← Chapters

ပကတိမောက်မာမှု

Vol. 202 Ch. 3019

ပကတိမောက်မာမှု

Vol. 202 Ch. 3019

ဧကရီယန်လော၏ မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်သွားသည်။ သူမသည် တုန်လှုပ်သွားရင်း ဒေါသချောင်းချောင်း ထွက်နေ၏။

သူမသည် ပျက်စီးထိခိုက်မှု ထက်ဝက်ကို ပိတ်ဆို့တားဆီးပေးထားသည့် ရတနာချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားခြင်းကြောင့် မဟုတ်လျှင် သူမသည် ထိုထိုးချက်ဖြင့် သေရပေလိမ့်မည်။

ဧကရာဇ်ပညာရှင်များက ထိုသည်ကို တွေ့မြင်သောအခါ သူတို့က ပို၍ပင် တုန်လှုပ်သွားကြ၏။

ဒါက မည်ကဲ့သို့သော စွမ်းအားမျိုးလဲ…

ဧကရီယန်လောသည် အထွတ်အထိပ် ဧကရာဇ်တစ်ပါးဖြစ်ပြီး ဟင်္သပဒါးငှက် မျိုးဆက်သွေးကို ပိုင်ဆိုင်ထားသည်။ သူမသည် အထီးကျန်သိုင်းသခင်ထံမှ ထိုးချက်တစ်ချက်ဖြင့် သေလုနီးပါးဖြစ်သွားရသည်ဆိုတော့…။

“အဲဒါက နှစ် ၂၀၀ ကျော်ပဲ ရှိသေးတယ်… ဒီကောင်လေးရဲ့ တိုက်ခိုက်ရည်ခွန်အားက ဒီအဆင့်ထိ ရောက်လာခဲ့ပြီလား”

ဧကရာဇ် မိုးပြာရောင်မီးတောက်၏ အမူအရာက သုန်မှုန်သွားပြီး သူ၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်က သိပ်သည်းစုဖွဲ့လာ၏။

ယခင်က အထီးကျန်သိုင်းသခင်သည် သားရဲဧကရာဇ် ဦးချိုစံအိမ်ကို သတ်ဖြတ်ဖို့အတွက်ပင် အားထုတ်မှုတချို့ ပြုလုပ်ခဲ့ရသည်။

သို့သော် ယခု ထိုးချက်တစ်ချက်က ဤမျှအထိ ကြမ်းကြုတ်ခက်ထန်နေခဲ့ပြီဖြစ်သည်။

သိုင်းတာအိုပင်မခန္ဓာသည် ဧကရီယန်လောကို ထိုးချက်တစ်ချက်နှင့်အတူ ထိခိုက်ဒဏ်ရာ ရရှိစေပြီး အသာစီးရရှိလာပြီးနောက် သနားညှာတာမှုကို မပြသပေ။ သူက ရှေ့သို့တက်လှမ်းပြီး ကောင်းကင်ထယ်သွားခြေလှမ်း၏ စွမ်းပကားနှင့်အတူ လွင့်စင်ထွက်သွားသော ဧကရီယန်လော၏ ပုံရိပ်ကို လိုက်မီလာခဲ့၏။ အပေါ်စီးကနေ သူက သိပ်သည်းပြင်းထန်သော အော်ရာရှိနေပြီး အောက်ကို ဆောင့်နင်းချလိုက်၏။

ဝုန်း…

သူ၏ ခြေဖဝါးက ဧကရီယန်လော၏ ခန္ဓာကိုယ်နှင့် မထိရသေးခင် ဘေးပတ်ဝန်းကျင် ကြယ်တာရာကောင်းကင်က ကြေမွကာ ပြိုကျသွားပြီဖြစ်သည်။

သိုင်းတာအိုပင်မခန္ဓာသည် ဧကရီယန်လောကို သေသည့်တိုင်အောင် နင်းခြေပစ်ချင်၏။

တျဲယွဲ့သည် သိုင်းတာအိုပင်မခန္ဓာ၏ ဘေးကနေ လိုက်ပါလာ၏။ သူမသည် ကြယ်တာရာကောင်းကင်ထဲမှာ သူ၏ ခြေနင်းချက်တစ်ချက်နှင့်အတူ ချိုင့်ခွက်နှစ်ခု ကျန်ရစ်ခဲ့သည်ကို တွေ့မြင်သောအခါ သူမက အတိတ်ကာလကို ငေးငိုင်စွာဖြင့် အမှတ်ရသွား၏။

ဧကရီယန်လောကလည်း တုန်လှုပ်ချောက်ချားနေ၏။

အထီးကျန်သိုင်းသခင်က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။

သူက ထိုးချက်တစ်ချက်၊ ကန်ချက်တစ်ချက်နှင့် သူမကို သတ်ဖြတ်ချင်နေတာလား။

သူမသည် သိုင်းတာအိုပင်မခန္ဓာ၏ ထိုးချက်ဖြင့် လွင့်စင်ထွက်ပြီး သူမ၏ မျိုးဆက်သွေးနယ်မြေက ယခုတင် ပြိုကျသွား၏။ သူမ၏ သွေးချီက ပျက်ပြယ်သွားပြီး သူမ၏ အမြုတေစိတ်ဝိညာဉ်က သက်ရောက်မှုတချို့ ခံရကာ သူမအနေဖြင့် လောလောဆယ်မှာ ဓမ္မပညာရပ်တစ်ခုကို စုဖွဲ့ဖို့က ခက်ခဲနေခဲ့ပြီဖြစ်သည်။

ဝေါ…

ထိုစဉ်မှာပင် ဒီရေလှိုင်းတစ်ခုက တလိပ်လိပ်ထိုးတက်လာပြီး ကျယ်ပြောသော နို့နှစ်ဖြူရောင် လမ်းကြောင်းတစ်ခုက စီးဝင်လာကာ တဖျပ်ဖျပ်တလက်လက် အလင်းရောင်နှင့်အတူ တောက်ပနေပြီး ဧကရီယန်လော၏ ခန္ဓာကိုယ်ကို ချက်ချင်းပင် လွှမ်းခြုံသွား၏။

တစ်ချိန်တည်းမှာပင် ဧရာမ ဂမ္ဘီရတောကောင်တစ်ကောင်က မြစ်ပေါ်မှာ လိပ်တစ်ကောင်နှင့် မြွေတစ်ကောင် ရစ်ပတ်ထားသလို ပေါ်ထွက်လာ၏။ ၎င်း၏ မျက်လုံးများက ညိုမှောင်နေသော ဂမ္ဘီရအလင်းဖြင့် တောက်ပနေပြီး ၎င်းသည် ကျောထက်မှာ ထူထဲသော ချပ်ဝတ်တန်ဆာကို တင်ဆောင်ကာ ဧကရီယန်လောကို အောက်မှာထားကာ ကာကွယ်ပေးလိုက်၏။

သူ၏ မဟူရာလိပ် အစစ်အမှန်ပုံစံသို့ အသွင်ပြောင်းလဲထားသော ဧကရာဇ်ရွှမ်စန်က အချိန်မီရောက်ရှိလာခဲ့၏။

ဘန်း…

သိုင်းတာအိုပင်မခန္ဓာက ဧကရာဇ်ရွှမ်စန်၏ လိပ်ကျောခွံကို ဆောင့်နင်းချလိုက်ပြီး ခပ်ထိုင်းထိုင်းအသံတစ်သံ ထွက်ပေါ်လာ၏။

ထူထဲ၍ ရှေးကျသော ဤလိပ်ခွံသည် ပျက်စီးထိခိုက်မှုအများစုကို ခုခံကာကွယ်ပေးပြီး ၎င်းသည် မဟူရာလိပ်မျိုးနွယ်၏ အသန်မာဆုံး ခုခံစစ် ဖြစ်သည်။

ထိုသို့ဆိုလျှင်တောင် သားရဲဧကရာဇ်ရွှမ်စန်၏ ခန္ဓာကိုယ်က ရုတ်ချည်းနိမ့်ကျသွားလေသည်။ သူ၏ ရင်ဘတ်က လေးလံလာသည်ဟု ခံစားရပြီး သူ၏ မြင်ကွင်းက မှောင်မည်းသွား၏။

ထိုခြေနင်းချက်၏ စွမ်းအားသည် ကြမ်းကြုတ်ခက်ထန်လွန်းပြီး သူ၏ ကျောပေါ်ရှိ လိပ်ကျောခွံကပင်လျှင် ၎င်းကို လုံးလုံးလျားလျား မချေဖျက်နိုင်ပေ။

တစ်ချိန်တည်းမှာပင်…

ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် ဧကရာဇ်ပိုင်ယွီတို့က သူတို့၏ အစစ်အမှန်ပုံစံများသို့ ပြောင်းလဲပြီး သိုင်းတာအိုပင်မခန္ဓာထံ ကြမ်းကြုတ်ခက်ထန်သော တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်ကြ၏။

နဂါးအမြီးနှင့် ကျားလက်သည်းတို့က ရှေ့ဆင့်နောက်ဆင့် လိုက်ပါလာခဲ့လေသည်။

သိုင်းတာအိုပင်မခန္ဓာက ရှောင်တိမ်းခြင်းမရှိပေ။ သူက တျဲယွဲ့ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး အခြားလက်တစ်ဖက်ဖြင့် လက်သီးတစ်လုံးအဖြစ် ဆုပ်ကာ နှစ်ကြိမ်ဆက်တိုက် ပစ်ထိုးလိုက်၏။

ဘုန်း…

ထိုးချက်က နဂါးအမြီးပေါ်သို့ ဆင်းသက်သွားပြီး ပေတစ်သောင်း ရှည်လျားသော နဂါးခန္ဓာက တဆတ်ဆတ်တုန်ခါသွားလေသည်။ မရေမတွက်နိုင်သော အစိမ်းရောင် နဂါးကြေးခွံများက ကွာကျလာပြီး သွေးများက တစက်စက်စီးကျနေ၏။

ဝုန်း…

ဒုတိယထိုးချက်က ကျားဖြူ၏ လက်သည်းပေါ်သို့ ဆင်းသက်သွား၏။

ဧကရာဇ်ပိုင်ယွီသည် နာကျင်စွာဖြင့် အော်ဟစ်လိုက်ရ၏။ သူ၏ ကျားလက်ဖဝါးက အထီးကျန်သိုင်းသခင်ထံမှ ထိုးချက်ဖြင့် စိစိညက်ညက်ကြေသွားပြီး သူ၏ ကျားဖြူလက်တစ်ဖက်လုံးက မည်သည့်ခံစားမှုကိုမှ မရရှိတော့ပေ။

သိုင်းတာအိုပင်မခန္ဓာသည် အထွတ်အမြတ်တောကောင် မျိုးဆက်သွေးများ ပါရှိသည့် အထွတ်အထိပ် ဧကရာဇ်လေးဦးကို ပြိုင်ဘက်ကင်းပုံစံဖြင့် တစ်ဦးတည်း တွန်းလှန်ထုတ်လိုက်၏။

ထိုသည်ကို တွေ့မြင်သောအခါ တျဲယွဲ့၏ လှပသော မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းတစ်ခု ဖျတ်ခနဲလက်သွားပြီး သူမ၏ ရင်ထဲမှာ မျှော်လင့်ချက်ရောင်ခြည်သန်းလာ၏။

သူမသည် သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးထဲကနေ ရုန်းထွက်လိုပြီး ခွန်အားအနည်းငယ်ကို စိုက်ထုတ်လိုက်၏။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက သူမ၏ ရည်ရွယ်ချက်ကို အာရုံခံမိပုံရပြီး သူမ၏ လက်ကို တင်းကျပ်စွာ ဖမ်းဆုပ်ထားလေသည်။

“မင်း ဘာလုပ်နေတာလဲ”

သူတို့က ကြီးမားသော တိုက်ပွဲမှာ ရှိနေသော်လည်း သိုင်းတာအိုပင်မခန္ဓာသည် လက်ရှိအခြေအနေကို အသုံးချကာ လိုက်လံတိုက်ခိုက်ရမည့်အခွင့်အရေးကို စွန့်လွှတ်လိုက်လေသည်။ ထိုအစား သူက သူ့မျက်လုံးအနက်ပိုင်းထဲရှိ အပြုံးတစ်ခုနှင့်အတူ တစ်ဖက်ကိုလှည့်ကာ မေးလိုက်၏။

“နင် ငါ့ကို ခေါ်သွားမယ်ဆိုရင် နင့်ရဲ့ ခွန်အားအပြည့်အဝကို ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး”

တျဲယွဲ့က မျက်မှောင်အနည်းငယ်ကြုတ်ပြီး သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။ သူမ၏ မျက်လုံးများက အပြစ်တင်လိုမှုနှင့် ကူကယ်ရာမဲ့မှုဖြင့် ပြည့်နှက်နေ၏။

“ဟား ဟား ဟား…..”

ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက ဟားတိုက်ရယ်မောကာ ဧကရာဇ်များကို ငုံ့ကြည့်လိုက်၏။

“သူတို့ကို ကိုင်တွယ်ဖို့ ငါ့လက်တစ်ဖက်က လုံလောက်တာထက် ပိုနေပြီ”

ဧကရာဇ်ပညာရှင်များက ထိုစကားကို ကြားသောအခါ ဒေါသချောင်းချောင်းထွက်သွားကြ၏။

အထီးကျန်သိုင်းသခင်သည် တိုက်ပွဲ၏ အလယ်မှာပင် တျဲယွဲ့နှင့် ပရောပရည်လုပ်နေလေသည်။

ယခု သူသည် ပေါက်တတ်ကရစကားများကိုပင် ပြောဆိုပြီး လက်ရှိ ဧကရာဇ်ပညာရှင်များကို ပမာမခန့် ပြုထား၏။

သူက တကယ့်ကို မောက်မာခက်ထန်ပြီး တင်စီးလွန်းနေလေသည်။

“နင်…”

တျဲယွဲ့က တစ်စုံတစ်ရာကို ပြောဆိုချင်သော်လည်း စိုးရိမ်ပူပန်သော အကြည့်နှင့်အတူ တွေဝေတုံ့ဆိုင်းနေ၏။

သူမက သူမ၏ အခြေအနေကိုလည်း ကောင်းကောင်းသိရှိထား၏။

သူမမှာ စွမ်းအင်တချို့ ကျန်ရှိနေသေးသော်လည်း သူမ၏ တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာ လျော့ကျသွားပြီး သူမသည် သိုင်းတာအိုပင်မခန္ဓာကို လုံးဝ အကူအညီမပေးနိုင်တော့ပေ။

တစ်ဖက်မှာတော့ အထွတ်အထိပ် ဧကရာဇ် ၃၀ကျော် အပါအဝင် ဧကရာဇ်ပညာရှင် ၁၀၀ နီးပါး ရှိနေဆဲဖြစ်၏။

ဤအထွတ်အထိပ် ဧကရာဇ်များကြားမှာ တဗူးနည်းစနစ်များကို တတ်ကျွမ်းထားပြီး အခြားစွမ်းအားကြီးမားသော ဝှက်ဖဲများပင် ရှိနေနိုင်သည့် လူတချို့ ရှိနေသေး၏။

သူမကြောင့် သိုင်းတာအိုပင်မခန္ဓာ ဒုက္ခရောက်မည်ကို တျဲယွဲ့က စိုးရိမ်ပူပန်နေသည်။

တျဲယွဲ့၏ ရင်ထဲရှိ စိုးရိမ်ပူပန်မှုကို ပြောနိုင်သည့်အလား သိုင်းတာအိုပင်မခန္ဓာက ပြုံးပြလိုက်၏။

“ငါတို့တွေ စောစောကတင် အတူတူသွားဖို့ သဘောတူထားတယ်လေ… အခု မင်းက မင်းစကားကို ပြန်ရုပ်သိမ်းတော့မလို့လား”

တျဲယွဲ့က ကြိတ်၍ သက်ပြင်းချပြီး ဆက်လက်၍ ရုန်းကန်မနေတော့ပေ။

စောစောက သူတို့နှစ်ယောက်သည် တိုက်ပွဲထဲမှာ အတူတကွ သေရတော့မည်ဟု သူမက တွေးထင်ခဲ့ခြင်းဖြစ်၏။

သို့သော် ယခု သိုင်းတာအိုပင်မခန္ဓာ၏ စကားအဓိပ္ပာယ်အရ သူသည် သူမနှင့်အတူတကွ သတ်ဖြတ်ချင်ပုံရလေသည်။

တကယ်တော့ သိုင်းတာအိုပင်မခန္ဓာသည် တျဲယွဲ့ကို သူနှင့်အတူ တောက်လျှောက်ခေါ်ဆောင်လာခဲ့ခြင်းမှာ သူသည် သူမနှင့် ပရောပရည်လုပ်ချင်သောကြောင့် မဟုတ်ပေ။

သူက ထိုကဲ့သို့သော လူမျိုးမဟုတ်ပေ။

သို့သော်လည်း တျဲယွဲ့သည် ဒဏ်ရာအပြင်းအထန်ရရှိထားပြီး သူမကို ငမ်းငမ်းတက်စောင့်ကြည့်နေသည့် ဧကရာဇ်ပညာရှင် ၁၀၀ နီးပါးရှိနေ၏။ သူက သူမကို ဘေးမှာချထားခဲ့မည်ဆိုလျှင် သူသတိတစ်ချက်ပေါ့လျော့သွားသည်နှင့် သူမ၏ အသက်က အန္တရာယ်ရှိလာနိုင်၏။

တျဲယွဲ့ကို သူနှင့်အတူ ခေါ်ဆောင်ထားခြင်းဖြင့်သာ သူမကို ကောင်းကောင်းကာကွယ်ပေးနိုင်မည်ဖြစ်သည်။

“မင်းက သေရတော့မှာပဲ… ဒါတောင် ပေါက်တတ်ကရ ပြောဆိုနေသေးတယ်ပေါ့… သတ်ကြစမ်းကွာ…”

ဧကရာဇ်မိုးပြာရောင်မီးတောက်က ဟိန်းဟောက်ကာ သူ၏ လက်ကို မြှောက်လိုက်၏။

ဝုန်း….

စံအိမ်ဧကရာဇ် ၂၈ ဦးနှင့် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ဧကရာဇ်ပညာရှင်များက တစ်ချိန်တည်းမှာ ဝင်ရောက်တိုက်ခိုက်လာကြ၏။

မရေမတွက်နိုင်သော နတ်ဘုရားလက်နက်များက လေထုကို ဆုတ်ဖြဲလာခဲ့သည်။

ဧကရာဇ်မိုးပြာရောင်မီးတောက်၊ ဧကရာဇ်ပိုင်ယွီ၊ ဧကရာဇ်ရွှမ်စန်နှင့် ဧကရီယန်လောတို့ကလည်း နောက်တစ်ဖန် ရှေ့သို့ပြေးဝင်လာကြ၏။

သူတို့လေးယောက်က ကြမ်းကြုတ်ခက်ထန်နေကြ၏။

သို့သော်လည်း သူတို့သည် သူတို့၏ ပကတိလောကများကို မထုတ်ဖော်ရသေးပေ။

သူတို့ နားလည်ထားသလောက် သူတို့မှာ အထွတ်အမြတ်တောကောင်များ၏ မျိုးဆက်သွေးရှိပြီး သူတို့ရှေ့မှ နိမ့်ကျလူသားသည် အနီးကပ်တိုက်ခိုက်ရည်မှာ သူတို့ကို ဆန့်ကျင်တိုက်ခိုက်နိုင်စရာ အကြောင်းမရှိပေ။

ဒါ့အပြင် သူတို့ဘက်မှာက လေးယောက်ဖြစ်လေသည်။

ဧကရာဇ်မိုးပြာရောင်မီးတောက်၊ ဧကရာဇ်ပိုင်ယွီနှင့် ဧကရာဇ်ရွှမ်စန်က သူတို့၏ အထွတ်အမြတ်တောကောင် အစစ်အမှန်ပုံစံများကို ထုတ်ဖော်လိုက်ကြ၏။ မိုးပြာနဂါး၊ ကျားဖြူနှင့် မဟူရာလိပ်တို့၏ မျိုးဆက်သွေးနယ်မြေဖြစ်စဉ်များနှင့်အတူ သူတို့၏ အော်ရာများက သူတို့၏ အထွတ်အထိပ်ထိ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ထူးဆန်းစွာပင် ဧကရီယန်လောမှာ ဟင်္သပဒါးငှက် မျိုးဆက်သွေး ရှိသော်လည်း သူမသည် သူမ၏ ဟင်္သပဒါးငှက်ပုံစံသို့ အသွင်ပြောင်းလဲခြင်း မရှိပေ။

“လောကက မီးဖိုဖြစ်လာပြီး ဖန်တီးခြင်းက လက်ရာတစ်ခု ဖြစ်လာလိမ့်မယ်… ယင်နဲ့ယန်က အားဖြည့်လောင်စာဖြစ်လာပြီး သက်ရှိတွေအားလုံးက ကြေးသတ္တုဖြစ်လာလိမ့်မယ်……”

သိုင်းတာအိုပင်မခန္ဓာက ရှည်လျားသော မန္တန်တစ်ခုကို ရွတ်ဆိုလိုက်၏။

ဝုန်း…

ရုတ်တရက် ဧရာမမီးဖိုတစ်လုံးက သူ၏ ဘေးပတ်လည်မှာ ပေါ်ထွက်လာပြီး လောကကို ဆုတ်ဖြဲပစ်လုနီးပါးဖြစ်ကာ အထဲမှာ ထောင်နှင့်ချီသော နဂါးငွေ့တန်း ကြယ်စင်စုများ ပါဝင်နေ၏။

ဒေါသူပုန်ထနေသော မီးတောက်များက အထဲမှာ တရုန်းရုန်းထကြွနေပြီး မီးတောက်မီးညွန့်များက ကောင်းကင်ထက်သို့ တလိပ်လိပ်ထိုးတက်နေ၏။

မျိုးဆက်သွေးနယ်မြေ ကောင်းကင်နှင့်မြေကြီးမီးဖို…

ချွင် ချွင် ချွင် …

လက်နက်များစွာက ဆင်းသက်လာသော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ကို လုံးဝ မထိတွေ့နိုင်ပေ။ သူတို့သည် ကောင်းကင်နှင့်မြေကြီးမီးဖိုနှင့်သာ ထိခတ်ပြီး လဲပြိုကျသွား၏။

သာမန်ဧကရာဇ်များ၏ ဧကရာဇ်လက်နက်တချို့သည် ကောင်းကင်နှင့်မြေကြီးမီးဖိုနှင့် ထိတွေ့ရိုက်ခတ်ပြီးနောက် သူတို့ကို ပြန်လည်ရုပ်သိမ်းဖို့ပင် အခွင့်အရေးမရတော့ပေ။ သူတို့သည် လောင်ကျွမ်းနီရဲလာပြီး အသက်ရှူချိန်အနည်းငယ်မှာ အရည်ပျော်ကျသွား၏။

ကောင်းကင်နှင့်မြေကြီးမီးဖိုမျှနှင့် သိုင်းတာအိုပင်မခန္ဓာသည် စံအိမ်ဧကရာဇ် ၂၈ ဦးနှင့် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ဧကရာဇ်ပညာရှင်များကို ပိုင်းခြားလိုက်လေသည်။

တကယ်တော့ ကောင်းကင်နှင့်မြေကြီ မီးဖိုကလည်း သိပ်ကြာကြာ တောင့်ခံနိုင်မည် မဟုတ်ပေ။

အလွန်ဆုံး အသက်ဆယ်ရှိုက်စာ ဖြစ်သည်။

သိုင်းတာအိုပင်မခန္ဓာအတွက်တော့ အသက်ဆယ်ရှိုက်စာက လုံလောက်လေသည်။

ဧကရာဇ်မိုးပြာရောင်မီးတောက်၊ ဧကရာဇ်ပိုင်ယွီ၊ ဧကရာဇ်ရွှမ်စန်နှင့် ဧကရီယန်လောတို့က အနားသို့ ချဉ်းကပ်လာစဉ် သူတို့၏ ဘေးပတ်လည်မှာ အကူများ ပါမလာသည်ကို ရုတ်တရက် နားလည်သိရှိလိုက်၏။

လူတိုင်းသည် လောကကို ဆုတ်ဖြဲလာသော မီးတောက်နီရောင်မီးဖိုဖြင့် ပိုင်းခြားခံထားရလေသည်။

ထိုစဉ်မှာပင်…

ရုတ်တရက် ဂမ္ဘီရအလင်းတစ်ခုက အဆုံးမဲ့ မီးတောက်များကြားကနေ ပစ်လွင့်ထွက်ပေါ်လာ၏။

သိုင်းတာအိုပင်မခန္ဓာက တိုက်ခိုက်လိုက်ပြီဖြစ်သည်။

All Chapters