မိစ္ဆာအရှင်
Vol. 202 Ch. 3025
ထိုသူက ငရဲဖိနှိမ်မီးဖိုကို ဖြည်းဖြည်းချင်းဖယ်ရှားလိုက်ပြီး ၎င်းကို သူ့ခြေရင်းမှာပစ်ချကာ သူ၏ အစစ်အမှန်ရုပ်ရည်သွင်ပြင်ကို ထွက်ပေါ်လာစေ၏။
ထိုလူက ကုပ်ကုပ်ကိုင်းကိုင်းနှင့် ပိန်လှီညှိုးခြောက်နေသည့်ပုံပေါ်လေသည်။ သူ၏ အဖြူရောင်မျက်ခုံးမွေးမျာက သူ၏ ပခုံးပေါ်ထိ ကျဆင်းနေ၏။ သူသည် သိုင်းတာအိုပင်မခန္ဓာကို တည်ငြိမ်စွာကြည့်နေလေသည်။
သင်္ချိုင်းစောင့်။
အရင်တုန်းက သိုင်းတာအိုပင်မခန္ဓာသည် မဟာထျဲဝေတောင်မှာ သင်္ချိုင်းစောင့်နှင့် ပထမဆုံးအကြိမ်တွေ့ဆုံခဲ့လေသည်။
ထိုဖြစ်ရပ်အပြီးမှာ ယွင်ကျူးနှင့် မိုချင်သည် အဝီစိကနေ ထွက်ခွာလာခဲ့ပြီး ဗုဒ္ဓကျောင်းတော်များမှ ကောင်းကင်ဘုရင်ရှစ်ဦး၏ ဝိုင်းပတ်ပိတ်ဆို့ခြင်းခံခဲ့ရ၏။
ထိုအချိန်တုန်းက သူတို့ကို ကယ်တင်ခဲ့သည့်သူက သင်္ချိုင်းစောင့်ပင်ဖြစ်လေသည်။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် မဟာအဝီစိ၏ အနက်ပိုင်းထဲမှာ ရှာဖွေဖော်ထုတ်နေခဲ့စဉ် သူ့ကို ရေတွင်းပျက်ထဲသို့ တွန်းချခဲ့သည့်သူကလည်း သင်္ချိုင်းစောင့်ပင်ဖြစ်သည်။
ငရဲကမ္ဘာမှာ သူတွေ့ကြုံခဲ့ရသည့် အရာရာတိုင်းသည် သင်္ချိုင်းစောင့်ကြောင့် ဖြစ်လာခဲ့ရသည်ဟု ဆိုနိုင်လေသည်။
သင်္ချိုင်းစောင့်၏ သရုပ်သကန်နှင့်ပတ်သက်၍ သူ့မှာ ခန့်မှန်းချက်တချို့ရှိထားလေသည်။
သို့သော်လည်း သင်္ချိုင်းစောင့်သည် ဤအခိုက်အတန့်မှာ ပေါ်ထွက်လာပြီး ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားနှစ်ယောက်ကို ကယ်တင်ပေးလိုက်လိမ့်မည်ဟု သူက ထင်မှတ်မထားပေ။
ဧကရာဇ်နယ်ပယ်ကို ဝင်ရောက်လာပြီးနောက် သိုင်းတာအိုပင်မခန္ဓာကို ခြိမ်းခြောက်နိုင်သော ပညာရှင်များစွာမရှိတော့ပေ။
သင်္ချိုင်းစောင့်က သူ့ကိုခြိမ်းခြောက်နိုင်သော အနည်းအကျဉ်းထဲမှ တစ်ယောက်ဖြစ်၏။
စောစောက သင်္ချိုင်းစောင့် ထုတ်ဖော်လိုက်သောနည်းလမ်းများသည် သိုင်းတာအိုပင်မခန္ဓာ တွေးထင်ထားသည်ထက်ပင် ပို၍ ကြောက်စရာကောင်းနေ၏။ သင်္ချိုင်းစောင့်၏ ရုတ်တရက်ပေါ်ထွက်လာမှုကြောင့် သိုင်းတာအိုပင်မခန္ဓာက ဆက်လက်၍ လိုက်လံတိုက်ခိုက်ခြင်းမရှိတော့ပေ။
သင်္ချိုင်းစောင့်သည် ဤနေရာကို ဘာ့ကြောင့်ရောက်ရှိလာသလဲ သူက မသိရဘဲ သူ၏ စိတ်အာရုံအများစုကို သင်္ချိုင်းစောင့်အပေါ် စူးစိုက်ထားကာ သူက သတိအနေအထားပြင်ထား၏။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာနှင့် ကောင်းကင်ဘုံခုံရုံးမှ ကျန်ရှိနေသော ဧကရာဇ်များက အလျင်အမြန်ထွက်ပြေးသွားပြီး ကြယ်တာရာကောင်းကင်၏ အစပ်ကနေ ပျောက်ကွယ်သွားကြလေသည်။
တကယ်တော့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာဖြစ်စေ၊ ကောင်းကင်ဘုံခုံရုံးဖြစ်စေ သူတို့သည် ဤတိုက်ပွဲမှာ ကြီးမားသော ပျက်စီးထိခိုက်ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရပြီး အရှက်တကွဲ ရှုံးနိမ့်စွာ ပြန်သွားရလေသည်။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ဧကရာဇ်ပညာရှင်များထဲ ထက်ဝက်ကျော်က သေဆုံးသွား၏။
ကောင်းကင်ဘုံခုံရုံး၏ စံအိမ်ဧကရာဇ်နှစ်ဆယ့်ရှစ်ဦးထဲမှာ ထက်ဝက်နီးပါးက သတ်ဖြတ်ခံခဲ့ရလေသည်။ တကယ်ဆို အထွတ်အထိပ်တောကောင်မျိုးဆက်သွေးကို ပိုင်ဆိုင်ထားသည့် ဧကရီယန်လောပင်လျှင် သေဆုံးခဲ့ရ၏။
ဘေးပတ်လည်မှာရှိသော ကောင်းကင်က တဖြည်းဖြည်းမှောင်မည်းလာ၏။
လောကတစ်ခုက သူတို့ကို တိတ်တဆိတ်လွှမ်းခြုံလာပြီး သူတို့သုံးယောက်ကို အပြင်လောကနှင့် ပိုင်းခြားလိုက်လေသည်။
သင်္ချိုင်းစောင့်၏ နောက်ဘက်မှာ အုတ်ဂူတချို့ပေါ်ထွက်လာ၏။
သူတို့ကြားမှာ နာမည်မပါသော သုသာန်မှတ်တိုင်နှင့် အုတ်ဂူတစ်လုံးရှိနေ၏။
သင်္ချိုင်းစောင့်သည် အလွန်တရာအန္တရာယ်များသော အော်ရာတစ်ခုကို ထုတ်ဖော်ထားသည်။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် သင်္ချိုင်းစောင့်ထံမှ ရန်လိုစိတ်ကို အာရုံမခံမိသည့်အတွက် သူက မဆင်မခြင်တိုက်ခိုက်ခြင်းမရှိပေ။
“ကျုပ်က ခင်ဗျားကို သင်္ချိုင်းစောင့်လို့ ခေါ်ရမှာလား ဒါမှမဟုတ်… မဟာဧကရာဇ်ကောင်းကင်သင်္ချိုင်းလား”
သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးများက နက်ရှိုင်းနေပြီး သင်္ချိုင်းစောင့်၏ မျက်နှာကို မမှိတ်မသုန်စိုက်ကြည့်ကာ ဖြည်းဖြည်းချင်းမေးလိုက်၏။
ထိုစကားကိုကြားသောအခါ တျဲယွဲ့က မှင်တက်သွားလေသည်။
သိုင်းတာအိုပင်မခန္ဓာသည် သင်္ချိုင်းစောင့်အကြောင်း သူမကို ပြောပြခဲ့ဖူးသည်။
သို့သော်လည်း သင်္ချိုင်းစောင့်သည် မဟာဧကရာဇ်ကောင်းကင်သင်္ချိုင်းနှင့် ပတ်သက်ဆက်စပ်နေလိမ့်မည်ဟု သူမက ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။
သင်္ချိုင်းစောင့်က ထိုစကားကို ကြားသောအခါ သူ၏ အမူအရာက တည်ငြိမ်နေပြီး သူက တိတ်တဆိတ်ဝန်ခံလိုက်သည့်အလား တစ်စုံတစ်ရာ ရှင်းပြခြင်း မရှိပေ။
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေး၊ ဧကရာဇ်ပိုရွှင်းနဲ့ အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာတို့က အရင်တုန်းက ကောင်းကင်ဘုံကမ္ဘာကနေ လာခဲ့ကြတာပဲ… ဒီဘက်မျိုးဆက်မှာ သူတို့တွေက မဟာဧကရာဇ်တွေရဲ့ ဂူသင်္ချိုင်းအကူအညီနဲ့ ပြန်လည်ရှင်သန်လာခဲ့ကြတယ်”
“အဲဒီဧကရာဇ်သုံးဦးစလုံးက ကောင်းကင်သင်္ချိုင်းသုတ္တန်ကို သိရှိထားတယ်လို့ ဆိုလိုတာပဲ… ခင်ဗျားကတော့ ကောင်းကင်ဘုံကမ္ဘာမှာ ဂူသင်္ချိုင်းတစ်ခုကို စောင့်ကြပ်နေတယ်”
သိုင်းတာအိုပင်မခန္ဓာမှာ သင်္ချိုင်းစောင့်စောင့်ကြပ်နေသော အုတ်ဂူနှင့်ပတ်သက်၍ ထင်မြင်ယူဆချက်များစွာရှိခဲ့လေသည်။
သင်္ချိုင်းစောင့်က သူ၏ ကိုယ်ပိုင်အုတ်ဂူကို စောင့်ကြပ်နေခြင်းဖြစ်နိုင်သည်ဟု သူက နားလည်သဘောပေါက်သွားသည့်အချိန်မှသာ ကောင်းကင်သင်္ချိုင်း၏ အစစ်အမှန်အဓိပ္ပါယ်ကို သူက နားလည်သဘောပေါက်လာခဲ့၏။
မဟာဧကရာဇ်ကောင်းကင်သင်္ချိုင်း၏ အုတ်ဂူကတော့ ၎င်းသည် ကောင်းကင်ဘုံကမ္ဘာ၏ မိစ္ဆာမဟာနယ်မြေမှာ ရှိလေသည်။
“တခြားဘာရှိသေးလဲ”
သင်္ချိုင်းစောင့်က တည်ငြိမ်စွာမေးလိုက်၏။
သိုင်းတာအိုပင်မခန္ဓာက ဆက်ပြောလိုက်၏။
“ကျုပ်လာခဲ့တဲ့ ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက သွေးမိစ္ဆာလို့ခေါ်တဲ့ ထူးခြားတဲ့ပုဂ္ဂိုလ်တစ်ဦးရှိခဲ့ဖူးတယ်.. သူက အလောင်းသုံးလောင်းနည်းစနစ်လို့ခေါ်တဲ့ ကိုယ်ပွားနည်းစနစ်တစ်ခုကို ကျင့်ကြံထားတယ်”
“အဲဒီအလောင်းသုံးလောင်းနည်းစနစ်ကို ကျုပ်မျက်နှာပေါ်က ဒီမာရ်နတ်မျက်နှာဖုံးရဲ့ စိတ်ဝိညာဉ်ကနေ သူ့ကို သင်ကြားပေးခဲ့တာပဲ”
“လက်နက်စိတ်ဝိညာဉ်က အလောင်းသုံးလောင်းနည်းစနစ်ကို သိရှိထားတယ်ဆိုတာ သူ့သခင်က တစ်ခါတုန်းက ဧကရာဇ်ပိုရွှင်းဖြစ်ခဲ့လို့ပဲ”
“ဧကရာဇ်ပိုရွှင်းက ဗုဒ္ဓခန္ဓာ၊ အာရုံခြောက်ပါးခန္ဓာနဲ့ စိတ်ခံစားချက်ခုနှစ်မျိုးခန္ဓာဆိုတဲ့ ကိုယ်ပွားသုံးခုကို ကျင့်ကြံထားတယ်… တစ်ခုသော ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် အဲဒီကိုယ်ပွားသုံးခုရဲ့ ကျင့်ကြံမှုတွေနဲ့စိတ်ဆန္ဒတွေက အင်မော်တယ်… ဗုဒ္ဓနဲ့ သွေးမိစ္ဆာရဲ့ သားရဲခန္ဓာတွေကို လုံးဝကျော်လွန်နေခဲ့ပြီ”
သိုင်းတာအိုပင်မခန္ဓာ စကားပြောနေစဉ် သူက သင်္ချိုင်းစောင့်ကို အကဲခတ်ကြည့်နေ၏။ သို့သော်လည်း သင်္ချိုင်းစောင့်၏ အမူအရာက ရှေးဟောင်းရေတွင်းတစ်တွင်းကဲ့သို့ တည်ငြိမ်နေ၏။
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“ဒါပေမဲ့ ဧကရာဇ်ပိုရွှင်းက နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တယ်… သူက အထွတ်အထိပ်ဧကရာဇ်တွေကြားက ပညာရှင်တစ်ဦးဖြစ်ခဲ့ဖူးတယ်… အဲဒါကြောင့်ပဲ သူက တခြားတစ်ယောက်ရဲ့ ကိုယ်ပွားဖြစ်လိမ့်မယ်လို့ ကျုပ်ဘယ်တုန်းကမှ မတွေးမိခဲ့တာပဲ”
“မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးနဲ့ အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာတို့က မဟာဧကရာဇ်တွေရဲ့ ဂူသင်္ချိုင်းအကူအညီနဲ့ တစ်ယောက်ပြီးတစ်ယောက်ရှင်သန်လာတဲ့အချိန်မှာတော့ သူတို့တွေက အစစ်အမှန်အလောင်းသုံးလောင်းဖြစ်နိုင်တယ်ဆိုတာကို ကျုပ်တွေးမိလာခဲ့တယ်”
“အလောင်းသုံးလောင်းကို အထွတ်အထိပ်ဧကရာဇ်တွေရဲ့ အဆင့်ထိ သီးခြားစီ ကျင့်ကြံစေပြီး မဟာဧကရာဇ်တွေရဲ့ ဂူသင်္ချိုင်းနဲ့ ကောင်းကင်သင်္ချိုင်းသုတ္တန်ကို အသုံးချပြီး သူတို့ကို ပြန်လည်ရှင်သန်လာအောင် ကူညီပေးခဲ့တယ်… မဟာဧကရာဇ်ကောင်းကင်သင်္ချိုင်းတစ်ဦးထဲကပဲ အဲလိုမျိုးနည်းလမ်းတွေကို ပိုင်ဆိုင်ထားနိုင်မယ်လို့ ကျုပ်ထင်တယ်”
ထိုသို့ပြောပြီးနောက် သိုင်းတာအိုပင်မခန္ဓာက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
ထိုထင်မြင်ယူဆချက်များသည် သူ၏ ရင်ထဲမှာ နှစ်ပေါင်းများစွာ တဝဲလည်လည်ရှိနေခဲ့ပြီး သူက တိကျသော အဖြေတစ်ခုကို ရရှိလိုခဲ့၏။
သူ၏ ထင်မြင်ယူဆချက်က လုံးလုံးလျားလျားမှန်ကန်မည်ဆိုလျှင်တောင် သူ့မှာ သံသယတချို့ရှိနေဆဲပင်။
ဥပမာအားဖြင့် ရှေးဟောင်းဒဏ္ဍာရီများထဲမှာ ဗုဒ္ဓနှင့် တူညီသော မျိုးဆက်မှာ တည်ရှိခဲ့သည့် ရှေးဟောင်းမိစ္ဆာပိုရွှင်းက ဘယ်သူလဲ။ ဒီဘက်မျိုးဆက်၏ ဧကရာဇ်ပိုရွှင်းက ထိုပုဂ္ဂိုလ်နှင့် မည်ကဲ့သို့သော ပတ်သက်ဆက်စပ်မှုမျိုးရှိနေလဲ။
နောက်ပြီး ဤဖြစ်ရပ်များအားလုံးကို မဟာဧကရာဇ်ကောင်းကင်သင်္ချိုင်းက ပြုလုပ်ခဲ့သည်ဆိုလျှင် သူသည် ဒီဘက်မျိုးဆက်ထိ ခေတ်အတော်များများကြာအောင် ရှင်သန်နေထိုင်ခဲ့သည်ဟု ဆိုလိုလေသည်။
သို့သော် အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။
မဟာဧကရာဇ်တစ်ပါး၏ ဘဝသက်တမ်းမှာ အကန့်အသတ်တစ်ခုရှိထားသည်ဆိုလျှင်တောင် မဟာဧကရာဇ်ကောင်းကင်သင်္ချိုင်းသည် ထာဝရရှင်သန်နိုင်မှာလား။
“မင်းရဲ့ ခန့်မှန်းချက်တွေက အတော်များများမှန်ကန်နေတာပဲ”
သင်္ချိုင်းစောင့်က နောက်ဆုံးမှာ စကားပြောလိုက်၏။ သို့သော်လည်း သင်္ချိုင်းစောင့်၏ နောက်ထပ်ပြောလိုက်သောစကားက သိုင်းတာအိုပင်မခန္ဓာကို နေရာမှာတင် မှင်တက်သွားစေ၏။
“ဒါပေမဲ့ မင်းပြောတဲ့စကားမှာ အချက်တစ်ချက် မှားနေတယ်… ငါက ကောင်းကင်သင်္ချိုင်းမဟုတ်ဘူး”
ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက နှုတ်ဆိတ်သွား၏။
သင်္ချိုင်းစောင့်က လိမ်ညာလိမ့်မည်မဟုတ်ဟု သူယုံလေသည်။ သူ့အနေဖြင့် လိမ်စရာလည်း မလိုအပ်ပေ။
သင်္ချိုင်းစောင့်၏ ကျင့်ကြံမှုအရ သူသည် အမှန်တကယ်မဟာဧကရာဇ်ကောင်းကင်သင်္ချိုင်းဖြစ်မည်ဆိုလျှင် သူ့အနေဖြင့် အဲဒါကို ဝန်ခံလိုက်ရုံသာ ဖြစ်လေသည်။
အတန်ကြာအောင် နှုတ်ဆိတ်နေပြီးနောက် သိုင်းတာအိုပင်မခန္ဓာက ဖြည်းဖြည်းချင်းမေးလိုက်၏။
“ခင်ဗျားဘယ်သူလဲ”
သိုင်းတာအိုပင်မခန္ဓာသည် သူတို့နှစ်ယောက်ပထမဆုံးအကြိမ်တွေ့ဆုံစဉ်က ထိုမေးခွန်းကို မေးခဲ့ဖူးလေသည်။
တစ်ဘက်သူသည် သင်္ချိုင်းစောင့်ဟူသော အဖြေကိုသာ ပေးခဲ့လေသည်။
ယခု သိုင်းတာအိုပင်မခန္ဓာက ထိုမေးခွန်းကို ထပ်မံ၍ မေးလိုက်ပြီး သူက တူညီသော အဖြေကို မကြားလိုသည်မှာ သိသာနေ၏။
သင်္ချိုင်းစောင့်က တစ်စုံတစ်ရာကို အမှတ်ရသွားပုံရပြီး သူ၏ အကြည့်က ငေးငိုင်သွားလေသည်။
အတန်ကြာပြီးနောက် သူက အသိစိတ်ပြန်ကပ်လာကာ ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်၏။
“ငါ့ရဲ့ အစစ်အမှန်နာမည်ကိုတောင် ငါမမှတ်မိတော့ဘူး… ဒါပေမဲ့ နှစ်တော်တော်များများကြာအောင် လူတချို့ ငါ့ကို ခေါ်ခဲ့တာက… မိစ္ဆာအရှင်ဆိုလားပဲ”
“မိစ္ဆာအရှင်”
သိုင်းတာအိုပင်မခန္ဓာ၏ မျက်နှာကို မာရ်နတ်မျက်နှာဖုံးက ဖုံးအုပ်ပေးထားပြီး သူက အတော်လေးတည်ငြိမ်နေသည့်ပုံပေါ်၏။ သို့သော်လည်း သူ၏ ရင်ထဲမှာ ဗလောင်ဆူနေလေသည်။
သူ့ဘေးမှာ မတ်တတ်ရပ်နေသော တျဲယွဲ့ပင်လျှင် ထိုစကားကို ကြားသောအခါ ရုတ်တရက် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။
ခေတ်တချို့ကြာအောင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မွှေနှောက်တိုက်ခတ်ခဲ့သည့် ကြီးမားသော ကပ်ဘေးများကို ဖြစ်စေခဲ့သော ဒဏ္ဍာရီလာ မိစ္ဆာအရှင်က ယခု သူတို့နှစ်ယောက်ရှေ့မှာ မတ်တတ်ရပ်နေ၏။
ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာက သူနှင့် အကြိမ်ရေတချို့ ထိတွေ့ဆက်ဆံခဲ့ဖူးလေသည်။ မျက်ခုံးမွေးဖြူ ဘုန်းကြီးအိုက အသက်ဓာတ်ကင်းမဲ့သော အော်ရာတစ်ခုနှင့်အတူ ပိန်လှီ၍ ခါးကိုင်းနေ၏။ သူက မိစ္ဆာအရှင်ဖြစ်သည်ဟု ဘယ်သူက တွေးမိနိုင်ပါ့မလဲ။
မိစ္ဆာအရှင်သည် အဆူရာအရှင်ဖြစ်ပြီး ကောင်းကင်ဘုံခုံရုံးကဲ့သို့ စွမ်းအားကြီးမားသော တည်ရှိမှုများကို ဆန့်ကျင်တိုက်ခိုက်ရန် ရိုင်းစိုင်းကြမ်းတမ်းသော မရေမတွက်နိုင်သည့် အဆူရာများကို အုပ်ချုပ်လေသည်။ သူ့မှာ မည်ကဲ့သို့သော မိစ္ဆာစွမ်းပကားနှင့် စိတ်ဝိညာဉ်များရှိနေမလဲ။
သင်္ချိုင်းစောင့်က အဲဒါကို ကိုယ်တိုင်ဝန်ခံခြင်းမဟုတ်လျှင် သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့သည် ဒဏ္ဍာရီလာ မိစ္ဆာအရှင်က အိုမင်းရွတ်တွနေသော ဤဘုန်းကြီးအိုဖြစ်လိမ့်မည်ဟု ဘယ်တော့မှ တွေးမိလိမ့်မည်မဟုတ်ပေ။
တုန်လှုပ်နေခြင်းအပြင် သိုင်းတာအိုပင်မခန္ဓာ၏ ရင်ထဲမှာ သံသယများစွာက ပေါ်ထွက်လာ၏။
သိုင်းတာအိုပင်မခန္ဓာသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ့ရှေ့မှာရှိသော ဘုန်းကြီးအိုကို ကြည့်လိုက်၏။ သူသည် မေးမြန်းဖို့ကို အလောတကြီးရှိမနေဘဲ သူ၏ စိတ်ကို တဖြည်းဖြည်းငြိမ်သက်စေလိုက်၏။
မိစ္ဆာအရှင်က စိတ်လိုလက်ရ ပေါ်ထွက်လာဖို့ ရွေးချယ်ခဲ့ပြီဆိုမှတော့ သူ့ရင်ထဲရှိသံသယများအတွက် အဖြေတစ်ခုရှိနေနိုင်လေသည်။