← Chapters

ဒီဃာယု၏ သေဆုံးမှု

Vol. 202 Ch. 3029

ဒီဃာယု၏ သေဆုံးမှု

Vol. 202 Ch. 3029

သိုင်းတာအိုပင်မခန္ဓာက မေးလိုက်သည်။

“ခေတ်တစ်ခေတ်ကျော်ကြာပြီးတဲ့နောက် ကောင်းကင်ဘုံခုံရုံးက ကျန်တဲ့ရှစ်ဦးက မဟာဧကရာဇ်မီးတောက်ကောင်းကင်ဘုံကို ကယ်တင်ဖို့ မကြိုးစားကြဘူးလား”

“သူတို့အနေနဲ့ သူ့ကို ကယ်တင်ဖို့က ဘယ်လွယ်ပါ့မလဲ”

သင်္ချိုင်စောင့်က ပြောလိုက်၏။

“နောက်ပြီး မီးတောက်ကောင်းကင်ဘုံက လုံးဝသေဆုံးသွားတာမဟုတ်ဘူး… သူက မဟာအဝီစိမှာ ဆင်းရဲဒုက္ခခံစားနေရရုံပဲ”

“ခေတ်တစ်ခေတ်ကျော်ဆိုတာ မင်းတို့တွေအတွက် အရမ်းကိုရှည်လျားတဲ့ အချိန်ကာလတစ်ခုလို့ ဆိုနိုင်တယ်… ဒါပေမဲ့ မီးတောက်ကောင်းကင်ဘုံလိုလူတွေအတွက်တော့ ဘာမှမဟုတ်ဘူး”

“နောက်ပြီး သူတို့ရှစ်ယောက်က ကောင်းကင်ဘုံခုံရုံးကို ထိန်းသိမ်းစောင့်ရှောက်ပြီး ကောင်းကင်ဘုံကိုးလွှာဝင်္ကပါကို ကာကွယ်ပေးနေရတယ်… သူတို့တွေက အလွယ်တကူ ထွက်မလာနိုင်ကြဘူး”

အတွေးတစ်ချက်နှင့်အတူ သိုင်းတာအိုပင်မခန္ဓာက အကြောင်းအရင်းကို နားလည်သဘောပေါက်လာ၏။

မိစ္ဆာအရှင်တို့ဘက်မှ အဖွဲ့အစည်းသည် ကောင်းကင်ဘုံကိုးလွှာသို့ သတ်ဖြတ်ခြင်းဖြင့်လမ်းဖောက်ဖို့ တစ်ချိန်လုံးကြိုးစားနေခဲ့ကြ၏။ ကောင်းကင်ဘုံခုံရုံးမှ မဟာဧကရာဇ်ရှစ်ဦးက ကောင်းကင်ဘုံခုံရုံးကနေ ထွက်ခွာပြီး မဟာအဝီစိသို့ လာရောက်ချင်သည်ဆိုလျှင် မိစ္ဆာအရှင်တို့အဖွဲ့အနေဖြင့် အခြေအနေပေါ် အမြတ်ထုတ်ဖို့ လွယ်ကူပေလိမ့်မည်။

မိစ္ဆာအရှင်တို့အဖွဲ့အစည်း၏ တာအိုလေးခုသည် ခေတ်အဆက်ဆက်ကောင်းကင်ဘုံကိုးလွှာကို ဆန့်ကျင်တိုက်ခိုက်နိုင်ခဲ့ကြ၏။ သူတို့က ရှုံးနိမ့်ခဲ့သည်ဆိုလျှင်တောင် သူတို့က တစ်ကျော့ပြီးတစ်ကျော့ ပြန်လာနိုင်ခဲ့ကြသည်။

ထိုအချက်က သေချာပေါက် တိုက်ဆိုင်မှုတစ်ခုမဟုတ်ပေ။

ဒါ့အပြင် တာအိုလေးခု၏ အနက်ပိုင်းထဲမှာ ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ထိန်းချုပ်ထားသည့် အလွန်တရာလျှို့ဝှက်ဆန်းကြယ်သော တမလွန်ဘုံရှိနေ၏။

ကောင်းကင်ဘုံခုံရုံး စိုးရိမ်ပူပန်နေသော တခြားတစ်စုံတစ်ရာရှိနေသောကြောင့်လည်း ဖြစ်နိုင်လေသည်။

သင်္ချိုင်းစောင့်က ဆက်ပြောလိုက်သည်။

“ပြီးခဲ့တဲ့ခေတ်တုန်းက ကောင်းကင်ဘုံခုံရုံးက လူရှစ်ဦးက မီးတောက်ကောင်းကင်ဘုံကို ကယ်တင်လိုခဲ့တယ်... ဒါပေမဲ့ သူတို့တွေက အထဲမှာ ပိတ်မိသွားမှာကို စိုးရိမ်နေပြီး ကိုယ်တိုင်မတိုက်ခိုက်ခဲ့ကြဘူး... အဲဒီအစား သူတို့က အဝီစိဆီ တခြားလူတစ်ယောက်ကို စေလွှတ်ခဲ့တယ်”

“တခြားလူတစ်ယောက်လား”

အဝီစိသည် လေဟာနယ်၊ အချိန်နှင့် ဆင်းရဲဒုက္ခတို့၏ အဆုံးမရှိခြင်းကို ရည်ညွှန်းလေသည်။ ဧကရာဇ်များပင်လျှင် မလွတ်မြောက်နိုင်ကြပေ။

မဟာဧကရာဇ်ပညာရှင်များကလွဲလျှင် တခြားဘယ်သူက အဝီစိကို ဝင်ရောက်ဖို့ အဆင့်မီမှာလဲ။

ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်ဘုံဝံပုလွေပြောခဲ့သည့် ဒဏ္ဍာရီတစ်ခုကို အမှတ်ရသွားပြီး သူ့စိတ်ထဲမှာ အတွေးတစ်ခုဖျတ်ခနဲပေါ်ထွက်လာ၏။

အရင်တုန်းက သူတို့နှစ်ယောက်သည် အဝီစိသို့ သွားရောက်လိုခဲ့ကြ၏။

ကောင်းကင်ဘုံဝံပုလွေက အဝီစိကို အလွန်တရာစိုးရိမ်ထိတ်လန့်နေပြီး မဟာဧကရာဇ်ဒီဃာယုသည် တစ်ခါတုန်းက ကောင်းကင်ဘုံကမ္ဘာသို့ ရောက်ရှိလာပြီး အဝီစိ၏ ရှေ့မှာ အတန်ကြာအောင်ရပ်တန့်နေခဲ့သည်ဟု သူက ပြောခဲ့ဖူးလေသည်။ နောက်ဆုံးမှာတော့ ထိုသူက အဝီစိသို့ မဝင်ရောက်ခဲ့ပေ။

“ခင်ဗျားပြောနေတဲ့သူက မဟာဧကရာဇ်ဒီဃာယုလား”

သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။

“ဟုတ်တယ်”

မဟာဧကရာဇ်ဒီဃာယုအကြောင်းပြောဆိုချိန်မှာ သင်္ချိုင်းစောင့်က အနည်းငယ်အထင်သေးစက်ဆုပ်နေပုံရ၏။ မဟာဧကရာဇ်အနန္တအကြောင်းပြောဆိုခဲ့စဥ်ကနှင့် သူ၏ အမူအရာက လုံးလုံးလျားလျားကွဲပြားနေ၏။

သင်္ချိုင်းစောင့်က ပြောလိုက်၏။

“ဒီဃာယုက သေရမှာကို အရမ်းကြောက်တဲ့ကောင်ပဲ... သူက သူ့ဘဝသက်တမ်းကို ဆွဲဆန့်ဖို့ပဲလုပ်နေခဲ့တာ... နောက်ဆုံးမှာတော့လည်း သူက နှစ်သန်းနှစ်ဆယ်ပဲ နေရပြီး အသေဆိုးနဲ့သေသွားခဲ့ရသေးတာပဲ”

သိုင်းတာအိုပင်မခန္ဓာက မှင်တက်သွား၏။

မဟာဧကရာဇ်ဒီဃာယုသည် သူ၏ ဘဝသက်တမ်းကုန်ဆုံးသွားခြင်းဖြင့် သေဆုံးသွားခြင်းမဟုတ်ဘဲ ဆိုးဝါးသောအခြေအနေတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်ကို ယခုမှ သူက သိရှိလိုက်ရ၏။

သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။

“ပြီးခဲ့တဲ့ခေတ်တုန်းက မဟာဧကရာဇ်ဒီဃာယုက ကောင်းကင်ဘုံကိုးလွှာကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် ခင်ဗျားတို့တွေကို ကူညီမပေးခဲ့ဘူး... အဲဒါကြောင့် ခင်ဗျားတို့က သူ့ကိုသတ်လိုက်တယ်... အဲလိုလား”

“ဟေးဟေး...”

သင်္ချိုင်းစောင့် ရယ်မောလိုက်၏။

“မင်းပြောတာတစ်ဝက်ပဲမှန်တယ်”

“ဒီဃာယုက သူ့အသက်ကို အရမ်းချစ်မြတ်နိုးတာ... သူ့ရှေ့က အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့ မဟာဧကရာဇ်အတော်များများက ရှုံးနိမ့်ပြီး သေဆုံးခဲ့ကြတယ်... အဲဒါကြောင့် သူက ကောင်းကင်ဘုံခုံရုံးရဲ့ ဒုစရိုက်မှုတွေကို သိရှိထားတာတောင် သူက ကောင်းကင်ဘုံခုံရုံးနဲ့ ရန်သူတွေဖြစ်မလာရဲဘူး... သူက ကောင်းကင်ဘုံခုံရုံးကို ဝင်ရောက်ဖို့ရွေးချယ်ပြီး မဟာကမ္ဘာတစ်ထောင်လောကကို တက်လှမ်းဖို့နဲ့ ထာဝရရှင်သန်မှုကိုရရှိဖို့ မျှော်လင့်နေခဲ့တာ... သူက တော်တော်ကိုနုံအလွန်းတာပဲ... သူက ကောင်းကင်ဘုံခုံရုံးက အဲဒီပညာရှင်တွေရဲ့ နည်းလမ်းတွေကို လျှော့တွက်ထားခဲ့တာပဲ”

“သူတို့ရဲ့ မျက်လုံးထဲမှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက မျိုးနွယ်စုတစ်သောင်းကိုမပြောနဲ့ မဟာကမ္ဘာတစ်ထောင်လောကက သက်ရှိအများစုကတောင်မှ ပုရွက်ဆိတ်တွေပဲ”

“ဒီဃာယုက မဟာဧကရာဇ်တစ်ပါးအဖြစ် သူ့ရဲ့အဆင့်အတန်းကို နှိမ့်ချပြီး သနားညှာတာဖို့အတွက် ခွေးတစ်ကောင်လို အမြီးနှံ့ပေးရုံနဲ့ သူကကောင်းကင်ဘုံခုံရုံးဆီက ဆုလာဘ်တွေကိုရရှိနိုင်မယ်လို့ ထင်နေခဲ့တာ... ဒါပေမဲ့ အဲဒီလူတွေရဲ့မျက်လုံးထဲမှာ သူက အလွန်ဆုံး ခွေးတစ်ကောင်ပဲ”

သိုင်းတာအိုပင်မခန္ဓာက နှုတ်ဆိတ်သွား၏။

ကောင်းကင်ဘုံခုံရုံးမှ မဟာဧကရာဇ်ကိုးဦးသည် မဟာကမ္ဘာတစ်ထောင်လောကကနေ လာခဲ့ပြီး မဟာဧကရာဇ်များ၏ ကျင့်ကြံမှုနယ်ပယ်အထက်မှာပင် ရှိသည်ဟု သင်္ချိုင်းစောင့်က ယခုတင်ပြောဆိုခဲ့လေသည်။

သို့သော်လည်း သူတို့သည် မဟာဧကရာဇ်များထက် ဘယ်လောက်ထိပိုမိုသန်မာသည်ကို ထိုသူက ရှင်းရှင်းလင်းလင်းပြောဆိုခဲ့ခြင်းမရှိပေ။

မဟာဧကရာဇ်ဒီဃာယုကပင်လျှင် သူတို့၏ မျက်လုံးထဲမှာ အမြီးနှံနေသော ခွေးတစ်ကောင်ထက်မပိုအောင် မဟာကမ္ဘာတစ်ထောင်လောကမှာ သူတို့ကိုးဦးက ဘယ်လောက်တောင်သန်မာနေတာလဲ။

သင်္ချိုင်းစောင့်က ဆက်ပြောလိုက်၏။

“ဒီဃာယုက မဟာကမ္ဘာတစ်ထောင်လောကကို တက်လှမ်းဖို့အခွင့်အရေးမရခဲ့ဘူး... ဒါပေမဲ့ ကောင်းကင်ဘုံခုံရုံးက သူ့ကို ဒီတိုင်းလည်းမထားဘူး... အဲဒီအစား သူတို့တွေက အဝီစိကိုသွားရောက်ပြီး မီးတောက်ကောင်းကင်ဘုံကိုကယ်တင်ဖို့အတွက် သူ့ကိုစေလွှတ်ခဲ့တယ်”

“ဒီဃာယုက အဝီစိရဲ့ ရှေ့ကိုရောက်လာပြီး သုံးနှစ်ကြာအောင်မတ်တတ်ရပ်နေခဲ့တယ်... အဲဒီနောက်မှာတော့ သူက အထဲကိုဝင်မသွားခဲ့ဘူး”

“သူက ကြောက်နေတာကြောင့်ဖြစ်ကောင်းဖြစ်လိမ့်မယ်... ဒါမှမဟုတ် သူက မီးတောက်ကောင်းကင်ဘုံကိုကယ်တင်ပေးနိုင်မယ်ဆိုရင်တောင် သူက မဟာကမ္ဘာတစ်ထောင်လောကကို တက်လှမ်းဖို့အခွင့်အရေးမရမှာကို သိသွားတာကြောင့်လည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်”

“ဟီးဟီးဟီး...”

ရုတ်တရက် သင်္ချိုင်းစောင့်က ချောက်ချားဖွယ်ရာရယ်မောပြီး ပြောလိုက်၏။

“သူကအရမ်းကို ရူးမိုက်လွန်းတာ... ဒါမှမဟုတ် ကောင်းကင်ဘုံခုံရုံးက အဲဒီလူတချို့က ကြင်နာတတ်တယ်လို့ သူကတွေးနေတာဖြစ်မယ်လို့ ငါထင်တယ်... ဒါပေမဲ့ သူ့ကိုပေးထားတဲ့တာဝန်ကို ပြီးမြောက်အောင်မဆောင်ရွက်နိုင်ခဲ့တာတောင် သူက အစီရင်ခံတင်ပြဖို့အတွက် သူက အဲဒီကိုပြန်သွားရဲခဲ့တယ်”

ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွား၏။ သူက အဲဒါကို လက်မခံလိုသော်လည်း သူက ခက်ခက်ခဲခဲနှင့်မေးလိုက်၏။

“သူ့ကို ကောင်းကင်ဘုံခုံရုံးက မဟာဧကရာဇ်တွေက သတ်ဖြတ်လိုက်တာလား”

သင်္ချိုင်းစောင့်က မှင်သေသေဖြင့်ပြောလိုက်၏။

“သူက သူတို့ရဲ့စိတ်ဆန္ဒကို ဆန့်ကျင်ခဲ့တယ်ဆိုတာ ကြီးမားတဲ့ပြစ်မှုတစ်ခုဖြစ်နေပြီ... နှစ်ပေါင်းများစွာကြာအောင် သူက တက်လှမ်းခွင့်မရတဲ့အတွက် သူ့ရင်ထဲမှာ မကျေနပ်ချက်တချို့ရှိနေလိမ့်မယ်... ကောင်းကင်ဘုံခုံရုံးက အဲဒီလူတွေက ငါတို့နဲ့ ပူးပေါင်းလာနိုင်ခြေရှိတဲ့ သူ့ကို အသက်ရှင်ခွင့်ပေးလိမ့်မယ်လို့ မင်းထင်လား”

မဟာဧကရာဇ်ဒီဃာယု၏ ရလဒ်နှင့်ပတ်သက်၍ သနားနေစရာဘာမှမရှိပေ။ အဲဒါက သူနှင့်ထိုက်တန်သောရလဒ်သာဖြစ်ပေလိမ့်မည်။

ကောင်းကင်ဘုံကိုးလွှာနှင့် ဆန့်ကျင်တိုက်ခိုက်ဖို့ကြိုးစားရင်း တိုက်ပွဲထဲမှာ သေဆုံးခဲ့ရသော မဟာဧကရာဇ်အနန္တ၊ မဟာဧကရာဇ်အထွတ်အထိပ်ကောင်းကင်ဘုံနှင့် အခြားသောမဟာဧကရာဇ်ပညာရှင်များနှင့် နှိုင်းယှဥ်လျှင် မဟာဧကရာဇ်ဒီဃာယု၏ သေဆုံးမှုက အတော်လေးကို စုတ်ပြတ်နုံချာနေ၏။

သို့သော်လည်း ထိုစကားကိုကြားသောအခါ သိုင်းတာအိုပင်မခန္ဓာက ရင်ထဲမှာ လေးလံလာဆဲဖြစ်ပြီး ညင်သာစွာသက်ပြင်းချလိုက်၏။

ကောင်းကင်ဘုံကိုးလွှာသည် ခုံရုံးအဖြစ်ထမ်းဆောင်ပြီး သက်ရှိများအားလုံး၏ တက်လှမ်းရာလမ်းကြောင်းကို ပိတ်ဆို့တားဆီးထားသောကြောင့် ဖြစ်လေသည်။ သူတို့သည် မဟာကမ္ဘာတစ်ထောင်လောက၏ ပတ်ဝန်းကျင်နှင့် ကျင့်ကြံရေးအရင်းအမြစ်များကို မရရှိသည့်အချက်နှင့်အတူ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မဟာဧကရာဇ်တစ်ပါးမွေးဖွားပေါ်ထွက်လာဖို့က ကောင်းကင်ဘုံကိုတက်လှမ်းရသလောက်ခဲယဥ်းလေသည်။

အဆုံးမဲ့ နှစ်ပေါင်းများစွာက ကုန်လွန်ခဲ့ပြီး မရေမတွက်နိုင်သော ပြန်ဝင်စားမွန်းစတားများနှင့် ပြိုင်စံရှားများက ချေမှုန်းသုတ်သင်ခံရသည့် သေခြင်းရှင်ခြင်းအခြေအနေများနှင့် ကြုံတွေ့ခဲ့ရလေသည်။

ဒီဃာယုခေတ်အလွန်မှာ မရေမတွက်နိုင်သော ထိပ်သီးပညာရှင်များပေါ်ထွက်လာခဲ့၏။

ဥပမာအားဖြင့် ယခင် ဧကရာဇ်ပိုရွှင်းနှင့် ဧကရာဇ်အင်မော်တယ်နှိမ်နင်း။

သည်ဘက်မျိုးဆက်မှာ အမျိုးမျိုးသော ထိပ်တန်းကမ္ဘာကြီးများမှ အထွတ်အထိပ်ဧကရာဇ်ပညာရှင်များရှိလာပြီး တျဲယွဲ့ကဲ့သို့ ပြိုင်စံရှားပြန်ဝင်စားမွန်းစတားတစ်ဦးပင် ပေါ်ထွက်လာခဲ့၏။ သို့သော်လည်း ယနေ့အချိန်ထိကို မည်သူကမှ မဟာဧကရာဇ်အဆင့်ကို မတက်လှမ်းနိုင်ကြသေးပေ။

သူတို့က မဟာဧကရာဇ်တစ်ပါးဖြစ်လာသည်ဆိုလျှင်တောင် ဘာများလုပ်နိုင်မှာလဲ။

ကောင်းကင်ဘုံခုံရုံးမှ လူတချို့၏ မျက်လုံးထဲမှာ သူတို့၏ အသက်များက တန်ဖိုးမဲ့နေဆဲဖြစ်၏။

မဟာဧကရာဇ်ဒီဃာယုသည် ကောင်းကင်ဘုံခုံရုံးကို ခုခံဆန့်ကျင်ဖို့မရွေးချယ်ခဲ့သည်မှာ သူက သေရမည်ကို ကြောက်သောကြောင့် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့မဟုတ် သူသည် သူလေ့လာလိုက်စားနေသည့် ဒီဃာယုမဟာတာအိုကို ရရှိဖို့အတွက် အပေးအယူပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်လေသည်။

သူ့ဘဝတစ်လျှောက်လုံးမှာ ဒီဃာယုသည် အသက်ရှည်ခြင်းကိုသာ လေ့လာလိုက်စားနေခဲ့၏။

မဟာဧကရာဇ်ဒီဃာယုသည် မဟာဧကရာဇ်တစ်ပါးအဖြစ် သူ၏ ဂုဏ်သိက္ခာကိုပင် ချနင်းပြီး အပေးအယူပြုလုပ်လိုခဲ့၏။ သို့သော်လည်း နောက်ဆုံးမှာတော့ သူသည် ထာဝရရှင်သန်ခွင့်ကို မရရှိခဲ့ပေ။

“ဒါပေမဲ့ ဒီဃာယုက အတော်လေးတော့ အစွမ်းအစရှိသားပဲ… သူက ကောင်းကင်ဘုံခုံရုံးကနေ ထွက်ပြေးပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ပြန်ရောက်လာခဲ့သေးတယ်”

သင်္ချိုင်းစောင့်က ဆက်ပြောလိုက်၏။

“ဒါပေမဲ့ သူပြန်ရောက်လာတဲ့အချိန်မှာ သူ့ဘဝရဲ့ နောက်ဆုံးအချိန်ကို ရောက်နေပြီ… သိပ်မကြာခင် သူက သေဆုံးသွားတယ်”

သူတို့သည် မဟာဧကရာဇ်ဒီဃာယုအကြောင်း ကြားရသည့်အချိန်မှာ သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့က ကြိတ်၍ သက်ပြင်းချလိုက်၏။

သူ့ဘဝ၏ နောက်ဆုံးအချိန်မှာပင် မဟာဧကရာဇ်ဒီဃာယုသည် သူ၏ ဇာတိမြေဖြစ်ရာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ပြန်ရောက်လာချင်ခဲ့လေသည်။

မဟာဧကရာဇ်ဒီဃာယုသည် နောက်ဆုံးအခိုက်အတန့်မှာ နောင်တရခဲ့လိမ့်မည်ဟု သိုင်းတာအိုပင်မခန္ဓာက ယုံကြည်၏။

သူသည် သူ၏ ဂုဏ်သိက္ခာကို ချနင်းပြီး အပေးအယူပြုလုပ်ခဲ့သည့်အတွက် နောင်တရမိပေလိမ့်မည်။

သို့သော်လည်း သူ့မှာ အခွင့်အရေးက ဆက်လက်၍ မရှိခဲ့ပေ။

သူပြုလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ပြန်လာပြီး မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအတွက် သူ၏ အမွေအနှစ်ကို ချန်ထားပေးခဲ့ခြင်းပင်။

အတန်ကြာပြီးနောက် သိုင်းတာအိုပင်မခန္ဓာက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ထပ်မံ၍ မေးလိုက်၏။

“ခင်ဗျားတို့တွေက ငရဲအရှင်ကို ကယ်တင်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့ကြဘူးလား”

သင်္ချိုင်းစောင့် မည်သည့်စကားကိုမှ မကြားရသည့်အလား မှင်သေသေဖြင့်ရှိနေပြီး ချက်ချင်းပြန်မဖြေပေ။

သိုင်းတာအိုပင်မခန္ဓာက တခြားကိစ္စတစ်ခုကို ရုတ်တရက်တွေးမိသွားပြီး ရင်တစ်ချက်ထိတ်သွားလေသည်။

ထိုကိစ္စသည် မည်သည့်သဲလွန်စမှမရှိဘဲ သူ၏ ရင်ထဲမှာ အတန်ကြာအောင် ရစ်ဝဲနေခဲ့၏။ ထိုအခိုက်အတန့်မှသာ သူက သဲလွန်စတချို့ကို တဖြည်းဖြည်း ရရှိလာခဲ့လေသည်။

All Chapters