အခန်း (၂၆)
Vol. 2 Ch. 26
လူအုပ်သည် မြို့ပြင်ဘက်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
မြေပြင်တွင် ဖြစ်ပေါ်နေသော အက်ကွဲကြောင်းကြီးကို လက်ညှိုးထိုးပြရင်း ဟီရှန်းက ဝမ်းမြောက်ဝမ်းသာစွာဖြင့် လျှောက်တင်လိုက်သည် - “အရှင်မင်းကြီး၊ ကြည့်တော်မူပါ ဒီအောက်တွင် မြုပ်နေသည်က သံရိုင်း သိုက် ဖြစ်ပြီး အရည်အသွေးအားဖြင့် ဟူကျို့ သံသတ္တုတွင်းက သံရိုင်းနှင့် အတူတူပဲ ဖြစ်ပါတယ်! ဒါ့အပြင်ကို ဒါတွေအားလုံးက အပေါ်မှာ ပေါ်လွင်နေသဖြင့် စုဆောင်းဖို့က ပိုမိုလွယ်ကူလှပါတယ်!”
လင်းပိုင်ဖန်က ညှင်သာစွာ ပြုံးလိုက်သည်။ ဤသည်မှာ သူကိုယ်တိုင် ဟူကျို့ သတ္တုတွင်းမှ ရွှေ့ပြောင်းလိုက်သည့် သံရိုင်းတွေ ဖြစ်သည်။
“မဆိုးဘူးပဲ၊ မဆိုးဘူး၊ နောက်ထပ်များ ရှိသေးသလား” ဟု လင်းပိုင်ဖန်က ပြုံးလျှက် မေးလိုက်သည်။
“ရှိပါသေးတယ် အရှင်မင်းကြီး၊ ဆက်လက် ကြွပါဦး”
အမွှေးတိုင်တစ်ဝက်စာခန့် အချိန်ကြာပြီးနောက်၊ သူတို့သည် အခြားသော အက်ကွဲကြောင်း တစ်ခုသို့ ရောက်ရှိလာခဲ့သည်။
ဟီရှန်းက နံရံရှိ သတ္တုရိုင်းတွေကို လက်ညှိုးထိုးပြပြီး ဝမ်းမြောက်စွာဖြင့် - “အရှင်မင်းကြီး၊ ကြည့်တော်မူပါ၊ ဒါတွေက ငွေတွေပဲ ဖြစ်ပါတယ်။ ဤငလျင်သာ မလှုပ်ခဲ့လျှင် ကျွန်တော်မျိုးတို့ ဘယ်တော့မှ ရှာဖွေတွေ့ရှိနိုင်မှာ မဟုတ်ပါဘူး! ငွေပါဝင်မှု ပမာဏက အလွန်မြင့်မားပြီး ပမာဏလည်း များပြားသည့်အပြင် တူးဖော်ရန်လည်း လွယ်ကူပါတယ်။ ကျွန်တော်မျိုးတို့ တူးဖော်ပြီး သန့်စင်လိုက်သည်နှင့်၊ ကျွန်တော်မျိုးတို့၏ ရှ နိုင်ငံတော်ဟာ ငွေကြေးဘယ်တော့မှ ရှားပါးတော့မှာ မဟုတ်ပါဘူး!”
“အလွန်ကို ကောင်းတယ်!” လင်းပိုင်ဖန်က ကျေနပ်စွာဖြင့် ထပ်မံ ခေါင်းညိတ်လိုက်သည်။ “နောက်ထပ်များ ရှိသေးသလား”
“ရှိပါသေးတယ် အရှင်မင်းကြီး၊ ကျေးဇူးပြု၍ ကျွန်တော်မျိုးနောက် လိုက်ခဲ့ပါ!”
ထို့နောက် ဟီရှန်းသည် လင်းပိုင်ဖန်နှင့် အခြားသူများကို မြို့တော်အနီးရှိ ငလျင်အက်ကွဲကြောင်းများအတိုင်း ဦးဆောင်ခေါ်သွားကာ သတ္တုသိုက် တစ်ခုပြီးတစ်ခုကို ထောက်ပြခဲ့သည်။
ကြေးနီမိုင်းများ၊ ငွေမိုင်းများ၊ သံမိုင်းများ၊ ကျောက်မီးသွေးမိုင်းများ စသည်တို့ကို လိုက်လံ ပြသခဲ့သည်။
အက်ကွဲကြောင်းတိုင်းတွင် သတ္တုမိုင်းတစ်ခုစီ ရှိနေသကဲ့သို့ ဖြစ်နေသည်။
သတ္တုက အလွန်များပြားလှသဖြင့် ၎င်းတို့ အားလုံးကို စူးစမ်းရှာဖွေလို့ မပြီးခင်မှာ ညနေရောက်သွားတဲ့အတွက် ညစာစားရန် ပြန်ရတော့မည်ဖြစ်သည်။
အပြန်တွင် ဟီရှန်းက ဆက်လက် လျှောက်တင်ခဲ့သည် - “အရှင်မင်းကြီး၊ ဒါတွေဟာ မြို့တော်အနီးမှာ ရှိတဲ့ သတ္တု သယံဇာတတွေသာ ဖြစ်ပါတယ်၊ မြို့တော်ရဲ့ ပြင်ပမှာ နောက်ထပ် များစွာ ရှိပါသေးတယ်၊ ဒါပေမယ့် ဝေးလွန်းတဲ့ အတွက်ကြောင့် တစ်ခုချင်းစီကို ပြသဖို့က မဖြစ်နိုင်ပါဘူး! ယခုတစ်ကြိမ်က သတ္တုသယံဇာတတွေက ထူးခြားတဲ့ လက္ခဏာရပ် အချို့ကို ပြသနေပါတယ်!”
“အို့…ဘာတွေလဲ၊ ပြောစမ်းပါဦး” ဟု လင်းပိုင်ဖန်က ပြုံးလျှက် မေးလိုက်သည်။
“ပထမအချက်က သတ္တုသယံဇာတတွေက အလွန်ကို စုစုစည်းစည်း ရှိနေပါတယ်၊ အများအားဖြင့် မြို့တော်ပတ်ဝန်းကျင်မှာ ဖြစ်ပြီး၊ တစ်နိုင်ငံလုံးမှာ အနည်းငယ်သာ ပြန့်ကျဲနေပါတယ်၊ မြို့တံခါးဝကနေဆိုရင် ၎င်းတို့ဆီသို့ မိနစ် ၃၀ မပြည့်ခင်လေးမှာပဲ ရောက်နိုင်ပါတယ်!”
လင်းပိုင်ဖန်က ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ သူ၏ ရည်ရွယ်ချက်ပင် ဖြစ်သည်၊ အကောင်းဆုံး အရာများကို အိမ်နှင့်နီးနီးလေးတွင် ထားသင့်သည်။
“ဒုတိယအချက်မှာ သတ္တုသယံဇာတတွေရဲ့ အမျိုးအစားက အလွန်ကျယ်ပြန့်နေပါတယ်၊ ကြေးနီမိုင်း၊ သံမိုင်း၊ ကျောက်မီးသွေးမိုင်း စသည်ဖြင့် ကျွန်တော်မျိုးတို့ လိုအပ်သည့် သတ္တုအားလုံးနီးပါးကို တွေ့ရှိလိုက်ရပါတယ်! ဒါ့အပြင်ကိုမှ ဤမတူညီတဲ့ သတ္တုတွေ အတူတကွ စုစည်းနေခြင်းက အမှန်တကယ်ကို အံ့ဖွယ်ပင် ဖြစ်နေပါတယ်!”
လင်းပိုင်ဖန်က ထပ်မံ ခေါင်းညိတ်လိုက်သည်၊ “ဟုတ်ပေသည်၊ အံ့ဖွယ်ပါပဲ!”
သဘာဝအခြေအနေများအောက်တွင် ဤသတ္တုများသည် အတူတကွ တည်ရှိနေနိုင်မည် မဟုတ်ပေ။ သို့သော် မြေပုံပေါ်တွင် သူ၏ ထိန်းချုပ်မှုအောက်တွင်မူ ဤအရာအားလုံးက ဖြစ်လာနိုင်သည်။
“တတိယအချက်မှာ ဤသတ္တုသယံဇာတ အများစုက မြေမျက်နှာပြင်မှာ ပွင့်လင်းမြင်သာစွာ တည်ရှိနေပြီး မြို့တော်နှင့် အလွန်နီးကပ်သောကြောင့် တူးဖော်ရာတွင် အလွန် အဆင်ပြေလှပါသည်၊ ဤသည်မှာ လူအင်အားနှင့် ပစ္စည်းအရင်းအမြစ် များစွာကို သက်သာစေပါသည်! ထို့အပြင် သတ္တုတွေ စုစည်းနေခြင်းကလည်း ကျွန်တော်မျိုးတို့ကို သိသိသာသာ အင်အားနှင့် ပစ္စည်းအရင်းအမြစ် ပမာဏ နောက်တစ်ခုကို သက်သာစေပါတယ်!”
လင်းပိုင်ဖန်က ထပ်မံ ခေါင်းညိတ်လိုက်သည်၊ ထပ်ပြီးတော့ ပြောစရာ မလိုပေ။ ဤသည်မှာ လူအင်အားနှင့် ပစ္စည်းအရင်းအမြစ်များကို ချွေတာရန်အတွက် သူ့လုပ်ရပ်ပင် ဖြစ်သည်။
သူ ချွေတာနိုင်လေ၊ သူ ပိုမိုရရှိလေပင် ဖြစ်သည်။
“အရှင်မင်းကြီး၊ သတ္တုတွေက အလွန် များပြားလှပြီး အမျိုးအစားကလည်း စုံလင်လှပါတယ်၊ ကျွန်တော်မျိုးက ၎င်းတို့ရဲ့ တန်ဖိုးကို စာရင်းပြုစုပြီး ခန့်မှန်းဖို့အတွက် ကျွမ်းကျင်ပညာရှင်များကို စေလွှတ်ပြီး ဖြစ်ပါတယ်! အရှင်မင်းကြီး၊ ဤသတ္တုသယံဇာတ အားလုံး၏ စုစုပေါင်း တန်ဖိုး မည်မျှ ရှိမည်ဟု ထင်ပါသလဲ?”
“ဘယ်လောက်လဲ?” ဟု လင်းပိုင်ဖန်က မေးလိုက်သည်။
ရင်ထဲက စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရင်း ဟီရှန်းက ပြန်ဖြေလိုက်သည် - “အရှင်မင်းကြီး၊ ဤသတ္တုသယံဇာတတွေရဲ့ စုစုပေါင်း တန်ဖိုးက ငွေတေး သန်း ၂၀ ရှိပါတယ်!”
သူ၏ ဘေးတွင် ထိုင်နေသော ယောင်ယောင်က မတည်မငြိမ် ဖြစ်သွားပြီး “ငွေတေး သန်း ၂၀? ! ဒီလောက်တောင် များတာလား” ဟု ပြောလိုက်သည်။
လင်းပိုင်ဖန်က တိတ်တဆိတ် ပြုံးလိုက်သည်။ ဒါက ဘာများ များနေလို့လဲ?
သူ မဖော်ထုတ်ရသေးတဲ့ သတ္တုသယံဇာတတွေက တစ်ဝက်ကျော်ကျော်လောက်ထိ ကျန်နေသေးသည်။
ဥပမာအားဖြင့် ရွှေမိုင်း တွေကို ကြည့်လိုက်ပါ။ ၎င်းတို့က ပိုတောင်မှ တန်ဖိုးရှိသေးသည်။
ဒါပေမဲ့ အဲဒါတွေကို ဖော်ထုတ်လို့က မကောင်းသေးပေ၊ မဟုတ်ရင် အင်အားကြီးနိုင်ငံတွေရဲ့ လောဘ ကို ဆွဲဆောင်မိပေလိမ့်မည်။
“ရှိပါသေးတယ်!”
ဟီရှန်းက အသံကျယ်ကျယ်ဖြင့် - “ကျွန်တော်မျိုးတို့က အကြမ်းဖျင်း ခန့်မှန်းမှုသာ ပြုလုပ်ရပါသေးတယ်၊ မြေအောက်မှာ မြှုပ်နေတဲ့ သတ္တုရိုင်းတွေ အများကြီး ရှိပါသေးတယ်၊ အဲဒါတွေကို တိတိကျကျ မတွက်ချက်နိုင်သေးပါဘူး! ဒါပေမဲ့ စုစုပေါင်း တန်ဖိုးက ငွေတေး သန်း ၂၀ ထက် သေချာပေါက် ပိုများပါလိမ့်မယ်!”
ယောင်ယောင်သည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး “ ငွေတေး သန်း ၂၀ ထက်တောင် ပိုများတယ်တဲ့လား!!!”
ထို့နောက် သူမသည် လင်းပိုင်ဖန်၏ လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည် - “ငွေတေး သန်း ၂၀ ထက် ကျော်တဲ့ တန်ဖိုးရှိတဲ့ သတ္တုသယံဇာတတွေ! သတ္တုက အမျိုးအစားတိုင်းလည်း ပါသေးတယ်! အရူးဧကရာဇ်လေး၊ ရှင် ချမ်းသာ ပြီပဲ! ရှင် ဘယ်လောက်ထိ ချမ်းသာသွားလဲဆိုတာ ရှင် သိလား?”
လင်းပိုင်ဖန်က - “စိတ်အေးအေးထားပါ! ဒါက ငွေတေး သန်း ၂၀ ကျော်သာ တန်ဖိုးရှိတဲ့ သတ္တုသယံဇာတတွေပဲလေ၊ စိတ်လှုပ်ရှားစရာ ဘာရှိလို့လဲ?”
“ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ?”
ယောင်ယောင်က အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် - “ငွေတေး သန်း ၂၀ ကျော် တန်ဖိုးရှိတဲ့ သတ္တုသယံဇာတတွေ၊ စိတ်ကူးလို့ ရသမျှ အရင်းအမြစ် အမျိုးအစားတိုင်း ပါဝင်နေတာလေ။ အဲဒါ ဘယ်လောက်များတဲ့ ပိုက်ဆံလဲဆိုတာ ရှင် သိလား?”
ယောင်ယောင်သည် သူမကိုယ်သူမ အမှတ်မထင် တွေးမိလိုက်သည်၊ သူမ အလွန် ကြိုးစားခဲ့ရပြီး ငွေ အနည်းငယ်ကိုသာ ရှာနိုင်ခဲ့သည်။ ဒါပေမဲ့ ဒီတစ်ယောက်ကတော့ ဘယ်လိုလဲ?
သူက မိုက်မဲတဲ့ လုပ်ရပ်တွေ အများကြီး လုပ်ခဲ့တယ်၊ မကြာခဏ လူတွေကို စော်ကားခဲ့တယ်၊ နိုင်ငံ ပျက်စီးမယ့် အန္တရာယ်ကိုလည်း ရောက်ခဲ့တယ်။
သို့သော် ငလျင်လှုပ်ပြီးနောက်မှာတော့ နိုင်ငံပျက်စီးမယ့် အန္တရာယ်ကို ရှောင်ရှားနိုင်ရုံသာမက ငွေတေးသန်း ၂၀ ကျော်ကိုပါ ရရှိခဲ့တယ်။ သူ၏ ကံကြမ္မာက အတိုင်းအဆမရှိ ကောင်းမွန်နေတာလား?!
ဒီလူဟာ ကံကြမ္မာရဲ့ သားတော် အစစ်အမှန် ဖြစ်နေတာများလား?
ဒီလောက်တောင်မှ အားပေးမြှောက်စား ခံနေရတာလား?
ယောင်ယောင် တွေးလေလေ၊ သူမ ရင်ထဲမှာ မတရားဘူးလို့ ခံစားရလေလေ ဖြစ်လာခဲ့သည်။
“ငါက လူတိုင်းက ချစ်ခင်မြတ်နိုးရတဲ့ မင်းသမီးလေး ယောင်ယောင် ဖြစ်ပါရဲ့နဲ့၊ ဒါပေမဲ့ ဒီ အရူးဧကရာဇ်လေးကိုတောင် မယှဉ်နိုင်ဘူး!”
ဒေါသထွက်လာခဲ့ပြီး လင်းပိုင်ဖန်ရဲ့ လက်ကို ဆွဲကိုင်ပြီး ကိုက်လိုက်သည်။
လင်းပိုင်ဖန်က အော်လိုက်ကာ - “ယောင်ယောင်၊ မင်း ငါ့ကို ဘာလို့ ကိုက်တာလဲ?”
“စိတ်တိုလို့၊ ကိုက်ချင်စိတ် ပေါ်လာလို့ ကိုက်လိုက်တာ!”
လင်းပိုင်ဖန် - “အား.... နာတယ်ဟ”
သူတို့ ဘေးတွင် ထိုင်နေသော ဟီရှန်းက ချောင်းဟန့်ပြီး မမြင်ချင်ယောင် ဆောင်ကာ ခေါင်းကို လှည့်လိုက်သည်။