← Chapters

မင်းဘယ်သူ့ကို အော်ငေါက်နေတာလဲ

Vol. 202 Ch. 3017

မင်းဘယ်သူ့ကို အော်ငေါက်နေတာလဲ

Vol. 202 Ch. 3017

သားရဲဧကရာဇ်နတ်ဆင်၊ သားရဲဧကရီအမြီးကိုးချောင်းနှင့် အခြားသူများ၏ လောကများက ကြေမွသွားပြီး သူတို့က ဒဏ်ရာများဖြင့် ပြည့်နှက်နေ၏။ သူတို့သည် သားရဲဧကရာဇ်သံယောဇဉ်စံအိမ်နှင့် အခြားသူများ၏ နင်းခြေခြင်းခံရပြီး စွမ်းအားမဲ့စွာဖြင့် ရုန်းကန်နိုင်ခြင်း မရှိတော့ပေ။

သူတို့သည် ကြယ်တာရာကောင်းကင်ထဲမှာ ဧကရာဇ်ပညာရှင်များစွာ ဝိုင်းဝန်းတိုက်ခိုက်ခြင်းခံနေရသည့် တျဲယွဲ့ကို ကြည့်ပြီး သူတို့၏ အကြည့်များက သုန်မှုန်လာကြ၏။

အရှေ့ဘက်အရိုင်းနယ်မြေမှ ဘီလီယံနှင့် ချီသော သက်ရှိများသည် အင်မော်တယ်ယာဉ်ပျံပေါ်မှာ တုန်လှုပ်ချောက်ချားနေသော အမူအရာများကို ထုတ်ဖော်လာကြ၏။

ဧကရာဇ်မိုးပြာရောင်မီးတောက် မထွက်ခွာခင်က သူပြောခဲ့သည့် ခြိမ်းခြောက်စကားကို လူတိုင်းက အမှတ်ရသွားပြီး သူတို့အားလုံးသည် သူတို့ရင်ဆိုင်ရတော့မည့် ရလဒ်ကို တွေးကာ သတိလစ်လုမတတ် တုန်လှုပ်ချောက်ချားလာကြ၏။

တျဲယွဲ့က ထိုသည်ကို တွေ့မြင်သောအခါ သူမက ရုတ်တရက်ဟိန်းဟောက်လိုက်၏။

ထိုဟိန်းဟောက်သံမှာ အဆုံးမဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒပါဝင်နေပြီး အကန့်အသတ်မဲ့ကြယ်တာရာကောင်းကင်ကို ထိုးဖောက်သွားလေသည်။

နောက်ခဏ၌ တျဲယွဲ့က သူမ၏ အစစ်အမှန်ပုံစံကို ထုတ်ဖော်လိုက်၏။

သူမ၏ နောက်ဘက်လောကမှာ ဧရာမသွေးနီရောင် လိပ်ပြာတစ်ကောင် ပေါ်ထွက်လာ၏။

ဤသွေးလိပ်ပြာသည် သူမ၏ ပင်မခန္ဓာနှင့် ထပ်လုနီးပါးပင်။

ကြယ်တာရာကောင်းကင်ထဲမှာ ကြက်သွေးရောင်လနှစ်စင်းက ထူးဆန်းစွာ ပေါ်ထွက်လာ၏။

“သတိထားကြ”

ဧကရာဇ်မိုးပြာရောင်မီးတောက်က ထိုသည်ကို တွေ့မြင်သောအခါ သူက အလောတကြီး လှမ်းအော်ပြောလိုက်၏။

“အဲဒါက သူ့ရဲ့ တဗူးနည်းစနစ်ပဲ”

“တဗူးနည်းစနစ်တစ်ခုကို ဘာများကြောက်စရာရှိလို့လဲ”

ဧကရာဇ်ပိုင်ယွီက ကြိတ်၍ လှောင်ရယ်လိုက်၏။

သူ့သည် ကျားဖြူမျိုးဆက်သွေးကို ပိုင်ဆိုင်ထားပြီး သူသည်လည်းပဲ တဗူးနည်းစနစ်တစ်ခုကို သိရှိထားလေသည်။ ယခုအချိန်မှာ ဧကရာဇ်ပညာရှင်များစွာ တိုက်ခိုက်နေခြင်းနှင့်အတူ လိပ်ပြာတစ်ကောင်၏ တဗူးနည်းစနစ်တစ်ခုက ဘာများလုပ်နိုင်မှာလဲ။

ရုတ်တရက်ဆိုသလို။

သွေးလိပ်ပြာ၏ တောင်ပံများက အနည်းငယ်တုန်ခါသွားသည်။

ဝှစ်…

ကောင်းကင်တစ်ခွင်ပြည့်နှက်နေသည့် ကြယ်တာရာကောင်းကင်ထဲမှာ အဆုံးနဲ့မုန်တိုင်းတစ်ခုက အဘက်ဘက်ကို တိုက်ခတ်ပြီး အသက်ဓာတ်များအားလုံးကို ဖျက်ဆီးပစ်နေ၏။ ၎င်းကို ရပ်တန့်တားဆီး၍ မရနိုင်ပေ။

ဤတဗူးနည်းစနစ်၏ ကြောက်မက်ဖွယ်ရာကောင်းမှုကို မည်သူကမှ ဖော်မပြနိုင်ပေ။

တဗူးနည်းစနစ်သည် တျဲယွဲ့၏ တောင်ပံများပေါ်မှာပင် ဒဏ်ရာများကို ဆုတ်ဖြဲပစ်လိုက်ပြီး သွေးများက ပန်းထွက်လာ၏။

ထိုသွေးများက မုန်တိုင်းနှင့်အတူ ပေါင်းစည်းသွားပြီး ကြယ်တာရာကောင်းကင်ထဲမျာ မွှေနှောက်ဖျက်ဆီးတိုက်ခတ်နေသည့် သွေးနီရောင်မုန်တိုင်းတစ်ခုအဖြစ် အသွင်ပြောင်းလဲသွား၏။

သွေးနီရောင်မုန်တိုင်းသည် ကြက်သွေးရောင်လရောင်အောက်မှာ တစ်မူထူးခြားစွာ ချောက်ချားစရာကောင်း၍ လှပနေ၏။

“ကျားဖြူစစ်သည်အဆောင်”

ဧကရာဇ်ပိုင်ယွီ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။ ထပ်မံ၍ စဉ်းစားနေဖို့အချိန်မရဘဲ သူက ကျားဖြူသွေးနှင့် ကျားအဆောင်တစ်ခုကို ထုတ်ဖော်ကာ စုဖွဲ့လိုက်၏။

သွေးနီရောင်ကျားအဆောင်က ကြယ်တာရာကောင်းကင်ထဲမှာ ဖြန့်ကြက်သွားပြီး ပြန့်ကျဲလာသော ကျားဖြူမျိုးဆက်သွေးသည် ဓားတစ်လက်စီကိုင်ဆွဲထားသည့် ကြမ်းကြုတ်ခက်ထန်သော စစ်တပ်တစ်တပ်အဖြစ် အသွင်ပြောင်းလဲသွား၏။

ဤသည်မှာ ကျားဖြူ၏ သွေးကနေ စုဖွဲ့ထားခြင်းဖြစ်ပြီး ကျားဖြူမျိုးနွယ်၏ သတ်ဖြတ်ခြင်းတာအိုပါဝင်နေ၏။

ဤကဲ့သို့ ချီတက်လာသော စစ်တပ်တစ်တပ်ကို အထွတ်အထိပ်ဧကရာဇ်တစ်ပါးပင်လျှင် ခုခံနိုင်မည်မဟုတ်ဘဲ တစ်ခဏချင်းမှာပင် အပိုင်းပိုင်းဆုတ်ဖြဲကာ ဝါးမျိုခံရပေလိမ့်မည်။

အခြားသော ဧကရာဇ်ပညာရှင်များသည် တဗူးနည်းစနစ်များကို မသိရှိသော်လည်း သူတို့သည် သူတို့၏ အမြုတေစိတ်ဝိညာဉ်မျာကို အလောတကြီးလှည့်ပတ်ပြီး သူတို့၏ လောကစွမ်းအားများကို ၎င်း၏ အကန့်အသတ်အထိ တွန်းတင်လိုက်ကြ၏။

ကြက်သွေးရောင်လမင်းမုန်တိုင်းက အဘက်ဘက်ကို တိုက်ခတ်သွား၏။

လရောင်ဖြာကျလာရာနေရာတိုင်းမှာ မည်သူကမှ ချမ်းသာရာမရဘဲ ဧကရာဇ်ပညာရှင်များစွာသည် အရင်ဆုံးလောင်ကျွမ်းခံလိုက်ရ၏။

ဧကရာဇ်ပိုင်ယွီနှင့် အခြားသော အထွတ်အထိပ်ဧကရာဇ်ဆယ့်သုံးဦးနှင့် အန္တိမဧကရာဇ်များစွာသည် ကြက်သွေးရောင်လမင်းမုန်တိုင်း၏ ပျက်စီးထိခိုက်မှုအများစုကို ခုခံနိုင်သော်လည်း သွေးနီရောင်မုန်တိုင်းတစ်စွန်းတစ်စက စိမ့်ဝင်ထိုးဖောက်လာဆဲဖြစ်၏။

ဤသည်မှာ လေ၏ ဓမ္မတာအိုဖြစ်ပြီး နေရာတကာ ပျံ့နှံ့တတ်လေသည်။

ဖောက်… ဖောက်… ဖောက်…

သာမန်ဧကရာဇ်များက သွေးနီရောင်မုန်တိုင်း၏ လေပြင်းတစ်ချက်ကိုပင် ခံနိုင်ရည်မရှိကြပေ။

ချက်ချင်းနီးပါးပင် သာမန်ဧကရာဇ်များ၏ လောကများက ကြေမွသွားပြီး သူတို့၏ ဧကရာဇ်နယ်ပယ်ကိုယ်ကာယများက သွေးနီရောင်မုန်တိုင်းဖြင့် ဆုတ်ဖြဲခံလိုက်ရ၏။

သူတို့၏ အမြုတေစိတ်ဝိညာဉ်များက ဖျက်ဆီးခံရပြီး သူတို့က နေရာမှာတင် သေဆုံးသွားကြ၏။

ဧကရာဇ်ပညာရှင်များစွာ၏ ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်မှာ တျဲယွဲ့၏ စွမ်းအားကြီးမားသော တန်ပြန်တိုက်ခိုက်မှုက ဧကရာဇ်ပညာရှင်ငါးဦးကို သတ်ဖြတ်လိုက်နိုင်ဆဲဖြစ်၏။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ကျန်ရှိနေသော ဧကရာဇ်များက ထိတ်လန့်သွားပြီး ထိတ်ထိတ်ပျာပျာဖြစ်လာကြ၏။

ဖျောက်… ဖျောက်… ဖျောက်…

ကျားဖြူသွေးကနေ စုဖွဲ့ထားသောစစ်တပ်က ဆင်းသက်ရောက်ရှိလာသည့် ခဏမှာပင် အက်ကွဲသံများထွက်ပေါ်လာပြီး စစ်သည်များနှင့် စစ်မြင်းများ၏ ကိုယ်ကာယများပေါ်မှာ အက်ကွဲကြောင်းများ ပေါ်ထွက်လာ၏။

ဧကရာဇ်ပိုင်ယွီ၏ တဗူးနည်းစနစ်ကပင် ကြက်သွေးရောင်လမင်းမုန်တိုင်းကို မခုခံနိုင်ပေ။

တကယ်တော့ တျဲယွဲ့၏ အခြေအနေကလည်း အတော်လေးဆိုးဝါးနေပြီဖြစ်သည်။

သူမ၏ မုန်တိုင်းလောကက သွေးများဖြင့် စိုရွှဲနေပြီး လဲပြိုကျတော့မည့်ဆဲဆဲဖြစ်၏။

သူမ၏ တောင်ပံများကပင် သွေးများဖြင့် နီစွေးနေခဲ့ပြီဖြစ်သည်။

“ဂါး..”

နဂါးဟိန်းသံက ကြယ်တာရာကောင်းကင်ကို ထိုးဖောက်ကာ ပဲ့တင်ထပ်ထွက်ပေါ်လာ၏။ ဧကရာဇ်မိုးပြာရောင်မီးတောက်သည် ဧကရာဇ်ပိုင်ယွီနှင့် တခြားသူများခံနိုင်ရည်မရှိတော့သည်ကို တွေ့မြင်သောအခါ သူက ဆက်လက်၍ တွေဝေတုံ့ဆိုင်းမနေတော့ဘဲ သူ၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်၏။

ပေတစ်သောင်းရှည်လျားသော နဂါးတစ်ကောင်က ကြယ်တာရာကောင်းကင်ထဲမှာ လှည့်ပတ်၍ ၎င်း၏ ပါးစပ်ကို ဖွင့်ဟကာ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး ဓမ္မတာအိုတစ်ခုကို စုဖွဲ့လိုက်၏။ ၎င်းသည် ဒီရေလှိုင်းလုံးတစ်လုံးကဲ့သို့ တျဲယွဲ့ရှိရာထံသို့ ကြောက်စရာကောင်းသော နဂါးထွက်သက်ကို ထွေးထုတ်လိုက်၏။

နဂါးထွက်သက်သည် အစိမ်းရောင်မီးတောက်များနှင့်ပင် လောင်ကျွမ်းနေ၏။ ဤအစိမ်းရောင်မီးတောက်များသည် လောကစွမ်းအား၏ အတိုင်းအတာထက် သိသိသာသာ ကျော်လွန်နေပြီး တာအို၏ တည်ရှိမှုနှင့် ထိတွေ့မိနေပြီဖြစ်သည်။

ဒုတိယမြောက် တဗူးနည်းစနစ်။

သွေးနီရောင်မုန်တိုင်းက တဖြည်းဖြည်းစဲသွား၏။

တဗူးနည်းစနစ်နှစ်ခု၊ အထွတ်အထိပ်ဧကရာဇ်ဆယ့်လေးဦး၊ အန္တိမဧကရာဇ်နှင့် သာမန်ဧကရာဇ်ပညာရှင်များစွာနှင့်အတူ သူတို့သည် နောက်ဆုံးမှာ ကြက်သွေးရောင်လမင်းမုန်တိုင်းကို ဖိနှိမ်လိုက်နိုင်၏။

“အာ…”

မိုင်ပေါင်းများစွာကွာဝေးသော ကြယ်တာရာကောင်းကင်ထဲမှာ သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာ၏။

“ပြီးသွားပြီ”

“သားရဲဧကရီသွေးလိပ်ပြာက အခုချိန်ထိ တစ်ယောက်တည်း ခုခံနိုင်ခဲ့တယ်ဆိုတော့…”

“သူက ဧကရာဇ်ပညာရှင်တွေအများကြီးနဲ့ ဝိုင်းဝန်းတိုက်ခိုက်ခံရပြီး သူတို့ထဲက ငါးယောက်ကိုတောင်မှ ပြန်ပြီး သတ်ဖြတ်နိုင်ခဲ့တယ်… မျိုးနွယ်စုတစ်သောင်းကြားက ဧကရာဇ်ပညာရှင်တွေကြားမှာ ဘယ်သူက သူ့ကိုယှဉ်ဖို့ အဆင့်မီမှာလဲ”

“သူက မဟာဧကရာဇ်နယ်ပယ်အောက်မှာ အသန်မာဆုံးပုဂ္ဂိုလ်ပဲ”

“ဘယ်လောက်နှမြောဖို့ကောင်းလဲ”

ကြယ်တာရာကောင်းကင်ထဲမှာ ဂမ္ဘီရအသိစိတ်တချို့က ထွက်ပေါ်လာ၏။

သံသရဖူဆောင်းအဖိုးအို၊ ပိန်ပိန်အဖိုးအိုနှင့် ဝဝအဖိုးအိုတို့က ထိုသည်ကိုတွေ့မြင်သောအခါ သူတို့က တွေဝေရှုပ်ထွေးသော အမူအရာများဖြင့် သူတို့၏ ခေါင်းများကို ခါယမ်းလိုက်၏။

“သူတို့တွေက တစ်ယောက်တည်းကို ဒီလောက်ထိ အနိုင်ကျင့်နေကြတယ်ဆိုတော့.. တကယ်ပါပဲ”

“ပြန်ကြရအောင်”

သံသရဖူဆောင်းအဖိုးအိုက သက်ပြင်းချလိုက်၏။

သွေးလိပ်ပြာ၏ ရလဒ်ကို ဆုံးဖြတ်ပြီးသွားခဲ့ပြီဖြစ်သည်။

သူတို့သည် တစ်ခုခုလုပ်ပေးဖို့ တတ်နိုင်ခြင်းမရှိဘဲ ဤမြင်ကွင်းကိုဆက်လက်၍ မကြည့်ရက်နိုင်တော့ပေ။ ကြယ်တာရာကောင်းကင်၏ အခြားအရပ်မျက်နှာများမှ ဧကရာဇ်ပညာရှင်တချို့ကလည်း တဖြည်းဖြည်းဆုတ်ခွာပြီး ပျောက်ကွယ်သွားကြ၏။

ဤတိုက်ပွဲရလဒ်နှင့်ပတ်သက်၍ သံသယရှိစရာမလိုတော့ပေ။

သူတို့က ဤတိုက်ပွဲကို ဆက်လက်၍ စောင့်ကြည့်မည်ဆိုလျှင် သူတို့သည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ ရန်လိုမှုကို ရရှိလာမည်ကို ဧကရာဇ်ပညာရှင်တချို့က စိုးရိမ်နေကြ၏။

“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလဲ”

“အဲဒါကြောင့် ဘာကြောင့်ပဲဖြစ်ဖြစ် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာနဲ့ ရန်သူတွေဖြစ်မလာစေနဲ့”

“သားရဲဧကရီသွေးလိပ်ပြာက အရမ်းကိုပါရမီအရည်အချင်းရှိတယ်…. သူ့ရဲ့ တိုက်ခိုက်ရည်ခွန်အားက ပြိုင်စံရှားပဲ.. ဒါပေမဲ့ အခု ဘာဖြစ်သွားလဲ.. သူက နောက်ဆုံးမှာ သေရတော့မှာပဲ”

မဟာအရိုင်းကမ္ဘာ၏ ရလဒ်ကို တွေ့မြင်လိုသည့် ကျန်နေရစ်ခဲ့သော လူတချို့လည်း ရှိနေသေး၏။

မဟာအရိုင်းကမ္ဘာ၏ အပြင်ဘက် ကြယ်တာရာကောင်းကင်တိုက်ပွဲမြေမှာ။

တျဲယွဲ့သည် ဖြူဖပ်ဖြူရော်အမူအရာနှင့်အတူ သူမ၏ လူသားသွင်ပြင်သို့ ပြန်လည်ပြောင်းလဲလိုက်၏။

ကွာဟချက်မှာ သူမ၏ သွေးနီရောင်ဝတ်ရုံက ပို၍ပင် နီစွေးနေခဲ့ပြီဖြစ်၏။

တျဲယွဲ့၏ နောက်ဘက်မှာရှိသော မုန်တိုင်းလောကက ကြေမွပျက်စီးကာ ပြိုကျသွားပြီဖြစ်သည်။

သူမမှာ တိုက်ခိုက်ဖို့အတွက် ခွန်အားမကျန်ရှိတော့ပေ။

ဧကရာဇ်မိုးပြာရောင်မီးတောက်က အပေါ်ကနေ ငုံ့ကြည့်လိုက်၏။ သူသည် ရလဒ်က ဆုံးဖြတ်ပြီးသွားပြီကို တွေ့မြင်သောအခါ တိုက်ပွဲနယ်မြေ၏ အလယ်မှာရှိသော တျဲယွဲ့ကို အူမြူးအားရစွာနှင့် အေးစက်နေသောအကြည့်နှင့် ကြည့်လိုက်၏။

“ငါမင်းကို ပြောပါတယ်”

ဧကရာဇ်မိုးပြာရောင်မီးတောက်က ဖြည်းဖြည်းချင်းပြောလိုက်၏။

“ငါက အရှေ့ဘက်အရိုင်းနယ်မြေက သက်ရှိတွေအာလုံးကို သတ်ဖြတ်ပစ်မယ်… အရှေ့ဘက်အရိုင်းနယ်မြေက ဘီလီယံနဲ့ချီတဲ့ သက်ရှိတွေရဲ့သွေးနဲ့ ဦးချိုစံအိမ်ရဲ့ဝိညာဉ်ကို ယဇ်ပူဇော်မယ်”

“ဒီကပ်ဘေးတွေအားလုံးက မင်းနဲ့ အထီးကျန်သိုင်းသခင်ကြောင့် ဖြစ်လာတာပဲ”

ထိုနေရာအရောက်တွင် ဧကရာဇ်မိုးပြာရောင်မီးတောက်က တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ရုတ်တရက်မျက်မှောင်ကြုတ်ကာပြောလိုက်၏။

“နေပါဦး… မဟုတ်သေးဘူး တစ်ယောက်ယောက်ပျောက်နေတယ်”

“အထီးကျန်သိုင်းသခင် ဘယ်မှာလဲ”

ဧကရာဇ်မိုးပြာရောင်မီးတောက်က သားရဲဧကရာဇ်သံယောဇဉ်စံအိမ်နှင့် အခြားသူများကိုကြည့်ပြီး ကျယ်လောင်စွာမေးလိုက်၏။

သားရဲဧကရာဇ်သံယောဇဉ်စံအိမ်က အနည်းငယ်တွေဝေရှုပ်ထွေးနေ၏။

“ကျုပ် စောစောကပဲ သေသေချာချာ အနံ့ခံကြည့်ခဲ့ပြီးပြီ… မဟာအရိုင်းကမ္ဘာကနေ ထွက်ပြေးတိမ်းရှောင်သွားတဲ့ အော်ရာငါးခုပဲရှိတယ်… ကျုပ်သူတို့တွေအကုန်လုံးကို ဖမ်းဆီးလာခဲ့ပြီးပြီ”

“မဖြစ်နိုင်ဘူး”

ဧကရာဇ်မိုးပြာရောင်မီးတောက်က သူ၏ ခေါင်းကိုခါယမ်းပြီး တျဲယွဲ့ကို စိုက်ကြည့်ကာ မေးလိုက်၏။

“သွေးလိပ်ပြာ… အထီးကျန်သိုင်းသခင် ဘယ်မှာလဲ”

တျဲယွဲ့က တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ ဂရုမစိုက်သည့်ဟန်ဖြင့် ပြုံးနေ၏။

“ဟီးဟီးဟီးဟီး…”

ရုတ်တရက် ဧကရာဇ်မိုးပြာရောင်မီးတောက်က လှောင်ပြောင်သရော်လိုသော အကြည့်ဖြင့် ရယ်မောလိုက်၏။

“အရင်တစ်ခေါက်တုန်းက မင်းတို့နှစ်ယောက်က ဘေးချင်းယှဉ်ရပ်နေခဲ့ကြတာမလား..‌. အခု ဒီနေ့ ဘာလို့မင်းတစ်ယောက်ပဲ ကျန်ခဲ့တာလဲ”

“အဲဒီအထီးကျန်သိုင်းသခင်က တကယ်အထင်ကြီးဖို့ကောင်းတာပဲ… သူက ငါ့လက်အောက်က သားရဲဧကရာဇ်ဦးချိုစံအိမ်ကို သတ်ဖြတ်ပြီး ကြီးမားတဲ့ကပ်ဘေးတစ်ခုကို ဖြစ်စေခဲ့တယ်… ဒါပေမဲ့ အခု သူကတော့ တစ်ယောက်တည်း ကိုယ်လွတ်ရုန်းပြေးသွားတယ်”

“မင်းက သေရတော့မှာပဲ.. ဒါပေမဲ့ သူကတော့ အခုချိန်ထိ ပြန်ရောက်မလာခဲ့ဘူး… ဒါတောင် မင်းက သူ့ကို ကာကွယ်ပေးချင်နေသေးတာလား”

တျဲယွဲ့မှာ မှင်သေသေအမူအရာတစ်ခုရှိနေပြီး သူမ၏ နှလုံးသားက တည်ငြိမ်နေ၏။

“နင်ဘာလို့ အဲဒီခွေးမနဲ့ အချိန်ဖြုန်းနေမှာလဲ… သူ့ကို အရင်ဆုံးသတ်ဖြတ်လိုက်ကြရအောင်”

ဘေးမှာရှိသော ဧကရီယန်လောက စိတ်မရှည်နိုင်ဖြစ်လာပုံရပြီး လောဆော်လိုက်၏။

“မင်း ဘယ်သူ့ကို အော်ငေါက်နေတာလဲ”

ထိုစဉ်မှာပင် အမျိုးသားတစ်ယောက်၏ အသံက ကြယ်တာရာကောင်းကင်ထဲကနေ ထွက်ပေါ်လာ၏။

All Chapters