ထာဝရ ရှင်သန်ခြင်း
Vol. 202 Ch. 3028
သင်္ချိုင်းစောင့်က အလိုမကျဟန်ဖြင့် ပြုံးလိုက်သော်လည်း သူက တျဲယွဲ့နှင့် ငြင်းဆန်နေခြင်းမရှိပေ။
သူ၏ ထင်မြင်ချက်အရ ကောင်းကင်ဘုံကိုးလွှာနှင့် ဆန့်ကျင်တိုက်ခိုက်ရာမှာ မရေမတွက်နိုင်သော လူများက သူတို့၏ အသက်များကို သေချာပေါက် စွန့်လွှတ်စတေးရပေလိမ့်မည်။
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် ကောင်းကင်ဘုံခုံရုံး၏ အမြဲတမ်း ကျွန်ပြုမွေးမြူခြင်းကို ခံနေရ၏။ ဘယ်သူက အပြစ်မကင်းဘဲ နေပါ့မလဲ။
အနန္တသည် မီးတောက်ကောင်းကင်ဘုံကို ဖိနှိမ်နိုင်ခဲ့သော်လည်း သူ့ကိုယ်သူလည်း စွန့်လွှတ်စတေးကာ ငရဲအရှင်ကို ဖိနှိမ်ခဲ့လေသည်။ ထိုကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲက နောက်ဆုံးမှာ ရှုံးနိမ့်စွာဖြင့် အဆုံးသတ်သွားခဲ့ရ၏။
ဤအရာများအားလုံးသည် သူတို့၏ မူလရည်ရွယ်ချက်နှင့် ကွဲလွဲဆန့်ကျင်နေသည် မဟုတ်ပါလား။
သိုင်းတာအိုပင်မခန္ဓာက ခဏမျှ တွေးတောပြီး မေးလိုက်၏။
“မဟာဧကရာဇ်အနန္တက မီးတောက်ကောင်းကင်ဘုံနဲ့ ငရဲအရှင်ကို ဖိနှိမ်နိုင်ခဲ့ပြီဆိုမှတော့ သူက သူတို့နှစ်ယောက်ကို ဘာလို့ တစ်ခါတည်းမသတ်ဘဲ မဟာအဝီစိမှာ ပိတ်လှောင်ထားရတာလဲ”
မဟာဧကရာဇ်အနန္တက တကယ်ပင် မေတ္တာကရုဏာ ကြီးမားလေသည်။
သို့သော်လည်း မဟာဧကရာဇ်အနန္တသည် စာအုပ်ကြီးအတိုင်း တစ်သဝေမတိမ်း လုပ်ဆောင်တတ်သူမဟုတ်ဟု သိုင်းတာအိုပင်မခန္ဓာက ယုံကြည်ထား၏။
ငရဲအရှင်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများဖြစ်စေ၊ ကောင်းကင်ဘုံကိုးလွှာ၏ ပြစ်မှုများကဖြစ်စေ၊ မဟာဧကရာဇ်အနန္တ၏ မျက်လုံးထဲမှာ သည်းခံ၍ မရနိုင်ပေ။
ကိစ္စက ထိုသို့ဆိုမှတော့ သူသည် ထိုမဟာဧကရာဇ်နှစ်ဦးအတွက် အသိစိတ် တစ်စွန်းတစ်စကို ဘာကြောင့် ချန်ပေးထားခဲ့ရတာလဲ။
ပို၍ အရေးပါသည်မှာ အနန္တခေတ်ပြီးကတည်းက နှစ်ပေါင်း ဘီလီယံနှင့်ချီ ကြာသွားခဲ့ပြီ ဖြစ်သည်။
ငရဲအရှင်နှင့် မီးတောက်ကောင်းကင်ဘုံမှာ အသိစိတ်တစ်စစီသာ ကျန်ရစ်ခဲ့သည်ကို မပြောနှင့်၊ သူတို့၏ အသွေးအသားနှင့် ဝိညာဉ်များ အကောင်းအတိုင်း ကျန်ရှိခဲ့သည်ဆိုလျှင်တောင် သူတို့၏ ဘဝသက်တမ်းများက ဤဘက်မျိုးဆက်အထိ တောင့်ခံနိုင်မှာလား။
ထိုအကြောင်းကို ပြောဆိုချိန်မှာ သင်္ချိုင်းစောင့်၏ မျက်လုံးထဲတွင် ချီးကျူးလိုမှု အကြည့်တစ်ခု ပေါ်ထွက်လာ၏။
“အဲဒါတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာ အနန္တက သူ့ရဲ့ခွန်အားနဲ့ မီးတောက်ကောင်းကင်ဘုံနဲ့ ငရဲအရှင်ကို မသတ်ဖြတ်နိုင်ဘူးဆိုတာကို နားလည်သဘောပေါက်ထားလို့ပဲ”
“အမ်…”
သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
မဟာဧကရာဇ်အနန္တ၏ ခွန်အားနှင့်အတူ သူသည် မီးတောက်ကောင်းကင်ဘုံနှင့် ငရဲအရှင်ကို မသတ်ဖြတ်နိုင်ဘူးလား။
သူတို့သုံးယောက်စလုံးက မဟာဧကရာဇ်များ ဖြစ်ကြလေသည်။
မဟာဧကရာဇ်အနန္တက မီးတောက်ကောင်းကင်ဘုံနှင့် ငရဲအရှင်ကို အနိုင်ယူနိုင်သည်ဆိုလျှင် သူက သူတို့နှစ်ယောက်ကို ဘာကြောင့် မသတ်ဖြတ်နိုင်ရတာလဲ။
မီးတောက်ကောင်းကင်ဘုံနှင့် ငရဲအရှင်က ဘာတွေ ဘယ်လောက်များ ထူးခြားနေလို့လဲ။
သင်္ချိုင်းစောင့်မှာ ရှေးကျသော အော်ရာတစ်ခု ထွက်ပေါ်လာပြီး သူက ပြောလိုက်၏။
“ငါတို့တွေနဲ့ ကောင်းကင်ဘုံခုံရုံးက လူကိုးယောက်ကို အဆုံးမဲ့ဘဝသက်တမ်းတွေ ရှိပြီး… အင်မော်တယ်တွေ ဖြစ်တယ်လို့ ဆိုနိုင်တယ်”
“အင်မော်တယ်…”
သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွား၏။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ထာဝရရှင်သန်နိုင်သော ဘဝနှင့် လူများ တကယ်ပင် ရှိနေတာလား။
သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် ပြောလိုက်၏။
“အဆုံးမဲ့ ဘဝသက်တမ်းဆိုတာ ထာဝရရှင်သန်မှုနဲ့ မတူလောက်ဘူးမလား”
လူတစ်ယောက်အနေဖြင့် အဆုံးမဲ့ဘဝသက်တမ်းကို ပိုင်ဆိုင်ထားသည်မှာ နားလည်လက်ခံ၍ ရနိုင်လေသည်။
သို့သော်လည်း သူက သူ့ထက်ပိုမိုသန်မာသော ပညာရှင်နှင့် ကြုံတွေ့ပြီး သတ်ဖြတ်ခံရမည်ဆိုလျှင် သူ၏ ထာဝရရှင်သန်မှုသည် ရှည်လျားသော ဘဝသက်တမ်းတစ်ခုအဖြစ် ချက်ချင်း လျှောကျသွားပေလိမ့်မည်။
အစစ်အမှန် ထာဝရရှင်သန်မှုက ပကတိဖျက်ဆီး၍ မရနိုင်ဟု ဆိုလိုလေသည်။
သင်္ချိုင်းစောင့်က သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ကို ဖတ်မိနိုင်ပုံရပြီး ပြုံးပြလိုက်၏။
“မင်းက ငါတို့ရဲ့ ကျင့်ကြံမှုနယ်ပယ်ကို အခုချိန်ထိ မရောက်သေးဘူး… အဲဒါကြောင့် မင်းက အဲဒါကို နားလည်နိုင်မှာ မဟုတ်ဘူး… ငါတို့ကို လုံးလုံးလျားလျား သတ်ဖြတ်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းကတော့….”
ထိုနေရာရောက်မှာ သင်္ချိုင်းစောင့်က ရုတ်တရက် သူ၏ စကားကို ရပ်တန့်ပြီး စကားလမ်းကြောင်းပြောင်းလိုက်၏။
“အတိုချုံးပြောရရင်တော့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ငါတို့က ထာဝရရှင်သန်နိုင်တယ်”
“ငါတို့က ကောင်းကင်ဘုံကို ဆန့်ကျင်ရာမှာ ကျရှုံးပြီး ငါတို့ရဲ့ဝိညာဉ်တွေက ကြေမွပျက်စီးသွားမယ်ဆိုရင်တောင် ငါတို့က နောက်ထပ်လာမယ့်ခေတ်မှာ ပြန်ရောက်လာလိမ့်မယ်”
သိုင်းတာအိုပင်မခန္ဓာက သူ၏ မျက်လုံးကို မှေးကျဉ်းပြီး ဖြစ်နိုင်ခြေတစ်ခုကို တွေးမိလိုက်၏။
“တမလွန်ဘုံ”
သူထင်တာ မမှားဘူးဆိုလျှင် တမလွန်ဘုံ၏ အရှင်သည် မိစ္ဆာအရှင်၏ ဘက်မှာ ရှိနေပေလိမ့်မည်။
တမလွန်ဘုံ၏ အရှင်ကတော့ သူသည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ထိန်းချုပ်ထားလေသည်။
မိစ္ဆာအရှင်နှင့် ဧကရီဆိုးယုတ်တို့က သေဆုံးသွားပြီး သူတို့၏ ဝိညာဉ်များက ပြန်ဝင်စားခြင်းလမ်းကြောင်းသို့ ဝင်ရောက်သွားမည်ဆိုလျှင် တမလွန်ဘုံအရှင်၏ အကူအညီကြောင့် သူတို့သည် သူတို့၏ မှတ်ဉာဏ်များနှင့်အတူ ပြန်လည်မွေးဖွားလာနိုင်ကြပေလိမ့်မည်။
ထိုသို့လည်း မဟုတ်လောက်ပေ။
သိပ်မကြာခင်က သိုင်းတာအိုပင်မခန္ဓာက ထိုဖြစ်နိုင်ခြေကို ပယ်ချလိုက်၏။
စောစောက မိစ္ဆာအရှင်၏ စကားလုံးများအရ ကောင်းကင်ဘုံခုံရုံးမှ မဟာဧကရာဇ်ကိုးဦးကလည်း သူတို့လိုပင် အင်မော်တယ်တည်ရှိမှုများ ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့လေသည်။
ထိုသို့ဆိုလျှင် သူ၏ ခန့်မှန်းချက်က မိစ္ဆာအရှင်ဘက်မှ အခြေအနေကို ရှင်းပြနိုင်မည်ဆိုလျှင်တောင် ကောင်းကင်ဘုံခုံရုံးမှ မဟာဧကရာဇ်များသည် မိစ္ဆာအရှင်နှင့် ကမ္ဘာ့ရန်သူများ ဖြစ်ကြလေသည်။ သူတို့ကလည်း ဘယ်လိုလုပ်ပြီး ထာဝရရှင်သန်မှုကို ပိုင်ဆိုင်ထားတာလဲ။
“မဟာဧကရာဇ်တစ်ပါးရဲ့ ဘဝသက်တမ်းက ဘယ်လောက်ရှိလဲ”
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
“နှစ်သန်းတစ်ရာ”
သင်္ချိုင်းစောင့်က တုန်လှုပ်စရာကောင်းသော အရေအတွက်တစ်ခုကို ထုတ်ဖော်ပြောဆိုလိုက်၏။
ဧကရာဇ်များမှာ ဘဝသက်တမ်း နှစ်ဆယ်သန်းရှိပြီး မဟာဧကရာဇ်များ ဖြစ်လာပြီးနောက် သူတို့၏ ဘဝသက်တမ်းက နှစ်သန်းတစ်ရာ ဖြစ်လာပေလိမ့်မည်။
ဤသည်က အလွန်တရာ သိသာထင်ရှားသော တိုးတက်မှု ဖြစ်လေသည်။
မဟာဧကရာဇ်များနှင့် ဧကရာဇ်နယ်ပယ်ပညာရှင်များကြား ကြီးမားသော တိုက်ခိုက်ရည်ခွန်အား ကွာဟချက်ရှိနေသည်မှာ မထူးဆန်းတော့ပေ။ မဟာဧကရာဇ်များသည် အစကတည်းက မဟာကမ္ဘာတစ်ထောင်လောကမှာသာ တည်ရှိသင့်သော ပညာရှင်များ ဖြစ်ကြလေသည်။
မဟာဧကရာဇ်တစ်ပါး၏ ဘဝသက်တမ်းက နှစ်သန်းတစ်ရာ ဆိုသော်လည်း သမိုင်းထဲမှာ မှတ်တမ်းတင်ထားသည့် မဟာဧကရာဇ်များ အားလုံးနီးပါးသည် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကြောင့် အဆုံးသတ်မကောင်းခဲ့ကြပေ။
“မဟာဧကရာဇ်အဆင့်မှာ ဘဝသက်တမ်း နှစ်သန်းတစ်ရာ ရှိတယ်ဆိုပြီး ခင်ဗျားတို့မှာကျတော့ ဘာလို့ အဆုံးမဲ့ဘဝသက်တမ်းရှိပြီး အင်မော်တယ်တွေ ဖြစ်နေကြတာလဲ”
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
သင်္ချိုင်းစောင့်က မှင်သေသေဖြင့် ပြောလိုက်၏။
“ထာဝရရှင်သန်မှုအတွက် အခွင့်အလမ်းက မဟာကမ္ဘာတစ်ထောင်လောကမှာ တည်ရှိတယ်… မင်းက မဟာကမ္ဘာတစ်ထောင်လောကကို တက်လှမ်းနိုင်မယ်ဆိုရင် မင်းက အဲဒီအကြောင်းအရင်းကို နားလည်သဘောပေါက်လာလိမ့်မယ်”
“လက်ရှိ မင်းရဲ့ကျင့်ကြံနယ်ပယ်အရဆို ငါက ရှင်းပြရင်တောင် မင်းနားလည်မှာ မဟုတ်ဘူး”
သိုင်းတာအိုပင်မခန္ဓာက လေးနက်စွာ စဉ်းစားလိုက်၏။
သင်္ချိုင်းစောင့်က ကိစ္စတချို့ကို သိသိသာသာ ထိန်ချန်ထားလေသည်။ သိုင်းတာအိုပင်မခန္ဓာက မေးမြန်းမည်ဆိုလျှင်တောင် သူက တိတိပပပြောဆိုလိုလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း သင်္ချိုင်းစောင့်သည် စောစောက သူ၏ စကားမှာ သတင်းအချက်အလက်များစွာကို ထုတ်ဖော်ခဲ့ဆဲဖြစ်၏။
ကောင်းကင်ဘုံခုံရုံးကို မဟာကမ္ဘာတစ်ထောင်လောကမှ ကြီးမားသော အဖွဲ့အစည်းကိုးခုဖြင့် စုဖွဲ့ထားသည်ဟု သင်္ချိုင်းစောင့်က ပြောခဲ့လေသည်။
ကောင်းကင်ဘုံကိုးခုမှ မဟာဧကရာဇ်ကိုးဦးသည်လည်း မဟာကမ္ဘာတစ်ထောင်လောကကနေ လာခြင်းဖြစ်သည်ဟု ဆိုလိုလေသည်။
ထိုမဟာဧကရာဇ်ကိုးဦးသည် အဆုံးမဲ့ဘဝသက်တမ်းကို ပိုင်ဆိုင်ထားနိုင်ကြသည်မှာ သူတို့၏ ကျင့်ကြံမှုနယ်ပယ်များက မဟာဧကရာဇ်များ၏ အထက်မှာ ရှိနေသောကြောင့် ဖြစ်နိုင်၏။
မိစ္ဆာအရှင်နှင့် အခြားသူများကလည်း အတူတူပင်ဖြစ်ပေလိမ့်မည်။
အကြောင်းအရင်းတချို့ကြောင့် ကောင်းကင်ဘုံခုံရုံးမှ မဟာဧကရာဇ်ကိုးဦးနှင့် မိစ္ဆာအရှင်နှင့် အခြားသူများသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကနေ ဆင်းသက်လာနိုင်ကြခြင်း ဖြစ်နိုင်သည်။
သို့သော်လည်း အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ကောင်းကင်နှင့်မြေကြီး နိယာမများ၏ ကန့်သတ်မှုကြောင့် ဤလူများ၏ တိုက်ခိုက်ရည်ခွန်အားက လျော့ကျသွားပြီး သူတို့က မဟာဧကရာဇ်တစ်ပါး၏ ခွန်အားကိုသာ ထုတ်ဖော်နိုင်ခြင်း ဖြစ်ပေလိမ့်မည်။
“ဒီဘက်မျိုးဆက်မှာ မီးတောက်ကောင်းကင်ဘုံကနေ မဟာဧကရာဇ်ပညာရှင်တစ်ဦးဦး ပေါ်ထွက်မလာတော့ဘူးမလား”
ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
“အမှန်ပဲ”
သင်္ချိုင်းစောင့်က ခေါင်းညိတ်ပြီး ချီးကျူးလိုမှုနှင့်အတူ သိုင်းတာအိုပင်မခန္ဓာကို ကြည့်လိုက်၏။
သိုင်းတာအိုပင်မခန္ဓာက တစ်စုံတစ်ရာကို တွေးမိခဲ့လေသည်။
ငရဲကမ္ဘာသည် အနန္တခေတ်ကတည်းက ယိုယွင်းပျက်စီးနေခဲ့၏။ ၎င်းသည် ဤမျှအထိ နှစ်ပေါင်းများစွာ ကြာပြီးတာတောင် သူ့ဘာသာသူ ဘာကြောင့်မပြင်ဆင်နိုင်ရတာလဲ။
တကယ်ဆို ငရဲကမ္ဘာမှာ မဟာဧကရာဇ်တစ်ပါးဖြစ်လာဖို့ မပြောနှင့် တစ်ယောက်ယောက်က ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းဖို့ကပင် ကောင်းကင်ဘုံကို တက်လှမ်းရသလောက် ခဲယဉ်းလာခဲ့ပြီဖြစ်သည်။
ထိုအခိုက်အတန့်မှာ သူက နောက်ဆုံး နားလည်သဘောပေါက်လာခဲ့၏။
ငရဲကမ္ဘာမှာ ငရဲအရှင် ကျင့်ကြံထားသည့် ငရဲတာအိုနှင့် မဟာတာအို ရှိနေပေလိမ့်မည်။
ငရဲအရှင်ကတော့ သူသည် ဒဏ်ရာအပြင်းအထန်ရရှိထားပြီး မဟာအဝီစိမှာ မဟာဧကရာဇ်အနန္တ၏ ဖိနှိမ်ခြင်းခံနေရ၏။ ထိုသို့ဖြင့် ငရဲကမ္ဘာက သူ့ဘာသာသူ ပြန်လည်ပြင်ဆင်မွမ်းမံနိုင်ခြင်း မရှိတော့ပေ။
ငရဲကမ္ဘာကို ပြန်လည်ပြင်ဆင်နိုင်မည်ဆိုလျှင်တောင် ငရဲကမ္ဘာမှာ မည်သည့်မဟာဧကရာဇ် ပညာရှင်မှ ပေါ်ထွက်လာတော့မည် မဟုတ်ပေ။
အကြောင်းမှာ ငရဲအရှင်က မသေဆုံးသေးသောကြောင့်ပင်။
ငရဲကမ္ဘာမှာ သူ၏ မဟာတာအိုအမှတ်အသားက ရှိနေဆဲဖြစ်ပေလိမ့်မည်။
မဟာတာအိုအမှတ်အသားက ဖျက်ဆီးမခံရသရွေ့ အခြားသော သက်ရှိများသည် ထိုကမ္ဘာမှာ မဟာဧကရာဇ်များ ဖြစ်လာနိုင်တော့မည် မဟုတ်ပေ။
မီးတောက်ကောင်းကင်ဘုံမှာလည်း အတူတူပင် ဖြစ်ပေလိမ့်မည်။
ကောင်းကင်ဘုံခုံရုံးမှ မဟာဧကရာဇ်ကိုးဦးသည် ကောင်းကင်ဘုံကိုးခုကို ကိုယ်စားပြုလေသည်။
ကောင်းကင်ဘုံတစ်ခုချင်းစီမှာ မတူညီသော မဟာတာအိုအမှတ်အသားများ ရှိနေပေလိမ့်မည်။
မဟာဧကရာဇ် မီးတောက်ကောင်းကင်ဘုံသည် မဟာအဝီစိမှာ မဟာဧကရာဇ်အနန္တ၏ ဖိနှိမ်ခြင်းခံထားရ၏။ သူက ခေတ်တစ်ခေတ်ကျော်ကြာအောင် ပိတ်မိနေခဲ့သော်လည်း သူက သေဆုံးမသွားပေ။
ထို့ကြောင့် မီးတောက်ကောင်းကင်ဘုံမှ မဟာဧကရာဇ်အမှတ်အသားကလည်း ပျက်ပြယ်သွားခြင်းမရှိဟု ဆိုလိုလေသည်။
သို့သော်လည်း မီးတောက်ကောင်းကင်ဘုံက မည်သို့ပင်ဆိုစေ ကောင်းကင်ဘုံကိုးခုထဲမှ တစ်ခုဖြစ်လေသည်။ ၎င်းသည် ကြွယ်ဝသန့်စင်သော အဆုံးမဲ့ ကောင်းကင်နှင့်မြေကြီး အမြုတေချီများနှင့် မရေမတွက်နိုင်သော သဘာဝရတနာများကို ပိုင်ဆိုင်ထားပေလိမ့်မည်။ ထိုသို့ဖြင့် သူတို့ဘက်မှာ ရှိသော အခြေအနေက ငရဲကမ္ဘာထက် များစွာပိုမိုကောင်းမွန်ပေလိမ့်မည်။
ထို့ကြောင့် မီးတောက်ကောင်းကင်ဘုံမှာ ဧကရာဇ်နယ်ပယ်ပညာရှင်များ မွေးဖွားပေါ်ထွက်လာဆဲ ဖြစ်ပေလိမ့်မည်။
သို့သော်လည်း မဟာဧကရာဇ် မီးတောက်ကောင်းကင်ဘုံ၏ မဟာတာအိုအမှတ်အသား ရှိနေခြင်းနှင့်အတူ မီးတောက်ကောင်းကင်ဘုံမှာ အခြားသော မဟာဧကရာဇ်ပညာရှင်များ မွေးဖွားပေါ်ထွက်လာတော့မည် မဟုတ်ပေ။
အရင်တုန်းက မဟာဧကရာဇ်အနန္တသည် မဟာဧကရာဇ်မီးတောက်ကို မဟာအဝီစိတွင် ချုပ်နှောင်ထားဖို့ ရွေးချယ်ခဲ့လေသည်။ ထိုလုပ်ရပ်သည် ကောင်းကင်ဘုံခုံရုံးဘက်မှာ မဟာဧကရာဇ်တစ်ပါးကို လျော့ကျသွားစေခြင်းနှင့် တူညီလေသည်။
ဒီဘက်မျိုးဆက်မှာ ကောင်းကင်ဘုံခုံရုံးတွင် မဟာဧကရာဇ်ရှစ်ဦးသာ ရှိပေတော့မည်။
သိုင်းတာအိုပင်မခန္ဓာက တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား ရင်တစ်ချက်ထိတ်သွား၏။
မဟာဧကရာဇ် မီးတောက်ကောင်းကင်ဘုံကို မဟာအဝီစိတွင် ဖိနှိမ်ဖို့ ရွေးချယ်ခဲ့ခြင်းမှာ မဟာဧကရာဇ်အနန္တတွင် အခြားသော ရည်ရွယ်ချက်များ ရှိနေနိုင်လေသည်။
ဧကရီယန်လောက ငရဲဖိနှိမ်မီးဖိုကို တွေ့မြင်သောအခါ အလွန်တရာ မကျေမချမ်းဖြစ်နေပြီး မဟာဧကရာဇ်အနန္တကို ကျိန်ဆဲခဲ့သည်မှာ မထူးဆန်းတော့ပေ။