အခန်း (၁၆)
Vol. 2 Ch. 16
ဒီငွေတေး တစ်သိန်းတန်တဲ့ ဒီတစ်ရွက်က မင်းအတွက်၊ ဒီတစ်ရွက်က ငါ့အတွက်။
ဒီငွေတေး ငါးသောင်းတန်တဲ့ ဒီတစ်ရွက်က မင်းအတွက်၊ ဒီတစ်ရွက်က ငါ့အတွက်။
ဒီငွေတေး တစ်သောင်းတန်တဲ့ ဒီနှစ်ရွက်က မင်းအတွက်၊ ဒီနှစ်ရွက်က ငါ့အတွက်။
ထိုအချိန်တွင် လင်းပိုင်ဖန်သည် ယောင်ယောင်ဆိုသည့် မိန်းကလေးနှင့် မျက်နှာချင်းဆိုင်ပြီး ခွဲဝေမှုများ ပြုလုပ်နေသည်။
သာမန်အားဖြင့် ဂုဏ်ပကာသနတွေနဲ့ ကြီးကျယ်ပြီး ကမ္ဘာကြီးကို သူတို့ရဲ့ အိမ်လိုမျိုး သဘောထားကာ နေတတ်ကြတဲ့ ဒီကျွမ်းကျင်ပညာရှင်တွေဟာ အများအားဖြင့် သူတို့နဲ့အတူ ငွေသားတွေကို သယ်ဆောင်လေ့ရှိပြီး လင်းပိုင်ဖန်နှင့် သူ၏အပေါင်းအဖော်က ထိုငွေတွေကို တစ်ဖြည်းဖြည်း ခွဲနေကြသည်။
ယောင်ယောင်သည် လက်ထဲတွင် ထူထဲသည့် ငွေထုပ်ကြီးကို ကိုင်ထားပြီး ပိုက်ဆံရူး တစ်ယောက်လို ပြုံးနေခဲ့သည်- “ရက်အနည်းငယ် အတွင်းမှာပဲ ကျွန်မတို့ ငွေသား နှစ်သန်းကျော် ရခဲ့တယ်။ ကျွန်မတို့ ချမ်းသာပြီကွ။ နောက်ထပ် ဒီလိုကောင်းတဲ့ အခွင့်အရေးမျိုး ရှိလာခဲ့ရင် ကျွန်မကို မမေ့နဲ့နော်”
“ဒါပေါ့” လင်းပိုင်ဖန်လည်း ပျော်ရွှင်နေသည်။
ဘာမှမလုပ်ရဘဲ ငွေတေး နှစ်သန်းကျော် ရရှိခဲ့သည်။ ဒါဟာ နိုင်ငံတော်ဘဏ္ဍာတိုက်ရဲ့ တစ်နှစ်နီးပါး ဝင်ငွေနဲ့ ညီမျှသည်။ ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ ကောင်းလိုက်လဲ။
ထိုအချိန်တွင် ယောင်ယောင်၏ မျက်လုံးများက လင်းပိုင်ဖန်လက်ထဲရှိ ငွေများကို လောဘတကြီး လှမ်းကြည့်လိုက်ပြီး လောဘကြီးစွာဖြင့် ပြောလိုက်သည်- “ကျွန်မတို့ရဲ့ ကနဦး သဘောတူညီချက်ကို သတိရပါဦး။ အလုပ်ပြီးရင် ငါ့ကို နည်းနည်းပိုပေးရမယ်လို့ ပြောထားတာ။ ရှင့် ကတိကို မဖျက်နဲ့”
“ကောင်းပြီလေ။ ဒါဆို ဒါက မင်းအတွက်” လင်းပိုင်ဖန်က ရင်နာနာနဲ့ ငွေတေး တစ်ထောင်တန်တစ်ရွက်ကို ထုတ်ပေးလိုက်သည်။
ယောင်ယောင် ဒေါသထွက်သွားခဲ့သည်- “ပိုပေးစမ်းပါ! ငွေတစ်ထောင်တန်တစ်ရွက်ပဲ ပေးတာက ကျွန်မကို သူတောင်းစားလို သဘောထားနေတာလား”
လင်းပိုင်ဖန်က ထပ်ပြီး ရင်နာနာနဲ့ ငွေသားတစ်ရွက်ကို ထုတ်ပေးလိုက်သည်- “ရော့ ငွေတေး ငါးထောင်တန်၊ ဒါဆို လုံလောက်ပြီ မဟုတ်လား”
“နည်းလွန်းတယ်၊ ပိုပေးပါ၊ ဒါမှမဟုတ်ရင် ငါ ဓားပြတိုက်တော့မှာနော်”
ဒီလိုနဲ့ လင်းပိုင်ဖန်က ရင်နာစွာနဲ့ပဲ ငွေတေး တစ်သောင်းတန်တစ်ရွက်ကို ထုတ်ပေးလိုက်သည်။
ယောင်ယောင်က လက်သီး သေးသေးလေးတွေကို ဆုပ်ပြီး ဒေါသတကြီးနဲ့ ပြောလိုက်သည်- “ကျွန်မကို လက်ပါလာအောင် မလုပ်နဲ့”
နောက်ဆုံးတော့ သူမက လင်းပိုင်ဖန်ဆီက ငွေနှစ်သိန်းကို လှမ်းယူလိုက်သည်။
ကျန်ရှိတဲ့ ငွေတေး နှစ်သန်းကို ဆုပ်ကိုင်ထားရင်း လင်းပိုင်ဖန်က တုန်ယင်စွာနဲ့ ပြောလိုက်သည်- “မပေးနိုင်တော့ဘူး! နောက်ထပ် မပေးနိုင်တော့ဘူး! ဒီပိုက်ဆံတွေကို ရဖို့ ငါ အရမ်းကြိုးစားခဲ့ရတာ။ မင်း နောက်ထပ် လိုချင်ရင် ငါ့အသက်ကို ယူသွားလိုက်တာ ပိုကောင်းလိမ့်မယ်”
“ကောင်းပြီ၊ ကောင်းပြီ၊ ကျန်တာကို ကျွန်မ မလိုချင်တော့ဘူး။ ပျော်ပြီလား?”
ယောင်ယောင်က ရေရွတ်လိုက်သည်- “ကပ်စေးနှဲ”
“ငါ့ကို ကပ်စေးနှဲလို့ ပြောရင်၊ အဲဒီ ငွေနှစ်သိန်းကို ဘာလို့ ပြန်မပေးတာလဲ” လင်းပိုင်ဖန်က ရယ်မောရင်း နောက်လိုက်သည်။
“ဘာလို့ ပေးရမှာလဲ။ ဒါက ငါ အစောကြီးထပြီး ညဉ့်နက်အောင် အလုပ်လုပ်ပြီးမှ ရခဲ့တဲ့ပိုက်ဆံလေ။ အလုပ်သမားတစ်ယောက်ရဲ့ လုပ်အားခကို ဖြတ်လို့မရဘူး”
ယောင်ယောင်က ငွေတွေကို ခါးမှာရှိတဲ့ အိတ်ထဲ ထိုးထည့်ပြီးနောက် စိတ်ဝင်စားစွာနဲ့ မေးလိုက်သည်- “ငါတို့က ဒီလူတွေရဲ့ ပိုက်ဆံတွေကို ယူထားလိုက်ပြီ၊ ဘာလို့ သူတို့ကို အသက်ရှင်လျက် ထားတာလဲ။ သူတို့ကို သတ်ပစ်လိုက်ပြီး အနာဂတ် ပြဿနာတွေကို ရှင်းပစ်လိုက်တာ မကောင်းဘူးလား”
လင်းပိုင်ဖန်က ခေါင်းခါလိုက်သည်- “မလုပ်နဲ့အုံး! ဒီလူတွေအားလုံးက ထင်ရှားတဲ့ နောက်ခံတွေ ရှိတယ်။ ငါတို့ သူတို့ဆီကနေ တစ်ခုခုကို ထပ်ပြီး တူးဖော်လို့ရသေးတယ်။ ငါ သူတို့ကို အပြည့်အဝ အသုံးချပြီးမှ သတ်မယ်”
အဲဒီနောက် သူတို့နှစ်ယောက်လုံး အကျဉ်းထောင်ကို အတူတူ သွားလိုက်ကြသည်။
ထိုအချိန်တွင် ထောင်ထဲ၌ လုပ်ကြံရန် ရောက်လာသည့် ကျွမ်းကျင်ပညာရှင်များကို ချုပ်နှောင်ထားသည်။
လင်းပိုင်ဖန်က သံကြိုးတွေနဲ့ ချည်နှောင်ထားတဲ့ ချီဖွဲ့တည်ခြင်းအဆင့် ပညာရှင်တစ်ယောက်ဆီကို ချဉ်းကပ်ပြီး ပြောလိုက်သည်- “သူ့ကို ရေလောင်းပြီး နှိုးလိုက်စမ်း”
“ဟုတ်ကဲ့၊ အရှင်မင်းကြီး” ထောင်မှူးက ထိုလူကို နိုးဖို့ ရေဖြင့် လောင်းချလိုက်သည်။
အဲ့ဒီလူက လင်းပိုင်ဖန်နဲ့ အတူ ဖမ်းဆီးခံထားရတဲ့ အခြား ကျွမ်းကျင် ပညာရှင်တွေကို တွေ့လိုက်တာနဲ့ အားလုံးကို ချက်ချင်း နားလည်သွားသည်။ သူက မှိုင်တွေနေတဲ့ အသံမျိုးနဲ့ ရယ်မောလိုက်သည်- “ငါ့ အသက်တစ်လျှောက်လုံး သတိထားပြီး အမြဲ နေလာခဲ့တာ၊ ဒီလိုမျိုး မိုက်မဲတဲ့ ဧကရာဇ်လေးတစ်ပါး လက်ထဲကို ကျရောက်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး”
လင်းပိုင်ဖန်က လှောင်ပြောင်လိုက်သည်- “ဒါက မင်း အမှားတွေကို ဆက်ပြီး ဇွတ်လုပ်နေတဲ့အခါ ဖြစ်လာရတာပဲ၊ ဒါကို မင်းကိုယ်တိုင်ပဲ ဖန်တီးခဲ့တာ! ငါ မင်းကို အကြံပေးချင်တာက ညှဉ်းပန်းနှိပ်စက် မခံချင်ရင် အပြစ်ကို ဝန်ခံလိုက်ပါ”
ထိုလူက ဟန်ပါပါနှင့် ပြောလိုက်သည်- “မင်း ဘာပဲမေးမေး ငါ ဘာမှပြောမှာ မဟုတ်ဘူး။ မင်း အဲဒီမျှော်လင့်ချက်ကို လက်လျှော့လိုက်တာ ပိုကောင်းလိမ့်မယ်”
“ကောင်းပြီ၊ မင်း တကယ် မပြောဘူးပေါ့၊ ငါကိုယ်တော်ကလည်း အဲဒီလို လူမျိုးကိုမှ လေးစားတာ”
လင်းပိုင်ဖန်က ထောင်မှူးလက်ထဲကနေ သားရေကြိုးကို ယူပြီး အပြင်းအထန် ရိုက်လိုက်သည်- “ပြောမှာလား မပြောဘူးလား! ပြောမှာလား မပြောဘူးလား! ပြောမှာလား မပြောဘူးလား”
ရိုက်သံတွေက ပဲ့တင်ထပ်နေပြီး ကျွမ်းကျင်ပညာရှင်က သူ့အရေခွံတွေ ကွဲထွက်ပြီး အသားတွေ ပွင့်ထွက်တဲ့အထိ အရိုက်ခံလိုက်ရသည်။
ဒါတောင် သူက သူ့သွားတွေကို တင်းတင်း ကျိတ်ထားပြီး- “မင်း ဘယ်လောက်ရိုက်ရိုက်! ငါ မပြောဘူး”
လင်းပိုင်ဖန်က ကြိမ်လုံးကို ဆက်ပြီး လွှဲနေပြီးတော့- “မင်း မပြောရင် ငါ မင်းကို ရိုက်သတ်ပစ်မယ်”
ထိုကလည်း သတ္တိရှိစွာ လက်မလျှော့ဘဲ ပြန်ပြောလိုက်သည်- “မင်းငါ့ကို သေအောင် ရိုက်ရင်တောင် ငါပြောမှာ မဟုတ်ဘူး!”
“ဟမ့်! ငါ မယုံဘူး! မင်း ပြောမှာလား မပြောဘူးလား! ပြောမှာလား မပြောဘူးလား! ပြောမှာလား မပြောဘူးလား”
လင်းပိုင်ဖန်က ကြိမ်လုံးကို ဆက်ပြီး ကိုင်ထားကာ ထိုလူကို သူ့အသားတွေ သွေးထွက်သံယိုဖြစ်ပြီး အရိုးတွေ ပေါ်လာတဲ့အထိ ရိုက်နေခဲ့သည်။
နောက်ဆုံးတွင် ထိုလူက မခံနိုင်တော့ဘဲ အော်လိုက်သည်- “တော်လောက်ပြီ၊ မင်း ငါ့ကို ဘာကို ပြောစေချင်တာလဲ။ အနည်းဆုံးတော့ ငါ့ကို အရင် မေးအုံးလေ”
လင်းပိုင်ဖန်:……
ထို ဒရမ်မာကို ဘေးကနေ ကြည့်နေတဲ့ ယောင်ယောင်က သွေးအန်လိုက်ပြီး ထိန်းမနိုင် သိမ်းမနိုင်အောင် ရယ်မောလိုက်သည်- “ဟား…ဟား.. မင်းတို့တွေက အရမ်းရယ်စရာကောင်းတယ်”
ထောင်ထဲကနေ ထွက်လာပြီးနောက် ယောင်ယောင်က စောနကကမြင်ခဲ့တဲ့ မြင်ကွင်းတွေကို ပြန်သတိရရင်း ရယ်မောနေဆဲဖြစ်သည်။
လင်းပိုင်ဖန်က ဘာပြောရမှန်းမသိ ဖြစ်နေခဲ့သည်- “ဘာတွေ ဒီလောက် ရယ်စရာကောင်းနေတာလဲ”
“ဘာလို့ မရယ်ရမှာလဲ။ ကျွန်မ, ယောင်ယောင် အသက်ဆယ်စုနှစ်တစ်ခုကျော် နေလာပြီးပြီ၊ ဒါပေမယ့် ဒီလိုစစ်ဆေးမေးမြန်းမှုကို တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ တကယ်တမ်း ဘာ မေးခွန်းမှ မမေးဘဲ ရိုက်နေတာချည်းပဲ၊ အရိုက်ခံရတဲ့သူက နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘူး၊ ဟားဟား” ယောင်ယောင်ခင်ဗျာ ရယ်ရလွန်းလို့ မျက်ရည်တောင် ကျလာခဲ့သည်။
“ဒါက ငါ ပထမဆုံးအကြိမ် စမ်းကြည့်တာပဲလေ။ တချို့အမှားတွေ လုပ်ခဲ့မိမှာပဲ၊ နောက်တစ်ခါ ဒီလို ဖြစ်လာမှာ မဟုတ်တော့ဘူး” လင်းပိုင်ဖန်က သူ၏ အတွေ့အကြုံကို အနှစ်ချုပ်ပြီး ပြောလိုက်သည်။
“မိုက်မဲတဲ့ ဧကရာဇ်လေး၊ မင်း အဲဒီငွေ နှစ်သန်းကို ဘာလုပ်မယ်လို့ စဥ်းစားထားလဲ” ယောင်ယောင်ရဲ့ မျက်လုံးနက်နက်လေးတွေ တောက်ပလာခဲ့သည်။
“မင်း ဘာလုပ်ဖို့ စီစဉ်နေတာလဲ” လင်းပိုင်ဖန်က သတိကြီးစွာနဲ့ မေးလိုက်သည်။
“သဘောတူညီချက်တစ်ခု လုပ်ကြရအောင်”
ယောင်ယောင်က ပြုံးပြီး ပြောလိုက်သည်- “ရှင် ကျွန်မကို အဲဒီငွေ နှစ်သန်းကို ပေးလိုက်၊ ရှင့်ရဲ့နိုင်ငံ ပြိုလဲပြီး ရှင့်ရဲ့မိသားစု ပျက်စီးသွားရင် ငါ ယောင်ယောင် ကိုယ်တိုင် ကိုယ်ကျ ရှင့်ရဲ့ အသက်ကို လာကယ်ပေးမယ်။ အကယ်၍ ရှင် ကံမကောင်းစွာနဲ့ သေဆုံးသွားရင်တော့ ရှင် နောက်ဘဝမှာ ဆက်ပြီး ပျော်ပျော်ရွှင်ရွှင် နေနိုင်ဖို့အတွက် ကျွန်မ ရှင့်အတွက် စက္ကူပိုက်ဆံတွေကို မီးရှို့ပေးမယ်လေ။ ဘယ်လိုလဲ?”