သူတို့ကိုထွက်သွားခိုင်းလိုက်
Vol. 18 Ch. 256
စင်စစ်တွင် ရှယ်ယာရှင်အများစုသည် မုန်းတီးလွန်းသောကြောင့် မနေနိုင်မထိုင်နိုင်ဖြစ်နေကြသော်လည်း ကျန်းမုန့်လောင်က အကြီးဆုံးရှယ်ယာရှင်ဖြစ်နေသည့်အတွက် သူကသာ နောက်ဆုံးဆုံးဖြတ်ချက်ကို ချနိုင်သဖြင့် သူတို့ခ ဘာမှမတတ်နိုင်ရှာပေ။ အနောက်တိုင်းသားများ၏ တောင်းဆိုချက်ကို သူ့ဘက်က လက်ခံဖို့ မလိုလားလျှင် မည်သူကမှ သူ့ကို ဖိအားမပေးနိုင်ချေ။
"ဒီလိုဖြစ်နေမှတော့ ကျုပ်တို့လည်း ပူးပေါင်းမှုကို ရုပ်သိမ်းလို့ရတာပဲ"
မျာ
အင်ဖယ်လိုက်က စားပွဲကိုရိုက်ချ၍ မတ်တတ်ထရပ်လိုက်သည်။ ကုမ္ပဏီကသာ အရှုံးနှင့်ရင်ဆိုင်ရမည့် အခြေအနေကိုရောက်လာပါက သူပိုင်ဆိုင်ထားသော ထိုရှယ်ယာများကလည်း အာလူးပူတစ်လုံး ဖြစ်လာလိမ့်မည်သာ။
"ကုမ္ပဏီဘက်က ကျုပ်ရဲ့ရှယ်ယာတွေကို ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ပေးဖို့ တောင်းဆိုပါတယ်"
ရှယ်ယာရှင်များအားလုံးလည်း အမေရိကမှ ဤအရင်းရှင်ကြီးများကို သူတို့ရှယ်ယာများ ထုတ်ရောင်းလာစေရန် ဖျောင့်ဖျခဲ့ရသည့်အခက်အခဲကို တွေးဆလိုက်မိသဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ ကုမ္ပဏီအနေနှင့် ဤပြဿနာနှင့်မကြုံခင်က Silicon Moonlight၏အမြတ်အစွန်းက အင်အားကောင်းခဲ့ပြီး အင်ဖယ်လိုက်ကလည်း သူ့နာမည်အောက်ရှိ ရှယ်ယာပမာဏကို တိုးမြှင့်ရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့သည်။
သို့သော် ယခုမူ မည်သူကများ ထိုရှယ်ယာများကို လက်ဝါးကြီးအုပ်ချင်တော့မည်လဲ။ ကုမ္ပဏီသာ တကယ်ဒေဝါလီခံသွားလျှင် သူတို့ရှယ်ယာများလည်း မြောင်းထဲရောက်သွားမည်ဖြစ်ပြီး ငွေကြေးအဖြစ် ပြောင်းလဲ၍ မရနိုင်တော့ပေ။ ရှယ်ယာခပ်များများကိုင်ထားသည်ဆိုလျှင်ပင် ဘာအသုံးဝင်မည်နည်း။
"ကျုပ်တို့လည်း ရောင်းချင်တယ်"
ဥရောပနှင့် အမေရိကမှ အခြားရှယ်ယာရှင်များကလည်း တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်လာကြသည်။ အကြောင်းမှာ Silicon Moonlightအနေနှင့် တစ်ဖန်ပြန်ရုန်းထလာနိုင်မည့် နည်းလမ်းတစ်စုံတစ်ရာကိုမှ သူတို့ တွေးမရတော့သောကြောင့်ပင်။
"အိုး"
ကျန်းမုန့်လောင် မျက်ခုံးပင့်လိုက်သည်။
"တခြားဘယ်သူတွေ ရောင်းချင်သေးလဲ"
"ဟမ့်.. မသိနားမလည်တဲ့လူငယ်တစ်ယောက်ပဲ"
ကောင်းဖန်ဟုခေါ်သော ရှယ်ယာရှင်ကလည်း မတ်တတ်ထရပ်လာပြီး အခြားဟွာရှားလူမျိုးရှယ်ယာရှင်များနှင့်အတူ သူ့ရပ်တည်ချက်ကို ပြသလာသည်.
ကျန်းမုန့်လောင်က အစည်းအဝေးခန်းမကို စေ့စေ့စပ်စပ်လှည့်ပတ်ကြည့်ရှုလိုက်လေရာ သူကိုယ်တိုင်ကလွဲလျှင် ရှုစုန့်ဟိုင်အပါအဝင် ရှယ်ယာရှင်သုံးဦးသာ ထိုင်နေလေသည်။
"မစ္စတာကျန်း.. ဒီရှယ်ယာရှင်လေးယောက်က ဥက္ကဋ္ဌဟောင်းနဲ့အတူ စီးပွားရေးလောကကို အစောဆုံးကြီးစိုးခဲ့ကြသူတွေပါ။ သူတို့က ကုမ္ပဏီအပေါ် သံယောဇဉ်ရှိတာကြောင့် ဒေဝါလီခံရရင်တောင် အဆုံးအထိ ကပ်တွယ်နေဖို့ ဆုံးဖြတ်ချက်ချထားတဲ့လူတွေပါ"
ရှုဟွမ်းက ကျန်းမုန့်လောင်ကို တီးတိုးကပ်ပြောလိုက်၏။
"ဒီနေ့ သူတို့ရဲ့ရွေးချယ်မှုအတွက် နောင်အနာဂတ်ကျရင် သူတို့ကိုယ်သူတို့ ဉာဏ်ရှိပါလားလို့ ခံစားမိကြလိမ့်မယ်"
ကျန်းမုန့်လောင်က ခပ်ပြုံးပြုံးလေး ပြောလိုက်လေသည်။
"ကောင်းပြီလေ။ ဒါဆို အခု အကုန်လုံးက ရှယ်ယာတွေပြန်ရောင်းချင်ကြတယ်ပေါ့"
ကျန်းမုန့်လောင် မေးလိုက်၏။
မတ်တတ်ရပ်နေသော ရှယ်ယာရှင်များထဲမှ မည်သူကမှ စကားမပြောချင်ကြပေ။ အားလုံးက သွယ်ဝိုက်၍ သဘောတူနေကြသည်။
"အရမ်းကောင်းတယ်"
ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။
"ခင်ဗျားတို့ လိုက်မေးကြည့်လိုက်။ ဘယ်သူက လိုချင်မှာလဲလို့"
ဤမေးခွန်းမေးလိုက်သောအခါ ရှယ်ယာရှင်များအားလုံး ကြက်သေသေသွားကြသည်။
စင်စစ်တွင် မည်သူကများ ဤရှယ်ယာများကို ဝယ်ချင်မလဲ။ ကျန်ရှိနေသေးသော ရှယ်ယာရှင်လေးယောက် တောင့်ခံထားနိုင်ခြင်းကပင် အထင်ကြီးဖို့ကောင်းနေလေပြီ။ မည်သူကများ သူတို့အန္တရာယ်ကို လက်လွှဲယူချင်မည်လဲ။
ယနေ့မနက်က စတော့ဈေးကွက်ဖွင့်ပြီး တစ်နာရီမကြာသေးခင်မှာပင် Silicon Moonlight၏ရှယ်ယာများက အောက်ဆုံးအထိ ထိုးကျသွားခဲ့သည်။ နှစ်ရက်အတွင်းမှာတင် ကုမ္ပဏီ၏ပိုင်ဆိုင်မှုက ၂၀ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ရသည်။
နိုင်ငံတော်က ကိုယ်ပိုင်သုတေသနနှင့် ဖွံ့ဖြိုးရေးကို စတင်အားပေးနေပြီဖြစ်သော်ငြား ၎င်းမှာ ရေရှည်လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ရေတိုအတွင်း၌ အခြေအနေက ပိုမိုကောင်းမွန်လာမည်မဟုတ်သည်မှာ သေချာလှသည်။ နိုင်ငံတော်က သုံးနှစ်မှ ငါးနှစ်အထိ တောင့်ခံထားနိုင်သော်ငြား သူတို့၏လုပ်ငန်းကတော့ ထိုသို့မဟုတ်ပေ။
လက်ရှိအခြေအနေကို ထည့်သွင်းစဉ်းစားလိုက်လျှင် ဤရှယ်ယာများက သူတို့လက်ထဲမှာတင် ပုပ်သိုးဆွေးမြည့်သွားနိုင်လေသည်။
"ဒါပေမဲ့ ကျုပ် ခင်ဗျားတို့ဆီက ရှယ်ယာတွေကို ဝယ်နိုင်ပါတယ်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"မင်းကဝယ်မှာလား"
သူတို့က ကျန်းမုန့်လောင်ကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်၏။
သို့သော် သူတို့ အံ့ဩ၍မဆုံးသေးခင်မှာပင် ကျန်းမုန့်လောင်က ခပ်မြန်မြန်ထပ်ဖြည့်ပြောလာ၏။
"ဒါပေမဲ့ လက်ရှိဈေးကွက်တန်ဖိုးရဲ့၅၀ရာခိုင်နှုန်းနဲ့ပဲ ဝယ်မယ်"
"မင်းက အခြေအနေကို အခွင့်ကောင်းယူနေတာပဲ"
ရှယ်ယာရှင်များက ကျန်းမုန့်လောင်ကို ဒေါသတကြီးစိုက်ကြည့်လိုက်ကြသည်။
"ခင်ဗျားတို့ မရောင်းချင်လည်း ရတာပဲ။ ကျုပ်ကတော့ စိတ်ထဲမထားပါဘူး"
ကျန်းမုန့်လောင်က သူ့လက်နှစ်ဖက်ကိုဖြန့်ကားပြသည်။
"နောက်တစ်ပတ်လောက် ထပ်စောင့်ကြည့်လိုက်။ အဲ့ဒီအချိန်ကျရင် ၃၀ရာခိုင်နှုန်းဆိုရင်တောင် များနေဦးမှာ။ ကျုပ်ကိုမယုံရင် စောင့်ကြည့်လိုက်လေ"
ကျန်းမုန့်လောင်က တကယ်ဂရုမစိုက်ပေ။ သူ ဆန္ဒရှိပါက ကုမ္ပဏီ၏စတော့ရှယ်ယာဈေးနှုန်းကို အရင်းအနှီးလုပ်ငန်းများဖြင့် လွတ်လပ်စွာထိန်းချုပ်ပြီး ကလေးကစားနေသည့်အလား ဈေးကွက်တန်ဖိုးကို ထက်ဝက်လျော့ကာ အနိမ့်ဆုံးအထိ ထိုးဆင်းသွားအောင်လုပ်နိုင်သည်။
ဤရှယ်ယာများမှာ ကျန်းမုန့်လောင်၏လက်ထဲတွင် မြဲမြဲမြံမြံတည်ရှိနေဆဲသာ။ သူ့ပရောဂျက်ကို စတင်မိတ်ဆက်လိုက်သည်နှင့် ကုမ္ပဏီကလည်း အချိန်မရွေးနာလန်ပြန်ထူနိုင်ပြီး သူလည်း ရှယ်ယာများကို ဈေးကွက်ထဲမှ ဈေးနိမ့်နိမ့်ဖြင့် အလွယ်တကူပြန်ဝယ်နိုင်ပေသည်။ သူက ဘာကြောင့် ထိုသို့မလုပ်စရာအကြောင်းရှိလဲ။
ကျန်းမုန့်လောင် စိတ်ရှည်ရှည်ထားနိုင်သည်။ သို့သော် ထိုရှယ်ယာရှင်များကမူ စိတ်ရှည်ရှည်မထားနိုင်လောက်ပေ။ နှစ်ရက်ဆက်တိုက်ရှယ်ယာထိုးကျပြီးနောက် သူတို့အားလုံး ထိတ်လန့်နေကြပြီဖြစ်၏။
"သူက ဒီလိုပြိုလဲလုနီးပါးဖြစ်နေတဲ့ကုမ္ပဏီတစ်ခုရဲ့ရှယ်ယာတွေကို ဘာလို့လိုချင်နေရတာလဲ။ ငါတို့မသိတဲ့ကိစ္စတစ်ခုခုများရှိနေတာလား"
ဉာဏ်လျင်သူများက တဖြည်းဖြည်းသင်္ကာမကင်းဖြစ်လာကြသည်။
"ပြိုလဲလုနီးပါးဖြစ်နေတဲ့ ကုမ္ပဏီတစ်ခုရဲ့ရှယ်ယာတွေကိုဝယ်ဖို့ ကျုပ် ဘာလို့ပိုက်ဆံသုံးရလဲဆိုတာကို တွေးနေတာလား"
ကျန်းမုန့်လောင်က အပြုံးတစ်ပွင့်ဖြင့် ဆိုလာချေသည်။
"အကြောင်းပြချက်ကတော့ အရမ်းရှင်းပါတယ်။ ကျုပ်နိုင်ငံရဲ့လုပ်ငန်းတွေ ဒေဝါလီခံနေရတာကို ကြည့်မနေနိုင်လို့ပဲ။ ကျုပ် ဒီကုမ္ပဏီအတွက် ပိုက်ဆံထုတ်သုံးမယ်။ ပြီးတော့ သုံးနှစ်ကနေ ငါးနှစ်အတွင်းမှာပဲ ကျုပ်တို့တွေ အမှီအခိုကင်းကင်းနဲ့ ခရစ္စတယ်ချစ်ပ်ပြားတွေကို ဖန်တီးနိုင်စွမ်းရှိသွားတဲ့အချိန်ကျရင် အဲ့ဒီကျမှ ကျုပ်တို့ပြောကြမယ်"
"ဘာလို့လဲလို့ လာမမေးနဲ့။ ကျုပ်မှာ ပိုက်ဆံရှိတယ်။ ဂရုမစိုက်ဘူး"
"သူကငတုံးလား"
ကျန်းမုန့်လောင်၏စကားများကို ကြားသောအခါ ထိုလူများအားလုံး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြသည်။ ဤသည်မှာ ပိုက်ဆံရှိခြင်းမရှိခြင်းနှင့် မသက်ဆိုင်ပေ။ သူ့ဦးနှောက်က မြည်းအကန်ခံထားရပုံပေါ်သည်။
သုံးနှစ်မှ ငါးနှစ်ဟူသော အချိန်ကာလအတွင်းတွင် သူတို့သည် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လက်ရှိနည်းပညာအဆင့်အတန်းကိုပါ အမီလိုက်ရမည်ဖြစ်၏။ ထိုအချိန်အတောအတွင်း ဖွံ့ဖြိုးပြီးနိုင်ငံများက အသာရပ်နေလိမ့်မည်ဟု ထင်ပါသလား။
ဟွာရှား၏နည်းပညာက ငါးနှစ်အတွင်း ကမ္ဘာ့အဆင့်မီလာမည်ဆိုခြင်းမှာ လျှော့တွက်ထားခြင်းဖြစ်၏။ ထို့ပြင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေအရင်းအနှီး မည်မျှလိုအပ်လေသလဲ။ ယခုပင် သူတို့မှာ အကြွေးလည်နစ်နေလေပြီ။ သူတို့က စီမံကိန်းထဲသို့ ငွေထပ်ထည့်ချင်ပါဦးမည်လား။ နိုင်ငံတော်က သူတို့အား ငွေထောက်ပံ့လျှင်တော့ တစ်မျိုးပင်။
သို့သော် Silicon Moonlightသည် နိုင်ငံပိုင်လုပ်ငန်းတစ်ခု မဟုတ်သည့်အတွက် ဤပိုက်ဆံကလည်း ရှယ်ယာရှင်များထံမှသာ သေချာပေါက်ထွက်လာရမည်သာ။ အနောက်တိုင်းစီးပွားရေးသမားများက ဟွာရှား၏စီးပွားရေးလုပ်ငန်းတွင် သုတေသနေနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေထည့်ရမည်တဲ့လား။ ဤသည်မှာ လုံးဝမဖြစ်နိုင်ပေ။
နောက်ပိုင်းတွင် အမြတ်အစွန်းဝင်လာမည်ဆိုသည့်တိုင် နှစ်ပေါင်းမည်မျှကြာသွားလေမလဲ။ အမှန်မှာ ရင်းနှီးမြှုပ်နှံမှုဟူသည် ငွေပြန်ဝင်သည့်ကာလကိုလည်း ထည့်တွက်ရန်လိုအပ်လေသည်။ သူတို့အနေနှင့် နှစ်နှစ်သုံးနှစ်မျှ စောင့်နိုင်ပါသော်ငြား ဆယ်နှစ် သို့မဟုတ် ရှစ်နှစ်ကြာသွားလျှင် ဘယ်လိုလုပ်မည်နည်း။ မည်သူကများ ထိုမျှအထိ စောင့်နိုင်မည်နည်း။
"ကျုပ် ၆၀ရာခိုင်နှုန်းနဲ့ ချက်ချင်းရောင်းမယ်"
အင်ဖယ်လိုက်က ခဏမျှသည်းခံပြီးနောက်မှာတော့ အံတင်းတင်းကြိတ်၍ ပြောလာလေသည်။ ဤပိုက်ဆံကိုသာ သင့်တော်စွာရင်းနှီးမြှုပ်နှံနိုင်ပါက ဆုံးရှုံးသွားသောပမာဏကို တစ်နှစ်အတွင်း ပြန်ရှာနိုင်ပေလိမ့်မည်။
"ရှောင်းရာ သဘောတူစာချုပ်မှာ လက်မှတ်ထိုးလိုက်"
ကျန်းမုန့်လောင်က ခပ်ပြုံးပြုံးပင် ပြောလိုက်သည်။ ရှောင်းရာဆိုသည်မှာ လျူချန်း၏လက်ထောက်ဖြစ်၏။ ဤနေရာသို့မလာခင်က စတော့ရှယ်ယာလွှဲပြောင်းမှုသဘောတူစာချုပ်များကို ကြိုပြင်လာခဲ့သည်။
"ကြည့်ရတာတော့ မင်းက ကြိုတင်ပြင်ဆင်လာပုံပဲ"
ဤလူငယ်လေးက ငယ်ရွယ်သော်ငြား သူတို့ထင်ထားသလို မနုံအကြောင်း အင်ဖယ်လိုက် သဘောပေါက်လိုက်သည်။
အင်ဖယ်လိုက်က စတော့ရှယ်ယာလွှဲပြောင်းရေးသဘောတူစာချုပ်တွင် လက်မှတ်ထိုးလိုက်သည်နှင့် ကျန်းမုန့်လောင်ကလည်း သူ့ဘဏ်အကောင့်ထဲကို ချက်ချင်းငွေလွှဲပေးလိုက်သည်။
"ဒီလောက်တောင်မြန်တာလား"
အင်ဖယ်လိုက် အံ့အားသင့်သွားချေသည်။
"မစ္စတာအင်ဖယ်လိုက်.. ခင်ဗျားအဆင်ပြေဖို့ဆုတောင်းပေးလိုက်ပါတယ်။ ဒါပေမဲ့ လိုက်မပို့တော့ဘူးနော်"
ကျန်းမုန့်လောင်က သူ့ကို လုံးဝအရေးမလုပ်တော့ပေ။
"ဟွာရှားလူမျိုး.. မင်းစောင့်နေလိုက်။ ဒီကိစ္စက ဒီအတိုင်းပြီးမသွားဘူး"
"ဒါဆိုကောင်းပြီလေ။ အပြင်ထွက်ပြီးရင် ညာဘက်ကွေ့လိုက်။ တံခါးကိုတော့သတိထားနော်။ ကျေးဇူးပဲ"
ထို့နောက် ကျန်းမုန့်လောင်က အင်ဖယ်လိုက်ကို လျစ်လျူရှုထားလိုက်သည်။
"ကျန်တဲ့လူတွေကရော"
"ကျုပ်တို့ရောင်းမယ်"
အင်ဖယ်လိုက်ကဲ့သို့ အဓိကရှယ်ယာရှင်တစ်ယောက် ထွက်သွားသည့်အတွက် သူတို့လည်း ရွေးချယ်စရာမရှိတော့ပေ။
ယခုသာ သူတို့ရောင်းမထုတ်လျှင် ရလဒ်ကား နှစ်ခုတည်းသာ ရှိပေတော့မည်။ ပထမတစ်ခုက ကျန်းမုန့်လောင်၏သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကျရှုံးပြီး ကုမ္ပဏီလည်း ဒေဝါလီခံလိုက်ရကာ သူတို့အတွက်လည်း လုံးဝဆုံးရှုံးမှုကြီးတစ်ခု ဖြစ်ရပေလိမ့်မည်။
ဒုတိယတစ်ခုကမူ ကျန်းမုန့်လောင်က သိပ္ပံသုတေသနတွင် ငွေကြေးရင်းနှီးမြှုပ်နှံပြီး သူတို့၏ရှယ်ယာအချိုးကို လျော့နည်းသွားစေခဲ့သည်။ နောက်ပိုင်းတွင် ကုမ္ပဏီက အံ့ဖွယ်ကောင်းလောက်အောင် နာလန်ပြန်ထူနိုင်ခဲ့လျှင်ပင် သူတို့၏ရှယ်ယာများက သာမန်လက်ကျန်အစအနသာသာပင် ဖြစ်သွားလိမ့်မည်။ ထို့ပြင် ၎င်းမှာ ရေရှည်လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ထိုနေ့ကို သူတို့မြင်တွေ့ရနိုင်မလားဆိုသည်မှာလည်း မေးခွန်းထုတ်ချင်စရာပင်။
မည်သည့်ရှုထောင့်ကကြည့်ကြည့် ပိုက်ဆံပြန်ယူပြီး အခြားနေရာတွင် အခွင့်အရေးအသစ်များရှာဖွေခြင်းကသာ ပိုကောင်းပေသည်။
သူတို့ အများအပြားဆုံးရှုံးခဲ့ရသည်ဟု ထင်ရသော်လည်း သူတို့သည် ဤကုမ္ပဏီ၏ မူလလက်ဟောင်းရှယ်ယာရှင်များပင်။ Silicon Moonlightမှ သူတို့ရရှိထားသော အမြတ်ငွေများမှာ ဖောဖောသီသီပင်။ ယခု သူတို့အနေနှင့် ဝင်ငွေနည်းပါးသွားရုံသက်သက်သာ။
အင်ဖယ်လိုက်၏ဦးဆောင်မှုနောက်ကို လိုက်ကြသည့် ထိုရှယ်ယာရှင်များမှာ သူတို့၏ရှယ်ယာလွှဲပြောင်းမှုသဘောတူစာချုပ်များကို အသီးသီးလက်မှတ်ထိုးလိုက်ကြသည်။ ကျန်းမုန့်လောင်၏ရှယ်ယာပိုင်ဆိုင်မှုကလည်း ၈၀ရာခိုင်နှုန်းကျော် မြင့်တက်သွားခဲ့သည်။
"ဒါရိုက်တာကျန်း ဒါက…"
ရှယ်ယာရှင်ဟောင်းများ ထွက်ခွာသွားသည်ကို မြင်သောအခါ ရှုစုန့်ဟိုင် သက်ပြင်းနက်နက်ချလိုက်မိသည်။
"ကျုပ်တို့ အခု တကယ်ပဲစောင့်ရုံစောင့်နေရမှာလား"
"စောင့်မယ်တဲ့လား"
ကျန်းမုန့်လောင် ရယ်လိုက်မိ၏။
"ကျုပ်က သူတို့ကို လှည့်စားလိုက်တာပါ။ သူတို့ ခေါင်းမာပြီး သူတို့ရှယ်ယာတွေကို ကျုပ်ဆီမရောင်းမှာစိုးလို့လေ။ ကြည့်ရတာ သူတို့က အနောက်တိုင်းချစ်ပ်ပြားထုတ်လုပ်ရေးဗျူဟာကို တအားတွေယုံကြည်မှုရှိနေသလိုပဲ"
ရှုစုန့်ဟိုင်လည်း ခပ်မဲ့မဲ့ပြုံးလိုက်လေသည်။ တစ်ကမ္ဘာလုံးရဲ့မူပိုင်ခွင့်က သူတို့လက်ထဲမှာရှိနေမှတော့ ကုန်ကြမ်းပစ္စည်းများကို ဟွာရှားနိုင်ငံသို့ ရောင်းမည်မဟုတ်ဟု သူတို့ဘက်ကဆိုလာလျှင် မည်သူက ရောင်းပေးရဲမည်နည်း။ အစောပိုင်းက ကျန်းမုန့်လောင်၏ဆုံးဖြတ်ချက်ကို မည်သူကမျှ မဆန့်ကျင်နိုင်ရုံသာ။
"ဒါရိုက်တာကျန်း"
ရှုဟွမ်း၏အမူအရာက ရုတ်တရက်ကြီး ပျက်ယွင်းသွားချေသည်။
"ဘာဖြစ်လို့လဲ"
ကျန်းမုန့်လောင်ကလည်း မေးလိုက်သည်။
"အမေရိကက ကိုယ်စားလှယ်တွေရောက်နေပြန်ပါပြီ"
ရှုဟွမ်းက ဆိုလာလေသည်။
"ဒီနေ့က သူတို့ပေးထားတဲ့ နောက်ဆုံးသတ်မှတ်ရက်လေ။ ကျွန်တော်တို့ ဒီနေ့ အဖြေတစ်ခုပြန်ပေးမှဖြစ်မယ်။ သူတို့တောင်းဆိုချက်ကို သဘောတူလား။ မတူဘူးလားဆိုတာလေ"
"ဪ အဲဒီအတွက်မစိုးရိမ်ပါနဲ့"
ကျန်းမုန့်လောင်က အမှုမထားဟန်ဖြင့် ပြောလိုက်သည်။
"သူတို့ကို ဖိတ်ခေါ်နေစရာမလိုဘူး။ သူတို့ကိုမောင်းထုတ်ပစ်လိုက်ဖို့ ဧည့်ကြိုဌာနကိုပြောလိုက်"
***********