သိုင်းစကြာဝဠာ
Vol. 202 Ch. 3020
ထိုအခိုက်အတန့်မှာ ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသူများက ထိတ်လန့်တကြားဖြစ်သွားပြီး သူတို့၏ အော်ရာများက အားနည်းသွား၏။
သိုင်းတာအိုပင်မခန္ဓာ၏ တိုက်ခိုက်ရည်ပါရမီအရ သူသည် ဤကဲ့သို့သော အခွင့်အရေးကို ဘယ်လိုလုပ် လက်လွတ်ခံပါ့မလဲ။
ရွှစ်…
သိုင်းတာအိုပင်မခန္ဓာက အသက်တစ်ချက်ရှိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ မျိုးဆက်သွေးကို လှည့်ပတ်လိုက်၏။ သူက ကောင်းကင်နှင့်မြေကြီးမီးဖိုကို လှည့်ပတ်ပြီး ရှေ့သို့လျှောက်လှမ်းလာခဲ့၏။
ချက်ချင်းပင် သူ၏ လက်ကိုမြှောက်ပြီး လေးကြိမ်ဆက်တိုက် ပစ်ထိုးလိုက်လေသည်။
ဘုန်း…
ထိုးချက်လေးချက်သည် ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသုံးယောက်၏ တိုက်ခိုက်မှုများနှင့် ထိတွေ့တိုက်ခတ်ပြီး တစ်သံတည်းနီးပါး ကျယ်လောင်သောအသံက ထွက်ပေါ်လာ၏။
ကြယ်တာရာကောင်းကင်က လှုပ်ခါသွားလေသည်။
ထိုအခိုက်အတန့်မှာ အချိန်နှင့်လေဟာနယ်က ရပ်တန့်သွားသည့်အလားပင်။
ခဏမျှရပ်တန့်ပြီးနောက် ပုံရိပ်လေးခုက လွင့်စင်ထွက်သွားပြီး ကောင်းကင်နှင့်မြေကြီးမီးဖို၏ နံရံလေးခုနှင့် ပစ်တိုက်ပြီးနောက် နောက်တစ်ဖန် ပြန်လည်ကျဆင်းလာ၏။
“အား…”
သူတို့လေးယောက်က ခပ်စူးစူးအော်ဟစ်လိုက်ကြ၏။
ကောင်းကင်နှင့်မြေကြီးမီးဖို၏ နံရံများသည် လောင်ကျွမ်းနီရဲနေခဲ့ပြီးသားဖြစ်ပြီး သာမန်ဧကရာဇ်လက်နက်များကိုပင် အရည်ဖျော်ချနိုင်၏။
အထွတ်အမြတ်တောကောင်များ၏ မျိုးဆက်သွေးများပါရှိသည့် အသွေးအသားခန္ဓာ လေးခုသည် ၎င်းနှင့်ထိတွေ့ရိုက်ခတ်သောအခါ သူတို့သည် လောင်ကျွမ်းပြာကျမသွားသော်လည်း သူတို့က မီးမြှိုက်ခံရပြီး မီးခိုးများစွာ အူထွက်လာလေသည်။ သူတို့သည် လောင်ကျွမ်းတူးချစ်သွားပြီး ဆိုးဆိုးဝါးဝါးပုံပေါက်နေ၏။ သူတို့လေးယောက်သည် သွေးများစွာကို ထွေးထုတ်နေရသော်လည်း မရပ်တန့်ရဲပေ။ သူတို့က အလောတကြီး ကျုံးထလိုက်ပြီး မီးတောက်များကြားကနေ ချဉ်းကပ်လာနေသည့် ကြောက်စရာကောင်းသောပုံရိပ်ကို တုန်လှုပ်နေသော အမူအရာများဖြင့် ကြည့်လိုက်ကြ၏။
အစကတော့ သူတို့သည် သိုင်းတာအိုပင်မခန္ဓာ၏ တိုက်ခိုက်မှုကို အသုံးချကာ တိုက်ပွဲနယ်မြေကနေ ထွက်ခွာပြီး အခြားသော ဧကရာဇ်များနှင့် ပူးပေါင်းပြီးမှ ပြန်လည်တိုက်ခိုက်လို၏။
ယခု ကောင်းကင်နှင့်မြေကြီးမီးဖိုသည် သူတို့လေးယောက်ကို အပြင်ဘက်မှ ဧကရာဇ်ပညာရှင်များနှင့် ပိုင်းခြားပေးထားလေသည်။
အပြင်ဘက်မှာရှိသော ဧကရာဇ်ပညာရှင်များသည် လောလောဆယ်မှာ အထဲကို ဝင်ရောက်မလာနိုင်ဘူးဆိုလျှင် သူတို့က ထွက်ပြေးလွတ်မြောက်မည့်အကြောင်းကို မေ့ဖျောက်ထားရပေတော့မည်။
ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသုံးယောက်က အကြည့်ချင်းဖလှယ်ပြီး သိပ်မကြာခင် သူတို့၏ စိတ်များကို ငြိမ်သက်စေလိုက်၏။
သူတို့ဖြစ်စေ၊ အပြင်ဘက်မှ စံအိမ်ဧကရာဇ် ၂၈ ဦးဖြစ်စေ သူတို့မှာ အခြားသော ဝှက်ဖဲများနှင့် နောက်ချန်အစီအစဉ်များ ရှိနေကြဆဲဖြစ်၏။
“သတ်…”
ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသုံးယောက်က နောက်တစ်ဖန်အတူပူးပေါင်းပြီး မာန်သွင်းအော်ဟစ်ကာ သူတို့၏ မူပိုင်လက်နက်များကို ဆင့်ခေါ်လိုက်ကြ၏။
အထွတ်အမြတ်တောကောင် မျိုးဆက်သွေးများကို ပိုင်ဆိုင်ထားသည့် သူတို့လေးယောက်မှာ သန့်စင်သော သွေးချီနှင့် ပေါကြွယ်ဝသော အသက်ဓာတ်အား ရှိနေသည်ဟု ဆိုနိုင်၏။
သိုင်းတာအိုပင်မခန္ဓာ၏ နှစ်ကြိမ်ဆက်တိုက် ပစ်ထိုးခြင်းခံရပြီးလျှင်တောင် သူတို့၏ အခြေခံအုတ်မြစ်က ထိခိုက်မသွားဘဲ သူတို့မှာ တစ်မူထူးခြားသော တိုက်ခိုက်ရည်ခွန်အား ကျန်ရှိနေဆဲဖြစ်၏။
“ဂါး…”
“ဝေါင်း…”
“ဂီး…”
“ရွှီ…”
ဧကရာဇ်မိုးပြာရောင်မီးတောက်က သူ၏ နဂါးပါးစပ်ကို ဖွင့်ဟပြီး ရှည်လျားသော အစိမ်းရောင်လှံတစ်လက်ကို ထွေးထုတ်လိုက်၏။ ၎င်းကို နဂါးကြေးခွံများက ဖုံးအုပ်ထားပြီး လှံဖျားက အရာရာတိုင်းကို ထိုးဖောက်နိုင်သည့်အလား ထက်ရှနေ၏။
ဧကရီယန်လောက သူမ၏ လက်ကိုမြှောက်ပြီး နီရဲနေသော ငှက်မွေးယပ်တောင်တစ်ခုကို ဆင့်ခေါ်ကာ ဟင်္သပဒါးငှက်အော်သံက တွဲဖက်လာခဲ့၏။
ဧကရာဇ်ပိုင်ယွီက သူ၏ ပါးစပ်ကို ဖွင့်ဟပြီး အဖြူရောင် အလင်းတစ်ခုကို ထွေးထုတ်လိုက်၏။
၎င်းသည် အရိုးဖြူများကနေ ပုံသွင်းထားသော အရိုးဖြူဆေဘာတစ်လက် ဖြစ်လေသည်။
၎င်းသည် ဆိုးယုတ်အော်ရာနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်နေ၏။
ဧကရာဇ်ရွှမ်စန်က ကျောပေါ်မှာ ဆူးချွန်များပါရှိသည့် သိပ်သည်းလေးလံနက်မှောင်သော ချပ်ဝတ်တန်ဆာတစ်ခုကို ဆင့်ခေါ်လိုက်ပြီး ထိုအရာကို တိုက်ခိုက်မှုနှင့် ခုခံမှု နှစ်မျိုးစလုံး အသုံးပြုနိုင်၏။
နဂါးလှံရှည်၊ အရိုးဆေဘာ၊ ငှက်မွေးယပ်တောင်နှင့် လိပ်ကျောခွံ…
လက်နက်လေးခုက ကြောက်စရာကောင်းသော စွမ်းပကားနှင့်အတူ လေထုကို ဆုတ်ဖြဲလာပြီး နဂါး၊ ဖီးနစ်၊ ကျားနှင့် တစ္ဆေတို့၏ အော်ဟစ်ဟိန်းဟောက်သံများက တွဲဖက်ပါဝင်လာ၏။
သို့သော်လည်း ဂမ္ဘီရလက်နက်လေးခု ဆင်းသက်လာသည့်ခဏမှာပင် အထွတ်အမြတ်တောကောင်လေးကောင်၏ ဟိန်းဟောက်သံများသည် သိုင်းတာအိုပင်မခန္ဓာဘက်ကနေလည်း ထွက်ပေါ်လာပြီး ကြယ်တာရာကောင်းကင်ကို ပဲ့တင်ထပ်သွားစေ၏။
သိုင်းတာအိုပင်မခန္ဓာ၏ နှာရောင်က တောက်ပလာပြီး ရှေးကျသော စတုရန်းကြေးမီးဖိုတစ်လုံးက လေထုကို ဆုတ်ဖြဲကာ ဆင်းသက်ရောက်ရှိလာ၏။
မီးဖိုနံရံများက တဖျတ်ဖျတ်တလက်လက် ဂမ္ဘီရအလင်းနှင့်အတူ တောက်ပနေ၏။
မိုးပြာနဂါး၊ ဟင်္သပဒါးငှက်၊ ကျားဖြူနှင့် မဟူရာလိပ် အထွတ်အမြတ်ဝိညာဉ်များက တစ်ချိန်တည်းမှာ နိုးထလာပြီး အသက်ဝင်နေသော ဧရာမခန္ဓာများအဖြစ် အသွင်ပြောင်းလဲကာ သူတို့သည် ခေါင်းများကိုမော့၍ ဟိန်းဟောက်လိုက်ကြ၏။
“အချိန်ကိုက်ပဲ”
သိုင်းတာအိုပင်မခန္ဓာက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။
သူက ငရဲဖိနှိမ်မီးဖိုကို ပြန်လည်တည်ဆောက်ဖို့အတွက် ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသုံးယောက်၏ မျိုးဆက်သွေးများကို အသုံးချတော့မည်ဖြစ်သည်။
ငရဲဖိနှိမ်မီးဖိုသည် မူလအစက မဟာဧကရာဇ်လက်နက်တစ်ခုဖြစ်ခဲ့၏။ သို့သော်လည်း ကြေမွပျက်စီးပြီးနောက် အထွတ်အမြတ်ဝိညာဉ်လေးခုက အိပ်မောကျသွားကာ သူတို့၏ စွမ်းအားများက ကြီးမားစွာ လျော့ကျ၍ ယခင်ကလောက် ဆက်လက်၍ မသန်မာတော့ပေ။
၎င်းကို ဤနှစ်များမှာ သိုင်းတာအိုပင်မခန္ဓာ၏ ပိုင်နက်နယ်မြေထဲတွင် ပြန်လည်ပြုပြင်ကာ သန့်စင်မွမ်းမံခဲ့ပြီဖြစ်သော်လည်း ၎င်းသည် အချက်အချာကျသော အခွင့်အရေးတစ်ရပ်မရရှိဘဲ ၎င်း၏ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိဖို့ မလွယ်ကူသေးပေ။
ဤအခွင့်အလမ်းသည် အထွတ်အမြတ်တောကောင်လေးကောင်၏ မျိုးဆက်သွေးများဖြစ်၏။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ နဂါးကမ္ဘာမှာဖြစ်စေ၊ နေကာသစ်ပင်ကမ္ဘာမှာဖြစ်စေ၊ အထွတ်အမြတ်တောကောင်များ၏ မျိုးဆက်သွေးများ မရှိကြတော့ပေ။
သူတို့သည် ကောင်းကင်ဘုံခုံရုံးအတွင်းမှာသာ တည်ရှိလေသည်။
မဟာဧကရာဇ်အနန္တသည် ဤငရဲဖိနှိမ်မီးဖိုကို တည်ဆောက်ဖို့အတွက် အရင်တုန်းက ကောင်းကင်ဘုံခုံရုံး၏ အထွတ်အမြတ်တောကောင်မျိုးဆက်သွေးများ ပါရှိသော မျိုးနွယ်ဝင်များကို သတ်ဖြတ်ခဲ့ရပေမည်။
သို့သော်လည်း မဟာဧကရာဇ်အနန္တသည် ငရဲကမ္ဘာနှင့် ရန်သူများဖြစ်လာပြီး ငရဲအရှင်ကို ဖိနှိမ်ခဲ့သည်ဟူသော ဒဏ္ဍာရီများနှင့် အရိပ်လက္ခဏာများစွာကလည်း ရှိနေ၏။ သူသည် ထိုဖြစ်စဉ်ကို အတိအကျပုံဖော်နိုင်ခြင်း မရှိသေးပေ။
နဂါးလှံရှည်၊ အရိုးဆေဘာ၊ ငှက်မွေးယပ်တောင်နှင့် လိပ်ကျောခွံတို့ ဆင်းသက်လာသည့်ခဏမှာပင် သူတို့သည် ငရဲဖိနှိမ်မီးဖိုဖြင့် ဖိနှိမ်ခြင်းခံရပြီး တစ်ချက်တည်း ဝါးမျိုခံရကာ မီးဖိုထဲသို့ ဝင်ရောက်လာကြ၏။
ဒေါသူပုန်ထနေသော မီးတောက်များက ကောင်းကင်နှင့်မြေကြီးမီးဖိုထဲမှာ လောင်ကျွမ်းနေပြီး ၎င်းက ငရဲဖိနှိမ်မီးဖိုကို စတင်ပုံသွင်းကာ ပြန်လည်တည်ဆောက်နေပြီဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာသည် နောက်တစ်ဖန် ရှေ့သို့တက်လှမ်းပြီး လေးယောက်နှင့်တစ်ယောက် ဆန့်ကျင်တိုက်ခိုက်ရန် ကောင်းကင်နှင့်မြေကြီးမီးဖို၏ စွမ်းပကားကို ငှားရမ်းအသုံးချလိုက်၏။
ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသုံးယောက်က ထပ်တလဲလဲ နောက်သို့ဆုတ်နေရပြီး သွေးများကို အန်ထုတ်နေရ၏။
သူတို့သည် အထွတ်အမြတ်တောကောင်များ၏ မျိုးဆက်သွေးများကို ပိုင်ဆိုင်ထားသည်ဆိုလျှင်တောင် သူတို့သည် သိုင်းတာအို၏ စိတ်စွမ်းပကား၏ ဖိနှိမ်မှုအောက်မှာ ကောင်းကင်နှင့်မြေကြီးမီးဖိုရှေ့တွင် ဦးညွှတ်နေရလေသည်။
အထွတ်အမြတ်တောကောင်မျိုးဆက်သွေးများသည် ချည်မျှင်များအဖြစ် အသွင်ပြောင်းလဲကာ ငရဲဖိနှိမ်မီးဖိုထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာနေ၏။
ငရဲဖိနှိမ်မီးဖို၏ အော်ရာက အဆက်မပြတ် မြင့်တက်လာနေလေသည်။
ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသူများက ဒေါသချောင်းချောင်းထွက်နေကြ၏။
အထီးကျန်သိုင်းသခင်သည် သူတို့ကို ထိခိုက်ဒဏ်ရာရရှိစေရုံသာမက သူသည် ငရဲဖိနှိမ်မီးဖိုကို ပြန်လည်တည်ဆောက်ကာ မွမ်းမံသန့်စင်ဖို့အတွက် သူတို့၏ မျိုးဆက်သွေးများကိုပင် အသုံးချလိုနေ၏။
“ဟမ်…”
ဧကရီယန်လောက ငရဲဖိနှိမ်မီးဖို ပေါ်ထွက်လာသည်ကို တွေ့မြင်သောအခါ သူမ၏ အမူအရာက ပြောင်းလဲသွား၏။ သူမသည် တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား သူမ၏ မျက်လုံးထဲတွင် နက်ရှိုင်းသော မုန်းတီးမှုနှင့် သတ်ဖြတ်လိုစိတ်က ပေါ်ထွက်လာ၏။
“အဲဒီမီးဖိုက ဟိုကတုံးပြောင်ကိုယ်တော်ရဲ့ လက်နက်ပဲ”
ဧကရီယန်လောက သိုင်းတာအိုပင်မခန္ဓာကို စိုက်ကြည့်ရင်း အေးစက်စွာ ပြောလိုက်၏။ သူမ၏ ခန္ဓာကိုယ်ကနေ အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအားအတက်အကျတစ်ခုက တလိပ်လိပ်ထိုးတက်လာနေ၏။
“သတိထား… အဲဒါ တဗူးနည်းစနစ်တစ်ခုပဲ”
တျဲယွဲ့က တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး အလောတကြီး သတိပေးလိုက်၏။
“အား…”
ဧကရီယန်လောက သူမ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး သူမ၏ ခေါင်းကိုမော့ကာ အော်ဟစ်လိုက်၏။ သူမ၏ အသံက အလွန်တရာ စူးရှနေပြီး သတ္တုများ၊ ကျောက်များကို ထိုးဖောက်နိုင်လေသည်။
သူမ ခန္ဓာကိုယ်ထဲရှိ မျိုးဆက်သွေးက အဆက်မပြတ် သိပ်သည်းကျစ်လျစ်လာ၏။
ရုတ်တရက် ဆယ်ပေမြင့်မားသော မီးတောက်နီရောင် စာကလေးငှက်တစ်ကောင်က သူမ၏ ခန္ဓာကိုယ်ထဲကနေ ပစ်လွင့်ထွက်ပေါ်လာ၏။
မီးတောက်နီရောင် စာကလေးငှက်က မနှိုင်းယှဉ်သာအောင် ကြောက်စရာကောင်းသော အော်ရာတစ်ခုကို ထုတ်ဖော်ထား၏။
ထိုစာကလေးငှက် ပေါ်ထွက်လာပြီးနောက် ကောင်းကင်နှင့်မြေကြီးမီးဖိုကပင် တုန်ခါလာပြီး ဒေါသူပုန်ထနေသော မီးတောက်များထဲမှ တစ်ခုက ဖိနှိပ်ခံလိုက်ရ၏။
“လက်စသတ်တော့ ဒါက တာအိုရဲ့ ကနဦးပုံစံနဲ့ ထိတွေ့မိနေတဲ့ တဗူးနည်းစနစ်တစ်ခုပဲ”
သိုင်းတာအိုပင်မခန္ဓာက တီးတိုးရေရွတ်လိုက်၏။
သို့သော်လည်း တဗူးနည်းစနစ်တစ်ခုမျှက ကောင်းကင်နှင့်မြေကြီးမီးဖိုကို ကိုင်လှုပ်ဖို့အတွက် မလုံလောက်ပေ။
တစ်ချိန်တည်းမှာပင်…
ဧကရာဇ်မိုးပြာရောင်မီးတောက်၊ ဧကရာဇ်ပိုင်ယွီ၊ ဧကရာဇ်ရွှမ်စန်နှင့် ဧကရီယန်လောတို့က ပကတိလောကများကို တစ်ခုပြီးတစ်ခု ထုတ်ဖော်ကာ မနှိုင်းယှဉ်သာအောင် ရုန့်ရင်းကြမ်းတမ်းသော စွမ်းအားများကို ပစ်လွင့်ထွက်ပေါ်လာစေပြီး ကောင်းကင်နှင့်မြေကြီးမီးဖိုကို ပေါက်ကွဲထွက်စေလုနီးပါးပင်။
ကောင်းကင်နှင့်မြေကြီးမီးဖို၏ အပြင်ဘက်မှာ….
စံအိမ်ဧကရာဇ် ၂၈ဦးနှင့် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ဧကရာဇ်ပညာရှင်များက သူတို့၏ လောကများကို မြှောက်တင်ပြီး ကောင်းကင်နှင့်မြေကြီးမီးဖိုကို အဆက်မပြတ်တိုက်ခိုက်နေကြ၏။
ကောင်းကင်နှင့်မြေကြီးမီးဖိုက အဆက်မပြတ်ယိမ်းထိုးပြီး မီးတောက်များက တဖျပ်ဖျပ်ဖြစ်လာ၏။
နောက်ဆုံးမှာတော့ ၎င်းသည် ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။
ဘုန်း…
ကောင်းကင်နှင့်မြေကြီးမီးဖိုက လဲပြိုကျသွား၏။
ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသုံးယောက်က နောက်ဆုံးမှာ လွတ်မြောက်သွားပြီး စံအိမ်ဧကရာဇ် ၂၈ဦးနှင့် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ဧကရာဇ်ပညာရှင်များနှင့်အတူ မတ်တတ်ရပ်လိုက်၏။
သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက တည်ငြိမ်နေ၏။
ကံဆိုးစွာနှင့်ပင် သူ၏ အမြုတေသိုင်း ကောင်းကင်လိုဏ်ဂူက ယခုအချိန်ထိ ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းနိုင်ခြင်း မရှိသေးပေ။
အမြုတေသိုင်းကောင်းကင်လိုဏ်ဂူက သူ၏တာအိုခန္ဓာဖြစ်သည်။
အမြုတေသိုင်းကောင်းကင်လိုဏ်ဂူက ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်လာသည်နှင့် သူ၏ တာအိုခန္ဓာက လျင်မြန်စွာ ကြီးပြင်းလာပြီး နောက်ထပ်အဆင့်တစ်ခုကို မြင့်တက်သွားပေလိမ့်မည်။
ထိုအချိန်ကျလျှင် သူက အမြုတေသိုင်းလောကကို အသုံးမပြုဘူးဆိုလျှင်တောင် သူ၏ မျိုးဆက်သွေးနှင့် ကိုယ်ကာယ၏ စွမ်းအားသက်သက်နှင့်ပင်လျှင် သူသည် ဤအထွတ်အထိပ်ဧကရာဇ်ပညာရှင်တစ်အုပ်စု၏ ပကတိလောကများကို ခြေမွှဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။
ယခုအချိန်မှာတော့ သူသည် သိုင်းတာအိုပိုင်နက်နယ်မြေမှ ဆင့်ကဲပြောင်းလဲလာသော လောကကိုသာ ထုတ်ဖော်နိုင်လေသည်။
သိုင်းစကြာဝဠာ…
“သတ်…”
ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသူများက သိုင်းတာအိုပင်မခန္ဓာကို အသက်ရှူခွင့်ပေးလိုစိတ်မရှိပေ။
သူတို့က နောက်တစ်ဖန်ဟိန်းဟောက်ပြီး ဧကရာဇ်ပညာရှင်များကို ဦးဆောင်ကာ ရှေ့သို့ပြေးဝင်လာကြ၏။