အခန်း (၁၉)
Vol. 2 Ch. 19
“ဆရာ၊ သူက ဘယ်လိုလုပ်ပြီး ထက်မြက်တဲ့သူ ဖြစ်ရတာလဲ?”
“သူ နန်းတက်တာ မကြာသေးဘူး၊ သူ့ရာထူးကလည်း မခိုင်မြဲသေးဘူး၊ ဒါတောင်မှ မိန်းမတစ်ယောက်အတွက်နဲ့ သူ့နိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်းကို လက်လွှတ်လိုက်သေးတယ်။
နောက်ပြီးတော့၊ စိတ်လှုပ်ရှားဖို့နဲ့ ပျော်ရွှင်မှု သက်သက် အတွက်နဲ့ မိုနိုင်ငံကို ရမ်းသမ်းပြီး စစ်ကြေညာ၊ ကျူးကျော်လိုက်သေးတယ်။
အဲဒီနောက်မှာ ပြည်တွင်းက ကုန်သည်တွေ အကုန်လုံးကို သတ်ပစ်ပြီး သြဇာကြီးတဲ့ မိသားစုတွေကို သေလောက်အောင် ရန်စခဲ့သေးတယ်။
သူက အရေးပါတဲ့ မင်းမှုထမ်းတွေကိုလည်း မကြာခဏ ရာထူးချပစ်လိုက်လို့ နိုင်ငံတော်ရဲ့ ခန်းမဆောင်တစ်ခုလုံးက ရှုပ်ထွေးနေပြီ။ ယောင်ယောင်က ဒီလောက် မိုက်မဲတဲ့ ဧကရာဇ်မျိုး တစ်ခါမှ မမြင်ဖူးဘူး!
သူ့ရဲ့ ပရိယာယ်လေးတွေ အကုန်လုံးကို ကျွန်မအပေါ်မှာပဲ သုံးနေတာ၊ စိတ်ဆိုးစရာ ကောင်းလိုက်တာ!”
ယောင်ယောင်က လင်းပိုင်ဖန်ရဲ့ အပြစ်တွေကို ဒေါသတကြီး စာရင်းပြုစုလိုက်တယ်။
“ယောင်ယောင်၊ လူတစ်ယောက်ကို အပြင်ပန်း ပုံသဏ္ဍာန်နဲ့ မဆုံးဖြတ်ရဘူး၊ သူတို့ရဲ့ ပုံစံ အမှန်ကိုလည်း ထည့်သွင်းစဉ်းစားရမယ်။ ဒါပေမယ့်လည်း နင့်ဆရာမဖြစ်တဲ့ ငါတောင်မှ ဒီလိုရမ်းကားတဲ့ ဧကရာဇ်လေးကို နားမလည်နိုင်ဘူး!”
အလွန်လှပသော အမျိုးသမီးက ပြောလိုက်သည်။” ဒီလိုလုပ်မယ်၊ ယောင်ယောင် သူနဲ့ ဆက်ပြီး ပူးပေါင်း လုပ်ဆောင်နေရင်းနဲ့ သူ့ကို စောင့်ကြည့်နေလိုက်!”
“ဘာ? ကျွန်မ သူ့နဲ့ ဆက်ပြီး အလုပ်လုပ်ရဦးမှာလား။ ကျွန်မ သူ့ကို အခုချက်ချင်းတောင် သတ်ပစ်ချင်နေတာ!” ယောင်ယောင်က သူမရဲ့ လက်သီး သေးသေးလေးတွေကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။
အလွန်လှပသော အမျိုးသမီးက စနောက်ပြုံးလိုက်သည်။ “ယောင်ယောင် တကယ်ပဲ သူနဲ့ ခွဲခွာနိုင်ပါ့မလား”
“ဘာကို ခွဲခွာလို့ မရမှာလဲ။ လူတိုင်းက ကျွန်မကို မျက်စိတစ်မှိတ်အတွင်း လူသတ်တဲ့ နတ်ဆိုးမလို့ ခေါ်ကြတာပဲကို...” ယောင်ယောင်က သူ့ခေါင်းလေးကို ငုံ့ချလိုက်ပြီး စိတ်ပျက်အားငယ်နေသော အမူအရာဖြစ်နေခဲ့သည်။
အလွန်လှပသော အမျိုးသမီးက တိတ်တဆိတ် ရယ်လိုက်သည်။ သူမ ဒီလိုဖြစ်နေတာကို မြင်တော့ တကယ်ကို မခွဲချင်ဘူးဆိုတာ ရှင်းနေပါတယ်။
ဒီကောင်မလေးက မြင့်မြတ်သောဂိုဏ်းကြီးရဲ့ အရေးကိစ္စတွေအတွက်နဲ့ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်မှုတွေကြောင့် နာမည်ဆိုးထွက်ခဲ့ပြီး၊ သူမကို တွေ့တဲ့သူတိုင်း ကြောက်ရွံ့ကြတဲ့ အတွက်ကြောင့် ဒီအချိန်တွေတစ်လျှောက်လုံး သူငယ်ချင်းမရှိခဲ့ပေ။ သူမ တကယ်ကို ကံမကောင်းရှာခဲ့ဘူး!
“ယောင်ယောင်၊ ဆရာမက ဒီလို လုပ်ခိုင်းတာက မြင့်မြတ်သော ဂိုဏ်းအတွက်ပဲ!”
အလွန်လှပသော အမျိုးသမီးက ယောင်ယောင်ရဲ့ ခေါင်းလေးကို ပွတ်သပ်ရင်း စိတ်ရင်းမှန်နဲ့ ပြောလိုက်သည်။
“ငါတို့ရဲ့ မြင့်မြတ်သောဂိုဏ်း ရင်ဆိုင်နေရတဲ့ အခက်အခဲကို သမီး သိပါတယ်၊ တာအိုဂိုဏ်းနဲ့ ဗုဒ္ဓဘာသာဂိုဏ်းတွေရဲ့ အမြဲတမ်း ပစ်မှတ်ထားခံနေရလို့ ငါတို့တွေ ကြီးထွားဖို့က အင်မတန် ခက်ခဲနေတယ်။ ငါတို့တွေ မဟာမိတ်ကောင်းတစ်ဦးကို ရှာရမယ်!
လင်းပိုင်ဖန်၊ ဒီဧကရာဇ်လေးက တော်တော် ထူးခြားတယ်၊ တခြားဧကရာဇ်တွေနဲ့ မတူဘူး၊ သူက ငါတို့ရဲ့ မြင့်မြတ်သောဂိုဏ်းကို လက်ခံချင်မှ လက်ခံလိမ့်မယ်။ ယောင်ယောင် သူ့ကို အနီးကပ် စောင့်ကြည့်လိုက်၊ သူရဲ့ စိတ်ဓာတ် နဲ့ စွမ်းရည်တွေကို အကဲဖြတ်ပြီး သူက ငါတို့အတွက် အသုံးဝင်မလားဆိုတာ ကြည့်ရမယ်!
ဒါ အဆင်ပြေသွားရင် ယောင်ယောင်၊ သမီးက အကြီးမားဆုံး အကျိုးပြုသူ ဖြစ်လာလိမ့်မယ်!”
ယောင်ယောင်က လှေကား အတိုင်း ဆင်းလာပြီး ခေါင်းမာမာနဲ့ ပြောလိုက်သည်။ “ကောင်းပြီ၊ ဆရာမရဲ့ တောင်းဆိုချက်မို့လို့ ယောင်ယောင်က အထူးတလည် ခွင့်ပြုပြီး သူ့ကို ကူညီလိုက်မယ်။ ဒါကို မြင့်မြတ်သော ဂိုဏ်းရဲ့ အကျိုးအတွက် လုပ်ပေးတာ၊ သူ့အတွက် လုံးဝမဟုတ်ဘူး!”
“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ သွားပါတော့ ဆရာ ယောင်ယောင်ရဲ့ သတင်းကောင်းကို စောင့်နေမယ်!”
ယောင်ယောင်က စိတ်လှုပ်ရှားစွာနဲ့ တောင်ပေါ်က ပြေးဆင်းသွားပြီး လင်းပိုင်ဖန် လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ ပစ္စည်းတွေကို ပို့ဆောင်ဖို့ ဂိုဏ်းရဲ့ အင်အားစုတွေကို စုစည်းလိုက်တယ်။
လင်းပိုင်ဖန်က သူကိုယ်တိုင်ပဲ ကြိုဆိုခဲ့ပြီး အဆုံးမရှိတဲ့ ထောက်ပံ့ရေးယာဉ်တန်းကြီးကို ကြည့်ကာ အလွန်ဝမ်းသာနေခဲ့တယ်။ “ယောင်ယောင်၊ ပင်ပန်းသွားပြီ! ငါ ပွဲတော်ကြီးတစ်ခု ပြင်ဆင်ဖို့ အမိန့်ပေးထားပြီးပြီ၊ ဒီည မမူးမချင်း မရပ်ဘူး!”
ယောင်ယောင်က နှာခေါင်းရှုံ့လိုက်ပြီး ခေါင်းလှည့်ကာ သူ့ကို လျစ်လျူရှုလိုက်သည်။
လင်းပိုင်ဖန်က အံ့အားသင့်စွာနဲ့ မေးလိုက်သည်။ “ဘာဖြစ်တာလဲ?”
“မိုက်မဲတဲ့ ဧကရာဇ်လေး၊ ဘယ်လိုလုပ်ပြီးတောင် မေးရဲတာလဲ?”
ယောင်ယောင်က လက်သီး သေးသေးလေးတွေကို ဆုပ်ပြီး ဒေါသတကြီးနဲ့ ပြောလိုက်သည်။ “ကျွန်မက စိတ်ရောကိုယ်ပါနဲ့ ရှင့်ကို ကူညီခဲ့တာ ဒီအချိန်တွေ တစ်လျှောက်လုံး ရှင်က ကျွန်မကို အလုပ်သမားတစ်ယောက်လိုပဲ အသုံးချနေခဲ့တာပဲ! ရန်သူတွေကို သတ်ဖို့ ကျွန်မကို သုံးတယ်၊ ပိုက်ဆံရှာဖို့ ကျွန်မကို သုံးတယ်၊ ဒါ့အပြင် ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ဖို့တောင် ကျွန်မကို သုံးသေးတယ်။ ဘယ်လို သူငယ်ချင်းကောင်းမျိုးက အဲလိုလုပ်မှာလဲ!? ဒီက ယောင်ယောင်လေး အရမ်းဒေါသထွက်နေတယ်နော်၊ အကျိုးဆက်တွေက ဆိုးရွားသွားလိမ့်မယ်!”
လင်းပိုင်ဖန်က သက်ပြင်းချပြီး ခါးသီးစွာ ပြုံးလိုက်သည်။ “မင်း ပြောတာမှန်ပါတယ်၊ ငါ မင်းကို အမြဲတမ်း အသုံးချခဲ့တာပါ! ဒီအတွက်၊ ငါ့နှလုံးသားက မကြာခဏဆိုသလို ညှဉ်းဆဲခံနေရတယ်၊ မင်းကို အပြစ်ရှိသလို ခံစားရတယ်! ဒါပေမယ့်...”
လင်းပိုင်ဖန်က ဒေါသတကြီး အော်လိုက်သည်။ “ငါလည်း ဘာအမှားလုပ်မိလို့လဲ။ ငါက ဘာ စွမ်းအားမှ မရှိတဲ့ ဧကရာဇ်လေး တစ်ပါးပဲလေ!”
“အပြင်က ရန်သူတွေကလည်း ဖိအားပေးနေတယ်၊ အတွင်းက သစ္စာဖောက်တွေကလည်း ပရမ်းပတာတေွ ဖြစ်အောင် လုပ်နေတယ်၊ ငါ့အသက်ကလည်း သူများလက်ထဲမှာ ရှိနေတယ်။ ဧကရာဇ်ဖြစ်ရတာ အရမ်းခက်ခဲလွန်းတယ်! ငါက ဒီလိုအန္တရာယ်များတဲ့ လောကထဲမှာ အသက်ရှင် ရပ်တည်ချင်ရုံလေးပဲ။ ဘာများ မှားနေလို့လဲ?
ပုရွက်ဆိတ်တစ်ကောင်တောင်မှ သူ့အသက်ကို တန်ဖိုးထားသေးတာပဲ၊ ငါ အသက်ရှင်ချင်တယ်၊ မသေချင်သေးဘူး။ ပြောစမ်းပါ ယောင်ယောင်၊ ဒါက အဲဒီလောက်တောင် မှားနေတာလား?”
ယောင်ယောင်ခင်ဗျာ လုံးဝ စကားမပြောနိုင်ဘဲ ရှုပ်ထွေးသွားသည်။
သို့သော် တကယ်ကို အလေးအနက် စဉ်းစားကြည့်လိုက်တဲ့အခါ သူမ အဲဒီအထဲမှာ အမှန်တရား နည်းနည်းပါနေတယ်ဆိုတာ သိလိုက်ရသည်။
ဟိုဘက်က လူက နိုင်ငံ ပျက်သုဉ်းလုနီးပါး ဖြစ်နေပြီး သူ့အသက်ကို ဆုငွေထုတ်ထားတာ ခံနေရတဲ့ ဧကရာဇ်ငယ်လေးတစ်ပါး၊ သူ့ကိုယ်သူ ကာကွယ်ဖို့ နည်းလမ်းမရှိဘဲ အသက်ရှင်ရပ်တည်ဖို့ အင်မတန် ခက်ခဲနေတယ်။
အသက်ရှင်ဖို့အတွက် သူက သူ့ရဲ့ ကိုယ်ချင်းစာတရားနဲ့ ကိုယ်ကျင့်တရားကို ဆန့်ကျင်တဲ့ အရာတချို့ကို လုပ်ရတာက နားလည်နိုင်ပါတယ်။
ဒါ့အပြင် သူ အဲဒီအရာတွေကို လုပ်ခဲ့ပေမယ့် သူမကိုတော့ မထိခိုက်ခဲ့ဘူး၊ တကယ်တော့ သူက မမျှော်လင့်ဘဲ သူမကိုပါ ငွေတွေ ရရှိလာအောင်တောင် ကူညီပေးခဲ့သေးတယ်။
ချက်ချင်းဆိုသလိုပဲ သူမ ဒေါသရဲ့ တစ်ဝက်လောက်က ပျောက်ကွယ်သွားတယ်။
လင်းပိုင်ဖန်ရဲ့ လုံးဝ စိတ်ထိခိုက်နေတဲ့ အမူအရာကို မြင်လိုက်ရတော့ သူမရဲ့ နှလုံးသားက နူးညံ့သွားပြီး သူ့ဒေါသက နောက်ထပ်တစ်ဝက်လောက် လျော့ကျသွားခဲ့သည်။ “ကောင်းပြီ၊ ကောင်းပြီ၊ ဒီလောက် ဝမ်းနည်းမနေပါနဲ့တော့။ ကျွန်မ ရှင့်ကို နားလည်ပါပြီ၊ ကျွန်မ ရှင့်ကို အပြစ်မတင်တော့ပါဘူး!”
လင်းပိုင်ဖန်က အကြီးအကျယ် စိတ်လှုပ်ရှားသွားပြီး- “ယောင်ယောင်၊ နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မင်းက စာနာတတ်ပြီး ကြင်နာတဲ့ မိန်းကလေးပါ!”
“ဒါပေမယ့်...”
ယောင်ယောင်က ခေါင်းမာမာနဲ့ ပြောလိုက်သည်။ “ရှင့်ရဲ့ လှည့်ဖြားတဲ့ လုပ်ရပ်တွေက အရမ်းကို ဒေါသထွက်စရာ ကောင်းလွန်းတယ်။ ကျွန်မက နည်းနည်းတော့ မကျေမနပ်ဖြစ်နေတုန်းပဲ၊ ရှင်နဲ့ တကယ်ကို မပတ်သက်ချင်ဘူး၊ ဟွန့်!”
ဒီလိုပြောပြီးနောက် သူမ နောက်တစ်ခါ ထပ်လှည့်လိုက်ကာ ချစ်စဖွယ် ခေါင်းနောက်ပိုင်းကိုသာ ချန်ထားခဲ့သည်။
လင်းပိုင်ဖန်က ဘေးကနေ တောပန်းလေးတစ်ပွင့်ကို ခူးယူပြီး သူမရှေ့ကို ပြလိုက်ပြီး “ဒါက မင်းအတွက် ပန်းတစ်ပွင့်၊ မင်းကို ပန်းလိုပဲ လှပပါစေလို့ ငါဆန္ဒပြုတယ်”
ယောင်ယောင်က ပန်းကို လက်ခံလိုက်ပေမယ့် “မလုံလောက်သေးဘူး!”
လင်းပိုင်ဖန်က နောက်ထပ် တောပန်းလေးတစ်ပွင့်ကို ခူးလိုက်ပြီး လှမ်းပေးလိုက်သည်။ “ဒါက မင်းအတွက် နောက်ထပ် ပန်းတစ်ပွင့်ပါ၊ မင်းကို လပြည့်ဝန်းထက်သာပြီး ပန်းတွေကိုတောင် ရှက်သွေးဖြာစေလောက်အောင် ဆွဲဆောင်မှုရှိပါစေလို့ ဆုတောင်းပေးပါတယ်”
ယောင်ယောင်က နောက်တစ်ခါ ထပ်ယူလိုက်ပေမယ့် “ဒါလည်း မလုံလောက်သေးဘူး!”
လင်းပိုင်ဖန်က ပန်းတော်တော်များများကို ခူးလိုက်ပြီး ပန်းစည်းလေးဖြစ်အောင် စည်းနှောင်ကာ ပေးလိုက်သည်။ “ဒါက မင်းအတွက် ပန်းစည်းလေးပါ၊ မင်း နေ့တိုင်း ပိုက်ဆံတွေ အများကြီး သုံးဖြုန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ဒါဆိုရင်တော့ လုံလောက်သင့်ပြီ မဟုတ်လား?”
“အဲဒါမှပေါ့!” ယောင်ယောင်က ပန်းစည်းကို လက်ခံလိုက်ပြီး သူမရဲ့ မျက်နှာက အပြုံးတွေနဲ့ တောက်ပလာခဲ့သည်။
လင်းပိုင်ဖန်လည်း အရမ်းပျော်နေခဲ့တယ်။ ဒီကောင်မလေးက အရမ်းကို ချော့မော့ရတာ လွယ်တာပဲ၊ ပန်းလေးနည်းနည်းပဲ ပေးလိုက်တာနဲ့ကို အဆင်ပြေသွားပြီ။