← Chapters

ပုန်ကန်သူများအားလုံးကို နှင်ထုတ်ခြင်း

Vol. 18 Ch. 257

ပုန်ကန်သူများအားလုံးကို နှင်ထုတ်ခြင်း

Vol. 18 Ch. 257

"ဒါရိုက်တာကျန်း ဒါကမဟုတ်သေးဘူးလေ"

ရှုဟွမ်းက ပြောလာ၏။

"ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ မဖြစ်နိုင်ဘူးဆိုရင်တောင် နည်းနည်းပျော့ပျောင်းတဲ့နည်းလမ်းတစ်ခုကို သုံးလို့ရတာပဲ။ ဆက်ဆံရေးတွေတင်းမာအောင် လုပ်ဖို့လိုလို့လား"

"ဒါက ပူးပေါင်းဆောင်ရွက်တာနဲ့ဆိုင်လို့လား"

ကျန်းမုန့်လောင်ကလည်း ပြန်ပြောလိုက်သည်။

ဟွာရှား၏5Gနည်းပညာက ကမ္ဘာ့ထိပ်တန်းအဆင့်သို့ ရောက်ထားပြီဖြစ်ကြောင်း ကျန်းမုန့်လောင် ကောင်းကောင်းသိသည်။

သူတို့က ဤအဆင့်အထိ တိုက်ခိုက်နေကြပြီဖြစ်ရာ သူတို့ကို ပြုံးပြုံးလေးကြိုဆိုနေရဦးမည်လား။ ကျန်းမုန့်လောင် ထိုသို့မလုပ်နိုင်ပေ။

"စကားမစပ် သူတို့ကိုထွက်သွားခိုင်းတဲ့အချိန်ကျရင် ယဉ်ယဉ်ကျေးကျေးပြောဖို့မမေ့နဲ့နော်။ ကြမ်းကြမ်းတမ်းတမ်းပြောလို့မဖြစ်ဘူး။ ဥက္ကဋ္ဌက အိမ်သာတက်နေလို့ တွေ့ဖို့အချိန်မရှိဘူးလို့သာ ပြောလိုက်"

"ခွီး"

သူ့အနောက်ရှိ လျူချန်းက အော်ရယ်လေ‌တော့သည်။ ကျန်းမုန့်လောင်က ကျန်းမိသားစု၏ "အရည်အသွေးများ"အားလုံးကို အမှန်စင်စစ် အမွေဆက်ခံထားပေသည်။

"ဒါရိုက်တာကျန်း..ဒီစကားကို တကယ်ကြီးပြောလိုက်ရမှာလား"

ရှုဟွမ်းက မေးလာလေသည်။

"မင်းက ပြောဖို့ရှက်နေလို့လား"

ကျန်းမုန့်လောင်က ဆို၏။

"စိတ်မပူနဲ့။ ဧည့်ကြိုဌာနကို ဖုန်းဆက်လိုက်။ ငါကိုယ်တိုင် သူတို့ကိုပြောလိုက်မယ်"

ရှုဟွမ်းခမျာ ခဏမျှတွေဝေတုံ့ဆိုင်းနေသော်လည်း သူ့ဖုန်းကို လှမ်းပေးလိုက်ဆဲသာ။

"ဟယ်လို ကျုပ်က ဂျရတ်ပါ။ ခင်ဗျားတို့ကုမ္ပဏီနဲ့ ညှိနှိုင်းဆွေးနွေးဖို့အတွက် ရောက်လာတာပါ။ ခင်ဗျားတို့ရဲ့လက်ရှိဥက္ကဋ္ဌက ဘယ်သူလဲဆိုတာ သိလို့ရမလား"

တစ်ဖက်မှ ချွဲပစ်နေသောအသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံကား အန်ချင်စရာကောင်းလှသည်။

"အိုး ကျုပ်ပါပဲ"

ကျန်းမုန့်လောင်က အင်္ဂလိပ်စကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောလိုက်သည်။

"ဘာကူညီပေးရမလဲ"

"ဥက္ကဋ္ဌကို ဘယ်လိုခေါ်ရမလဲဆိုတာ ပြောပြပေးနိုင်မလား"

"ကျွန်တော့်မျိုးရိုးနာမည်က ကျန်းပါ"

"ဥက္ကဋ္ဌကျန်း.. ဒီလိုကိစ္စကြီးတစ်ခုကို သင့်တော်တဲ့နေရာတစ်ခုမှာ ဖြည်းဖြည်းချင်းဆွေးနွေးတာ ပိုကောင်းမယ်ထင်တယ်နော်"

တစ်ဖက်မှလူက ခပ်ဖြည်းဖြည်းပြောလာလေသည်။

"အိုး.. ကျုပ်က အခု အိမ်သာတက်ရင်းတန်းလန်းကြီးဖြစ်နေလို့ အချိန်မရှိဘူး"

ကျန်းမုန့်လောင်က အားနာနေခြင်းမရှိဘဲ ပြောလိုက်သည်။

"ခင်ဗျား အခုပြန်လို့ရပါပြီ"

Silicon Moonlightကုမ္ပဏီအဆောက်အဦး၏ ဧည့်ကြိုခန်းမထဲရှိ ဆံပင်ကိုသေသပ်ကျနစွာ ဂျယ်လ်လိမ်းထားပြီး ဝတ်စုံပြည့်ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်ကား ကြက်သေသေသွားလေသည်။

ဤဥက္ကဋ္ဌအသစ်က ဤမျှစိတ်ဓာတ်မာလိမ့်မည်ဟု ဂျရတ်ထင်မထားပေ။ သူက တွေ့ပင်မတွေ့လိုဘဲ အိမ်သာတက်နေသဖြင့် အလုပ်များနေသည်ဟု ပြောလိုက်သေးသည်။

ဤသည်မှာ ဂျရတ်၏အရေးပါမှုက မစင်ထက်ပင် နိမ့်ကျသည်ဟု ဆိုခြင်းလေလား။

"ဥက္ကဋ္ဌကျန်း နောက်ဆက်တွဲအကျိုးဆက်တွေကို ထည့်သွင်းစဉ်းစားတာ ပိုကောင်းလိမ့်မယ်နော်။ ကျုပ်တို့ရဲ့ခရစ္စတယ်ချစ်ပ်ပြားတွေသာမရှိရင် ခင်ဗျားရဲ့Silicon Moonlightလည်း ဘာမှသုံးစားမရဘူး"

ဂျရတ်က ထိုသို့ပြောလိုက်လေသည်။

"ခင်ဗျားကိုကြည့်ရတာ တော်တော်နားလည်နေသလိုပဲ"

ကျန်းမုန့်လောင်ကတော့ ရယ်သည်။

"ဒီတော့ ဥက္ကဋ္ဌကျန်း.. ကျုပ်တို့ ဒီကိစ္စကို တကယ်ဆွေးနွေးသင့်တယ်ထင်တာပဲ။ ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ကိစ္စလေ။ ဘာလို့ငြင်းနေမှာလဲ။ ပြီးတော့ ဟွာရှားနိုင်ငံကိုရောင်းတာထက် နိုင်ငံခြားကိုတင်ပို့တဲ့ဈေးနှုန်းတွေက ပိုမြင့်တယ်နော်။

"ဆောရီး ဒါပေမဲ့ ကျုပ်က ကျုပ်နိုင်ငံကိုသစ္စာဖောက်တာကလွဲရင် ကျန်တာအကုန်လုပ်ရဲတယ်။ ကျုပ်တို့ဟွာရှားကုမ္ပဏီကိုသုံးပြီး ခင်ဗျားတို့အတွက် ပိုက်ဆံရှာခိုင်းမယ်ပေါ့။ ခင်ဗျားကိုတစ်ခွန်းပဲပြောမယ်။ လစ်လိုက်တော့"

ကျန်းမုန့်လောင်က မတွန့်မဆုတ်ပြောချလိုက်သည်။

"ဥက္ကဋ္ဌကျန်း.. ခင်ဗျား သေချာစဉ်းစားနော်။ ခင်ဗျားတို့ရဲ့လက်ရှိအခြေအနေအရဆိုရင် ခင်ဗျားကုမ္ပဏီက အလွန်ဆုံးရှိလှ ခြောက်လပဲခံတော့မှာ။ ကျုပ်တို့နဲ့ပူးပေါင်းဆောင်ရွက်မှုကို ငြင်းလိုက်ရင် ခင်ဗျားအတွက် ဘာမှအကျိုးမရှိဘူး"

"အဆင့်မြင့်ချစ်ပ်ပြားတွေကို ခင်ဗျားတို့ပဲလုပ်နိုင်တယ်လို့ထင်နေတာလား"

ကျန်းမုန့်လောင် လှောင်ရယ်ရယ်လိုက်သည်။

"ကျုပ်တို့နိုင်ငံက နှစ်ငါးထောင်သမိုင်းရှိထားတဲ့အချိန်တုန်းက ခင်ဗျားနိုင်ငံက ဘာမှတောင်မဟုတ်သေးဘူး။ ဟွာရှားရဲ့အမွေအနှစ်တွေ ဘယ်လောက်နက်ရှိုင်းလဲဆိုတာ ခင်ဗျားသိလား။ မစ္စတာဂျရတ်.. ကျူပ်တို့ကို အများဆုံးခြောက်လပဲအချိန်ပေး။ အခုထက် အဆပေါင်းများစွာပိုသာတဲ့ ချစ်ပ်ပြားတွေကို အစုလိုက်အပြုံလိုက်ထုတ်လုပ်ပြမယ်"

"ခင်ဗျားကငတုံးလား"

ကျန်းမုန့်လောင်လည်း နေရာမှာတင် ဆဲလိုက်လေသည်။

"ကလစ်"

ကျန်းမုန့်လောင် ဖုန်းချလိုက်သည်။

ကျန်းမုန့်လောင်၏ ခိုင်မာလှသောတုံ့ပြန်မှုကို နားထောင်ပြီး ကျန်ရှိနေသေးသော ရှယ်ယာရှင်များမှာ လုံးဝအံ့အားသင့်သွားရသည်။ ကျန်းမုန့်လောင်က သူ့လုပ်ပုံကိုင်ပုံနည်းစနစ်ထဲတွင် နောက်ပြန်ဆုတ်ဖို့ လမ်းကြောင်းများ လုံးဝချန်မထားခဲ့ပေ။

"ရှုဟွမ်း..သူတို့မပြန်သေးရင် လုံခြုံရေးတွေကို ဆွဲထုတ်ခိုင်းလိုက်ဖို့ ဧည့်ကြိုဌာနကိုပြောလိုက်"

ကျန်းမုန့်လောင် ထိုသို့ညွှန်ကြားလိုက်သည်။

"ငါတို့ဟွာရှားလုပ်ငန်းစုတွေက နည်းနည်းလေးတောင်ဒူးထောက်ဖို့ မလိုဘူး"

ရှုဟွမ်းက တစ်စုံတစ်ခုပြောချင်နေဟန်ဖြင့် ပါးစပ်ဟလိုက်သော်ငြား အဆုံးမှာမူ ကျန်းမုန့်လောင်၏အမိန့်ကို နာခံရန်သာ ရွေးချယ်လိုက်သည်။

...

"ဥက္ကဋ္ဌကျန်း ဒါက…."

ရှုစုန့်ဟိုင် သက်ပြင်းချလိုက်လေသည်။

"ခင်ဗျားက လွတ်လမ်းမှန်သမျှကို ပိတ်ပစ်လိုက်ပြီပဲ"

"ဥက္ကဋ္ဌရှု.. ကျုပ်တို့တွေ တိုင်းတစ်ပါးရဲ့နည်းပညာကို ဘယ်အချိန်အထိ မှီခိုနေနိုင်မယ်လို့ထင်လို့လဲ။ ဆယ်နှစ်လား။ အနှစ်နှစ်ဆယ်လား။ အနှစ်သုံးဆယ်လား"

ကျန်းမုန့်လောင် မေးခွန်းထုတ်လိုက်သည်။

"တစ်နေ့ကျရင် ဟွာရှားလည်း ကိုယ်ပိုင်သုတေသနလမ်းကြောင်းကို လျှောက်ရမှာပါပဲ"

"ဒါပေမဲ့ ဒါက အချိန်ကြာဦးမှာလေ။ အဲ့ဒီကာလအတွင်း ကုမ္ပဏီရဲ့စီးပွားရေးက ဘယ်လိုလုပ်မလဲ"

"သိပ်ကြာမှာမဟုတ်ပါဘူး"

ကျန်းမုန့်လောင်က အပြုံးလေးဖြင့် ပြောလိုက်သည်။

"ကျုပ်ပြောခဲ့သလိုပဲ ခြောက်လအတွင်း တစ်ကမ္ဘာလုံးက ကျုပ်တို့ရဲ့ချစ်ပ်ပြားတွေကိုဝယ်ဖို့ ကျုပ်တို့ကို ခယရလိမ့်မယ်"

"ခြောက်လတဲ့လား။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ယွီမျိုးရိုးနှင့် အခြားရှယ်ယာရှင်တစ်ယောက်က ခါးသက်သက်ပြုံးလျက် ပြောလာချေသည်။

"ယုံကြည်မှုရှိမနေဘူးဆိုရင် ကျုပ် ဒီနေ့ ဒီကိုလာခဲ့မှာတောင်မဟုတ်ဘူး"

ကျန်းမုန့်လောင် ပြောလိုက်၏။

"ခြောက်လကျော်ရင် ခင်ဗျားတို့ ဒီနေ့ချခဲ့တဲ့ဆုံးဖြတ်ချက်အတွက် ဝမ်းသာကြရမှာပါ"

"ဒေါက်ဒေါက်ဒေါက်"

တံခါးခေါက်သံတစ်သံက အပြင်ဘက်မှထွက်ပေါ်လာသည်။

"ဝင်ခဲ့"

ကျန်းမုန့်လောင်ကလည်း ပြန်ပြောလိုက်သည်။

"ကလစ်"

တံခါးပွင့်သွားပြီးနောက် လူနှစ်ယောက် အထဲသို့လျှောက်လာသည်။ ယောကျ်ားတစ်ယောက်နှင့် မိန်းမတစ်ယောက်ပင်။

"ဥက္ကဋ္ဌကျန်း..ဒါကကျွန်တော်တို့ရဲ့အထွေထွေမန်နေဂျာ မန်နေဂျာယွမ်ပါ။ သူ့ကို မိန်းမဖြစ်နေလို့ဆိုပြီး အထင်မသေးလိုက်နဲ့နော်။ သူ့လုပ်ဆောင်ရည်က အားကောင်းတယ်။ ပြီးတော့ သူက Silicon Moonlightရဲ့ အစောဆုံးဝါရင့်ပညာရှင်တွေထဲက တစ်ယောက်လေ"

"ပြီးတော့ ဒီတစ်ယောက်ကရော"

ကျန်းမုန့်လောင်က တစ်ဖက်အမျိုးသားကို ကြည့်လိုက်မိသည်။

"ဒါကတော့ တိုက်ယန်ပါ။ Silicon Moonlightအလုပ်သမားသမဂ္ဂရဲ့ဥက္ကဋ္ဌပေါ့"

"အလုပ်သမားသမဂ္ဂတောင်ရှိတယ်ပေါ့"

ကျန်းမုန့်လောင် တခစ်ခစ်ရယ်လိုက်မိသည်။ အမှန်စင်စစ်တွင် နိုင်ငံထဲရှိ ပိုမိုကြီးမားသောကုမ္ပဏီများတွင် ထိုကဲ့သို့သောအလုပ်သမားသမဂ္ဂများလည်း ရှိသည်။ ၎င်းသည် ယေဘုယျအားဖြင့် ဝန်ထမ်းများအတွက် သက်သာချောင်ချိရေးလုပ်ငန်းများကို စီစဉ်ပေးသည်။ အလုပ်သမားသမဂ္ဂ၏ဥက္ကဋ္ဌကလည်း အလွန်အာဏာရှိသည်သာ။

ကြီးထွားဖွံ့ဖြိုးရန် လိုအပ်သော ကုမ္ပဏီတစ်ခုတွင် အလုပ်သမားများကိုလိုအပ်ပြီး အလုပ်သမားသမဂ္ဂ၏ ဥက္ကဋ္ဌသည် ယေဘုယျအားဖြင့် အလုပ်သမားများမှ ရွေးချယ်တင်မြှောက်ထားသူဖြစ်ရာ အချို့အဆင့်မြင့်ခေါင်းဆောင်များထက်ပင် အလုပ်သမားများအကြား ပို၍ဩဇာအာဏာရှိသည်။

"မန်နေဂျာယွမ် ကုမ္ပဏီဒါရိုက်တာတွေ ဒီနေ့ အစည်းအဝေးရှိတာကို မသိဘူးလား။ ဘာတွေဖြစ်နေတာလဲ"

ရှုစုန့်ဟိုင်က မကျေမနပ်ဟန်ဖြင့် မေးခွန်းထုတ်လာလေသည်။

"တောင်းပန်ပါတယ် ဥက္ကဋ္ဌရှု... ဒါပေမဲ့ အခု အလုပ်သမားတွေက လုံးဝဖရိုဖရဲဖြစ်နေကြပါပြီ။ ပြီးတော့ ကုမ္ပဏီက ချောချောမွေ့မွေ့လည်ပတ်နိုင်တော့မှာမဟုတ်ဘူး‌လေ။ သူတို့က ဥက္ကဋ္ဌတိုက်ယန်ကို ကုမ္ပဏီရဲ့ အထက်ပိုင်းစီမံခန့်ခွဲသူ‌တွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့ လွှတ်လိုက်တာပါ"

"ဒါက ကုမ္ပဏီရှယ်ယာရှင်တွေနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ လိုအပ်တဲ့ကိစ္စမို့လို့လား။ မင်းတို့ အဆင့်မြင့်အမှုဆောင်တွေက အလှပြရုံသက်သက် ထားထားတာလား"

ရှုစုန့်ဟိုင်က ဒေါသတကြီးမေးလိုက်သည်။

"စိတ်မဆိုးပါနဲ့ ဥက္ကဋ္ဌရှု"

တိုက်ယန်ဟုအမည်ရသောလူက ချက်ချင်းဖျောင့်ဖျလာသည်။

"ဒီကိစ္စက သာမန်အမှုဆောင်တွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ထက် ကျော်လွန်နေလို့ပါ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ Silicon Moonlightကုမ္ပဏီအလုပ်သမားတွေကိုယ်စား ရှယ်ယာရှင်တွေနဲ့ ဆွေးနွေးဖို့ ရောက်လာတာပါ"

"အိုး.. ဒါဆို ငါတော့ သိပ်သိချင်နေပြီ"

ကျန်းမုန့်လောင်က သူ့ထိုင်ခုံတွင် သက်‌သောင့်သက်သာထိုင်ချ၍ ပြောလိုက်သည်။

"ဆက်ပြောပါ။ နားထောင်နေပါတယ်"

"ဒါက..."

"ဒါက ဥက္ကဋ္ဌကျန်း.. ကုမ္ပဏီရဲ့ဥက္ကဋ္ဌအသစ်ပါ"

"ဥက္ကဋ္ဌသစ်က အရမ်းငယ်တာပဲ"

တိုက်ယန်၏စိတ်ထဲမှာ အနည်းငယ်အံ့အားသင့်သွားရသည်။ ဤမျက်နှာကို ယခင်က တစ်နေရာရာတွင် မြင်ဖူးသည်ဟု ခံစားမိသော်လည်း လောလောဆယ် မည်သည့်နေရာတွင် မြင်ဖူးမှန်း မမှတ်မိပေ။

"ကျွန်တော် ဥက္ကဋ္ဌကျန်းကို မေးချင်တာက ကုမ္ပဏီက အနောက်တိုင်းထောက်ပံ့သူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တကယ်ပဲ လက်လွှတ်ဖို့ ဆုံးဖြတ်ထားတာလား"

"အမှန်ပဲ"

ကျန်းမုန့်လောင်က မတွန့်မဆုတ်ဘဲ ဖြေလိုက်သည်။

"ဥက္ကဋ္ဌကျန်း ဒီဆုံးဖြတ်ချက်ရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကို စဉ်းစားဖူးရဲ့လား"

တိုက်ယန်က စိန်ခေါ်လာသည်။

"ကုမ္ပဏီရဲ့လုပ်ငန်းအများစုက သူတို့ဆီကလာတာပါ။ ဒီလိုလုပ်လိုက်ရင် ကုမ္ပဏီကို ဟန်ချက်မညီတဲ့အခြေအနေထဲကို ရောက်သွားစေလိမ့်မယ်။ ဆယ်စုနှစ်တစ်ခုကျော်လောက် ဒီမှာအလုပ်လုပ်လာခဲ့တဲ့ ကျွန်တော်တို့အလုပ်သမားတွေ အသက်ရှင်ရပ်တည်ဖို့က‌ရော ဘယ်လိုလုပ်မလဲ"

"ဒီတော့ ဘာဖြစ်လဲ"

ကျန်းမုန့်လောင် မေးလိုက်သည်။

"ဥက္ကဋ္ဌကျန်းအနေနဲ့ ထောက်ပံ့သူကိုယ်စားလှယ်တွေဘက်က ကမ်းလှမ်းလာတဲ့ တောင်းဆိုချက်တွေကို လက်ခံ‌ပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျွန်တော်တို့အလုပ်သမားတွေကိုလည်း အသက်ရှင်ရပ်တည်ဖို့ လမ်းစဖွင့်ပေးပါဦး"

"ငါကမလုပ်ဘူးလို့ပြောရင်ရော"

ကျန်းမုန့်လောင်က ပြုံးရယ်ကာ ဆက်မေးလိုက်သည်။

"ဒါဆိုရင် ဝန်ထမ်းသုံးပုံတစ်ပုံကျော်က ချက်ချင်းဆန္ဒပြကြမှာပါ"

တိုက်ယန်က ပြောလာ‌လေသည်။

"ဒါက ကျွန်တော်တစ်ယောက်တည်းရဲ့ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေနဲ့ အလုပ်သမားသုံးပုံတစ်ပုံကျော်ရဲ့ ဆုံးဖြတ်ချက်ပါ"

"အနောက်တိုင်းသားတွေက မင်းတို့ကို ပိုက်ဆံဘယ်လောက်ပေးထားလဲ"

တိုက်ယန်၏မျက်နှာအရောင်ကား ရုတ်တရက်ပြောင်းလဲသွားရသည်။ ကျန်းမုန့်လောင်က ချက်ကောင်းကို အမိအရကန်လိုက်ခြင်းပင်။ ဤသည်မှာ ကျန်းမုန့်လောင်မောင်းထုတ်လိုက်သော ရှယ်ယာရှင်များက ဂျာရတ်နှင့်အတူ ပူးပေါင်းဖန်တီးထားသော အကြံအစည်တစ်ခုသာဖြစ်၏။

"ဥက္ကဋ္ဌကျန်း.. ဒါက တစ်ဖွဲ့လုံးရဲ့ဆုံးဖြတ်ချက်ပါ။ တခြားဘယ်သူနဲ့မှ မဆိုင်ပါဘူး"

တိုက်ယန်ကလည်း အေးဆေးတည်ငြိမ်စွာ ပြောလိုက်‌ချေသည်။

"ဪ.. ဘယ်သူ့ဆုံးဖြတ်ချက်ပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး"

ကျန်းမုန့်လောင်က အမှုမထားဟန်ဖြင့် ပြောလိုက်သည်။

"ရှုဟွမ်း.. ဆန္ဒပြဖို့စီစဉ်နေတဲ့လူတွေ ဘယ်နှယောက်ရှိလဲဆိုတာကို ရေတွက်ပြီး အကုန်လုံးကို အလုပ်ဖြုတ်ပစ်လိုက်"

*********

All Chapters