← Chapters

သူတို့ မြန်မြန်ထွက်သွားဖို့ မျှော်လင့်တယ်

Vol. 18 Ch. 258

သူတို့ မြန်မြန်ထွက်သွားဖို့ မျှော်လင့်တယ်

Vol. 18 Ch. 258

"ဥက္ကဋ္ဌကျန်း..ဒီလိုလုပ်လို့မဖြစ်ပါဘူး"

ရှုဟွမ်းက ချက်ချင်းအကြံပေးလာသည်။

"ဘာလို့မလုပ်သင့်ရတာလဲ။ ငါ့စကားတွေက အရေးမပါဘူးလို့ ပြောနေတာလား"

ကျန်းမုန့်လောင် မေးလိုက်လေသည်။

"ဥက္ကဋ္ဌကျန်း.. ကျွန်တော်တို့ ဒီကျွန်းပေါ်က Silicon Moonlightဌာနချုပ်မှာ ဝန်ထမ်းဘယ်နှယောက်ရှိလဲဆိုတာ သိလား"

"ငါ မစုံစမ်းကြည့်ရသေးဘူး။ များလို့လား"

ကျန်းမုန့်လောင်က အလေးမထားဟန်ဖြင့် မေးလိုက်၏။

"ငါးသောင်းကျော်ရှိပါတယ်။ ဝန်ထမ်းစုစုပေါင်းရဲ့သုံးပုံတစ်ပုံကတောင် နှစ်သောင်းနီးပါးရှိပါတယ်။ သူတို့တွေကိုသာ ထုတ်လိုက်မယ်ဆိုရင် လျော်ကြေးကတင် တော်တော်လေးများလွန်းပါတယ်"

"ဪ ငါသိတယ်"

ကျန်းမုန့်လောင်က ဥပဒေရေးရာနှင့်ပတ်သက်ပြီး အနည်းအကျဉ်းဗဟုသုတရှိသည်။ အကယ်၍ ကုမ္ပဏီတစ်ခုက ဝန်ထမ်းများကို အလုပ်ထုတ်ချင်ပါက ထိုဝန်ထမ်းများ၏ လုပ်သက်နှင့်ကိုက်ညီသော လျော်ကြေးကို ပေးဖို့လိုအပ်ပေသည်။ သူတို့ အလုပ်လုပ်လာခဲ့သော နှစ်အရေအတွက်မှာ သူတို့ကိုအပိုလစာလျော်ကြေးပေးရမည့် လအရေအတွက်နှင့် ညီမျှပေသည်။

ထို့ပြင် ဝန်ထမ်းအများစုက ပျမ်းမျှလုပ်သက်များလွန်းလှပေသည်။ အနည်းဆုံး သုံးနှစ်မှ လေးနှစ်ရှိ၏။ ကျန်းမုန့်လောင်အနေနှင့် ဝန်ထမ်းတစ်ယောက်စီအတွက် လျော်ကြေးငွေသောင်းဂဏန်းလောက် ပေးရနိုင်သည်။

လူအယောက်နှစ်သိန်းဆိုလျှင် ဘီလီယံနှင့်ချီသွားလေပြီ။

"အဆင်ပြေပါတယ်။ ဘယ်လောက်ကုန်ကုန် သူတို့ကို ပေးသာပေးလိုက်။ ငါလည်း ငွေပြတ်လပ်မနေဘူး"

ကျန်းမုန့်‌လောင်က ပြောလိုက်လေသည်။

"ဒါပေမဲ့ ဆန္ဒပြတဲ့လူတိုင်းကို Silicon Moonlightကို ထပ်အဝင်မခံတော့ဘဲ ကုမ္ပဏီနဲ့လည်း ဘာပတ်သက်မှုမှ ထပ်မရှိတော့အောင် Blacklistတင်ပစ်လိုက်"

"ပြီးတော့…"

ကျန်းမုန့်လောင်က ဆက်ပြောလာသည်.

"နေခဲ့ဖို့ရွေးချယ်တဲ့လူတွေကို သူတို့လက်ရှိလစာရဲ့ ၃၀ရာခိုင်နှုန်းတိုးပေးပြီး ဒီနှစ်ကုန်ဘောနပ်စ်ကိုလည်း နှစ်ဆပေးမယ်"

ကျန်းမုန့်လောင်၏စကားကို ကြားလိုက်ရသောအခါ တိုက်ယန်၏မျက်နှာလည်း ရုတ်ခြည်းပြောင်းလဲသွားချေသည်။

ထိုနိုင်ငံခြားသားများက သူနှင့် သူ၏သမဂ္ဂအဖွဲ့ဝင်များကို ပြဿနာရှာရန်အတွက် ပိုက်ဆံအမြောက်အများပေးထားလေသည်။ သမဂ္ဂအတွင်းရှိ တိုက်ယန်၏အဆင့်အတန်းနှင့်ဆိုလျှင် ဤသည်မှာ အလွန်လွယ်ကူလှသော အလုပ်တစ်ခုဖြစ်၏။

မူလတုန်းက ဤမျှကြီးမားလှသော အလုပ်သမားဆန္ဒပြမှုကြီးက ဒါရိုက်တာဘုတ်အဖွဲ့အဖို့ ကြီးမားလှသော ဖိအားတစ်ခု ဖြစ်လာလိမ့်မည်ဟု တိုက်ယန် ထင်ထားခဲ့မိသည်။ အထူးသဖြင့် ကုမ္ပဏီက သေရေးရှင်ရေးအခြေအနေကို ရောက်နေချိန်တွင်ပင်။ ရှယ်ယာရှင်များက ဝန်ထမ်းများကို ကိုင်တွယ်ဖြေရှင်းရန် အင်အားရှိကြလိမ့်မည်မဟုတ်။

ကုမ္ပဏီက နှစ်ဖက်စလုံးမှ ဖိအားများကို မလွန်ဆန်နိုင်သဖြင့် အနောက်တိုင်းကုန်ပစ္စည်းတင်ပို့သူများနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် ရွေးချယ်နိုင်ခြေမြင့်မားလှသည်။ ဤသည်မှာ ဂျရတ်တို့တစ်သိုက်၏ အစီအစဉ်ပင်။

သို့သော် မျှော်လင့်မထားပါဘဲ ကျန်းမုန့်လောင်က ပုံမှန်နည်းလမ်းများအတိုင်း မသွားဘဲ ဝန်ထမ်းအင်အားသုံးပုံတစ်ပုံကို ထုတ်ပယ်ပစ်ရန်သာ ဆုံးဖြတ်လိုက်ပြီး ကျန်ရှိနေသောဝန်ထမ်းများ၏ လစာကိုပါ တိုးပေးလိုက်သေးသည်။

ထိုကဲ့သို့သော ဆုံးဖြတ်ချက်တစ်ခုက တစ်ဘီလီယံ သို့မဟုတ် နှစ်ဘီလီယံမျှဖြင့် မပြီးပေ။ သူက ချမ်းသာသည်ဆိုလျှင်ပင် ပိုက်ဆံကို ဤနည်းဖြင့် ဖြုန်းတီးဖို့ မသင့်တော်ချေ။

"ဥက္ကဋ္ဌကျန်း.. ခင်ဗျား ဒီကိစ္စကို သေချာစဉ်းစားသင့်တယ်နော်။ Silicon Moonlightက ဝန်ထမ်းအင်အားအပေါ်အခြေခံထားတဲ့ လုပ်ငန်းစုတစ်ခုပါ။ ဝန်ထမ်းအယောက်တစ်သောင်းလောက် ထွက်သွားရင် အဲဒီနေရာလွတ်ကို ဖြည့်ဖို့ဆိုတာ ရိုးရှင်းတဲ့တာဝန်တစ်ခုတော့ မဟုတ်ဘူး"

တိုက်ယန်က ပြောလိုက်၏။

"ပြဿနာမရှိဘူး။ တစ်ကျွန်းလုံးပေါ်က ငါ ဝန်ထမ်းတွေခန့်လို့ရတာပဲ။ ဟွာရှားတစ်နိုင်ငံလုံးလည်း ရှိတယ်"

"ဥက္ကဋ္ဌကျန်း.. လူတိုင်းက ဒီလောက်ဝေးတဲ့နေရာကိုလာပြီး အလုပ်လုပ်ချင်ကြမှာ မဟုတ်ဘူးနော်"

တိုက်ယန် မကျေမနပ်ဖြစ်နေဆဲသာ။

ဤမြို့သည် စက်မှုဇုန်မြို့ဖြစ်သော်ငြား ပြောရလျှင် ကျွန်းထဲရှိ လူသူကင်းမဲ့သော နေရာတစ်ခုဖြစ်ပြီး မြို့လယ်ခေါင်ကို သွားရန်မှာလည်း အလွန်ခက်ခဲလှ၏။ ဤနေရာကိုလာပြီး အလုပ်လုပ်ဖို့ဆိုသည်မှာ ကမ္ဘာကြီးနှင့် အဆက်အသွယ်ဖြတ်ရသကဲ့သို့ ဖြစ်နေသောကြောင့် ဝန်ထမ်းခန့်အပ်ခြင်းမှာ ဤမျှမလွယ်ကူလှပေ။

ရှုဟွမ်းက အခြေအနေကို ကျန်းမုန့်လောင်အား အကျဉ်းချုံးရှင်းပြလိုက်၏။

"သွားလာရေးပြဿနာလား။ ရှင်းရှင်းလေးပါ"

ကျန်းမုန့်လောင်က ဤအရာကို ပြဿနာဟု လုံးဝမတွေးပေ။

"ရှုဟွမ်း လိုက်မှတ်ထား"

ရှုဟွမ်းကလည်း ကျန်းမုန့်လောင်တစ်ယောက် သူ့အား အရေးကြီးအစီအစဉ်များ ချမှတ်ပေးတော့မည်ဟု ယူဆလျက် သူ့မှတ်စုစာအုပ်ကို ချက်ချင်းထုတ်လိုက်သည်။

"မနက်ဖြန်ကျရင် ဒီကျွန်းရဲ့မြေယာဗျူရိုခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ပေးဦး"

ကျန်းမုန့်လောင်က ဆိုလိုက်၏။

"ဒီသဘောက.."

"ငါ ကုမ္ပဏီဘေးမှာ လေဆိပ်တစ်ခုဆောက်မလို့။ ဒီလေဆိပ်က နိုင်ငံတစ်ဝှမ်းက ပင်မလေဆိပ်တွေအားလုံးနဲ့ ချိတ်ဆက်ထားမယ်။ ကုမ္ပဏီဘက်က အခမဲ့သွားလာခွင့်ဆားဗစ်ကို ထောက်ပံ့ပေးမယ်။ ပြည်မကြီးကနေ အလုပ်ခန့်ခံရတဲ့ဝန်ထမ်းတွေအနေနဲ့ သူတို့အိမ်ကို တိုက်ရိုက်ပျံသန်းနိုင်တယ်။ အနည်းဆုံး သူတို့အိမ်ကို တစ်ပတ်တစ်ခါတော့ ပြန်လို့ရမှာပဲလေ ဟုတ်တယ်မလား"

"အခမဲ့..အခမဲ့သွားလာခွင့်လား"

အခမဲ့စီးနင်းခွင့်ဘတ်စ်ကားများကို ထောက်ပံ့ပေးထားသည့် ကုမ္ပဏီများအကြောင်း ရှုဟွမ်းကြားဖူးသည်။ ထိုလုပ်ငန်းခွင်အတွင်းရှိ ရထားတစ်စီးကို အခမဲ့စီးနင်းလိုက်ပါခွင့်ပေးသော ကုမ္ပဏီတစ်ခုအကြောင်းကိုပင် ကြားဖူးသေးသည်။ သို့သော် အခမဲ့လေယာဉ်စီးခွင့်ပေးသော ကုမ္ပဏီဟူ၍ သူ လုံးဝမကြားဖူးချေ။

လေယာဉ်တစ်စီးသည် အများဆုံးရှိလှ လူအယောက်ရာကျော်သာ ဆန့်လေသည်။ အကယ်၍ သူတို့သာ နေရာအသီးသီးမှ ဝန်ထမ်းအင်အားအများကြီးကို ခန့်အပ်လိုပါက Boeing747ဆယ်စီးနှင့်ပင် လောက်မည်မဟုတ်။

"ပြီးတော့ တခြားနေရာတွေက အလုပ်ခန့်ခံရတဲ့ ဝန်ထမ်းတွေအတွက် အခမဲ့နေထိုင်ခွင့်ပေးပြီး လစာကိုလည်း အသွားအပြန်ခရီးစရိတ်အနေနဲ့ ၃၀ရာခိုင်နှုန်းတိုးပေးလိုက်"

"ရတနာကျွန်းပေါ်က အလုပ်သမားတွေအတွက်တော့ တကယ်လို့ သူတို့နေတဲ့နေရာကဝေးရင် မြေအောက်ရထားတစ်ခုလည်း ထပ်ဆောက်ပေးမယ်"

ကျန်းမုန့်လောင်က တစ်ကိုယ်တည်းရေရွတ်လိုက်ချေသည်။ ထိုကဲ့သို့သောပရောဂျက်ကြီးတစ်ခုက အချိန်အတော်ကြာလိမ့်မည်ဖြစ်ပြီး ကုမ္ပဏီတစ်ခုအနေနှင့် ရေရှည်တိုးတက်လိုပါက အနာဂတ်ကိုလည်း ထည့်သွင်းစဉ်းစားထားရမည်ဖြစ်၏။

ကျန်းမုန့်လောင်၏အစီအစဉ်ကို ကြားပြီးနောက် တိုက်ယန်လည်း လုံးဝအကြောင်သားဖြစ်သွားရသည်။

ဤနေရာတွင် ယခုလိုအလုပ်လုပ်မှာတဲ့လား။ ဤနေရာတွင် ယခုလိုပျော်ပါးမတဲ့လား။ ထိုသို့ဆိုလျှင် အလုပ်သမားလူတန်းစားဆိုသည်မှာ ဘာအဓိပ္ပာယ်လေလဲ။ ဤအရာများကို အလုပ်သမားလူတန်းစား၏ အကျိုးခံစားခွင့်ဟု ခေါ်ထိုက်လေသလား။ ကမ္ဘာပေါ်တွင် ယခုထက်ပိုကောင်းသော အကျိုးခံစားခွင့်များကို တွေ့နိုင်ပါဦးမည်လား။

သိထားသင့်သည့်အချက်မှာ သူ့ကို ပြဿနာရှာခိုင်းထားသော ထိုအနောက်တိုင်းသားများက အကျိုးခံစားခွင့်အနေနှင့် ငါးသိန်းသာ ပေးထားသည်။ သူ့လုပ်ရပ်မှာ နှမ်းစေ့ကို ကောက်ဖို့ကြိုးစားရင်း ဖရဲစေ့ကို ဆုံးရှုံးနေရသည့်အလားပင်။

ကျန်းမုန့်လောင်က ဤနေရာကို လစာအခြေပြုလုပ်ငန်းတစ်ခု စီမံခန့်ခွဲရန်အတွက် ရောက်လာလေသလား။ သူသည် ပရဟိတလုပ်ရန်အတွက် ရောက်လာခြင်းပင် ဖြစ်ရပေမည်။ အခြားအရာများကို မဆိုထားနှင့်။ လေဆိပ်တစ်ခုဆောက်ရုံမျှဖြင့် အရင်းအနှီးငွေက မည်မျှလိုအပ်လိမ့်မလဲ။ ဘီလီယံဆယ်ချီလေမလား။ ဘီလီယံရာချီလေမလား။

ထို့ပြင် မြေအောက်ရထားကလည်း ရှိသေးသည်။ ဤသည်မှာ ပို၍ပင်များပြားလှပေသည်။ နိုင်ငံတစ်နိုင်ငံအတွက်ဆိုလျှင် ယခုလိုပရောဂျက်တစ်ခုမှာ ကြီးမားလွန်းလှလေပြီ။ ယခုလိုပရောဂျက်များစွာသာ လုပ်လိုက်လျှင် Silicon Moonlightအနေနှင့် ယခင်ကရထားသည့် အမြတ်အစွန်းများရှိခဲ့သည့်တိုင် ဤပရောဂျက်များကို ပြီးမြောက်ရန်အတွက် နှစ်ပေါင်းများစွာသော အမြတ်ငွေများကို လိုအပ်ပေလိမ့်မည်။

"ဥက္ကဋ္ဌကျန်း.. ကုမ္ပဏီက ဒါတွေကို တတ်နိုင်မှာမဟုတ်ပါဘူး"

ရှုစုန့်ဟိုင်က ဘေးနားမှနေ၍ ပြောလာချေသည်။

"မဟုတ်ဘူး။ မဟုတ်ဘူး။ ဥက္ကဋ္ဌရှု..ဒါကို ကျွန်တော့်ကိုယ်ပိုင်ပိုက်ဆံနဲ့လုပ်မှာပါ"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ကျွန်တော် ဒီကိုလာတာ Silicon Moonlightကနေ ပိုက်ဆံရှာဖို့ လာခဲ့တာမဟုတ်ပါဘူး"

ရှုစုန့်ဟိုင်ခမျာ ဆွံ့အသွားရလေသည်။ ဤလူသည် ဤနေရာကို ပိုက်ဆံရှာရန်အတွက် လာခဲ့ခြင်းမဟုတ်ပေ။ ကုမ္ပဏီက ပြန်လည်ထူထောင်ရန်အတွက်ပင် နည်းလမ်းရှာမတွေ့သေးသော်ငြား သူကတော့ ဘီလီယံရာဂဏန်းလောက် တန်ဖိုးရှိသည့် အစီအစဉ်များကို ချမှတ်နေချေသည်။

သူ တကယ်မေးလိုက်ချင်သည်။ မင်းက ဒီကို ပိုက်ဆံလာရှာတာမဟုတ်ရင် ဘာအတွက် ရောက်လာတာလဲ။

"ဥက္ကဋ္ဌကျန်း.. ဒီလိုပရောဂျက်ကြီးတစ်ခုကို မြေယာဗျူရိုက ခွင့်ပြုမှာမဟုတ်ပါဘူး"

ရှုဟွမ်းက သောကရောက်နေလေဟန် အမူအရာဖြင့် ဆိုလာလေသည်။

လေဆိပ်တစ်ခု၊ မြေအောက်ရထားတစ်ခုကို ဆောက်လုပ်ခြင်းဆိုသည်မှာ မြို့ပြအဆင့်စီမံကိန်းများဖြစ်ပြီး ဤကိစ္စများကို အပြီးသတ်ရန်အတွက် အဆင့်မြင့်အခွင့်အာဏာကို လိုအပ်လေသည်။

"ငါ့တာဝန်သာထားလိုက်"

ထိုအချိန်တွင် တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သော လျူချန်းက ပြုံးပြုံးလေးပြောလာလေ၏။

သူ(မ)က ဖုန်းထုတ်၍ အဆက်အသွယ်စာရင်းထဲရှိ ဖုန်းနံပါတ်တစ်ခုကို ရှာဖွေလိုက်သည်။

"မစ္စလျူလား"

တစ်ဖက်ကထွက်လာသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်၏အသံက ထိတ်လန့်ပြီး အနည်းငယ်ပျာယာခတ်သွားဟန်ပင်။

"ဒါရိုက်တာချိုက်.. ကျွန်မ ရှင့်ကို အကူအညီတောင်းစရာတစ်ခုရှိလို့"

"ဒါရိုက်တာချိုက်တဲ့လား။ ဘယ်ကဒါရိုက်တာချိုက်လဲ"

လျူချန်းပြောလိုက်သော ဤဒါရိုက်တာချိုက မည်သူလဲဆိုသည်ကို လူတိုင်း စဉ်းစားနေကြ၏။ စဉ်းစားကြည့်ပြီးနောက်မှာတော့ ရတနာကျွန်းတစ်ခုလုံးတွင် ဒါရိုက်တာချိုက်ဆိုသည်မှာ တစ်ယောက်တည်းသာ ရှိဟန်တူသည်။ သို့သော် သူသည် မြေယာဗျူရို၏ ဒါရိုက်တာဖြစ်၏။

ကျန်းမုန့်လောင်၏အနောက်ရှိ အမျိုးသမီးက ဖုန်းတစ်ချက်မျှဆက်ရုံဖြင့် ဒါရိုက်တာချိုက်နှင့် ဆက်သွယ်နိုင်သတဲ့လား။ သူ(မ)၏နောက်ခံက ဘာများလဲ။

"မစ္စလျူ.. ခင်ဗျားနောက်နေတာပဲဖြစ်ရမယ်။ ကျေးဇူးပြုပြီး ခင်ဗျားဘာလိုလဲဆိုတာကိုသာ ပြောလိုက်ပါ"

တစ်ဖက်လူက ရိုသေနှိမ့်ချစွာ ဆိုလာချေသည်။

"ကျွန်မ Silicon Moonlightနားမှာ လေဆိပ်တစ်ခုဆောက်မလို့။ အဲဒါကြောင့် မြေကွက်တစ်စိတ်တစ်ပိုင်းကို လျှောက်လွှာတင်ချင်လို့"

"လျှောက်လွှာတင်စရာမလိုပါဘူးဗျာ။ ဘယ်လောက်ကြီးနိုင်မှာမို့လို့လဲ။ ၁၀၀ဟက်တာဆိုရင် လောက်ပြီမလား။ မလောက်ရင်လည်း ၂၀၀ဟက်တာပေါ့။ ၃၀၀ဟက်တာဆိုလည်း ရပါတယ်"

ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း အကြောင်သားဖြစ်သွားကြလေသည်။

မြေယာပိုင်ဆိုင်ရေးမှာ ခွင့်ပြုချက်အများကြီးလိုလိမ့်မည်ဟု ယခုလေးတင် ရှုဟွမ်းက‌ ပြောနေခဲ့သည်မဟုတ်ပါလား။ သို့သော မစ္စလျူကတော့ ဖုန်းတစ်ချက်ဆက်ရုံမျှဖြင့် တစ်ဖက်လူသည် ဟက်တာ၁၀၀မှစတင်၍ ပေးနိုင်သည်ဟု ဆိုလာချေသည်။ ထို့ပြင် သူတို့လိုအပ်သလောက် ရနိုင်သည်ဟူ၍ပင် ပြောလာ၏။

"ဟက်တာ၂၀၀နဲ့စလိုက်ကြတာပေါ့"

လျူချန်းက‌ ပြောလိုက်၏။ Silicon Moonlight၏အရွယ်အစားကိုကြည့်လျှင် ၂၀၀ဟက်တာရှိသော လေဆိပ်တစ်ခုဖြင့် လုံလောက်လေပြီ။

"ကောင်းပြီလေ။ သုံးရက်အတွင်း ကျွန်တော် မစ္စလျူရဲ့အိမ်ကို မြေယာခွင့်ပြုမိန့်စာရွက်စာတမ်းတွေ ပို့လိုက်ပါ့မယ်"

"ကျေးဇူးတင်ပါတယ် ဒါရိုက်တာချိုက်"

စကားကို အဆုံးသတ်ပြီးနောက် လျူချန်းက လောကဝတ်ပင်ပြုမနေဘဲ ဖုန်းချပစ်လိုက်လေသည်။

"မုန့်လောင် အဆင်ပြေသွားပြီ"

လျူချန်းက ကျန်းမုန့်လောင်ကို ထိုသို့ပြောပြီးနောက် သူ(မ)၏ ပုံမှန်အေးစက်စက်ပုံစံသို့ ပြန်ရောက်သွားလေတော့သည်။

"ကောင်းပြီ‌လေ။ ရှုဟွမ်း.. ဝန်ထမ်းသစ်ခန့်အပ်ဖို့ကတော့ မင်းတာဝန်ပဲ"

ကျန်းမုန့်လောင်က တိုက်ယန်ကို လက်ညှိုးထိုးပြ၍ ပြောလိုက်ချေသည်။

"ဒီလူတွေ မြန်နိုင်သမျှမြန်မြန်ထွက်သွားတာကို ငါမြင်ချင်တယ်!"

********

All Chapters