အခန်း (၁၅)
Vol. 2 Ch. 15
ဆွေးနွေးလို့ပြီးတဲ့ နောက်မှာတော့ မိန်းကလေး ယောင်ယောင်ဟာ လင်းပိုင်ဖန် ပေးတဲ့ ငွေတွေကို အသုံးပြုပြီး ဆုကြေးကို ငွေတေး ၁ သန်းအထိ တိုးမြှင့်လိုက်ခဲ့တယ်။
ဒီသတင်းဟာ အမှောင်ဈေးကွက်ထဲမှာ အလျှင်အမြန်ပဲ ပျံ့နှံ့သွားခဲ့တယ်။
“အရူး ဧကရာဇ် လင်းပိုင်ဖန်ရဲ့ ခေါင်းအတွက်ကို နောက်ထပ် ငွေတေး ၅ သိန်း ထပ်ဆောင်းတိုးလိုက်တယ်ဟ”
“သူ့ကို ဘယ်လောက်တောင်မှ မုန်းတီးနေလဲ ကြည့်လိုက်ကြဦး၊ ဆုကြေးက ငွေတေး ၁ သန်းအထိ တိုးသွားတယ်။ သူ့ခေါင်းရဲ့ တန်ဖိုးက ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် အချို့နဲ့တောင် နှိုင်းယှဉ်လို့ရနေပြီ”
“ဒီလူငယ် ဧကရာဇ်ရဲ့ ခေါင်းအတွက် ဆုကြေးက တကယ်ကို ဆွဲဆောင်မှုရှိတယ်။ ငါလို သက်ကြီးရွယ်အို တစ်ယောက်တောင်မှ မရိုးမရွ ဖြစ်မိတယ်”
“ကြားတာတော့ လူငယ်ဧကရာဇ်မှာ ချီဖွဲ့တည်ခြင်းအဆင့် ကိုယ်ရံတော် တစ်ယောက်ပဲ ရှိတယ်တဲ့။ နိုင်ငံ တစ်ခုလုံးမှာလည်း ချီဖွဲ့တည်ခြင်းအဆင့်က ၂ ယောက်ပဲ ရှိပြီး စစ်မှန်တဲ့ချီအဆင့်မှာပဲ ရှိတယ်။ သူ့ကို သတ်ရတာ အရမ်းလွယ်တယ်။ အကျိုးအမြတ်ကလည်း များတယ်။ စမ်းကြည့်သင့်တယ်”
“ဘာလို့ စဥ်းစားနေမှာလဲ။ လုပ်ချင်ရင် အခုပဲ လုပ်လိုက်ပါတော့လား”
ဒီလိုနဲ့ပဲ ကျွမ်းကျင်သူအများအပြားဟာ မအောင့်အီးနိုင်တော့ဘဲ လုပ်ရှားလာခဲ့ကြသည်။
“လင်းပိုင်ဖန်က အင်ပါယာ မြေပုံ ထဲကနေ ကျွမ်းကျင်သူအများအပြားဟာ ရှ နိုင်ငံရဲ့ မြို့တော်ကို ရောက်ရှိလာကြပြီး သူ့ကို သတ်ကာ ဆုကြေးငွေ ၁ သန်းကို ယူဖို့ အခွင့်ကောင်းကို စောင့်နေကြတာကို တွေ့လိုက်ရသည်။
သူ့အတွက်တော့ ဒီလူသတ်သမားတွေဟာ ဝဖြိုးနေတဲ့ ငါးတွေလိုပါပဲ။ လင်းပိုင်ဖန်ဟာ မရပ်မနား ပြုံးနေခဲ့ပြီး သူ့မျက်လုံးတွေဟာ ပျော်ရွှင်မှုကြောင့် မှေးကျဥ်းသွားခဲ့တယ်။
“ယောင်ယောင်ရေ ဒီတစ်ခါတော့ မင်းကို အားကိုးလိုက်ပြီ။ အားလုံးကို တစ်ပါတည်း ဖမ်းပေးရမယ်နော်”
မိန်းကလေး ယောင်ယောင်က ရင်ဘတ်ကို ပုတ်လိုက်ပြီး ယုံကြည်ချက်အပြည့်နဲ့ ပြောလိုက်တယ်။
“ဘာမှ မစိုးရိမ်နဲ့။ ယောင်ယောင်က အရမ်း သန်မာတယ်။ သူတို့တွေ ဘယ်လောက်ပဲ လာလာ ဒီမှာပဲ ထာဝရ နေသွားရလိမ့်မယ်။
လင်းပိုင်ဖန်ဟာ ခေါင်းကို အကြိမ်ကြိမ် ငြှိမ့်လိုက်ပြီး..
“ပြောတာကောင်းတယ်။ မင်းရဲ့ ယုံကြည်မှုကို သဘောကျတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်လည်း ကာကွယ်ရမယ်”
ယောင်ယောင်ရဲ့ လှပတဲ့ မျက်လုံးတွေက လင်းပိုင်ဖန်ကို ကြည့်လိုက်ပြီး..
“သူတို့က အများကြီးဆိုတော့ ငါ ခုခံ ကာကွယ်နေရင်းနဲ့ တချို့က လွတ်သွားနိုင်တယ်။ အဲ့အချိန် ရှင့် အသက်ဆုံးရှုံးသွားခဲ့ရင် ငါ့ကို အပြစ်မတင်နဲ့နော်”
လင်းပိုင်ဖန်ဟာ ချက်ချင်းပဲ ခေါင်းကို ခါလိုက်ပြီး..
“စိတ်ချပါ၊ အပြစ်မတင်ပါဘူး။ အခြေအနေတွေ ရှုပ်ထွေးမသွားအောင် တစ်ယောက်ပြီးမှ တစ်ယောက် ဖမ်းကြမယ်။ အဲ့ဒါဆို သူတို့လည်း ထွက်ပြေးနိုင်မှာ မဟုတ်တော့ဘူး။ မင်းဘယ်လိုထင်လဲ”
“ကောင်းပါတယ်။ ဒါပေမယ့် သူတို့က ပုန်းတဲ့ နေရာမှာ ကျွမ်းကျင်ကြတယ်။ အားလုံးကို ရှာရတာက မလွယ်ဘူး” ယောင်ယောင်က ခေါင်းခါလိုက်တယ်။
လင်းပိုင်ဖန်ဟာ စာရွက်တစ်ရွက်ကို ချက်ချင်း ပေးလိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ်။
“ဒါက သူလျှိုတစ်ယောက် ပို့ထားတဲ့ အချက်အလက်တွေပဲ။ အမှတ်အသား လုပ်ထားတဲ့ နေရာမှာ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တစ်ယောက် ရှိနေတယ်။ အဲ့ဒီကို တိတ်တိတ်လေးသွားပြီး ဖမ်းလိုက်ပါ”
ယောင်ယောင်က စာရွက်ကိုယူပြီး အံ့သြစွာနဲ့ ပြောလိုက်တယ်။
“ရှင့်ရဲ့ ထောက်လှမ်းရေးစနစ်က တကယ်ကို ထိရောက်တာပဲ။ ချီဖွဲ့တည်ခြင်း အဆင့်ကိုတောင် ရှာနိုင်တယ်ပေါ့။ ကျွန်မ သွားကြည့်လိုက်မယ်။ တကယ်ရှိရင် ဖမ်းပြီး ခေါ်လာခဲ့မယ်”
“ကောင်းပါပြီ” လင်းပိုင်ဖန်ဟာ လက်ကို ဝှေ့ယမ်းပြလိုက်တယ်။
မိန်းကလေးငယ်က သူမရဲ့ ခြေဖဝါးလေးတွေကို တွန်းကန်လိုက်ပြီး ခြံစည်းရိုးပေါ်ကို ချက်ချင်းခုန်တက်ကာ ပျောက်ကွယ်သွားခဲ့တယ်။
သို့သော်လည်း အမွှေးတိုင်တစ်တိုင် မကုန်ခင်မှာပဲ သတိမေ့နေတဲ့ အလတ်ပိုင်း အရွယ် အမျိုးသားတစ်ယောက်ကို လက်ထဲမှာ ကိုင်ပြီး ပြန်ရောက်လာခဲ့တယ်။
“သူက ချီဖွဲ့တည်ခြင်း အဆင့်ပဲ။ အရမ်း သတိရှိတယ်။ ကျွန်မကို မြင်တာနဲ့ တိုက်ခိုက်ခဲ့တယ်။ ကံမကောင်းစွာနဲ့ပဲ သူက ကျွန်မကို မယှဉ်နိုင်ဘဲနဲ့ လှုပ်ရှားမှု အနည်းငယ်နဲ့ပဲ အပြီးသတ်လိုက်နိုင်ခဲ့တယ်၊ ဟား…ဟား..” ယောင်ယောင်ဟာ သူ့ကိုယ်သူ အကြီးအကျယ် ဂုဏ်ယူနေခဲ့တယ်။
“ပင်ပန်းသွားခဲ့ပြီ”
လင်းပိုင်ဖန်ဟာ ပြုံးပြီး စာရွက်တစ်ရွက်ကို ထုတ်ပေးလိုက်တယ်။
“ဒါက သူလျှိုဆီက အခုမှရောက်လာတဲ့ အချက်အလက်အသစ်ပဲ။ ဖုန်းရွှေ ဘုရားကျောင်းမှာ ချီဖွဲ့တည်ခြင်းအဆင့် တစ်ယောက်ရှိနေပြီး သူ့မှာ ထူးခြားတဲ့ ခွန်အားတွေ ရှိတယ်တဲ့။ သွားဖမ်းပြီး ပြန်ခေါ်လာပေးပါဦး”
“သေချာတာပေါ့” ယောင်ယောင်က စာရွက်ကိုယူကာ ကြည့်လိုက်ပြီး လက်ထဲက လူကိုချကာ ချက်ချင်းထွက်သွားခဲ့ပြန်တယ်။
လက်ဖက်ရည်တစ်ခွက် သောက်တဲ့ အချိန်ထက်တောင် နည်းတဲ့ အချိန်အတွင်းမှာပဲ နောက်ထပ်လူတစ်ယောက်ကို ဆွဲပြီး ပြန်ရောက်လာခဲ့တယ်။
အဲ့ဒီနောက်မှာတော့ လင်းပိုင်ဖန်ဟာ နောက်ထပ် မှတ်စုတစ်စောင်ကို ပေးလိုက်ပြီး ယောင်ယောင်လည်း အဲ့လူကိုဖမ်းဖို့ ထပ်ထွက်သွားခဲ့ပြန်တယ်။
ခုနစ်ကြိမ်တိုင်တိုင် ဒီလိုမျိုး ပြေးလွှားပြီးတဲ့နောက်မှာ ယောင်ယောင်ဟာ စုစုပေါင်း ချီဖွဲ့တည်ခြင်းအဆင့် ခုနစ်ယောက်ကို ဖမ်းမိခဲ့တယ်။
“ယောင်ယောင်ရေ..” လင်းပိုင်ဖန်က နောက်ထပ် စာရွက်တစ်ရွက်ကို ထုတ်လိုက်တယ်။
“ခဏနားပါရစေဦး”
မိန်းကလေး ယောင်ယောင်က လက်ကို ဝှေ့ယမ်းပြီး လက်ဖက်ရည်ကို တစ်ကျိုက်တည်း သောက်လိုက်ကာ လင်းပိုင်ဖန်ကို စိတ်ဆိုးစွာနဲ့ စိုက်ကြည့်ပြီး ပြောလိုက်တယ်။
“ယောင်ယောင် နောက်ဆုံးတော့ သိသွားပြီ။ ရှင့်အတွက် ကျွန်မက အစတုန်းကတည်းက ခိုင်းဖတ်တစ်ယောက်လို ဖြစ်နေတာပဲ။ ကျွန်မက ဟိုပြေးဒီပြေးနဲ့ လူလိုက်ဖမ်းနေရတာ၊ ရှင်က ဒီမှာ အေးအေးလူလူ လက်ဖက်ရည်သောက်ရင်း ထိုင်နေရတာပဲ။ ရှင်က လူဆိုးပဲ”
“ဒါက မတူဘူးလေ”
လင်းပိုင်ဖန်က ပြန်ပြောလိုက်တယ်။
“ငါ့မှာသာ မင်းရဲ့ ကျွမ်းကျင်မှုမျိုးသာ ရှိခဲ့ရင် ငါကိုယ်တိုင်ပဲ လှုပ်ရှားတော့မှာပေါ့။ ငါ့မှာ မင်းရဲ့ ကျွမ်းကျင်မှုမျိုး မရှိလို့ မင်းကိုပဲ အားကိုးနေရတာလေ။ ငါကလည်း အလကားနေနေတာ မဟုတ်ဘူး။ ငါ့ရဲ့ ထောက်လှမ်းရေး အချက်အလက်တွေသာ မရှိခဲ့ရင် မင်းလည်း ဒီလူတွေကို ဒီလောက်လွယ်လွယ်ကူကူ ဖမ်းနိုင်မှာလား?”
“အင်း၊ ဒါလည်းဟုတ်တာပဲ။ ဒါပေမယ့် ကျွန်မ တစ်ခုခု ဆုံးရှုံးသွားသလို ခံစားနေရတယ်...” ယောင်ယောင်ဟာ လင်းပိုင်ဖန်ကို မျက်တောင်ခတ်ပြီး အချက်ပေးလိုက်တယ်။
လင်းပိုင်ဖန်က အချက်ပြတာကို သိလိုက်ပြီး နာကျင်နေတဲ့ ပုံစံနဲ့ ပြောလိုက်တယ်။
“နောက်ဆုံးကျရင် အမြတ်တွေကို ခွဲတဲ့အခါ မင်းကို နည်းနည်းပိုပေးမယ်လေ၊ ကောင်းပြီလား”
ယောင်ယောင်ရဲ့ မျက်လုံးတွေက အရောင် တောက်ပသွားပြီး…
“သဘောတူညီချက်ရပြီ”
အဲ့ဒီနောက်မှာတော့ သူမဟာ လက်ဖက်ရည်ကို နောက်တစ်ခွက် ထပ်သောက်လိုက်ပြီး အားအင်တွေအပြည့်နဲ့ လင်းပိုင်ဖန်အတွက် အလုပ်လုပ်ပေးဖို့ ဆန္ဒရှိရှိနဲ့ ထွက်သွားပြန်ခဲ့တယ်။
သူတို့ရဲ့ ပူးပေါင်းလုပ်ဆောင်မှုဟာ နက်ရှိုင်းလာတာနဲ့အမျှ အဆင့်မြင့် ကျွမ်းကျင်သူတွေကလည်း ပိုမိုများပြားစွာနဲ့ အံ့သြစရာကောင်းလောက်အောင်ပင် ဖမ်းဆီးခံလိုက်ရတယ်။
ဒီအခြေအနေကို အာရုံစိုက်နေတဲ့ သူတွေကတော့ အံ့သြနေကြခဲ့တယ်။ လူငယ်ဧကရာဇ်ကို သတ်ပြီး ဆုကြေးငွေ ရဖို့အတွက် ကျွမ်းကျင်သူအများအပြား ရောက်လာတယ်လို့ သတင်းထွက်နေပေမယ့် ဒီလောက်ကြာနေတာတောင် ရှ နိုင်ငံတော်မှာ ဘာသတင်းမှ မထွက်ဘဲ ငြိမ်သက်နေသေးတယ်။
“သူတို့အားလုံး သေသွားကြတာများလား”
သူတို့ဟာ မသေသွားဘဲ ယောင်ယောင်ရဲ့ အဖမ်းခံလိုက်ရတာကိုတော့ မသိခဲ့ကြပါဘူး။ သူတို့ရဲ့ သိုင်းပညာတွေကို ဖယ်ရှားခံခဲ့ရပြီး မြေအောက်ထောင်ထဲမှာ ချုပ်နှောင်ထားလိုက်တယ်။
နောက်ဆုံးမှာတော့ ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင် ၁၃ ယောက်နဲ့ ပထမတန်းစား ကျွမ်းကျင်သူ ၄၅ ယောက်ကို ဖမ်းဆီးရရှိခဲ့တယ်။ သူတို့ ယူဆောင်လာတဲ့ စည်းစိမ်ဥစ္စာတွေကတော့ လင်းပိုင်ဖန်နဲ့ ယောင်ယောင်တို့ လက်ထဲကို ရောက်ရှိသွားပါတော့တယ်။