ပိုက်ဆံပြတ်သွားရင် ကျွန်တော့်ဆီသာလာခဲ့
Vol. 18 Ch. 259
"ဥက္ကဋ္ဌကျန်း.. ဒီကိစ္စကို အေးအေးဆေးဆေးဆွေးနွေးကြရအောင်။ ကျွန်တော်တို့.. ဒီကိစ္စက ဆွေးနွေးလို့ရတုန်းပါပဲ။ ဆန္ဒပြဖို့စီစဉ်နေတဲ့ဝန်ထမ်းတွေကို ကျွန်တော် ဖျောင့်ဖျပေးပါ့မယ်။ သူတို့ ခင်ဗျားကို ပြဿနာထပ်မရှာဖို့ ကျွန်တော်အာမခံပါတယ်"
တိုက်ယန်ခမျာ အလွန်နောင်တရသွားသဖြင့် မီတာလေးဆယ်ရှည်သော တောခုတ်ဓားတစ်လက်ကို ဆွဲထုတ်၍ ဂျရတ်ကို တစ်ချက်တည်းနှင့် ခုတ်ပိုင်းပစ်လိုက်ချင်စိတ်များ ပေါ်လာလေသည်။
တစ်ဖက်လူထံမှ သာမန်ဖုန်းခေါ်ဆိုမှုတစ်ခုတည်းနှင့် မြေယာဗျူရိုဒါရိုက်တာက အလွန်အမင်းသတိထား၍ ဆက်ဆံခဲ့ပေသသည်။ ဤလူသည် နောက်ကွယ်တွင် မည်မျှကြီးမားသော အာဏာမျိုးကို ပိုင်ဆိုင်ထားပါသလဲ။
သူက ပိုက်ဆံသုံးရမည့်ကိစ္စကိုလည်း ဂရုမစိုက်ချေ။ သူသည် ဟွာရှား၏ချစ်ပ်ပြားနည်းပညာကို လက်ဝါးကြီးအုပ်ချင်နေသူများကို ပျောက်ကွယ်သွားစေချင်ရုံမျှသာ။ ထို့ပြင် တိုက်ယန်ကလည်း ထိုအနောက်တိုင်းသားများကို ဝန်ထမ်းများအား လှုံ့ဆော်ရာတွင် ကူညီပေးခဲ့မိသည်။
ကုမ္ပဏီသည် သေရာမှ ပြန်ရှင်လာနိုင်မလားဆိုသည်မှာမူ ဥက္ကဋ္ဌအသစ်က ချမ်းသာရုံမျှမကဘဲ ပိုက်ဆံကိုလည်း လုံးဝဂရုမစိုက်ပေ။ သူ့ကိုကြည့်လိုက်လျှင် ကုမ္ပဏီက နေ့တို်ငး ဝင်ငွေဆုံးရှုံးနေလျှင်ပင် သူကတော့ တစ်သက်လုံးထောက်ပံ့ပေးသွားနိုင်ပေသည်။
"ဘာမှဆွေးနွေးစရာမလိုဘူး"
ကျန်းမုန့်လောင်က ပြုံးပြုံးလေးပြောလိုက်လေသည်။
"အားလုံးက ဆန္ဒပြဖို့ တအားတွေစိတ်အားထက်သန်နေမှတော့ သူတို့စိတ်တိုင်းကျ ဆန္ဒပြခိုင်းလိုက်ပါ။ ငါက အရက်ရောဆုံးလူတစ်ယောက်ပဲ။ ဝန်ထမ်းတွေတောင်းဆိုတာမှန်သမျှကို အကုန်ဖြည့်ဆည်းပေးမှာ"
တိုက်ယန်၏မျက်နှာကား ဖြူဖျော့သွားရှာလေသည်။ သူ ဝန်ထမ်းများကို လှုံ့ဆော်စဉ်က ဤသည်မှာ ဘုတ်အဖွဲ့ကို ဖိအားပေးရုံသက်သက်မျှသာဟု သူတို့ကို ပြောထားခဲ့သည်။ သူက အလွန်ယုံကြည်မှုရှိနေသောကြောင့် အဖွဲ့ဝင်များကို ဆွဲဆောင်ခဲ့သဖြင့် ဝန်ထမ်းတစ်ချို့က သပိတ်မှောက်ရန် သဘောတူခဲ့ကြသည်။
ယခုမူ ကျန်းမုန့်လောင်က တစ်ချက်တည်းနှင့် ထိုကဲ့သို့စီစဉ်နေသူများအားလုံးကို အလုပ်ဖြုတ်ပစ်လိုက်လေပြီ။ ဤကိစ္စကို ခဏအကြာ သမဂ္ဂကို သူ မည်သို့ရှင်းပြရမလဲ။
"ဘန်း"
အစည်းအဝေးခန်းတံခါးကား တစ်ဖန်ပြန်ပိတ်သွားပြန်လေသည်။ အခန်းထဲ၌ ကျန်းမုန့်လောင်နှင့် သူ့အပေါင်းအပါများအပြင် ရှယ်ယာရှင်အနည်းစုသာ ကျန်ရစ်နေခဲ့သည်။
"ကျွန်တော် အခုလုပ်လိုက်တာကို ခင်ဗျားတို့တွေ ကန့်ကွက်စရာရှိသေးလား"
ကျန်းမုန့်လောင်က ပြုံးပြုံးလေး မေးခွန်းထုတ်လိုက်လေသည်။
"လုပ်တောင်လုပ်ပြီးနေပြီပဲလေ။ ကျုပ်တို့ကို မေးနေတော့ရော ဘာထူးမှာလဲ"
ရှယ်ယာရှင်အနည်းစုက ခါးသက်သက်အပြုံးများဖြင့် တုံ့ပြန်လာ၏။ အကြီးဆုံးရှယ်ယာရှင်တစ်ယောက်ဖြစ်သည့်အတွက် ကျန်းမုန့်လောင်တွင် ကုမ္ပဏီရေးရာကိစ္စတိုင်းအတွက် နောက်ဆုံးအဆုံးအဖြတ်ပေးနိုင်ပေသည်။ သူတို့ ကန့်ကွက်ခဲ့လျှင်ပင် ဘာများကောင်းနိုင်မည်လဲ။
"ဥက္ကဋ္ဌကျန်း.. ခင်ဗျားရောက်ရောက်ချင်း သစ္စာမရှိတဲ့ ဒီဝန်ထမ်းတွေကို အရေးယူလိုက်တာဆိုတော့ ကျွန်တော်ခန့်မှန်းတာသာ မမှားရင် ခင်ဗျား အကွက်ကြီးကြီးရွှေ့ဖို့ ပြင်နေတာမလား"
ရှုစုန့်ဟိုင်က မျှော်လင့်တကြီးမေးလိုက်လေသည်။
ကျန်းမုန့်လောင်က အပျော်အတွက် ပိုက်ဆံသုံးဖို့ စီစဉ်ထားခြင်းဆိုပါလျှင် ဤမျှရဲရင့်လှသော အစီအစဉ်များကို လုပ်ဆောင်လိမ့်မည်မဟုတ်ချေ။ ဤသည်ကို သူ့ဘဝနှင့်ပင် လောင်းကြေးထပ်ရဲသည်။
"ဟားဟားဟား ဂျင်းက ရင့်လေ စပ်လေပဲတဲ့။ ဒါရိုက်တာရှုပြောတာ မှန်ပါတယ်"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ကျွန်တော်က ဆက်လုပ်မဲ့လုပ်ငန်းတာဝန်တွေက အရေးကြီးတယ်လေ။ အခုကစပြီး ကျွန်တော်တို့ရမဲ့ငွေက အရင်ကထက် ဆယ်ဆ ဒါမှမဟုတ် အဆရာပေါင်းများစွာ ပိုများနိုင်လောက်တယ်။ ဒီတော့ မကောင်းတဲ့ရည်ရွယ်ချက်ရှိပြီး သစ္စာမရှိတဲ့လူတွေကို ကျွန်တော်တို့ရဲ့အောင်မြင်မှုကို ဘာလို့ဝေမျှခံစားခွင့်ပေးရမှာလဲ"
"ဒါဆို ဥက္ကဋ္ဌကျန်း…"
"ကျွန်တော် အရင်ကလည်းပြောဖူးပါတယ်။ ဟွာရှားမှာ ကျွန်တော်တို့က ကိုယ်ပိုင်သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်ထားတာလေ။ အခုကစပြီး ကျွန်တော်တို့ အနောက်တိုင်းသားတွေကို မှီခိုစရာမလိုတော့ဘူး။ 5nmချစ်ပ်ပြားလေးတွေကို အစုလိုက်အပြုံလိုက်ထုတ်နိုင်တော့ရော ဘာအထင်ကြီးစရာရှိလဲ။ ကျွန်တော့်ဆီမှာ 2nmချစ်ပ်ပြားထုတ်လုပ်ရေးနည်းပညာက အပြည့်အစုံရှိနေပြီ"
ကျန်းမုန့်လောင်က ထိုသို့ကြေညာလိုက်၏။
"2nmချစ်ပ်ပြားလား။ ထုတ်လုပ်ရေးနည်းပညာအပြည့်အစုံရှိတာလား"
ရှယ်ယာရှင်များမှာ ထိတ်လန့်မှုကြောင့် မတ်တတ်ထရပ်လိုက်မိကြသည်။ ဤသည်မှာ ဟာသတစ်ပုဒ်မဟုတ်ချေ။ 2nmချစ်ပ်ပြားဆိုသည်မှာ ချစ်ပ်ပြားနည်းပညာမှ ယခုလက်ရှိအချိန်တွင် သီအိုရီအရသာ အောင်မြင်ထားသေးသော နည်းပညာတစ်ခုဖြစ်၏။
ကမ္ဘာ့ရှေ့ဆောင်နည်းပညာများပင် 5nmထုတ်လုပ်ရေးကိုသာ လုပ်ဆောင်နိုင်သေးသည်။ 2nmချစ်ပ်ပြားထုတ်လုပ်ရေးကို အောင်မြင်ရန်အတွက်ဆိုလျှင် သိပ်မကြာလျှင်ပင် ငါးနှစ်မှ ဆယ်နှစ်အထိ ကြာနိုင်လေသည်။
"2nmကြောင့် လန့်သွားကြတာလား"
ကျန်းမုန့်လောင်က သူတို့၏အမျှော်အမြင်တိုတောင်းမှုကို စိတ်ထဲမှ ဝေဖန်နေမိသည်။ တအားလန့်သွားမှာ စိုးသောကြောင့်သာ မဟုတ်ပါက 0.2nmနည်းပညာကို တန်းဖော်ထုတ်လိုက်မည်သာ။
"ဥက္ကဋ္ဌကျန်း… ခင်ဗျား တကယ်ပြောနေတာလား"
2nmချစ်ပ်ပြားနည်းပညာကို မဆိုထားနှင့်။ 4nmဆိုလျှင်ပင် ကမ္ဘာပေါ်ရှိ လက်ရှိနည်းပညာများအားလုံးကို ကျော်တက်နိုင်လေပြီ။
"ဒါပေါ့"
ကျန်းမုန့်လောင်က အပြုံးလေးဖြင့် ပြောလိုက်၏။
"ကျွန်တော်ပြောပြီးသားပဲ။ ခြောက်လနေရင် ကမ္ဘာပေါ်က နိုင်ငံတွေအားလုံး ကျွန်တော်တို့ဟွာရှားလူမျိုးတွေရှေ့မှာ ဒူးထောက်ပြီး သူတို့ကို ချစ်ပ်ပြားရောင်းပေးဖို့ တောင်းပန်လာကြလိမ့်မယ်"
"ဒါပေမဲ့ အဲဒီမတိုင်ခင် ကျွန်တော် တခြားလုပ်စရာလေးတစ်ခုရှိတယ်"
ကျန်းမုန့်လောင်က ထပ်ဖြည့်ပြောလိုက်သည်။
"ဘာများလဲ"
ထိုလူတစ်သိုက်ကလည်း သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်လေသည်။
"ဒီနည်းပညာတွေအားလုံးက အခု ကျွန်တော့်လက်ထဲမှာရှိနေပြီဆိုပေမဲ့ ကျွန်တော့်ဘာသာလုပ်နိုင်မယ်မထင်ဘူး။ ဖိုတိုလီသိုဂရက်ဖီစက်ပိုင်းဆိုင်ရာနည်းပညာနဲ့ ချစ်ပ်ပြားထုပ်ပိုးရေးနည်းပညာတွေအတွက် သီအိုရီနဲ့ပုံကြမ်းတွေကို ရုပ်ဝတ္ထုထုတ်ကုန်အဖြစ် ပြောင်းလဲပေးမဲ့လူတွေ လိုအပ်တယ်လေ"
ကျန်းမုန့်လောင်က ရှင်းပြလိုက်သည်။
"ကျွန်တော်က ဥက္ကဋ္ဌဆိုပေမဲ့ ကျွန်တော့်အလုပ်က "အသိအမြင်နှံ့စပ်"ဖို့သက်သက်ပဲ"
"ခင်ဗျားလာနောက်နေတာလား"
ဒါရိုက်တာများမှာ ရယ်တစ်ဝက် ငိုတစ်ဝက်ဖြင့် မေးလိုက်ကြလေသည်။ ကျန်းမုန့်လောင်သည် ဤကဲ့သို့သောခံယူချက်မျိုးကိုပင် ထုတ်ဖော်ပြောဆိုဝံ့သည်။
"ကျွန်တော်တို့နိုင်ငံမှာ ဒီနယ်ပယ်နဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတချို့တော့ ရှိလောက်မှာပါ။ ဟုတ်တယ်မလား"
ကျန်းမုန့်လောင်က ဆို၏။
"ဒီနည်းပညာရဲ့နောက်ကွယ်က အခြေခံသဘောတရားတွေက အရမ်းရှုပ်ထွေးတယ်။ သာမန်လူကတော့ နားလည်နိုင်မှာမဟုတ်ဘူး။ အဲဒါကြောင့် သက်ဆိုင်ရာနယ်ပယ်ရဲ့ ပါမောက္ခတို့ ပညာရှင်တို့ကိုများ ခင်ဗျားတို့သိကြလားလို့ မေးချင်ပါတယ်"
"တခြားနည်းပညာတွေကိုတော့ ဖြေရှင်းနိုင်လောက်ပေမဲ့ ဖိုတိုလီဂရက်ဖီစက်ပိုင်းဆိုင်ရာကို အထူးပြုထားတဲ့ သုတေသီတွေကတော့ တကယ်ရှားတယ်"
ဒါရိုက်တာတစ်ယောက်က ပြောလာသည်။
"ဖိုတိုလီဂရက်ဖီစက်ပိုင်းဆိုင်ရာနည်းပညာက ပြည်တွင်းမှာ ကျုပ်တို့တွေ ဘာမှစတင်မလုပ်ဆောင်ရသေးတဲ့ အရာတစ်ခုလေ။ ဘယ်သူကမှလည်း အားစိုက်မထုတ်ချင်ကြဘူး။ ဘာလို့လဲဆိုတော့ ကျုပ်တို့က အများကြီးနောက်ကောက်ကျကျန်နေခဲ့တာလေ။ ရလဒ်ထွက်လာအောင်လုပ်ဖို့ဆိုတာ လွယ်တော့မလွယ်ဘူးလေ။ နိုင်ငံခြားက ပစ္စည်းတွေကို အသာလေးရယူပြီး အောင်မြင်မှုရနိုင်နေတဲ့ဟာကို ဘယ်သူကများ အဲဒီအကျိုးအပျက်ပစ္စည်းတွေကို သုတေသနလုပ်ချင်မှာလဲ"
ကျန်းမုန့်လောင်လည်း ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။ ဤသည်မှာ လက်တွေ့ကျသော ပြဿနာတစ်ခုပင်။
"အဲဒါတင်မကဘူး။ ဖိုတိုလီဂရက်ဖီစက်ပိုင်းဆိုင်ရာနည်းပညာတစ်ခုက အမေရိကန်ဒေါ်လာသန်းတစ်ရာလောက် ကုန်ကျတယ်။ သုတေသနလုပ်ဖို့ဆိုရင် ဒေါ်လာ၂၀ဘီလီယံအောက်နဲ့ စမယ်ဆိုပြီး စိတ်တောင်မကူးလေနဲ့။ တက္ကသိုလ်တွေနဲ့ သုတေသနဌာနတွေရဲ့ ရန်ပုံငွေတွေအားလုံးကို ပေါင်းလိုက်ရင်တောင် အမေရိကန်ဒေါ်လာ၂၀ဘီလီယံအထိ မရှိဘူး။ ကော်ပိုရေးရှင်းကြီးတွေတောင် မတတ်နိုင်ဘူး"
"ဒါပေမဲ့ ကျုပ် ပါမောက္ခတစ်ယောက်ကိုသိတယ်"
ထိုအချိန်မှာပင် ရှုစုန့်ဟိုင်က တစ်စုံတစ်ယောက်ကို ချက်ချင်းသတိရလိုက်မိသည်။
"သူက Magic Cityတက္ကသိုလ်ရဲ့ ပါမောက္ခတစ်ယောက်ပဲ။ ကျုပ်ရဲ့အတန်းဖော်ပေါ့။ ဒါပေမဲ့ သူ့လေ့လာမှုနယ်ပယ်က တအားကျဉ်းမြောင်းလို့ သူ့ဆီမှာ ကျောင်းသားမရှိသလောက်ဖြစ်ပြီး သူ့ရဲ့သုတေသနရန်ပုံငွေကလည်း သနားဖို့တောင်ကောင်းတယ်။ သူက ကျုပ်တို့ရွယ်တူတန်းတူတွေထဲမှာ အောင်မြင်မှုအနည်းဆုံးလူပဲ"
ထိုစဉ်တုန်းက ရှုစုန့်ဟိုင်က သူ့အား အတူအလုပ်လုပ်ဖို့ ဖိတ်ခေါ်ခဲ့ပါသော်ငြား ထိုပါမောက္ခကတော့ ငြင်းခဲ့လေသည်။ သူ့အကြောင်းပြချက်ကား ဟွာရှားနိုင်ငံ၏ ချစ်ပ်ပြားဖိုတိုလီဂရက်ဖစ်နည်းပညာကို အခြေခံအုတ်မြစ်ချပေးချင်ပေသည်။ သို့မှသာ ဟွာရှားလူမျိုးများ ကိုယ်ပိုင်သုတေသန၏အရေးပါမှုကို နားလည်လာသည့်အချိန်တွင် အခြေခံအုတ်မြစ်မရှိဘဲ စမ်းတဝါးဝါးဖြစ်နေသည့် အခြေအနေမျိုးနှင့် မကြုံတွေ့ရမည်ဖြစ်၏။
"ဒါရိုက်တာရှု..ဒီပါမောက္ခကို ဆက်သွယ်ရမဲ့လိပ်စာတစ်ခုခုများရှိလား"
ကျန်းမုန့်လောင်က ဤကဲ့သို့သောတစ်စုံတစ်ခုကို ပြောနိုင်သည့် ပါမောက္ခတစ်ယောက်ကို လေးစားသဖြင့် မေးလိုက်လေသည်။
"ရှိတော့ရှိတယ်။ ဒါပေမဲ့ ကျုပ်တို့ မဆက်သွယ်တာ တော်တော်ကြာပြီဆိုတော့ သူ အရင်နေရာမှာ ရှိသေးလားဆိုတာတော့ မသေချာဘူး"
ရှုစုန့်ဟိုင်က ကျန့်မုန့်လောင်အား ဖုန်းနံပါတ်တစ်ခုနှင့် လိပ်စာတစ်ခုကိုပေးရင်း ပြောလာလေသည်။
"ပြဿနာမရှိပါဘူး။ ကျွန်တော့်တာဝန်သာထားလိုက်။ ကျွန်တော်ကိုယ်တိုင် သူ့ကိုဖိတ်လိုက်မယ်"
ကျန်းမုန့်လောင်က ဆို၏။
"ကျန်တဲ့ပင်မသုတေသနဝန်ထမ်းတွေကိုတော့ ခင်ဗျားကိုပဲ တာဝန်ပေးရတော့မယ်။ ဒါရိုက်တာရှု..သူတို့ရဲ့နှစ်စဉ်လစာကို အခုလောလောဆယ်တော့ ဟွာရှားငွေသန်းတစ်ရာကနေ စလိုက်ကြတာပေါ့"
"ဟွာရှားငွေသန်းတစ်ရာလား"
ရှုစုန့်ဟိုင်ခမျာ မျက်လုံးပြူးသွားရ၏။
"ဖျော်ဖြေရေးလောကထဲကလူတွေ တစ်နှစ်ကို သန်းရာနဲ့ချီပြီး ရှာနိုင်တယ်ဆိုရင် နိုင်ငံတော်အတွက် နည်းပညာတိုးတက်အောင် လုပ်ပေးနေတဲ့လူတွေကို ကျွန်တော်တို့က ဘာဂုဏ်မပြုနိုင်စရာရှိလဲ"
ကျန်းမုန့်လောင်က ပြန်ပက်လိုက်သည်။
"ကျွန်တော် ဒီစည်းမျဉ်းကို ချိုးဖျက်တော့မှာ။ အဲဒါကိုလည်း လူ့အဖွဲ့အစည်းကြီးကို သိစေချင်တယ်"
"ကောင်းပြီလေ"
ကျန်းမုန့်လောင်၏စကားများကြောင့် စိတ်လှုပ်ရှားသွားရသော ရှုစုန့်ဟိုင်ခမျာ စိတ်အားတက်ကြွမှုကို ခံစားလိုက်ရသည်။ ကုမ္ပဏီ၏ဝင်ငွေက ဆယ်ဆ သို့မဟုတ် အဆတစ်ရာကျော် ပိုများနေခဲ့ပါက လစာဘီလီယံဂဏန်းလောက်က မပြောပလောက်ပေ။
"စီနီယာတို့.. ပိုက်ဆံအများကြီးရှိတာကလွဲရင် ကျွန်တော် တခြားဘာမှသိပ်မသိပါဘူး"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ကုမ္ပဏီရေးရာကိစ္စတွေကို တာဝန်ယူဖို့အတွက် ခင်ဗျားတို့ကိုပဲ ဒုက္ခပေးရမှာပဲ။ ခင်ဗျားတို့ ပိုက်ဆံပြတ်သွားရင် ကျွန်တော့်ဆီကိုသာ လာခဲ့လိုက်"
"ဒါဆို ကျုပ်တို့လည်း အားနာမနေတော့ဘူး"
ရှယ်ယာရှင်များက ရယ်မောလိုက်ကြသည်။
"ကျုပ်တို့ ပိုက်ဆံပြတ်သွားရင် ခင်ဗျားဆီကို လာခဲ့မယ်"
ဤသည်မှာ ကျန်းမုန့်လောင်ကဲ့သို့ အလွန်အမင်းချမ်းသာသူတစ်ယောက်သာ ပြောနိုင်သော စကားများပင်မဟုတ်ပါလား။
**********