အခန်း (၁၈)
Vol. 2 Ch. 18
ယောင်ယောင် သည် မကျေမနပ်ဖြစ်လျက်- "ဆရာ၊ ဘာလို့ဒီလိုပြောရတာလဲ? ကျွန်မက မြင့်မြတ်သော ဂိုဏ်းအတွက် ပိုက်ဆံရှာပေးနေတာကို!"
အလွန်လှပသော အမျိုးသမီးက ရယ်မောလိုက်ပြီး- "မေးစရာလိုသေးလား? ယောင်ယောင် ထွက်သွားတာ လဝက်တောင် မပြည့်သေးဘူး; ဒီလောကမှာ ဘယ်လို လုပ်ငန်းမျိုးက ဒီလိုအချိန်တိုလေးအတွင်း ငွေတေး ၂ သန်း ရှာနိုင်လို့လဲ? ယောင်ယောင် တရားနည်းလမ်းမကျတဲ့ အလုပ်မျိုးပဲ လုပ်ခဲ့တာ သေချာတယ်၊ ဟုတ်တယ်မလား?"
"ဆရာက အပိုင်ကို ပြောလိုက်တာပဲ! သိလား၊ တောင်ပေါ်ကဆင်းပြီးနောက် ကျွန်မ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ အရူး ဧကရာဇ်လေး တစ်ပါးနဲ့ တွေ့ခဲ့ရတယ်။ သူ့နာမည်က လင်းပိုင်ဖန် တဲ့၊ သူ့ဆီကနေပဲ ကျွန်မ ပိုက်ဆံတွေရခဲ့တာ!" ယောင်ယောင်၏ မျက်နှာအမူအရာ ပြောင်းသွားပြီးနောက် ကောက်ကျစ်သည့် အပြုံးဖြင့် ပြောလိုက်သည်။
"လင်းပိုင်ဖန်? ရှ နိုင်ငံရဲ့ ရှင်ဘုရင် ငယ်လေးလား?" အလွန်လှပသော အမျိုးသမီးသည် အံ့အားသင့်သွားခဲ့သည်။
"ဆရာကလည်း သူ့ကိုလည်း သိတာလား?"
လှပသောအမျိုးသမီးက ပြုံးလိုက်ပြီး- "သိတာပေါ့။ သူ နန်းတက်တာ မကြာသေးပေမယ့်၊ အရမ်း ရယ်စရာကောင်းတဲ့ ကိစ္စတွေ အများကြီး ဖြစ်ခဲ့ပြီးပြီလေ။ လူအများ သိတဲ့ ကိစ္စတွေပဲလေ၊ ယောင်ယောင့်ရဲ့ ဆရာမက မသိဘဲ နေပါ့မလား!"
"ဆရာ၊ ကျွန်မ ပြောပြမယ်၊ အဲ့ဒီ အရူး ဧကရာဇ်လေးက အရမ်း စိတ်ဝင်စားစရာ ကောင်းတယ်၊ အတူနေရတာလဲ အရမ်းပျော်ဖို့ကောင်းတယ်..."
ယောင်ယောင်သည် သူမတောင်ပေါ်မှ ဆင်းလာပြီးနောက် ဖြစ်ပျက်ခဲ့သည့် ကိစ္စများအကြောင်းကို တရစပ် ပြောပြနေခဲ့သည်။
ဤဖြစ်စဉ်အတွင်း အလွန်လှပသော အမျိုးသမီးက နူးညံ့စွာ နားထောင်နေပြီး ခေါင်းကိုလည်း အခါအားလျော်စွာ ညိတ်နေခဲ့သည်။
သူမ၏ ဇာတ်လမ်းကို အဆုံးသတ်ပြီးနောက် ယောင်ယောင်သည် ငွေတေး ၄ သန်းတန် ငွေစက္ကူတွေကို ထုတ်ပြလိုက်ပြီး ဂုဏ်ယူစွာကြွားဝါစွာနဲ့- "အဲ့ဒီ အရူး ဧကရာဇ်လေးက တကယ်ကို အရမ်းအတာပဲ။ ကျွန်မရဲ့ ပရိယာယ် နည်းနည်းလေးနဲ့ သူ့လက်ထဲကနေ ငွေစက္ကူကို လိမ်ယူနိုင်ခဲ့တယ်! ဒါတောင် သူက ကျွန်မကို ကျေးဇူးတောင်တင်နေသေးတယ်၊ ယုံပြီမလား? သူက မိုက်မဲတယ်လို့ မထင်ဘူးလား? ဒါကြောင့်လည်း သူ့ကို မိုက်ရူးရဲ ဧကရာဇ်လို့ ခေါ်တာပေါ့၊ အဟား…ဟား..."
အလွန်လှပသော အမျိုးသမီးက ခေါင်းယမ်းကာ သက်ပြင်းချလိုက်ပြီး- "ယောင်ယောင်၊ တကယ်တော့ အအဆုံးက သမီးပဲ၊ အရောင်းခံလိုက်ရတောင်မှ သူများအတွက် ပိုက်ဆံတွေကို ရေတွက်ပေးနေသေးတယ်"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဆရာ လျှောက်မပြောပါနဲ့!" ယောင်ယောင်သည် သူမ၏ ဆရာမကို မယုံကြည်နိုင်ဘဲ ခေါင်းယမ်းလိုက်သည်။
"ဒါဆို ယောင်ယောင်ကို မေးပါရစေဦး၊ မူလက သမီးသူ့ကို သတ်ဖို့ သွားခဲ့တာ မဟုတ်ဘူးလား?"
ယောင်ယောင်က လျင်မြန်စွာ ခေါင်းညိတ်သည်- "ဟုတ်တယ်! ဒါပေမယ့် သူက စိတ်ဝင်စားစရာကောင်းတဲ့လူဆိုတော့ ကျွန်မ သူ့ကို သတ်ဖို့ စိတ်မပါတော့ဘူး!"
"ဆရာမ မေးဦးမယ်၊ ဆုကြေးငွေ တိုးမြှင့်တာက သူ့ရဲ့ စိတ်ကူးမလား?"
ယောင်ယောင်က ထပ်ပြီး ခေါင်းညိတ်သည်- "ဟုတ်တယ်! သူက ငါးစာအဖြစ် ဆောင်ရွက်ပြီး ကျွန်မက ငါးဖမ်းသမားပေါ့။ ကျွန်မတို့ နှစ်ယောက်ပေါင်းပြီး ကမ္ဘာပေါ်က လူတိုင်းကို လှည့်စားလိုက်တာ၊ ၄ သန်း ကျော်တောင် ရခဲ့တယ်၊ ပြီးတော့ ခွဲဝေယူခဲ့ကြတာ! ဒီလို ပိုက်ဆံအများကြီး ရတာ ဒါပထမဆုံးပဲ၊ အရမ်းပျော်တာပဲ!"
"ဆရာမ သမီးကို တစ်ခါ ထပ်မေးမယ်၊ ဒီငွေကို ကုန်ပစ္စည်းတွေနဲ့ လဲလှယ်ဖို့ အကြံပြုတာက သူ့ဆီကပဲမလား?"
ယောင်ယောင်က ထပ်မံခေါင်းညိတ်သည်- "ဟုတ်တယ်၊ သူက ဆန်စပါးလိုချင်တယ်လေ၊ ဒါကြောင့် ကျွန်မက ဈေးကွက်ပေါက်ဈေးထက် ၅၀% ပိုတဲ့ ဈေးနဲ့ သူ့ကို ရောင်းလိုက်တာ၊ အမြတ်အများကြီးရခဲ့တယ်။ ဆရာမ၊ ကျွန်မ စီးပွားရေးဉာဏ် ရှိတယ်မလား၊ ပိုက်ဆံရှာရာမှာ တော်တယ်မလား?"
အလွန်လှပသော အမျိုးသမီးသည် ခေါင်းယမ်းကာ ထပ်ရယ်လိုက်ပြီး- "ကြည့်ပါဦး၊ အမှန်တရားက ယောင်ယောင်ရဲ့ မျက်စိရှေ့မှာတင် ရှိမနေဘူးလား? ဒီကြားထဲကို ယောင်ယောင်က အအဆုံးကလူ မဟုတ်ဘူးလို့ ပြောနေသေးတယ်? သမီး မူလက သူ့ကို သတ်ဖို့ သွားခဲ့တာ၊ ဒါပေမယ့် သူ့ရဲ့ ချိုသာတဲ့ စကားပြောပုံတွေကြောင့် အဲ့ဒီစိတ်ကူးကို လက်လျှော့လိုက်ရတယ်!"
"ယောင်ယောင် သူ့ကို မသတ်ခဲ့ရုံသာမက၊ ကမ္ဘာကြီးကို လှည့်စားဖို့ အကြံအစည်တစ်ခု ဖန်တီးပြီး၊ လုပ်ကြံသတ်ဖြတ်သူအားလုံးကို ဖမ်းဆီးဖို့ သူနဲ့ ပူးပေါင်းခဲ့တယ်။ သမီးက သူ့ကို ချမ်းသာအောင် ကူညီပေးခဲ့ရုံသာမက၊ အဲ့ဒီမိုက်ရူးရဲ ဧကရာဇ်လေးကို သေစေနိုင်တဲ့ ဘေးအန္တရာယ်ကနေလည်း ကူညီပေးခဲ့သေးတယ်!"
"နောက်ဆုံးမှာ၊ သူက ဒီသုံးမရတဲ့ ပိုက်ဆံတွေနဲ့ သူလိုအပ်တဲ့ အစားအစာတွေနဲ့ ပစ္စည်းတွေနဲ့ လဲလှယ်ဖို့ စီစဉ်လိုက်တယ်"
အလွန်လှပသော အမျိုးသမီးက လက်ကို ဖြန့်လိုက်ပြီး ရယ်မောလိုက်သည်- "ယောင်ယောင် ပြောနေတာက အစအဆုံး သူဘာတစ်ခုမှ မဆုံးရှုံးခဲ့ဘူးလို့ပဲ! ဒါပေမယ့် သမီးက သူ့ကို အသက်အန္တရာယ်ကနေ ကူညီခဲ့တယ်၊ လိုအပ်တဲ့ အစားအစာနဲ့ ပစ္စည်းတွေကိုလည်း ရယူပေးခဲ့တယ်။ ဒါဆို ပြောစမ်းပါဦး၊ ဒီနေရာမှာ ဘယ်သူက အတာလဲ ယောင်ယောင်လား၊ သူလား?"
ယောင်ယောင်တစ်ယောက် အံ့သြ မှင်သက်သွားခဲ့သည်- "အာ၊ ဒါဆို အဲ့ဒါက ဒီလိုဖြစ်ခဲ့တာလား!"
ဖြစ်ရပ်များကို သေချာစွာ ပြန်လည် သုံးသပ်ပြီး ပြန်ပြောင်းသတိရလိုက်တဲ့အခါ၊ သူမသည် အခြားတစ်ဖက်လူသည် ဆံပင် တစ်ပင်တောင် မဆုံးရှုံးခဲ့ဘဲ၊ သူမကတော့ သူ့အတွက် လုပ်ကြံသတ်ဖြတ်သူတွေကို မနားမနေ လိုက်လံဖမ်းဆီးပေးခဲ့ရကြောင်း သိလိုက်ရသည်။ အခုဆို သူမသည် သူ့ကို အရင်းအမြစ်များ စုဆောင်းပေးပြီး အစားအစာ ပြတ်လပ်မှု အကျပ်အတည်းကို ဖြေရှင်းပေးနေရသည်။
ဒီအချိန်တစ်လျှောက်လုံး သူမပဲ ပိုကောင်းတဲ့ အကျိုးအမြတ်တွေ ရခဲ့တယ်လို့ ထင်ပြီး ကျေနပ်နေခဲ့တာ၊ တကယ်တမ်းကျတော့ သူမဟာ အစစ်အမှန် လူအမှန်း သိလိုက်ရသည်။
အစမှ အဆုံးထိ သူမသည် သူ့ရဲ့ အသုံးချခံခဲ့ရပြီး၊ ဒီကြားထဲ သူမသည် သူ့ကြောင့် ပျော်ရွှင်နေခဲ့သေးသည်။
ဖြစ်ကောင်းဖြစ်နိုင်သည်မှာ အဲ့ဒီ အရူး ဧကရာဇ်လေးသည် သူမ၏ နောက်ကွယ်တွင် လှောင်ရယ်နေလိမ့်မည်။
ဒီအသက်အရွယ်အထိ ကြီးပြင်းလာခဲ့ရာတွင် သူမသည် ဒီလောက်ထိ ဒေါသထွက်စရာ ကောင်းသော ဆုံးရှုံးမှုကို ဘယ်တုန်းကမှ မကြုံခဲ့ဖူးပေ!
ယောင်ယောင် သည် ဒေါသကြောင့် မျက်နှာလေး ရဲလာပြီး သွားများကို ကျိတ်ကာ- "သေစမ်း"
လုံးဝ တွေဝေမနေဘဲ သူမသည် နောက်သို့လှည့်ကာ ပြေးထွက်သွားသည်။
အလွန်လှပသော အမျိုးသမီးက အော်ခေါ်လိုက်သည်- "ယောင်ယောင်၊ သမီးဘယ်သွားမလို့လဲ?"
"ဆရာ၊ ကျွန်မ သူ့နဲ့ စာရင်းရှင်းဖို့ သွားမလို့ပါ၊ ခဏနေ ပြန်လာခဲ့မယ်!" ယောင်ယောင်က နောက်လှည့်မကြည့်ဘဲ ပြောလိုက်သည်။
"ယောင်ယောင်၊ အရင်မသွားသေးနဲ့ဦး။ သမီးရဲ့ ဆရာမ ပြောတာကို အရင်နားထောင်ဦး"
ယောင်ယောင်သည် စိတ်မပါ့တပါဖြင့် ပြန်လာခဲ့ပြီး- "ဆရာ၊ ဘာပြောမလို့လဲ?"
အလွန်လှပသော အမျိုးသမီးက ပြုံးလျက် ယောင်ယောင်၏ ခေါင်းလေးကို ပွတ်သပ်ရင်း ပြောလိုက်သည်- "တကယ်တော့ ယောင်ယောင် ပြန်စဉ်းစားကြည့်ရင် သမီးဘာမှ မဆုံးရှုံးခဲ့ဘူး! ဒီခရီးမှာ ယောင်ယောင် ငွေတေး ၂ သန်းတောင် ရခဲ့သေးတယ်၊ နောက်ပြီး မြင့်မြတ်သောဂိုဏ်း အတွက်လည်း ငွေတေး ၂ သန်း တန်ဖိုးရှိတဲ့ အလဲအလှယ်ကို ရရှိခဲ့တယ်၊ ငါတို့အတွက် ပိုက်ဆံတွေ အများကြီး ရှာပေးခဲ့တယ်!"
"ဒါပေမယ့် ကျွန်မ စိတ်ထဲမှာ အရမ်း စိတ်အနှောင့်အယှက် ဖြစ်နေသေးတယ်၊ သူ့အသုံးချ ခံလိုက်ရသလိုမျိုး ခံစားရတယ်၊ ဒါကြောင့် လက်စားချေချင်တယ်!" ယောင်ယောင်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။
လှပသောအမျိုးသမီးက ခေါင်းယမ်းကာ- "အသုံးချခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ အရေးမကြီးဘူး၊ မြစ်နဲ့ ချောင်းမှာက ဒီလိုတွေပဲလေ! ငါတို့အတွက် အကျိုးအမြတ်တွေ ယူဆောင်လာသရွှေ့၊ တစ်ခါလောက် အသုံးချခံရရင်တောင် ဘာများဖြစ်သွားမှာလဲ? ဂုဏ် ဆိုတာက သေးငယ်တဲ့ကိစ္စပါ၊ အကျိုးအမြတ် ကသာ အရေးကြီးတဲ့အရာပဲ! ဒါကြောင့် ယောင်ယောင်၊ သမီး သူ့ကို အပြစ်မတင်သင့်ဘူး၊ တကယ်တော့ သမီးသူ့ကို ကျေးဇူးတင်သင့်တယ်၊ နားလည်လား?" ( မြစ်နဲ့ချောင်း = သိုင်းလောက)
"နားလည်ပါတယ် ဆရာ။ ကျွန်မ သူ့ကို သေသေချာချာကို ကျေးဇူးတင် မှာပါ!" ယောင်ယောင်က အံကြိတ်ကာ ပြောလိုက်သည်။
ရင်သပ်ရှုမောဖွယ် လှပသော အမျိုးသမီးက သက်ပြင်းချလိုက်သည်။ သူမ၏ တပည့်ငယ်လေးသည် သူမ၏ စကားများကို အလေးအနက်ထားခြင်းမရှိဘဲ ထိုကိစ္စကို စိတ်ထဲမှ ထုတ်မပစ်နိုင်သေးသည်က ရှင်းနေသည်။
သို့သော် သူမသည် လွှတ်ထားလိုက်သည်။ အဓိက ပြဿနာ ကြီးကြီးမားမား မဖြစ်သရွေ့တော့ အဆင်ပြေသည်။
"ယောင်ယောင်၊ ကောလာဟလတွေအရတော့ သူက အရည်အချင်းမရှိတဲ့၊ ရက်စက်တဲ့ လုပ်ရပ်များစွာကို လုပ်ခဲ့တဲ့ မိုက်ရူးရဲ ဧကရာဇ်မဟုတ်လား ။ ဒါပေမယ့် အခုကြည့်ရတာ သူ လုံးဝ မရူးသေးဘူးပဲ၊ အဲဒီအစား အရမ်းကို ထက်မြက်တဲ့သူ ဖြစ်နေတယ်!" လှပသောအမျိုးသမီးက စဉ်းစားဟန်ဖြင့် ရေရွတ်လိုက်သည်။