အခန်း (၂၃)
Vol. 2 Ch. 23
ထိုအချိန်တွင် လင်းပိုင်ဖန်သည် ရှ နိုင်ငံတော်၏ မဟာစစ်တပ်ကြီးနှင့်အတူ ပြန်လည်ရောက်ရှိလာခဲ့သည်။
ချောက်ကမ်းပါးတစ်ဖက်ရှိ ပူဆွေးသောကရောက်နေသည့် မို ဘုရင်ကို ကြည့်လိုက်သည်၊ ထို့နောက် အက်ကွဲကြောင်း အတွင်းရှိ မိုနိုင်ငံတပ်များကို ကြည့်ကာ သူသည် အားရပါးရ ရယ်မောလိုက်လေသည်– "ငါအမြဲတမ်းပြောခဲ့တယ်၊ ငါတို့ ရှ စစ်တပ်က ဖြောင့်မတ်တဲ့ စစ်တပ်ဖြစ်တယ်၊ ကောင်းကင်ရဲ့ အလိုကို ဆောင်ရွက်သူတွေ ဖြစ်တယ်၊ နတ်ဘုရားတို့ရဲ့ အကူအညီနဲ့ ဒီတိုက်ပွဲကို အနိုင်ရဖို့က သေချာပေါက်ကို ကံပါနေတယ်လို့!"
"ကြည့်! ငါတို့ အခု မနိုင်ခဲ့ဘူးလား? မြေနဂါးကြီး တစ်ပတ်လည်လိုက်တာနဲ့ မိုနိုင်ငံ စစ်တပ်ကြီးက လုံးဝကို မှောက်သွားပြီ။ ငါတို့ အလွယ်တကူ၊ သက်သောင့်သက်သာနဲ့ အနိုင်ရလိုက်တယ်—ဒါဟာ ကောင်းကင်ရဲ့ အလိုတော်ပဲကွ၊ ဟား…ဟား..!"
ရှနိုင်ငံ၏ စစ်သည်များအားလုံး အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြသည်။
သူတို့သည် အမှန်တကယ် ဖြောင့်မတ်မှုကို ကိုယ်စားပြုတဲ့ စစ်တပ်များလား၊ ဤတိုက်ပွဲကို အနိုင်ရရန် ကောင်းကင်က သူတို့ကို ကောင်းချီးပေးခဲ့သည်သလားဟု သံသယများ သူတို့၏ စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့သည်။
သို့သော်လည်း၊ သူတို့သည် လင်းပိုင်ဖန်၏ မောက်မာနေသော ပုံစံကို မြင်လိုက်ရသည့် အခါတွင် ထိုအတွေးတွေသည် အမြင့်ဆုံး မိုးတိမ်များထက်ပင် ကျော်လွန်၍ ချက်ချင်းပင် ပျောက်ကွယ်သွားကြသည်။
ဒီလို မိုက်မဲလှတဲ့ ဧကရာဇ် ကို ကောင်းကင်က ဘယ်လိုလုပ်ပြီး ကောင်းချီးပေးနိုင်မှာလဲ?
အဲဒါဆိုရင်တော့ ကောင်းကင်က အမှန်တကယ်ပဲ မျက်စိကန်းနေတာ ဖြစ်ပေလိမ့်မည်!
ဒီ မိုက်မဲလှတဲ့ ဧကရာဇ် ရဲ့ ကံတရားဟာ မယုံနိုင်လောက်အောင်ပင် ကောင်းနေတာပဲလို့သာ ပြောရပေလိမ့်မည်!
သူထွက်ပြေးပြီး မကြာခင်မှာပဲ ငလျင်က လှုပ်ခဲ့သည်၊ သူက ဘာအထိအခိုက်မှ မရှိခဲ့ဘဲ မိုနိုင်ငံတော်ရဲ့ မဟာစစ်တပ်ကြီးကတော့ ပျက်စီးသွားခဲ့ရသည်!
ခွေးကံကောင်းခြင်းသာဖြစ်သည်!!!
သို့သော်လည်း၊ ထိုစကားမျိုးကို အသံထွက်ပြောလို့ မရနိုင်ပေ။
အလွန်အမင်း ဂုဏ်ယူဝင့်ကြွားနေသော လင်းပိုင်ဖန် ကို ရင်ဆိုင်ရသောအခါ သူတို့အားလုံး တစ်ညီတစ်ညွတ်တည်း မြှောက်ပင့်ကာ ပြောဆိုခဲ့ကြသည်။
ပထမဆုံးကတော့ အန်လုရှန်ပင် ဖြစ်သည်။
ဗိုက်ရွဲကြီးဖြင့် သူက ဖားယားပြီး ပြောဆိုလိုက်တာက– "အရှင်မင်းကြီး၏ မိန့်ကြားချက်တွေက အမှန်တကယ်ကို မှန်ကန်လှကြောင်းပါ။ ကျွန်တော်မျိုးတို့ရဲ့ စစ်တိုက်ထွက်ခြင်းက ကောင်းကင်၏ အလိုတော်ကို ဆောင်ရွက်ခြင်းဖြစ်၍၊ ကျွန်တော်မျိုးတို့သည် တရားမျှတသော စစ်တပ် ဖြစ်သည့်အတွက် ကောင်းကင်က ကျွန်တော်မျိုးတို့ကို ကူညီပံ့ပိုးခြင်း ဖြစ်ပါသည်။ သို့ရာတွင် ဤအရာအားလုံးသည် အရှင်မင်းကြီး၏ ဉာဏ်ပညာရှိသော ဦးဆောင်မှုနှင့် ကင်းကွာ၍ မရနိုင်ဟု ကျွန်တော်မျိုး ယုံကြည်မိပါသည်! အရှင်မင်းကြီး၏ လမ်းညွှန်မှု မရှိဘဲ၊ ကျွန်တော်မျိုးတို့သည် ဤမျှ ဘုန်းထူးသည့် အောင်ပွဲ ကို ရရှိနိုင်မည် မဟုတ်ပါ။ အရှင်မင်းကြီးသည် ဉာဏ်ပညာသည် ကောင်းကင်တမျှ ကြီးမားလွန်းလှပါသည်!"
ထို့နောက်တွင် ဟီရှန်း ရောက်လာခဲ့သည်။
သူသည် လောကအကြောင်းကို ပိုမိုနားလည်ကျွမ်းကျင်ပြီးတော့ ပြောဆိုလိုက်သည်မှာ– "အရှင်မင်းကြီးက ကံကောင်းခြင်းတွေနှင့် ပြည့်စုံသူ ဖြစ်တဲ့အတွက်ကြောင့် ကောင်းကင်က ကူညီခြင်းဖြစ်သည်၊ ထို့ကြောင့် ကံဆိုးမှုတွေကို ကောင်းချီးမင်္ဂလာ ဖြစ်စေပြီး ဘေးအန္တရာယ်ကို သာယာဝပြောအောင် ပြောင်းလဲနိုင်သည်ဟု ကျွန်တော်မျိုး အမြဲတမ်း ယုံကြည်မိပါသည်။ စစ်မှန်သော ကောင်းကင်၏ သားတော် မှသာ ဤကဲ့သို့သော ကောင်းချီးမင်္ဂလာများကို ခံစားနိုင်မည်ဖြစ်ပါသည်!"
ထို့နောက် အခြားသော ဗိုလ်ချုပ်များနှင့် အရာရှိများ လိုက်ပါလာကြပြီး၊ တစ်ဦးစီသည် နောက်တစ်ဦးထက် ပို၍ ပို၍ မြှောက်ပင့် ပြောဆို ကြပြီး၊ တစ်ဦးစီသည် နောက်တစ်ဦးထက် ပို၍ ရှက်ရွံ့ခြင်း ကင်းမဲ့လာကြသည်။
မြှောက်ပင့်သော စကားများက ဆက်တိုက်ဆိုသလို ဝင်ရောက်လာပြီး လင်းပိုင်ဖန် သည် ရယ်မောခြင်းကို မထိန်းနိုင်ဖြစ်လာကာ– "ဟား..ဟား..! ငါကိုယ်တော်ရဲ့ မှူးမတ်တွေက အမှန်တရားတွေကို ပြောဆိုနေတာပဲ၊ အားလုံးကလည်း တတယ်ကို လက်တွေ့ကျလှတယ်။ ငါကိုယ်တော် အလွန်ပင် စိတ်သက်သာရာ ရမိတယ်။ မောင်မင်းတို့ကို ပြန်ရောက်တဲ့အခါမှ ဆုလာဘ်တွေကို ကြွယ်ဝစွာ ချီးမြှင့်ပေးမယ်!"
"အရှင်မင်းကြီး၏ မေတ္တာတော်ကို ကျေးဇူးတင်လှပါသည်!" ဟု လူအုပ်ကြီးက တစ်ညီတစ်ညွတ်တည်း ပြောဆိုခဲ့ကြသည်။
ထိုအချိန်တွင် လင်းပိုင်ဖန်သည် သူ၏ ဓားကို ဆွဲထုတ်ပြီး ကျယ်လောင်စွာဖြင့် ကြွေးကြော်လိုက်သည်– "ရှနိုင်ငံတော်ရဲ့ စစ်သည်တော်တို့! မိုနိုင်ငံရဲ့ စစ်တပ်တွေက အောင်မြင်စွာနဲ့ အနိုင်ယူခံလိုက်ရပြီ၊ အန္တရာယ်လည်း ကင်းရှင်းသွားပြီ။ အခု ငါတို့တွေ မြောက်ဘက်ကို ဦးဆောင်သွားဖို့ အချိန်တန်ပြီ! တပ်ဖွဲ့အားလုံး၊ ငါကိုယ်တော်ရဲ့ နောက်ကိုလိုက်ပြီး! တိုက်ခိုက်ကြ!"
"တိုက်ခိုက်ကြ!!!" ရှ နိုင်ငံ စစ်သည်များ၏ စိတ်ဓာတ်များ မြင့်တက်လာခဲ့သည်။
မိုနိုင်ငံ၏ စစ်တပ်များ လုံးဝ ပျက်စီးသွားပြီးနောက်၊ ကျန်ရှိသော သူများမှာ ကစဉ့်ကလျား ဖြစ်နေသူများနှင့် စိတ်ဓာတ်ကျနေသော ဗိုလ်ချုပ်အချို့သာ ကျန်တော့သည်။ ဤတိုက်ပွဲကို သူတို့ အနိုင်မရနိုင်စရာ အကြောင်း ရှိနေသေးလို့လား?
ဤသည်မှာ စစ်ရေးအရ အောင်မြင်မှုဖြစ်ပြီး အလကားရသည်ကို လွဲချော်၍ မဖြစ်နိုင်ပေ!
ချက်ချင်းပင်၊ ရှ နိုင်ငံတော်မှ စစ်သည် ၂၀၀,၀၀၀ သည် စိတ်အားထက်သန်စွာဖြင့် ရှေ့သို့ တိုးဝင်လာပြီး တစ်ဖက်ကမ်းသို့ တိုက်ခိုက်ဝင်ရောက်ခဲ့သည်။
မိုဘုရင်နှင့် ကျန်ရှိသော ဗိုလ်ချုပ်များသည် ဤမြင်ကွင်းကို မြင်တွေ့ရသည့်အခါ ကြောက်ရွံ့တုန်လှုပ်ကာ မျက်နှာများ ဖြူဖတ်ဖြူရော် ဖြစ်သွားခဲ့ကြသည်။
"မြန်မြန်! ငါတို့ ထွက်ပြေးရမယ်!"
သူတို့သည် စိတ်ဓာတ်များ နိမ့်ပါးနေသော စစ်တပ်အကြွင်းအကျန်များကို ဦးဆောင်ကာ မိုနိုင်ငံဆီသို့ ထွက်ပြေးခဲ့ကြသည်။
လင်းပိုင်ဖန် ကမူ စစ်တပ် ၂၀၀,၀၀၀ ကို ဦးဆောင်ကာ အပြင်းအထန် လိုက်လံခဲ့ပြီး မိုနိုင်ငံ၏ နယ်မြေကို ရှ နိုင်ငံတော်၏ မြေပုံထဲသို့ တစ်ဖန် ပြန်လည် ထည့်သွင်းခဲ့သည်။
ဤတိုက်ပွဲ၏ ရလဒ်သည် အတောင်ပံများ ပေါက်လာသကဲ့သို့ တစ်ပြည်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။
ရှ နိုင်ငံတော်က တကယ် နိုင် သွားတာလား?
"ဝိုး! လုံးဝ မမျှော်လင့်ထားတဲ့ အရာပဲ။ ရှ နိုင်ငံမှာ ငလျင်လှုပ်တယ်၊ မြေကြီးအက်ကွဲတယ်၊ နှစ်နိုင်ငံကြား စစ်မြေပြင်မှာပဲ အက်ကွဲကြောင်းကြီး ပေါ်လာပြီး မိုနိုင်ငံရဲ့ စစ်တပ် ၄၀၀,၀၀၀ ကို ဝါးမြိုလိုက်တယ်၊ ရှ နိုင်ငံရဲ့ တပ်တွေကတော့ အထိအခိုက်မရှိဘဲ ကျန်ခဲ့တယ်!"
"ကံကြမ္မာကို တန်ခိုးစွမ်းအားတွေနဲ့တောင်မှ မကျော်လွှားနိုင်ဘူး။ ဒီလိုဖြစ်ရပ်မျိုးကို ဘယ်သူကများ ကြိုတင်ခန့်မှန်းနိုင်မှာလဲ?"
"မိုနိုင်ငံရဲ့ကံက အရမ်းကို ဆိုးလွန်းနေတာပဲ မဟုတ်ဘူးလား? ပထမ သံသတ္တုတွင်း ပြိုကျမှုကနေ စစ်သည် ၂၀၀,၀၀၀ သေသွားခဲ့တယ်။ အခု ငလျင်က နောက်ထပ် ၄၀၀,၀၀၀ ကို ယူသွားတယ်၊ နိုင်ငံတစ်ခုလုံးက အခုဆို မသန်မစွမ်းဖြစ်သွားပြီ၊ သနားစရာပဲ!"
"ဒီ မိုက်မဲလှတဲ့ ဧကရာဇ် ရဲ့ကံက မယုံနိုင်လောက်အောင် ကောင်းနေတာလို့ပဲ ပြောရမလား? အခက်အခဲအားလုံးကြားကနေ အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်တာက အံသြဘ?"
"ဒီ မိုက်မဲတဲ့ ဧကရာဇ်၊ သူ့ဘဝက မဆုံးသတ်မသွားခဲ့ဘူး၊ ဘယ်လောက်တောင် ကံထူးလိုက်လဲ!"
လူတိုင်း ခေါင်းခါခဲ့ကြသည်။ ဒီတိုက်ပွဲက အရမ်းကို ထူးဆန်းလွန်းလှသည်!
နိုင်သင့်သူ များက မနိုင်ကြဘဲ၊ မနိုင်သင့်သူ များက အောင်ပွဲတွေအားလုံးကို ယူသွားကြသည်။
သေသင့်သူ များက မသေကြဘဲ၊ မသေသင့်သူ များကတော့ လုံးဝကို ပျောက်ကွယ်သွားခဲ့ကြသည်။
ဒီ မိုက်မဲလှတဲ့ ဧကရာဇ် ဟာ သူ့ဘဝဟောင်းမှာ ဘယ်လောက်တောင် ကုသိုလ်တွေကို စုခဲ့လို့၊ ဒီလိုမျိုး ကောင်းကင်ကိုတောင် ဆန့်ကျင်နိုင်တဲ့ ကံမျိုးရဖို့ ဘယ်လောက်တောင်မှ ကံကောင်းခြင်းတွေကို စုဆောင်းခဲ့တာလဲဟ?
ထိုအချိန်တွင်မူ လင်းပိုင်ဖန် သည် မိုနိုင်ငံကို တိုက်ခိုက်ရန် မဟာစစ်တပ်ကြီးကို ဦးဆောင်နေဆဲ ဖြစ်သည်။
မိုနိုင်ငံ၏ စစ်ရေးအင်အားစုများသည် လုံးဝနီးပါး ဖျက်ဆီးခံထားရပြီး၊ ကျန်ရှိသော တပ်များသည် ခုခံလိုစိတ် ပျောက်ဆုံးနေကာ ဆက်လက်တိုက်ခိုက်လိုစိတ်လည်း မရှိတော့ပေ။ လင်းပိုင်ဖန်သည် တစ်မြို့ပြီး မြို့တစ် သိမ်းပိုက်ရာတွင် မည်သည့် အတားအဆီး မှ မကြုံတွေ့ခဲ့ရပေ။
တစ်ပတ်ပင် မပြည့်လိုက်ပဲ သူသည် မိုနိုင်ငံ၏ မြို့တော်မှလွဲ၍ နယ်မြေအားလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။
ဤအချိန်တွင် လင်းပိုင်ဖန်သည် သူ၏ မဟာစစ်တပ်ကြီးကို မြို့တော်ဂိတ်ဝဆီသို့ ဦးဆောင်လာခဲ့သည်။
မိုနိုင်ငံ မြို့တော်တွင် စစ်သား ၂၀၀,၀၀၀ နီးပါး ကျန်ရှိနေသေးပြီး ရှ နိုင်ငံ၏ စစ်တပ်ကို ခုခံရန် အပြည့်အဝ စွမ်းဆောင်နိုင်သော်လည်း၊ သူတို့သည် လင်းပိုင်ဖန်၏ ခြိမ်းခြောက်မှုကို အပြင်းအထန် ခံထားရပြီး ယခုအခါတွင် မြို့တော်ကိုသာ ခိုင်မာစွာ ကာကွယ်နေကြကာ မြို့ဂိတ်များကိုလည်း တင်းကျပ်စွာ ပိတ်ထားသည်။
လင်းပိုင်ဖန်က အော်လိုက်သည်– "အဖိုးကြီး လုံယီ (မို ဘုရင်၏ အမည်)! မင်း မြို့ထဲမှာ ပုန်းနေတာ ငါသိတယ်! တိုက်တဲ့နေရာမှာတော့ အသုံးမကျဘူး၊ ဒါပေမဲ့ ပြေးရာမှာတော့ တော်တော်ကို တော်လှချည်လား? အခုကစပြီး မင်းကို လုံယီ လို့ ခေါ်သင့်တော့ဘူး၊ လုံဖောင်းဖောင်း ကမှ မင်းနဲ့ ပိုသင့်တော်လိမ့်မယ်!" ( paoက တရုတ်လို ပြေးတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ)
မိုဘုရင်သည် အလွန်အမင်း အရှက်ခွဲခြင်းကို ခံစားလိုက်ရသည်။
စစ်တိုက်ရာတွင် ကိုယ်တိုင် ဦးဆောင်ခဲ့သော်လည်း အောင်ပွဲ မရသည့်အပြင် ရန်သူ့ကြောင့် ရှက်စရာကောင်းစွာ ရှုံးနိမ့်ခဲ့ပြီး ထွက်ပြေးခဲ့ရသည်၊ မျက်နှာပါ ပျက်ခဲ့ရသည်!
ထို့အပြင် နယ်မြေကို ဆုံးရှုံးလိုက်ရသည်မှာ ဒါနဲ့ဆို ဒုတိယအကြိမ် ရှိနေပြီဖြစ်သည်!
သူသည် မိုက်မဲလှတဲ့ ဧကရာဇ် တစ်ပါးကြောင့် နှစ်ကြိမ်ဆက်တိုက် ရှုံးနိမ့်ခဲ့ရသည်ကို တွေးကြည့်ပါက သူသည် ထို မိုက်မဲလှတဲ့ ဧကရာဇ် ထက်ပင် ပိုဆိုးနေသည်ဟု မဆိုလိုပေဘူးလား?
အရှက်ရခြင်းသည် သည်းမခံနိုင်အောင်ပင် ဖြစ်လာခဲ့ပြီး သူသည် မိမိကိုယ်ကို သတ်သေ ရန်ပင် စဉ်းစားမိလိုက်သည်။