ဘယ်လောက်ဘီလီယံလိုချင်လဲဆိုတာသာ ပြောလိုက်
Vol. 18 Ch. 260
ကျန်းမုန့်လောင်က ကျွန်းပေါ်တွင် အကြာကြီးမနေခဲ့ချေ။ သူ ဤနေရာသို့ လာရောက်ရသည့် အဓိကရည်ရွယ်ချက်နှစ်ခုတွင် ပထမတစ်ခုက ဟွာရှားနိုင်ငံ၏ချစ်ပ်ပြားနည်းပညာကို ပိတ်ဆို့ရန်ကြိုးစားနေသော အနောက်တိုင်းသားများကို မောင်းထုတ်ရန်ဖြစ်ပြီး ဒုတိယအချက်ကမူ ချစ်ပ်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို စီစဉ်ရန်ပင်။ တစ်ရက်တည်းနှင့် ကျန်းမုန့်လောင် ထိုရည်ရွယ်ချက်နှစ်ခုလုံးကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့လေသည်။
ကျန်ကိစ္စများကိုမူ လျူချန်းက အစီအစဉ်တကျဆောင်ရွက်ပေးသွားလိမ့်မည်။
ဟွာရှားသို့ ပြန်ရောက်သောအခါ အလွန်နောက်ကျနေပြီဖြစ်သောကြောင့် ရှုစုန့်ဟိုင်ပြောလိုက်သော ပါမောက္ခဆီသို့ မသွားတော့ဘဲ သူ့ဝေးပေါ်အကောင့်တွင်သာ ပို့စ်တစ်ခု တင်လိုက်၏။
"ဒီကြေညာချက်ကတစ်ဆင့် Silicon Moonlightရဲ့ ဥက္ကဋ္ဌနေရာကို လွှဲပြောင်းယူလိုက်ပြီဖြစ်ကြောင်း ကြေညာချင်ပါတယ်။ ပြီးတော့ အနောက်နိုင်ငံတွေရဲ့ နည်းပညာပိတ်ဆို့မှုနဲ့ပတ်သက်ပြီး ငါ လုံးဝစိတ်မပူပါဘူး။ ရယ်တောင်ရယ်ချင်သေးတယ်။ ခြောက်လအတွင်းမှာပဲ ဟွာရှားက အဆင့်မြင့်ချစ်ပ်ပြားတွေရဲ့ မျိုးဆက်သစ်တစ်ခုကို အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်တော့မှာပါ။ ဒါကြောင့် အနောက်တိုင်းသားတွေ ကြွက်မြီးသာ စုပ်နေပါစေ"
အမေရိကန်သမ္မတအသစ်ကို ရာထူးအပ်နှင်းပြီးကတည်းက လူပေါင်းများစွာက သူတို့၏လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေခဲ့ကြသည်။ ဟွာရှား၏ချစ်ပ်နည်းပညာကို ပိတ်ဆို့ခြင်းက ဟွာရှားနိုင်ငံသားများစွာ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ပေသည်။
သာမန်ပြည်သူများကမူ ဂရုမစိုက်ကောင်းမစိုက်ကြသော်လည်း ဟွာရှား၏လူငယ်မျိုးဆက် အထူးသဖြင့် အဆင့်မြင့်ပညာရေးကို သင်ယူလေ့လာခဲ့သူများကတော့ အလွန်စိုးရိမ်ပူပန်နေကြရှာ၏။
ထို့ပြင် ဤရက်ပိုင်း၌ ချစ်ပ်ပြားနှင့် 5Gဟူသော စကားလုံးတို့က ရှာဖွေမှုအများဆုံးစာရင်းထဲတွင် ထိပ်ဆုံးက ရပ်တည်နေခဲ့သည်။
ကျန်းမုန့်လောင်ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုတည်းဖြင့် ဤသတင်းက ရှာဖွေမှုအများဆုံးစာရင်းပေါ်သို့ တန်းရောက်သွားခဲ့ပြီး ချက်ချင်းပင် ဟွာရှားတစ်နိုင်ငံလုံး ပွက်လောရိုက်သွားခဲ့ရသည်။
"သေစမ်းကွာ.. ဥက္ကဋ္ဌကျန်းက အကွက်ရွှေ့လိုက်ပြန်ပြီဟေ့"
"Silicon Moonlightကို ငါသိတယ်။ အဲဒါက ကမ္ဘာပေါ်မှာ အကြီးဆုံးချစ်ပ်ပြားထုပ်ပိုးရေးနဲ့ စမ်းသပ်ရေးစက်ရုံကြီးပဲ။ ဟွာရှားနိုင်ငံရဲ့ချစ်ပ်ပြား၆၀ရာခိုင်နှုန်းလောက်က အဲဒီကထောက်ပံ့ပေးထားတာ"
"ငါလုံးဝစိတ်မပူဘဲ ရယ်တောင်ရယ်ချင်သေးတယ်ဆိုတာက ဘာအဓိပ္ပာယ်လဲ။ သူ Silicon Moonlightရဲ့ရှယ်ယာတွေကိုဝယ်ပြီး ဥက္ကဋ္ဌဖြစ်လာခဲ့တယ်ဆိုရင်တောင် နည်းပညာမရှိရင် ဘာအကျိုးရှိမှာလဲ"
"ဥက္ကဋ္ဌကျန်းက ချမ်းသာတယ်လေ။ သုတေသနအတွက် ပိုက်ဆံပစ်ထည့်ပေးပြီး အဲလိုဖြစ်လာအောင် လုပ်လို့မရနိုင်လို့လား"
"ဒီလိုပြဿာနာမျိုးကို ငွေနဲ့ဖြေရှင်းနိုင်လို့လား။ ခြောက်လတဲ့။ ငါးနှစ်ပေးရင်တောင် ကမ္ဘာ့အဆင့်မီဖြစ်လာဖို့ လုံလောက်မှာမဟုတ်ဘူး။ ကျန်းမုန့်လောင်က ဒီတစ်ခေါက်တော့ တအားတွေမာန်တက်နေတာပဲ"
...
ဆွေးနွေးမှုများ စတင်လာသည်နှင့်တစ်ပြိုင်နက် ကျန်းမုန့်လောင်ထံသို့ ရှုစုန့်ဟိုင်က ဖုန်းဆက်လာ၏။ ထို့နောက် သူ့အားဆက်သွယ်ခိုင်းထားသော ချစ်ပ်နည်းပညာကျွမ်းကျင်သူများအားလုံးက ပါဝင်ရန် သဘောတူလိုက်ပြီဖြစ်ကြောင်း ပြောလာလေသည်။ ထိုအရာက သူတို့၏ပညာရေးလုပ်ငန်းများကို မထိခိုက်စေသရွေ့ သူတို့ကလည်း Silicon Moonlightတွင် နည်းပညာအကြံပေးအဖြစ် ပါဝင်လိုသည်ဟု ဆိုထားသည်။
ဤသို့ဖြင့် အစီအစဉ်ကား တစ်ဝက်နီးပါး ပြီးမြောက်သွားလေပြီ။
ဤလူများကို ဘာလို့ရွေးချယ်ရသလဲ။ အကြောင်းပြချက်ကတော့ ရှင်းလှပေသည်။ ဤလူများမှာ ဟွာရှားနိုင်ငံ၏ ချစ်ပ်ပြားနည်းပညာကို ရှာဖွေစူးစမ်းပြီး သုတေသနပြုလုပ်ရန်အတွက် တစ်ဘဝလုံးအားထုတ်ခဲ့ကြသော ပညာရှင်များပင်။ ကျန်းမုန့်လောင်သာ သက်ဆိုင်ရာနည်းပညာကို သူတို့အား ဝေမျှလိုက်ပါက ပေါက်ကြားနို်ငခြေလည်း မရှိသလောက် နည်းပါလှ၏။
ဖီလာအားဖြင့် အကျိုးအမြတ်အတွက်သက်သက်သာ လေ့လာခဲ့ကြသူများ ဖြစ်နေပါက ကျန်းမုန့်လောင်က သူတို့ကို နည်းပညာလွှဲပြောင်းပေးလိုက်သည်နှင့် သူတို့ကလည်း ထိုနည်းပညာကို အနောက်နိုင်ငံများဆီသို့ ရောင်းထုတ်ပစ်လိုက်မည်ဖြစ်ရာ အကျိုးယုတ်သွားနိုင်လေသည်။
ကျန်းမုန့်လောင်က ဒုတိယမြောက်ဝေးပေါ်ပို့စ်တစ်ခုကို ချက်ချင်းတင်ပစ်လိုက်သည်။
"Silicon Moonlightက ကျန်းနန်တက္ကသိုလ်က ပါမောက္ခရှောက်ဂန်နဲ့ အန်းကျိုးနည်းပညာတက္ကသိုလ်က ပါမောက္ခကျူးမင်ဟွေ့နဲ့အတူ… တခြားပါမောက္ခရှစ်ယောက်ကို နှစ်စဉ်လစာဟွာရှားငွေသန်းတစ်ရာနဲ့ Silicon Moonlightရဲ့ သုတေသနနဲ့ဖွံ့ဖြိုးရေးဌာနမှာ လုပ်ကိုင်ဖို့ ခန့်အပ်လိုက်ပါပြီ"
"တစ်နှစ်ကို သန်းတစ်ရာတဲ့လား"
"သောက်ကျိုးနည်း.. မနှစ်တုန်းက ဟွာရှားဂရုက PhDဘွဲ့ရတွေကို နှစ်စဉ်လစာနှစ်သန်းနဲ့ အလုပ်ကမ်းလှမ်းခဲ့တုန်းကတောင် ငါ အံ့ဩသွားခဲ့သေးတာ။ ဒါပေမဲ့ ဥက္ကဋ္ဌကျန်းကတော့ အဆပေါင်းငါးဆယ်တောင် မြှင့်ပစ်လိုက်တာတဲ့လား"
"သေစမ်း။ သူက ချမ်းသာကြွယ်ဝမှုတွေကို ထုတ်ကြွားနေတာလား။ လူမှုကျင့်ဝတ်ပျက်ပြားစေတာလား။ နိုင်ငံတော်သိပ္ပံသုတေသီတွေက ခက်ခက်ခဲခဲနဲ့ ရိုးရှင်းတဲ့ဘဝမှာပဲ နေထိုင်သင့်တာလေ။ ကျန်းမုန့်လောင်က ပြည်သူလူထုရဲ့အခြေခံမူတွေကို ဖျက်ဆီးနေတာပဲ"
"မင်းမေကြီးတော်ကို လဲသေလိုက်လေ။ ငတုံးကောင်ရ.. ပျက်စီးနေတဲ့ အဲဒီအနုပညာရှင်တွေတောင် ဒေါ်လာဘီလီယံတန်တဲ့ အိမ်ကြီးတွေဝယ်နိုင်သေးတာပဲ။ သိပ္ပံပညာရှင်တွေက ဘာလို့မဝယ်နိုင်ရမှာလဲ။ သူတို့က နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် ဘယ်လောက်တောင်အကျိုးပြုပေးထားလိုက်သလဲ"
"ငါတော့ ဒီမှာ ရယ်သေပြီ။ အရင်က တော်ဝင်ပညာရှင်ယွမ်လုံပင် ကားတစ်စီးလေး ဝယ်စီးမိတုန်းက ပေါတောတောကီးဘုတ်စစ်သည်ဆိုတဲ့ဟာတွေက သူ့ကို အသည်းအသန်လိုက်ဝေဖန်ခဲ့ကြတာလေ။ အဲဒီလူက သူ့တစ်ဘဝလုံး သူ့နိုင်ငံအတွက် တိုက်ခိုက်ပေးခဲ့ရတာကွ။ သူ့ရဲ့မျိုးစပ်ဆန်နည်းပညာသာမရှိရင် ငါတို့တွေ ဟိုးအရင်ကတည်းက ငတ်သေနေလောက်ပြီ"
"အမှန်ပဲ။ တော်ဝင်ပညာရှင်ယွမ်လုံပင် ကားဝယ်စီးတာကိုမပြောနဲ့ဦး။ ပန်ဒါအကြီးကြီးတစ်ကောင်ကို ထုတ်စီးလာရင်တောင် ငါ တစ်ခွန်းမှဟမှာမဟုတ်ဘူး။ သူက အဲ့လိုအကျိုးခံစားခွင့်မျိုးနဲ့ ထိုက်တန်တယ်။ မင်းတို့က ဘာမို့လို့လဲ အမှိုက်တွေရဲ့။ အမှိုက်ခြောက်လား။ အမှိုက်စိုလား"
"ငါ ဥက္ကဋ္ဌကျန်းကို ထောက်ခံတယ်ဟေ့။ သိပ္ပံပညာရှင်တွေက ပိုကောင်းတဲ့အကျိုးခံစားခွင့်တွေနဲ့ ထိုက်တန်တယ်"
"ဒါပေမဲ့ နှစ်စဉ်လစာသန်းတစ်ရာဆိုတာကြီးက ငါ့ကို တကယ်မနာလိုဖြစ်စေတယ်နော်။ ဒီလောက်ပမာဏအများကြီးကို ဥက္ကဋ္ဌကျန်းတစ်ယောက်ပဲ ထုတ်သုံးနိုင်တာ"
"အခု မာစတာဘွဲ့ ဒါမှမဟုတ် PhDဘွဲ့ ဆက်ယူမယ်ဆိုရင် နောက်ကျသွားပြီလား"
...
အကျိုးသက်ရောက်မှုမှာ အံ့ဩစရာကောင်းလောက်အောင် ကောင်းလွန်းလှ၏။ လူနည်းစုကလွဲ၍ အများစုက ပါမောက္ခများကို လစာများများပေးလိုက်သော ကျန်းမုန့်လောင်၏လုပ်ရပ်ကို ချီးကျူးနေကြပြီး လူမှုအသိုင်းအဝိုင်း၏တန်ဖိုးကို မြှင့်တင်ခြင်းဖြစ်ကြောင်း ဆိုကြသည်။
တစ်ဆက်တည်းမှာပင် ကုမ္ပဏီကို ကျန်းမုန့်လောင်လွှဲပြောင်းယူပြီးကတည်းက အနောက်တိုင်းသားများနှင့် ပူးပေါင်းပြီး ဟွာရှားနိုင်ငံသို့ ချစ်ပ်ပြားရောင်းချခြင်းအား တားမြစ်မည့်အစီအစဉ်ကို သဘောတူရန် ဆုံးဖြတ်ခဲ့ကြသော ဝန်ထမ်းများအားလုံးကို အလုပ်ထုတ်ပစ်လိုက်၍ ထိုရှယ်ယာရှင်များ၏ရှယ်ယာများကိုပါ ဝယ်ယူပစ်လိုက်သည့် သတင်းများလည်း Silicon Moonlightကုမ္ပဏီအတွင်းမှ သတင်းထွက်လာခဲ့သည်။
ဤသတင်းနှင့်အတူ ကျန်းမုန့်လောင်၏ပုံရိပ်ကလည်း ရုတ်ခြည်းဆိုသလို အရည်အသွေးပြောင်းလဲသွားပြီး "မျိုးချစ်စိတ်ထက်သန်သော စီးပွားရေးသမားဟူသော ဘွဲ့ထူးကို အခိုင်အမာရရှိလိုက်ပေသည်။
...
"မျိုးချစ်စိတ်ထက်သန်တဲ့စီးပွားရေးသမားကြီးရေ...မနက်ခင်းအစောကြီး ဘယ်သွားမလို့လဲ"
လုရီယောင်က ပါးစပ်ထဲတွင် သွားတိုက်တံကို ငုံထားလျက်သားဖြင့် အပြင်ထွက်ရန်ဟန်ပြင်နေသော ကျန်းမုန့်လောင်ကို မေးလိုက်၏။
"ဒီတစ်ခေါက် ကိုယ်ပိုင်ချစ်ပ်ပြားထုတ်လုပ်ရေးအတွက် အရေးပါတဲ့ ပါမောက္ခတစ်ယောက်ဆီကို သွားမလို့"
ကျန်းမုန့်လောင်က သွားတိုက်ဆေးများ ပေကျံနေဆဲဖြစ်သော လုရီယောင်၏နှုတ်ခမ်းထက်သို့ အနမ်းတစ်ချက်ခြွေ၍ ထွက်သွားလေတော့သည်။
ဤပါမောက္ခ၏အမည်မှာ ချန်းဟွေ့ဖြစ်ပြီး ယခုနှစ်တွင် အသက်၆၁နှစ်ရှိပြီဖြစ်၏။ သူသည် ဖိုတိုလီသိုဂရက်ဖီစက်ပစ္စည်းနယ်ပယ်တွင် အချိန်အတော်ကြာအောင် သုတေသနပြုလုပ်ခဲ့၏။ သို့သော် အလင်းနည်းပညာ၏ ကုန်ကျစရိတ်က အလွန်မြင့်မားလှပြီး သူ၏သုတေသနရန်ပုံငွေကလည်း နည်းပါးလွန်းလှသဖြင့် တိုးတက်မှုကလည်း အကန့်အသတ်များလှချေသည်။
သို့သော် ဖိုတိုလီသိုဂရက်ဖစ်စက်ပစ္စည်းနည်းပညာပိုင်းဆိုင်ရာ နားလည်တတ်ကျွမ်းမှုနှင့် ပတ်သက်လာလျှင် ဟွာရှားတစ်နိုင်ငံလုံး၌ သူ့ကို ကျော်နိုင်သူတစ်ယောက်မျှ မရှိပေ။ သို့သော် ထိုကဲ့သို့သော ပါရမီရှင်တစ်ယောက်က ကျန်းနန်တက္ကသိုလ်အနီးရှိ ဆရာများအတွက် သီးသန့်ဆောက်လုပ်ပေးထားသော တိုက်ခန်းငယ်လေးတစ်ခုတွင်သာ နေထိုင်နေချေသည်။
"အရည်အချင်းဖြုန်းတီးမှုကြီးပဲ"
ကျန်းမုန့်လောင်က ခပ်မဲ့မဲ့ပြုံးလျက် ရေရွတ်လိုက်ပြီးနောက် မည်းညစ်နေသော အပြင်ဘက်နံရံများ ရှိနေပါသည့် ခုနစ်ထပ်တိုက်လူနေအိမ်အဆောက်အအုံကြီးကို မော့ကြည့်ရင်း ခေါင်းတခါခါလုပ်လိုက်မိတော့သည်။ ချန်းဟွေ့ထက် ပို၍ရိုးရိုးရှင်းရှင်းနေတတ်သော ပါမောက္ခများကို ရှာတွေ့ရန်မှာ ခဲယဉ်းလွန်းလှ၏။
ကျန်းမုန့်လောင်က အဆောက်အအုံဆီသို့ ဦးတည်ပြီး ရှုစုန့်ဟိုင် သူ့ကိုပေးလိုက်သော လိပ်စာအတိုင်း ထွက်လာခဲ့လိုက်သည်။
...
"ဟေး.. ရှင်နဲ့ ရှင့်ရဲ့ဒီသုတေသနက ဘာလဲ။ တခြားဟာတွေအများကြီးရှိတဲ့အထဲကမှ ဖိုတိုလီသိုဂရက်ဖီစက်ပစ္စည်းတွေကိုမှ ဘာလို့အာရုံစိုက်နေရတာလဲ။ သုတေသနရန်ပုံငွေကလည်း တစ်ခါကို အမေရိကန်ဒေါ်လာသန်းရာဂဏန်းလောက် ရှိတယ်ဆို။ ဘယ်သူက ရှင့်ပရောဂျက်တွေကို ဒီလောက်ပိုက်ဆံအများကြီး ရန်ပုံငွေစိုက်ထုတ်ပေးမှာလဲ။
ချန်းဟွေ့၏ဇနီးက မနက်စာပြင်ပေးနေရင်း ပုံမှန်အတိုင်း ညည်းတွားနေချေသည်။
သို့သော် ချန်းဟွေ့ကတော့ ပြုံးရုံသာ ပြုံးသည်။ သူ့မိန်းမ၏စကားက စိတ်ထဲကမပါကြောင်း သူသိသည်။ သူ(မ)လည်း သူတို့နှစ်ယောက်လုံး ပိုကောင်းမွန်သောဘဝတွင် နေထိုင်နိုင်ရန် ဆန္ဒရှိပေသည်။
စင်စစ်တွင် ပါမောက္ခများသည် ပုံမှန်အားဖြင့် လစာကောင်းကောင်းရကြ၏။ ချန်းဟွေ့လည်း တစ်လကို တစ်သောင်းကျော်ရပြီး အကျိုးခံစားခွင့်ကောင်းများလည်း ခံစားရသည်။ သို့သော် နိုင်ငံတော် သို့မဟုတ် ကော်ပိုရေးရှင်းများ၏ ပရောဂျက်များကို လွယ်လင့်တကူလက်ခံကာ သိန်းချီ၊ သန်းချီပြီး ဝင်ငွေရနေကြသော အခြားပါမောက္ခများနှင့် ယှဉ်လိုက်ပါက သူ့လစာတစ်သောင်းကျော်လေးက သူ့ဂုဏ်ပုဒ်နှင့်ပင် မလိုက်ဖက်လှချေ။
"ရှင်က မျိုးချစ်စိတ်ရှိတယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ စားဖို့သောက်ဖို့အတွက်လည်း ပိုက်ဆံလုံလုံလောက်လောက်ရှိနေဖို့ လိုသေးတာပေါ့"
သူ့မိန်းမက သက်ပြင်းချလိုက်၏။
"အဲဒီတုန်းကသာ ရှုနဲ့အတူ ကိုယ်ပိုင်စီးပွားရေးစလုပ်ခဲ့ရင် ကျွန်မတို့လည်း အခုထက်ပိုပြီး ကောင်းကောင်းမွန်မွန်နေထိုင်ရမှာပဲ။ ကျွန်မတို့သားက လက်ထပ်တော့မှာ။ ပြီးတော့ ဒီမြို့မှာ အိမ်ဈေးနှုန်းတွေကလည်း တအားတွေမြင့်နေတာလေ။ ကျွန်မတို့ သူ့ကို ကူညီနိုင်မှာမဟုတ်တော့ဘူး"
"အာ.. လူငယ်တွေက ကြံ့ကြံ့ခံနိုင်ဖို့ သင်ယူသင့်တယ်။ မိဘတွေကိုပဲ အမြဲအားကိုးနေလို့မဖြစ်ဘူး"
ပါမောက္ခချန်းက တခစ်ခစ်ရယ်လိုက်လေ၏။
"ရယ်နေ။ ဆက်ရယ်နေ။ ကြံကြံ့ခံနိုင်တာတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ ရှင် ပြုတ်ကျတဲ့အချိန် အခုလိုရယ်နိုင်ဦးမလားဆိုတာ ကျွန်မ ကြည့်ဦးမယ်"
"ဒေါက် ဒေါက် ဒေါက်"
လင်မယားနှစ်ယောက် စကားပြောနေချိန်တွင် တစ်စုံတစ်ယောက်က သူတို့အိမ်တံခါးကို ခေါက်လာ၏။
"ရှင် ဆက်စားနေလိုက်ဦး။ ကျွန်မ တံခါးသွားဖွင့်လိုက်မယ်"
ချန်းဟွေ့၏မိန်းမက ဆီပေနေသော သူ(မ)၏လက်နှစ်ဖက်ကို သုတ်၍ တံခါးသွားဖွင့်လိုက်သည်။
"မင်း.."
ချန်းဟွေ့၏မိန်းမလည်း တအံ့တဩဖြင့် ကြည့်နေမိချေသည်။
"တစ်ဆိတ်လောက်ပါ..ဒါက ပါမောက္ခချန်းဟွေ့ရဲ့အိမ်လားဗျ"
ကျန်းမုန့်လောင်က ယဉ်ယဉ်ကျေးကျေးမေးလိုက်လေသည်။
"ချန်း..ရှင့်ကိုလာရှာတာတဲ့"
"ဘယ်သူလဲ"
ပါမောက္ခချန်းကလည်း တူကိုင်လျက်သားဖြင့် တံခါးနားသို့ ရောက်လာလေသည်။
"မင်္ဂလာပါ ပါမောက္ခချန်း"
ကျန်းမုန့်လောင်က ပြုံးရယ်လျက် ဆိုလိုက်၏။
"ကျွန်တော့်နာမည်က ကျန်းမုန့်လောင်ပါ။ Silicon Moonlightရဲ့ လက်ရှိဥက္ကဋ္ဌပေါ့။ ကျွန်တော် ဒီနေ့လာရတဲ့အကြောင်းအရင်းက ကျွန်တော်တို့ဖိုတိုလီသိုဂရက်ဖီစက်ပစ္စည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါမောက္ခကို ကျွန်တော်တို့ရဲ့ပင်မနည်းပညာကျွမ်းကျင်သူအဖြစ် ပါဝင်ပေးဖို့ ဖိတ်ခေါ်ချင်လို့ပါ။ ခင်ဗျား သဘောတူနိုင်မလားမသိဘူး"
"ဖိုတိုလီသိုဂရက်ဖီစက်ပစ္စည်းဖွံ့ဖြိုးတိုးတက်ရေးလား"
ချန်းဟွေ့က ခြောက်ကပ်ကပ်ရယ်လိုက်လေသည်။
"လူငယ်လေး.. ဖိုတိုလီသိုဂရက်ဖီစက်ပစ္စည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေဘယ်လောက်လိုအပ်လဲဆိုတာ မင်းသိလား"
ကျန်းမုန့်လောင်က ခေါင်းခါလိုက်လေသည်။
"ပိုက်ဆံဘယ်လောက်လိုလဲဆိုတာတော့ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်က ပိုက်ဆံပြတ်လပ်မနေဘူးလေ။ ဘီလီယံရာဂဏန်းပဲဖြစ်ဖြစ် ထရီလီယံပေါင်းများစွာပဲဖြစ်ဖြစ် ပြောသာပြောလိုက်ပါ။ ပိုက်ဆံက အဓိကမဟုတ်ပါဘူး"
*********