထိုးဖောက်သွားပြီလား "
ကျန်းချန်၏ အပြည့်၀တိုက်ခိုက်မှုကို မြင်လျှင် ရွှယ်ယင်၏ အမူအရာသည် အဆုံးသတ်၌ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
လွန်ခဲ့သည့် ၂နှစ်ခန့်က တိုက်ပွဲတွင် သူသည် ကျန်းချန်၏ ဓားကမ္ဘာစွမ်းအားနှင့် မိုးကြိုးကမ္ဘာ စွမ်းအားကို ရင်ဆိုင်ခဲ့ရသည်။
ယခုကျန်းချန်က မီးကမ္ဘာစွမ်းအားကို ထုတ်ဖော်နေသည် ဖြစ်ရာ ကောင်းကင်နတ်ဘုရား တတိယအဆင့်သို့ ထိုးဖောက်သွားသည်မှာ သေချာသလောက်ပင်။
ထိုကောင်လေးက ကမ္ဘာ့စွမ်းအား သုံးမျိုးနှင့် တစ်ခြားကိုယ်ခံပညာဥပဒေသ လေးမျိုး၏ မူလစွမ်းအားများကို အသုံးပြုကာ လက်၀ါးရိုက်ချက်ကို ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။
သို့ဖြစ်ရာ ထိုလက်ဝါးရိုက်ချက်က မည်မျှပင် ကြောက်မက်ဖွယ်ရာ ကောင်းမည်မှာ တွေးနေစရာပင် မလိုတော့ပေ။
ထိုလက်ဝါးရိုက်ချက် ထွက်ပေါ်လာသည်နှင့် တောင်တန်းများနှင့်မြစ်များက ပြိုကျသွားခဲ့ပြီး နေ၊လနှင့် ကြယ်များသည် ဗြောင်းဆန်သွားခဲ့သည်။
"ကောင်းကင်နတ်ဘုရားကမ္ဘာ အသက်၀င်စမ်း "
ရွှယ်ယင်က စိတ်ထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး နှုတ်ကနေ ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။
ထို့နောက်တွင် ကမ္ဘာ့စွမ်းအားသုံးမျိုးဖြင့် ပေါင်းစပ်ထားသည့် ကောင်ကင်နတ်ဘုရား ကမ္ဘာသည် ချက်ချင်းဆိုသလိုပင် စုစည်းသွားခဲ့သည်။
သို့ရာတွင် ကျန်းချန်သည် ယခုအခါတွင် ကောင်းကင်နတ်ဘုရားတတိယအဆင့်ကို ထိုးဖောက်သွားပြီဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည် သည်လည်းလွန်ခဲ့သည့် ၂နှစ်ကထက် ဆယ်ဆကျော် ပို၍အားကောင်းလာပြီ ဖြစ်၏။
သို့ဖြစ်ရာ ကျန်းချန်၏ အပြည့်အ၀ တိုက်ခိုက်မှုကို ရွှယ်ယင်က မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။
ခုနှစ်ရောင်ခြယ်မီးလက်ဝါး၏ အောက်တွင် အသက်ရှူချိန်အနည်းငယ် အတွင်းမှာပင် ရွှယ်ယင်၏ ကောင်းကင်နတ်ဘုရားကမ္ဘာသည် ပြာအဖြစ်သို့ လောင်ကျွမ်းသွားခဲ့သည်။
ခုနှစ်ရောင်ခြယ်မီးလက်ဝါးက ကောင်ကင်နတ်ဘုရားကမ္ဘာကို လောက်ကျွမ်းသွားပြီးနောက်တွင် ရွှယ်ယင်၏ ကိုယ်ပေါ်သို့ သက်ရောက်သွားခဲ့၏။
ရွှယ်ယင်က တုံ့ပြန်ရန်ပင် အချိန်မရှိလိုက်ဘဲ ခုနှစ်ရောင်ခြယ်မီးတောက်အောက်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ခြေရာလက်ရာပင် မကျန်ရှိတော့ဘဲ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။
ဤအချိန်တွင် စစ်မြေပြင် တစ်ခုလုံးသည် တစ်စပြင်နှယ် လုံး၀ တိတ်ဆိတ်သွားခဲ့သည်။
ဖန်းလုံခံတပ်တွင် ရှိနေသည့် လုံကျန့်ရှင်းနှင့် တခြားသူများဖြစ်စေ၊ ဖန်းလုံခံတပ်ကို အပြင်းအထန် တိုက်ခိုက်နေသည့် သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားများ ဖြစ်စေ မှင်တက်နေခဲ့ကြပြီး အချိန်အတော်အကြာ သတိပြန်၀င်မလာခဲ့ကြပေ။
ကျန်းချန်သည် တိုက်ကွက် တစ်ကွက်တည်းဖြင့်ပင် အရှင်သွေးလ၏ တပည့်ကြီးရွှယ်ယင်ကို အလွယ်တကူပင် သတ်ဖြတ်ပစ်လိုက်သည်။
သိထားရမည့် အချက်မှာ ရွှယ်ယင်သည် သွေးလမင်းကုန်းမြေ၏ အထွတ်အထိပ် ပါရမီရှင်တစ်ဦး ဖြစ်ပြီး ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်နှင့်ပင် ယှဉ်တိုက်နိုင်သည့် ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ခိုက်ရည်စွမ်းရည်ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။
ရွှယ်ယင်၏ စွမ်းရည်သည် သွေးလမင်းကုန်းမြေနှင့်ရှေးဟောင်းနဂါးကုန်းမြေရှိ ကောင်းကင်နတ်ဘုရား အားလုံးထဲမှာပင် ထိပ်ဆုံးဆယ်ယောက် စာရင်း၌ပါ၀င်ရန်လုံလောက်၏။
သို့သော်လည်း ထိုသို့ အစွမ်းထက်သောလူကို ကျန်းချန်သည် တစ်ကွက်တည်းဖြင့်ပင် သတ်ဖြတ်ပစ်လိုက်သည်။
"ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. မမျှော်လင့်ဘဲ ဒီနှစ်နှစ်အတွင်းမှာ ဒီကောင်လေးက ဒီအဆင့်ထိတောင် ကြီးထွားလာခဲ့ပြီပဲ"
အောက်ဘက်မှ အခြေအနေကိုကြည့်ကာ လေထုထဲရှိ အရှင်သွေးလ၏ အမူအရာသည် ချက်ချင်းဆိုသလိုပင် အလွန်တရာ သုန်မှုန်သွားခဲ့သည်။
ထိုကောင်လေးသည် ဒဏ္ဍာရီလာ အနှိုင်းမဲ့နတ်ခန္ဓာကိုယ် ပိုင်ရှင်ဖြစ်၍ ကြီးထွားမှုနှုန်းသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့၏။
သိထားရမည့်အချက်မှာ နတ်ဘုရားနယ်မြေတွင် ကျင့်ကြံသူအများစုသည် ကောင်းကင်နတ်ဘုရားအဆင့်တွင် အဆင့်တစ်ဆင့်ကို ထိုးဖောက်ရန်အတွက် အနည်းဆုံး နှစ်ထောင်ချီလိုအပ်သည်။
သို့သော်လည်း ကျန်းချန်ကမူ ၂နှစ် အတွင်းမှာပင် ကောင်းကင်နတ်ဘုရားဒုတိယအဆင့်ကနေ တတိယအဆင့်သို့ထိုးဖောက်နိုင်ခဲ့၏။
ယင်းကဲ့သို့ အရှိန်အဟုန်ဖြင့် တိုးတက်မှုနှုန်းသည် အလွန်ပင် ကြောက်စရာကောင်းနေခဲ့၏။
ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် ကျန်းချန်ကို နောက်ထပ် ဆယ်နှစ် အချိန်ပေးလိုက်သည်နှင့် ကျန်းချန်သည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ပင် ဖြစ်လာနိုင်ပြီး နယ်မြေနတ်ဘုရား အဆင့်ကိုပင် ထိုးဖောက်နိုင်ကောင်း ထိုးဖောက်နိုင်လိမ့်မည် ဖြစ်သည်။
"ဒီကောင်လေးကို ဘယ်လိုနည်းနဲ့မှ အသက်ရှင်ခွင့်ပေးလို့ မဖြစ်ဘူး"
အရှင်သွေးလ၏ မျက်၀န်းထဲတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပေါက်ကွဲထွက်လာခဲ့သည်။
ယနေ့ တိုက်ပွဲတွင် ရလဒ်က မည်သို့ပင်ထွက်စေကာမူကျန်းချန်က မုချသေရပေလိမ့်မည်။
ယင်းအတွက် မည်မျှပင် အဖိုးအခ ပေးရပါစေ.. သူက ထိုကောင်လေးကို သတ်ဖြတ်မည် ဖြစ်သည်။
အခန်း(၁၇၀၇)ပြီး၏။