← Chapters

သူတို့စိတ်တိုရင် ကျွန်တော်ပျော်တယ်

Vol. 18 Ch. 261

သူတို့စိတ်တိုရင် ကျွန်တော်ပျော်တယ်

Vol. 18 Ch. 261

ပါမောက္ခချန်းဟွေ့သည် ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် ပညာရေးနယ်ပယ်တွင် လုပ်ကိုင်ခဲ့သော်လည်း သူရရှိခဲ့ဖူးသည့် အများဆုံးသုတေသနရန်ပုံငွေမှာ သိန်းဂဏန်းထက် မကျော်လွန်ခဲ့ဖူးပေ။ ကျန်းမုန့်လောင်က ဘီလီယံရာဂဏန်းကို သာမန်ကာလျှံကာသဘောထား၍ ပြောနေသည်ကို ကြားလိုက်ရသောအခါ သူ လုံးဝအံ့သြမှင်တက်သွားချေသည်။

"ဟုတ်သားပဲ... အခုမှသတိရတယ်။ မင်းက ကမ္ဘာ့အချမ်းသာဆုံးလူပဲ"

လူမှုကွန်ယက်များသည် အမှန်တကယ်တွင် လူငယ်များ၏ အရေးအရာကိစ္စများသာ ဖြစ်၏။ ပါမောက္ခချန်းဟွေ့က ကျန်းမုန့်လောင်ကို မမှတ်မိသော်လည်း သူ့ဇနီးကတော့ သိပ်မကြာသေးခင်က သတင်းထဲတွင် သူ့ကိုမြင်ဖူးထားသည်။

"ဟမ်... ကမ္ဘာ့အချမ်းသာဆုံးလူလား။ အဲဒါက အမေရိကန်လူမျိုးမဟုတ်ဘူးလား"

"အဲဒါက သတင်းဟောင်းလေ"

ပါမောက္ခချန်း၏ဇနီးက ပြောသည်။

"ရှင် တစ်နေ့တစ်နေ့ စာအုပ်တွေပဲဖတ်ပြီး သုတေသနတွေချည်း လုပ်မနေဘဲ နိုင်ငံတကာသတင်းတွေနဲ့ မီဒီယာသတင်းတွေကို နည်းနည်းလောက်ဂရုစိုက်ခဲ့မယ်ဆိုရင် ဒီလိုလူမျိုးကို မမှတ်မိဘဲနေမှာမဟုတ်ဘူး"

"အထဲဝင်ခဲ့ မုန့်လောင်... အပြင်မှာအေးတယ်"

ပါမောက္ခချန်းဟွေ့၏ဇနီးက ကျန်းမုန့်လောင်ကို အိမ်ထဲသို့ ချက်ချင်းဖိတ်ခေါ်လိုက်သည်။

သူ(မ) အားလုံးကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။ ဤလူငယ်လေးက သူ(မ)၏ခင်ပွန်းကို Silicon Moonlightတွင် အဓိကသုတေသီခေါင်းဆောင်အဖြစ် လုပ်ကိုင်ပေးရန် လာရောက်ဖိတ်ခေါ်ခြင်းပင်။ ထိုနေရာသည် ကမ္ဘာ့အကြီးဆုံးချစ်ပ်ပြားထုပ်ပိုးမှုနှင့် စမ်းသပ်ရေးစက်ရုံကြီးဖြစ်ကြောင်း သူ(မ)သိသည်။

သူ(မ)ခင်ပွန်း၏ ခေါင်းမာလှသော စိတ်နေသဘောထားကို ထည့်သွင်းစဉ်းစားကြည့်လိုက်ပါက ဤတက္ကသိုလ်ထက် ထိုကုမ္ပဏီ၏ အကျိုးခံစားခွင့်များက ပိုကောင်းလိမ့်မည်မဟုတ်လော။

"လာ ထိုင်ဦးလေ...မင်းအတွက် ရေနွေးသွားယူပေးမယ်"

"မဒမ်... ပြဿနာမရှာပါနဲ့။ အတူတူထိုင်ကြရအောင်ပါ"

ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်၏။

ပါမောက္ခချန်း၏ဇနီးက စီးပွားရေးဆန်ဆန် တွက်ချက်တတ်ပုံရသော်လည်း ပါမောက္ခချန်းဟွေ့တို့မိသားစု၏ အခြေအနေကိုမြင်လိုက်ရပြီးနောက် ကျန်းမုန့်လောင် လုံးဝနားလည်သွားခဲ့သည်။

ပါမောက္ခချန်းဟွေ့က ပိုမိုများပြားသော ငွေကြေးပမာဏကို ရရှိနိုင်သည့် အရည်အချင်းများရှိသော်လည်း သူ့ခွန်အားအလုံးစုံကို သူ့အတွက် အကျိုးမရှိသည့် ဖိုတိုလီသိုဂရက်ဖီနည်းပညာတွင်သာ မြှုပ်နှံထားသည်။ သူရရှိထားသည့် ရတောင့်ရခဲသုတေသနရန်ပုံငွေများကိုလည်း ကုန်ကြမ်းပစ္စည်းများ ဝယ်ယူခြင်း၊ စက်ပစ္စည်းငှားရမ်းခြင်းနှင့် မဟာတန်းနှင့် ပါရဂူဘွဲ့ကျောင်းသားများအတွက် ထောက်ပံ့ကြေးပေးခြင်းတို့တွင်သာ အသုံးပြုပစ်လိုက်ပြီး သူ့အတွက် ဘာမှချန်မထားခဲ့ပေ။

ပညာတတ်လူတန်းစားတွင် ပါမောက္ခချန်းဟွေ့၏ မိသားစုအခြေအနေက အလွန်ရိုးရှင်းလှသည်ဟု ယူဆနိုင်သည်။

"ကျွန်တော် ဒီကိုလာရတဲ့ရည်ရွယ်ချက်ကို ရှင်းပြပါရစေ"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ပါမောက္ခချန်း.. ကျွန်တော်တို့တွေ ဆက်သွယ်ရေးနည်းပညာကို ဆက်လက်တိုးတက်စေချင်ရင် ကိုယ်ပိုင်သုတေသနအပြင် တခြားနည်းလမ်းမရှိဘူးဆိုတာ ခင်ဗျာလည်းသိပါတယ်"

ပါမောက္ခချန်းဟွေ့က ခေါင်းညိတ်လိုက်လေသည်။ ဤအချက်ကို ဟိုးကတည်းက သူသဘောပေါက်ထားသော်လည်း သုတေသနကုန်ကျစရိတ်က အလွန်မြင့်လှသဖြင့် နိုင်ငံတော်၏အင်အားမပါဘဲ မည်သည့်လုပ်ငန်းကမှ ထိုကဲ့သို့များပြားလှသော သုတေသနကုန်ကျစရိတ်ကို တတ်နိုင်မည်မဟုတ်ချေ။

သူသည် သာမန်ပါမောက္ခတစ်ယောက်မျှသာ ဖြစ်၏။ နိုင်ငံတော်ကို လွှမ်းမိုးနိုင်စွမ်းလည်း မရှိသောကြောင့် သူ့အလုပ်ကိုသာ တိတ်တိတ်လေးလုပ်နေရသည်။

"အခု ကျွန်တော့်ဆီမှာ 2nmချစ်ပ်ပြားနည်းပညာရှိနေပါတယ်။ ခရစ္စတယ်ချစ်ပ်ပြားထုတ်လုပ်ရေးကနေ ထုပ်ပိုးရေးစမ်းသပ်မှုအထိ ပြီးပြည့်စုံတဲ့အချက်အလက်တွေရော လက်ရှိမျိုးဆက်ထက် နှစ်ဆပိုသာတဲ့ ဖိုတိုလီသိုဂရက်ဖီစက်ပစ္စည်းတစ်ခုရဲ့ အခြေခံမူနဲ့ ပုံကြမ်းတွေလည်း ရှိပါတယ်"

"ဘာ"

ပါမောက္ခချန်းဟွေ့က ချက်ချင်းမတ်တတ်ထရပ်လိုက်လေသည်။ လက်ရှိအချိန်တွင် ဟွာရှား၏ဖိုတိုလီသိုဂရက်ဖီစက်ပစ္စည်းနည်းပညာကား 22nmချစ်ပ်ပြားများကိုသာ ထောက်ပံ့ပေးနိုင်သေးသည်ဖြစ်ရာ ကမ္ဘာ့ထိပ်တန်း5nmဖိုတိုလီသိုဂရက်ဖီစက်ပစ္စည်းနည်းပညာနှင့် အများကြီးဟွာဟနေချေသည်။ ကျန်းမုန့်လောင်က သူ့တွင် 2nmဖိုတိုလီသိုဂရက်ဖီစက်ပစ္စည်းနည်းပညာရှိသည်ဟု ဆိုနေခြင်းလား။

"ကျွန်တော်တို့ ချစ်ပ်ပြားထုတ်လုပ်ရေးလုပ်ငန်းစဉ်အတွက် တခြားဦးဆောင်သူတွေကိုလည်း စုစည်းထားပြီးပါပြီ။ ပါမောက္ခချန်းက ကျွန်တော်တို့ဟွာရှားတက္ကသိုလ်တွေထဲမှာ ထိပ်တန်းအဆင့်ရှိတဲ့ ဖိုတိုလီသိုဂရက်ဖီနည်းပညာပါမောက္ခတစ်ယောက်ဖြစ်တဲ့အကြောင်း ကျွန်တော်ကြားထားပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ပရောဂျက်မှာ ပါဝင်ပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်"

"ငါ ပုံကြမ်းတွေကို အရင်ကြည့်ကြည့်လို့ရမလား"

ပါမောက္ခချန်းဟွေ့က အစမ်းသဘောဖြင့် မေးလာလေသည်။

သူ အလွန်စိတ်လှုပ်ရှားနေဟန်တူသည်။ ဤသို့မေးခြင်းမှာ အဆင့်မြင့်ဖိုတိုလီသိုဂရက်ဖီစက်ပစ္စည်းများ ပိုင်ဆိုင်ထားသော ဖွံ့ဖြိုးပြီးနိုင်ငံများကို သူတို့၏ပုံကြမ်းများကို ပြခိုင်းနေသည်နှင့် အလားသဏ္ဌာန်တူလှပေသည်။

ဤသည်မှာ လျှို့ဝှက်ချက်များပင်။ နိုင်ငံတော်အဆင့်လျှို့ဝှက်ချက်များပင်။ ဤလျှို့ဝှက်ချက်သာ ပေါက်ကြားသွားခဲ့ပါက အခြားနိုင်ငံများကလည်း ဖိုတိုလီသိုဂရက်ဖီစက်ပစ္စည်းများကို အတုလုပ်နိုင်လာမည်ဖြစ်ပြီး သူတို့၏ထိပ်တန်းနေရာကိုလည်း ဆုံးရှုံးလိုက်ရပေမည်။

"ရတာပေါ့"

အံ့ဩဖို့ကောင်းလောက်အောင်ပင် ကျန်းမုန့်လောင်က ရက်ရက်ရောရောသဘောတူလိုက်သည်။

"ဒီမှာ ပရင်တာရှိလား"

"ရှိတယ်။ ရှိတယ်"

ပါမောက္ခချန်းဟွေ့က စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် ပြောလိုက်လေသည်။

"စာကြည့်ခန်းထဲမှာ။ ငါ မင်းကိုခေါ်သွားပေးမယ်"

ကျန်းမုန့်လောင်လည်း စာကြည့်ခန်းထဲသို့ ဝင်သွားလိုက်သည်။ စင်စစ်တွင် ဖိုတိုလီသိုဂရက်ဖီစက်ပစ္စည်းများနှင့် ပတ်သက်သော သတင်းအချက်အလက်များမှာ ကျယ်ပြန့်လွန်းလှသည်။ အကုန်လုံးကိုသာ ပရင့်ထုတ်မည်ဆိုပါက စာကြည့်ခန်းတစ်ခုလုံးပင် ပြည့်နှက်သွားပေလိမ့်မည်။

ကျန်းမုန့်လောင်က ကြိုတင်ပြင်ဆင်ထားပြီးဖြစ်၏။ သူသည် အလွန်အ‌ရေးကြီးသော ပင်မနည်းပညာအချက်အလက်တချို့ကိုသာ ယူလာခဲ့ခြင်းပင်။ ပထမအချက်အနေနှင့် ဤအရာများမှာ ပါမောက္ခချန်းဟွေ့၏ ကျွမ်းကျင်မှုက 2nmဖိုတိုလီသိုဂရက်ဖီစက်ပစ္စည်းကို ဖွံ့ဖြိုးတိုးတက်စေမည့် အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ဖို့ လုံလောက်နိုင်သလားဆိုသည်ကို ဆန်းစစ်နိုင်ပေသည်။

ဒုတိယအချက်အနေနှင့် သူ့တွင် အမှန်တကယ်လုပ်နိုင်စွမ်းရှိကြောင်း ပါမောက္ခချန်းဟွေ့ကို သိစေချင်သည်။

သို့သော် ဤသတင်းအချက်အလက်အနည်းငယ်ကပင် ပါရဂူဘွဲ့သီအိုရီစာတမ်းတစ်စောင်နီးနီး ထူလေသည်။

ပါမောက္ခချန်းဟွေ့က စာရွက်စာတမ်းအထပ်လိုက်ကြီးကို ကြည့်ကာ သူ့လက်များကို အဆက်မပြတ်ပွတ်သပ်၍ ကျန်းမုန့်လောင်ကို လှည့်ကြည့်လိုက်သည်။

ကျန်းမုန့်လောင်ကလည်း ခပ်ဖွဖွပြုံး၍ ကြိုဆိုလေဟန်အမူအရာပြလေသည်။

ပါမောက္ခချန်းဟွေ့လည်း ယဉ်ကျေးမနေတော့ဘဲ စာရွက်စာတမ်းများကို လေ့လာကြည့်ရှုလိုက်သည်။

တတိယစာမျက်နှာသို့အရောက်တွင် သူ့လက်များက အနည်းငယ်တုန်ယင်စပြုလာ၏။

"ဟားဟားဟား ဒီတော့ ဒီလိုကိုး။ မင်း ဒီပါရာမီတာကို ဒီလိုညှိလိုက်တာပဲ"

ပါမောက္ခချန်းဟွေ့က ကျန်းမုန့်လောင်ရှိနေသည်ကိုပင် မေ့လျော့သွားဟန်တူ၏။ စာရွက်စာတမ်းများဆီကိုသာ စိတ်ရောက်နေချေသည်။

"အဘိုးကြီး..ရှင်က စာဖတ်ပြီဟေ့ဆိုရင် တခြားဘာမှကိုဂရုမစိုက်တော့ဘူး။ ရှင့်ဧည့်သည်ကို ဧည့်မခံတော့ဘူးပေါ့"

ပါမောက္ခချန်းဟွေ့၏မိန်းမက သူ့ကိုကြားဝင်နှောင့်ယှက်လိုက်ချေသည်။

"ဟားဟားဟား စိတ်မပူပါနဲ့"

ကျန်းမုန့်လောင်လည်း ပါမောက္ခချန်း၏ဇနီးကို ခပ်မြန်မြန်တားလိုက်သည်။

"ကျွန်တော့်မှာ အချိန်တွေအများကြီးရှိပါတယ်။ သူ့ကို စာဖတ်ခိုင်းထားလိုက်ပါ"

...

သုံးနာရီကျော်ကြာပြီးနောက် ပါမောက္ခချန်းလည်း အဆုံးမှာတော့ ထူပိန်းလှသော စာရွက်စာတမ်းအထပ်လိုက်ကြီးကို ချလိုက်လေတော့သည်။ သူ့ဘေးရှိ ပုံကြမ်စာရွက်မှာမူ လုံးဝရှုပ်ပွနေပြီဖြစ်၏။

"မယုံနိုင်စရာပဲ။ ဒါက လက်ရှိဖိုတိုလီသိုဂရက်ဖီနည်းပညာထက် ငါးနှစ်စာလောက် ရှေ့ရောက်နေတာပဲ"

ပါမောက္ခချန်းဟွေ့က ထိုသို့ရေရွတ်လိုက်၏။

"တောင်းပန်ပါတယ်။ ငါ နည်းနည်းစိတ်ဝင်စားတာလွန်သွားတယ်"

ထိုအချိန်မှသာ သူ ကျန်းမုန့်လောင်ကို နာရီအတော်ကြာသည်အထိ ပစ်ထားမိကြောင်း ပါမောက္ခချန်း သဘောပေါက်လိုက်လေသည်။

"ဒီစာရွက်စာတမ်းတွေကို ဘယ်သူစီစဉ်ပေးထားတာလဲ။ မယုံနိုင်စရာပဲ"

"ကျွန်တော့်သုတေသနအဖွဲ့တွေထဲက တစ်ဖွဲ့ပါ"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"ဒါပေမဲ့ ဒါက အခြေခံမူပဲရှိပါသေးတယ်။ ကျွန်တော် ဒါကို စက်မှုလုပ်ငန်းအဆင့်ကိုရောက်အောင် လုပ်ပေးမဲ့လူတစ်ယောက် လိုအပ်နေတယ်။ ပါမောက္ခချန်းဟွေ့များ ကျွန်တော့်ကို ကူညီပေးနိုင်မလားလို့"

"ကူညီပေးနိုင်တာပေါ့"

ချန်းဟွေ့က ပြောလိုက်လေသည်။

"ဒါပေမဲ့ ငါတစ်ယောက်တည်းနဲ့တော့ မဖြစ်ဘူး။ အလင်းပညာနဲ့ စက်ပညာဆိုင်ရာ ကျွမ်းကျင်သူတွေကို ငါလိုအပ်တယ်။ ပြီးတော့ ငါ့အဖွဲ့ထဲက ကျောင်းသားတွေရောပဲ။ သူတို့က အရမ်းကျွမ်းကျင်မှုရှိတာ။ တခြားတော့ ဘာမှမပြောရဲပေမဲ့ အနည်းဆုံးတော့ ဟွာရှားမှာ သူတို့ထက် ပိုအရည်အချင်းရှိတဲ့လူရယ်လို့ မရှိဘူး"

"စိတ်ထဲတွေးမိတဲ့လူတွေများရှိလား"

ကျန်းမုန့်လောင်က ဆက်ပြောလိုက်၏။

"ရှိတာပေါ့။ သူတို့ကိုသာ ဒီပုံကြမ်းကိုပြလိုက်ရင် သူတို့လည်း သေချာပေါက်စိတ်ဝင်စားကြမှာ"

"ဒါဆို သဘောက…"

"ငါ သဘောတူတယ်"

ချန်းဟွေ့ ခေါင်းညိတ်ပြလိုက်၏။

"ပါမောက္ခချန်း..ခင်ဗျား လစာအကြောင်း မမေးတော့ဘူးလား"

ကျန်မုန့်လောင်က ခြောက်ကပ်ကပ်ရယ်လိုက်လေသည်။

"ကျွန်တော် ခင်ဗျားကို လုပ်အားပေးအနေနဲ့ လှည့်စားပြီးခေါ်သွားမှာကို မကြောက်ဘူးလား"

"လုပ်အားပေးဆိုရင်တောင် ငါသဘောတူမှာ"

ကျန်းမုန့်လောင် သူ့ကိုပေးထားသော ပုံကြမ်းမှာ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ကြောင်း ချန်းဟွေ့သိသည်။ သူ ထပ်မံသင်ယူချင်သည့်အရာများ ရှိသေးသည်။ ဤသည်မှာ သုတေသီတစ်ယောက်၏ ဇွဲပင်။ ကျန်းမုန့်လောင်က အပြန်အလှန်အနေနှင့် ဘာမှမပေးဘဲ အခွင့်ကောင်းယူရန် ရည်ရွယ်ထားလျှင်ပင် ချန်းဟွေ့ကတော့ ထိုကုန်ကြမ်းပစ္စည်းများအကြောင်း နားလည်နိုင်ဖို့အတွက်သက်သက် သွားချင်နေဆဲသာ။

"ဒါဆိုလည်းကောင်းပြီလေ။ တခြားအဓိကသုတေသနပညာရှင်တွေလိုပဲ ကျွန်တော် ပါမောက္ခကို နှစ်စဉ်လစာ ဟွာရှားငွေသန်းတစ်ရာပေးပါ့မယ်"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"သန်းတစ်ရာလား"

ပါမောက္ခချန်း၏မိန်းမခမျာ သွေးတက်ပြီး သတိလစ်လုနီးပါးဖြစ်သွားရသည်။း

"မုန့်လောင် မင်းတကယ်ပြောနေတာလား"

"ပါမောက္ခချန်းဟွေ့လို ပါရမီရှင်တစ်ယောက်က ဒီလစာနဲ့ထိုက်တန်ပါတယ်"

ကျန်းမုန့်လောင်က ဆို၏။

"ပြီးတော့ ပါမောက္ခရဲ့ မဟာတန်းနဲ့ ပါရဂူဘွဲ့ကျောင်းသားတွေ ပါဝင်ဖို့ဆန္ဒရှိတယ်ဆိုရင် ပါရဂူဘွဲ့အတွက် တစ်ယောက်ကို တစ်နှစ်စာလစာငါးသန်းနဲ့ မဟာဘွဲ့အတွက် တစ်နှစ်စာတစ်သန်းပေးပါ့မယ်"

ချန်းဟွေ့နှင့် သူ့မိန်းမခမျာ အံ့ဩလွန်း၍ စကားပင်မပြောနိုင်တော့ချေ။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်က ယခုလိုပင် ဝန်ထမ်းခန့်အပ်လေသလား။ မဟာတန်းနှင့် ပါရဂူဘွဲ့ကျောင်းသားများမှာ လစာသန်းဂဏန်းပင် ရနိုင်လေပြီလား။

"ပြီးတော့ လိုအပ်တဲ့ကိရိယာတို့ ကုန်ကြမ်းပစ္စည်းတို့ကို စာရင်းလုပ်ထားပြီး ဒီညနေလောက် ကျွန်တော့်ကိုပေးပါ။ တစ်ပတ်အတွင်း ပါမောက္ခအတွက် ကျွန်တော် အကုန်ပြင်ဆင်ပေးထားပါ့မယ်"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"လိုအပ်တာမှန်သမျှ ကျွန်တော် အရယူပေးပါ့မယ်"

"ကောင်းပြီလေ။ ငါ မင်းအတွက် ဒီည စာရင်းလုပ်ပေးထားမယ်"

"ပါမောက္ခချန်း.. အကောင်းဆုံးတွေပဲ ဖြစ်ပါစေနော်။ ကုန်ကျစရိတ်အတွက် မပူပါနဲ့။ စူပါကွန်ပျူတာတို့ အမှုန်ခွဲခြမ်းစက်တို့ဆိုရင်တောင်မှ ကျွန်တော် ရအောင်လုပ်ပေးနိုင်ပါတယ်"

"ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်မှာရှိတဲ့ အမှုန်ခွဲခြမ်းစက်က…"

"ကျွန်တော်ဝယ်ပေးထားတာလေ"

ချန်းဟွေ့က ခေါင်းညိတ်လျက် နောက်ပြောလိုက်လေသည်။

"ဘော့စ်ကတောင် ပိုက်ဆံကိစ္စကို မစိုးရိမ်မှတော့ ငါလည်း အားနာမနေတော့ဘူး။ ဒါပေမဲ့ တော်တော်လေးဈေးကြီးလောက်တယ်နော်။ အနည်းဆုံး အမေရိကန်ဒေါ်လာဘီလီယံရာဂဏန်းလောက်ရှိတယ်"

"ပြဿနာမရှိပါဘူး။ ထရီလီယံဂဏန်းလောက်ရှိရင်တောင် ရပါတယ်"

ကျန်းမုန့်လောင်က ရယ်မောလိုက်ချေသည်။

"မုန့်လောင်.. ငါ မင်းကိုတစ်ခုလောက်မေးလို့ရမလား"

ချန်းဟွေ့က မေးလိုက်၏။

"မေးပါ"

"မင်းက R&Dအတွက် ဒီလောက်ပိုက်ဆံအများကြီးရင်းနှီးမြှုပ်နှံနေတာ။ တကယ်လို့ ထုတ်လုပ်ရေးတွေစတင်ပြီဆိုရင်တောင် အမြတ်အစွန်းရဖို့ အချိန်တော်တော်ကြာမှာ။ တကယ်ရော တန်လို့လား"

"တန်ပါတယ်"

ကျန်းမုန့်လောင်က ရယ်လိုက်လေ၏။

"ကျွန်တော်တို့ရဲ့ချစ်ပ်ပြားတွေက သူတို့ထက် အဆင့်တွေအများကြီးသာနေတာကို မြင်ရရင် သူတို့ ဘယ်လိုခံစားရမလဲ"

"သေချာပေါက်စိတ်တိုပြီး မနာလိုဖြစ်နေမှာပေါ့"

ချန်းဟွေ့က ဖြေလိုက်၏။

"သူတို့စိတ်တိုရင် ကျွန်တော်ပျော်တယ်။ ဒီတော့ တန်ပါတယ်"

"ခမ်းနားလိုက်တဲ့အကြောင်းပြချက်ပါလား"

ပါမောက္ခချန်းဟွေ့လည်း ခြောက်ကပ်ကပ်ရယ်မောလိုက်လေသည်။ အချို့လူများက အကျိုးအမြတ်အတွက် သို့မဟုတ် နိုင်ငံတော်နှင့် လူမျိုးအတွက် သုတေသနလုပ်နေချိန်မှာ သူကတော့ အခြားနိုင်ငံများကို ကြွားပြဖို့အတွက် သုတေသနလုပ်နေပေသည်။

**********

All Chapters