← Chapters

အခန်း (၂၀)

Vol. 2 Ch. 20

အခန်း (၂၀)

Vol. 2 Ch. 20

​တစ်စီးပြီးတစ်စီး သယ်ဆောင်လာသော ထောက်ပံ့ရေး ပစ္စည်းများ မြို့တော်အတွင်းသို့ ဝင်ရောက်လာသည်ကို ကြည့်ရင်း ယောင်ယောင်က စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ “ဒီပစ္စည်းတွေနဲ့ဆို စစ်နိုင်တော့မှာမလား။ မိုနိုင်ငံကိုတော့ မတော်တဆ အကျိုးပြုသလိုတော့ မဖြစ်စေနဲ့နော်!”

​ လင်းပိုင်ဖန်က သက်ပြင်းချလိုက်ပြီး “အဲဒီလောက် မလွယ်ကူဘူး။ ဒါပေမဲ့ ငါတို့ အကောင်းဆုံးကြိုးစားပြီး ကျန်တာကိုတော့ ကံကြမ္မာအပေါ်ကိုပဲ ပုံအပ်ရမှာပေါ့။ ဒါတွေရှိတာက ဘာမှ မရှိတာထက်စာရင်တော့ ပိုကောင်းတာပေါ့!”

​ “အဲဒါတော့ မှန်ပါတယ်!” ယောင်ယောင်က ခေါင်းညိတ်ပြီး လင်းပိုင်ဖန်ကို ဆိတ်လိုက်ကာ စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။ “ရှင်က ဘာဖြစ်လို့ မိုနိုင်ငံတော်ကို အကြောင်းမဲ့ ပြဿနာရှာရတာလဲ။ အခုကြည့်ပါဦး၊ ကိုယ့်နိုင်ငံကိုတောင် ကိုယ်ဖျက်ဆီးသလို ဖြစ်နေပြီ!”

​ လင်းပိုင်ဖန်က ဒုတိယအကြိမ် သက်ပြင်းချပြီး နောင်တကြီးစွာဖြင့် မျက်နှာကို အုပ်လိုက်သည်။ “ငါလည်း နောင်တရတာပဲ။ ငါ့ရှေ့မှာ တစ်ချိန်က အဖိုးတန်တဲ့ အခွင့်အရေးတစ်ခု ရှိခဲ့ပေမဲ့ ငါ တန်ဖိုး မထားခဲ့မိဘူး။ အဲဒါကို ဆုံးရှုံးသွားမှ နောင်တရမှန်း သိလိုက်ရတယ်။ ဒီလောကမှာ ဒီထက်ပိုပြီး နာကျင်စရာ မရှိ​တော့ဘူး! ကောင်းကင်ဘုံက ငါ့ကို အရာအားလုံးကို ပြန်လုပ်ခွင့်ပေးမယ်ဆိုရင် ငါ သေချာပေါက်…”

​“သေချာပေါက် ဘာဖြစ်မှာလဲ?” ယောင်ယောင်က စိတ်ဝင်တစား မေးလိုက်သည်။

​“သေချာပေါက် ငါ ကိုယ်တိုင် ဦးဆောင်ချီတက်ပြီး သူတို့ကို ပန်းတွေက ဘာကြောင့် နီတယ်ဆိုတာ သိအောင် ကောင်းကောင်း ဆော်ပစ်မယ်!”

​ လင်းပိုင်ဖန်၏ မျက်လုံးများက စိတ်ပိုင်းဖြတ်မှုဖြင့် တောက်ပနေခဲ့သည်။ “အခုက ငါ စောင့်နေတဲ့ အခွင့်အရေး မဟုတ်ဘူးလား။ ငါက ကံကြမ္မာရဲ့ သားတော်ပဲ၊ ကောင်းကင်ဘုံ ဖခင်ကြီးရဲ့ အချစ်ဆုံး သားပဲ၊ ဟား..ဟား..!”

​“ရှင်က ဘာသင်ခန်းစာမှ မယူတတ်တဲ့ မိုက်မဲတဲ့ ဧကရာဇ်ပဲ! ရှင်လုပ်တာတွေကို ယောင်ယောင်က မြင်နေရပြီ!” ယောင်ယောင်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။

​ တစ်ချိန်တည်းမှာပင်၊ မိုနိုင်ငံတော်၏ မြို့တော်အတွင်းတွင်…

​ မိုနိုင်ငံ၏ ဧကရာဇ်က အံ့အားသင့်နေခဲ့သည်။ “ဘာ၊ အဲဒီ ငယ်ရွယ်တဲ့ ဧကရာဇ်က မိသားစုကြီးတွေရဲ့ ပိတ်ဆို့မှုကို ဖောက်ပြီး ပြင်ပကနေ ထောက်ပံ့ရေးပစ္စည်းတွေ ရခဲ့တယ်?”

​ “မှန်ပါတယ်၊ အရှင်မင်းကြီး!” ဝါရင့် အမတ်တစ်ဦးက ကျယ်လောင်စွာ သတင်းပို့ခဲ့သည်။

​ “ရှ နိုင်ငံထဲမှာ ဖုံးကွယ်ထားတဲ့ သူလျှိုတွေရဲ့ အဆိုအရ၊ ရှ နိုင်ငံတော်ထဲကို ထောက်ပံ့ရေး ပစ္စည်းအမြောက်အမြား သယ်ယူပို့ဆောင်ခဲ့ပြီး ရှ နိုင်ငံတော် ဧကရာဇ် ကိုယ်တိုင်က ဒီကုန်သည်အဖွဲ့ကို ကြိုဆိုခဲ့ပါတယ်!”

​ မိုနိုင်ငံရဲ့ ဧကရာဇ်က မျက်ခုံးလှုပ်သွားပြီး “သူတို့က အဲ့ဒီ မိသားစုကြီးတွေကို အတိုက်အခံလုပ်ရမှာကို မကြောက်ရအောင် ဘယ်လို နောက်ခံမျိုး ရှိနေတာလဲ?”

​“အရှင်မင်းကြီးခင်ဗျာ၊ ဒါကိုတော့ မသိရသေးပါဘူး! ကျွန်တော်မျိုးတို့ရဲ့ လက်အောက်ငယ်သားတွေရဲ့ အစီရင်ခံစာတွေအရ၊ သူလျှိုတွေ အနားကို ကပ်ခါနီးမှာ ကုန်သည်အဖွဲ့က လူတွေက တွေ့သွားပြီး ပြန်မလာတော့ပါဘူး! ဒါ့အပြင်၊ ရှ နိုင်ငံတော်ထဲမှာ ဖုံးကွယ်ထားတဲ့ ကျွန်တော်မျိုးတို့ရဲ့ သူလျှိုတွေအားလုံး တစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးသွားကြပြီး လုံးဝကို အဆက်အသွယ်ပြတ်သွားပါတယ်!”

​မိုနိုင်ငံ ဧကရာဇ်၏ ရင်ထဲတွင် မကောင်းသော နိမိတ်တစ်ခုက လှိုက်ခနဲ တက်လာခဲ့ပြီး ဟို လျှောက်လိုက် ဒီလျှောက်လိုက်ဖြင့် ဂဏာမငြိမ် ဖြစ်နေခဲ့သည်။

​ နောက်ဆုံးတွင်၊ သူက ဆုံးဖြတ်တစ်ခု ချက်ချလိုက်သည်။ “မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခုက ပေါ်ပေါက်လာပြီ၊ ရှ နိုင်ငံက အခြားနိုင်ငံကနေ အကူအညီ ရရှိထားတာ သေချာသလောက် ရှိတယ်။ ကြာကြာ ဆွဲဆန့်လေ၊ ငါတို့အတွက် ပိုပြီး အားနည်းချက်ဖြစ်လာလေပဲ! ဒါကြောင့်၊ နောက်ထပ် မနှောင့်နှေးသင့်တော့ဘူး၊ စစ်ပွဲကို ချက်ချင်း စရမယ်၊ သူတို့ အသည်းထဲထိကို တိုက်ရိုက် ထိုးနှက်ရမယ်!”

​“မှန်လှပါ၊ အရှင်မင်းကြီး!” အရာရှိများက တစ်ညီတည်း ပြန်ဖြေလိုက်ကြသည်။

​ အဲ့ဒါနဲ့ပဲ မိုနိုင်ငံသည် စစ်ရေးပြင်ဆင်မှုများကို အရှိန်မြှင့်တင်ခဲ့ပြီး နယ်စပ်တစ်လျှောက်ရှိ တင်းမာမှုများသည် အထူးပဲ များပြားလာကာ စစ်ပွဲက မကြာမီ ဖြစ်တော့မည့်အသွင် ဆောင်နေခဲ့သည်။

​ ရှနိုင်ငံက ဤအခြေအနေကို လျင်မြန်စွာ သတင်းရရှိခဲ့သည်။

​ နန်းတော်အတွင်းတွင် လင်းပိုင်ဖန်က ကျယ်လောင်စွာ ကြေညာလိုက်သည်။ “နှစ်နိုင်ငံ စစ်ပွဲက ရှောင်လွှဲလို့မရတော့ဘူး။ မိုနိုင်ငံက အပြည့်အဝ ပြင်ဆင်ထားပြီးတော့ ငါတို့နိုင်ငံအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်နေပြီ။ ဒါကြောင့်၊ ငါကိုယ်တော်က ဒီစစ်ပွဲကို ကိုယ်တိုင်ဦးဆောင်ဖို့ ဆုံးဖြတ်လိုက်ပြီ!”

​ အရပ်ဘက်နဲ့ စစ်ဘက် အရာရှိများ အားလုံး တုန်လှုပ်သွားခဲ့ကြသည်။ သူတို့ရဲ့ ငယ်ရွယ်ပြီး စောက်ချိုးမပြေတဲ့ ဧကရာဇ်က တကယ်ပဲ ရှေ့တန်းကို ကိုယ်တိုင် ထွက်တိုက်တော့မှာလား?

​ သူတို့ရဲ့ ရင်ထဲတွင် ဒီငယ်ရွယ်တဲ့ ဧကရာဇ်အပေါ် လေးစားမှု တစ်စွန်းတစ်စ စတင်ဖြစ်ပေါ်လာခဲ့သည်။

​ သူ့ရဲ့ အုပ်ချုပ်မှုစွမ်းရည်က ချို့ယွင်းနေပေမယ့် သူ့ရဲ့ သတ္တိကတော့ ချီးကျူးစရာပါပဲ။ သူက ကြောက်ရွံ့ပြီး သေမှာကို မကြောက်တဲ့ သူရဲဘောကြောင်သူ မဟုတ်ခဲ့ပေ၊ အမာခံစိတ်ဓာတ်တော့ ရှိသေးသည်။

​ “အရှင်မင်းကြီး ဉာဏ်ပညာ ကြီးမားလှပါပေတယ်!” အရပ်ဘက်နဲ့ စစ်ဘက် အရာရှိများက တစ်ညီတည်း အော်ဟစ်လိုက်ကြသည်။

​ ချက်ချင်းပင် စတင် လုပ်ဆောင်ရင်းနဲ့ လင်းပိုင်ဖန်က စစ်တပ်တစ်ခုလုံးကို စည်းရုံးလှုံ့ဆော်ရန်နှင့် စိတ်ဓာတ်ကို မြှင့်တင်ရန်အတွက် သစ္စာဆိုပွဲကို စီစဉ်ခဲ့သည်။

​“ဒီတာဝန်က ငါတို့ရဲ့ ဇာတိမြေကို ကာကွယ်ဖို့ပဲ!”

​“ငါတို့ရဲ့ ရှေ့မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ မိုနိုင်ငံတော်ရဲ့ စစ်တပ် ရှိနေပြီး၊ ငါတို့ရဲ့ နောက်မှာတော့ ငါတို့ရဲ့ ဇနီး၊ သားသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ ရှိနေတယ်! ငါတို့တွေ လက်နက်စွဲကိုင်ပြီး သားရဲတွေကို မောင်းထုတ်ပြီး ငါတို့ရဲ့ မိသားစုတွေ၊ ငါတို့ရဲ့ နိုင်ငံနဲ့ ငါတို့ရဲ့ အိမ်လို့ခေါ်တဲ့ အရာတွေကို ကာကွယ်ရမယ်!”

​ “မင်းတို့အားလုံးဟာ ကြောက်ရွံ့ခြင်း ကင်းမဲ့တဲ့ စစ်သည်တော်တွေပဲ…”

​ လင်းပိုင်ဖန်၏ အပြောအဆို ကျွမ်းကျင်ပြီး ဆွဲဆောင်မှုရှိသော မိန့်ခွန်း၏ လွှမ်းမိုးမှုအောက်တွင် စစ်သားများ၏ စိတ်ဓာတ်သည် နောက်ဆုံးတွင် မြင့်တက်လာခဲ့သည်။

​ ထိုအချိန်တွင် လင်းပိုင်ဖန်သည် ရင်းနှီးသော ပုံရိပ်နှစ်ခုကို တွေ့လိုက်ရပြီး အံ့အားသင့်သွားခဲ့သည်။ “ဦးလေးတို့၊ ဒီကို ဘာကိစ္စ ရောက်လာတာလဲ?”

​ ဤလူနှစ်ဦးသည် သူ ရာထူးမှ ဖယ်ရှားလိုက့သော ဝန်ကြီးချုပ် ရှောင်ကော်လျှန်နှင့် ဗိုလ်ချုပ်ကြီး ချိုင်ယူလန်တို့မှ အပ အခြားသူများ မဟုတ်ပေ၊ သံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားပြီး ခေါင်းမော့ ရင်ကော့ကာဖြင့် လျှောက်လှမ်းလာကြသည်။

​ သူတို့က အရိုအသေပြုပြီး တစ်ပြိုင်တည်း ပြောလိုက်သည်။ “အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ကို စစ်တပ်နဲ့အတူ လိုက်ပါခွင့်ပြုပါ၊ ကျွန်တော်မျိုးတို့ရဲ့ နေအိမ်နဲ့ နိုင်ငံကို ကာကွယ်ဖို့၊ ရန်သူကို အတူတကွ ရင်ဆိုင်ခွင့် ပြုတော်မူပါ!”

​ လင်းပိုင်ဖန်က တုံ့ဆိုင်းသွားပြီး- “ဒါပေမဲ့ ဦးလေးတို့၊ ဦးလေးတို့နှစ်ယောက်စလုံးက အသက်ကြီးနေကြပြီလေ…”

​ ထိုလူနှစ်ဦးက တစ်ဖန် ပြတ်သားသော လေသံဖြင့် တစ်ခွန်းတည်း ပြောလိုက်ကြသည်။ “အသက်ရှင်နေစဉ်မှာ ရှ နိုင်ငံရဲ့ လူဖြစ်ကြပြီး၊ သေသွားရင်လည်း ရှ နိုင်ငံတော်ရဲ့ တစ္ဆေတွေပဲ ဖြစ်ချင်ပါတယ်။ ကျွန်တော်မျိုးတို့ရဲ့ သွေးနှင့်ချွေးကို ကျွန်တော်မျိုးတို့ရဲ့ နိုင်ငံတော်နှင့် အရှင်မင်းကြီးအတွက် စွန့်လွှတ်ရန်မှာ ကျွန်တော်မျိုးတို့၏ တာဝန်ပဲ ဖြစ်ပါတယ်! အရှင်မင်းကြီး ခွင့်မပြုလျှင် ကျွန်တော်မျိုးတို့ ဒီနေရာမှာပဲ ခေါင်းနဲ့ဆောင့်ပြီး သေပါတော့မယ်!”

​ လင်းပိုင်ဖန်သည် နက်ရှိုင်းစွာ စိတ်ထိခိုက်မိသွားသည်။ “ဒီလိုမျိုး သစ္စာရှိပြီး စိတ်အားထက်သန်တဲ့သူတွေကို တွေ့ရခဲတယ်၊ ဒါဆိုရင်တော့ ကျေးဇူးပြုပြီး နေသာသလို နေပါ။ ငါကိုယ်တော် ကိုယ်တိုင် အရက်ငှဲ့ပေးပါ့မယ်!”

​“ကျေးဇူးတင်ပါတယ်၊ အရှင်မင်းကြီး!” ထိုသူနှစ်ဦးက အရက်ကို ယူပြီးနောက် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

​ ဒီစစ်ပွဲမှာ သူတို့ရဲ့ နိုင်ငံအတွက် တိုက်ခိုက်တယ် ဆိုတာထက် ကျော်လွန်တဲ့ ရည်ရွယ်ချက်တွေ ရှိနေခဲ့သည်။ ဒါကတော့ လင်းပိုင်ဖန်ကို ကာကွယ်ဖို့ပါပဲ။ အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ နိုင်ငံက ပြိုလဲနိုင်တယ်၊ ဒါပေမဲ့ သူတို့ရဲ့ အစ်ကိုကြီးရဲ့ တစ်ဦးတည်းသော သွေးသားကိုတော့ ဘယ်လိုနည်းနဲ့မဆို အသက်ရှင်အောင် လုပ်ရမယ်။ မျိုးရိုးကိုတော့ မပျက်စီးစေရဘူး။

​ ထိုအချိန်တွင်၊ လူတစ်ဦးစီက အရက်ခွက် တစ်လုံးစီကို ကိုင်ထားကြသည်။

​ လင်းပိုင်ဖန်က လေးနက်သော အမူအရာဖြင့်- “ဒီအရက်ကို သူရဲကောင်းအရက်လို့ ခေါ်တယ်၊ ဒီခရီးကို စတင်မယ့် ရဲရင့်တဲ့ ဝိညာဉ်တွေအတွက် အထူးလုပ်ထားတာပဲ! ဒါကို သောက်ပြီးရင် ငါတို့အားလုံးဟာ သူရဲကောင်းတွေနဲ့ စစ်သည်တော်တွေ ဖြစ်သွားပြီ။ စစ်မြေပြင်ကို ရောက်တာနဲ့ အသေခံပြီး တိုက်ခိုက်ကြမယ်!”

​ “တိုက်ခိုက်မယ်!!!” လူတိုင်းက အရက်ကို သောက်လိုက်ကြပြီးနောက် သူတို့ရဲ့ ခွက်တွေကို မြေပေါ်မှာ ပြင်းပြင်းထန်ထန် ရိုက်ခွဲလိုက်ကြသည်။

​ ဒီအချိန်မှာ သူတို့ရဲ့ စိတ်ဓာတ်က အမြင့်ဆုံး အခြေအနေကို ရောက်နေပြီဖြစ်သည်!

​ လင်းပိုင်ဖန်က လက်ကိုမြှောက်လိုက်ပြီး အော်လိုက်သည်။ “အခု ချီတက်ကြတော့၊ မအောင်မြင်မခြင်း မပြန်ရဘူး!”

​ “ချီတက်ကြ၊ မအောင်မြင်ရင် မပြန်ရ!” စစ်တပ်တစ်ခုလုံးက တစ်ပြိုင်တည်း ပဲ့တင်ထပ်ပြီးနောက် ကြီးမားပြီး တားဆီးမရတဲ့ နဂါးတစ်ကောင်ကဲ့သို့ ထွက်ခွာသွားကြသည်။

​ ထိုအချိန်တွင်၊ လင်းပိုင်ဖန်က နောက်ပြန်လျှောက်လာခဲ့ပြီး ပြောလိုက်သည်။ “ခဏ၊ တစ်ယောက် ပျောက်နေတယ်!”

​ စစ်သူကြီးတွေက ဝေခွဲမရဖြစ်ကာ ပတ်ပတ်လည် ကြည့်လိုက်ပြီး ပြောလိုက်သည်။ “အရှင်မင်းကြီး၊ လူတိုင်း ရှိပါတယ်၊ ဘယ်သူပျောက်နေတာလဲ?”

​ လင်းပိုင်ဖန်က အော်လိုက်ကာ-“အမျိုးသမီးတွေက ကောင်းကင်ရဲ့ တစ်ဝက်ကို ထမ်းထားတယ်တဲ့။ ငါကိုယ်တော်ရဲ့ အချစ်ဆုံး မိဖုရားကို သွားခေါ်လိုက်၊ ငါကိုယ်တော်တို့ အတူတူ စစ်ပွဲဝင်ကြမယ်!”

​ လူတိုင်း ကြက်သေသေသွားကြသည်။

​ “အိုး၊ ဘုရားရေ!”

​စစ်ပွဲထဲ သွားတော့မှာကိုတောင် စိတ်အလိုလိုက်ပြီး အလှပဂေးကို ခေါ်သွားဖို့ ပြင်နေသေးတယ်။

​ ခဲရာခဲဆစ် တည်ဆောက်ခဲ့ရတဲ့ စိတ်ဓာတ်တွေက သူ့ရဲ့ စကားကြောင့် လုံးဝ ပျက်စီးသွားခဲ့ပြီဖြစ်သည်။

​“ ခွေးက ချီးစားတဲ့ အကျင့်ကို မပြောင်းနိုင်ဘူး ဆိုတဲ့ အတိုင်းပဲ၊ သူကလည်း မိုက်မဲတဲ့ ဧကရာဇ် ဖြစ်နေတုန်းပဲ!!!”

All Chapters