← Chapters

ကျွန်တော်က အဲ့လောက်တောင်အံ့ဩဖို့ကောင်းတာလား

Vol. 18 Ch. 262

ကျွန်တော်က အဲ့လောက်တောင်အံ့ဩဖို့ကောင်းတာလား

Vol. 18 Ch. 262

"မုန့်လောင်.. ဒီကိုရောက်လက်စနဲ့ ညစာစားသွားပါလား"

ပါမောက္ခချန်းက တစ်နေ့လယ်လုံး ပုံကြမ်းများကိုသာ ကြည့်နေခဲ့သည့်အချိန်တွင် ကျန်းမုန့်လောင်က ဘေးနားတွင်နေ၍ စောင့်ပေးခဲ့ရသည်။ ယခုမူ သူ့မိန်းမကျေးဇူးကြောင့် ညစာက အဆင်သင့်ဖြစ်နေလေပြီ။

"ရတာပေါ့။ ဒါဆို ကျွန်တော်အားနာမနေတော့ဘူးနော်"

ကျန်းမုန်လောင်လည်း ဗိုက်ဆာလွန်းလှသဖြင့် ဗိုက်က တကြုတ်ကြုတ်မြည်နေလေပြီ။

ဤသည်မှာ ဆယ်စုနှစ်တစ်ခုကြာခဲ့ပြီဖြစ်သော စားပွဲဟောင်းလေးတစ်ခုပင်။ ကျောင်းမှ စီစဉ်ပေးထားသော ဤအိမ်သေးသေးလေးထဲသို့ သူတို့ ပြောင်းလာပြီးကတည်းက ချန်းမိသားစုထဲတွင် ဘာအပြောင်းအလဲမှ မရှိခဲ့ဟန်တူ၏။

စားပွဲ၏သစ်သားမျက်နှာပြင်က ကွဲအက်နေပြီး ဟင်းကလည်း ဟင်းသုံးခွက်နှင့် စွပ်ပြုတ်တစ်ပန်းကန်မျှသာ ရှိ၏။

"မုန့်လောင်.. ဒီနေရာက အခြေအနေကတော့ ဒီလိုပဲ။ စိတ်တော့မရှိပါနဲ့"

မစ္စချန်းက ရှက်ရှက်ဖြင့် ပြောလာလေသည်။

တကယ်တမ်းတွင် အိမ်၏အခြေအနေက မဆိုးလှပေ။ သို့သော် သူတို့သား၏ နေထိုင်စရိတ်က မြင့်မားလှသောကြောင့် မိသားစုဝင်ငွေအများစုက သူတို့သားကို‌ ထောက်ပံ့ပေးရန်အတွက် အသုံးပြုနေရပြီး ပါမောက္ခတစ်ဦးအတွက်မူ အရိုးရှင်းဆုံးဘဝတစ်ခုဖြစ်နေပေသည်။

အခြေအနေကို မြင်လိုက်ရသည့်အခါ ကျန်းမုန့်လောင်လည်း ရင်နာသွားရပြီး စားပွဲပေါ်သို့ ဘဏ်ကတ်တစ်ကတ် တင်လိုက်ချေသည်။

"မုန့်လောင် ဒါ..ဒါက…"

"ဒီကတ်ထဲမှာ ဆယ်သန်းရှိပါတယ်။ ပါမောက္ခရဲ့လစာကို ကြိုထုတ်ပေးတာပါ"

ကျန်းမုန့်လောင်က ပြုံးပြုံးလေးပြောလိုက်လေသည်။

"ဒါကို အခုလောလောဆယ်တော့ ပါမောက္ခရဲ့အိမ်ကို ပြင်ဆင်ဖို့နဲ့ အမျိုးသမီးကို ဂရုစိုက်ဖို့အတွက် သုံးလိုက်ပါ။ နောက်လတွေကျရင် ပါမောက္ခရဲ့မိသားစုကို ကြည့်ရှုစောင့်ရှောက်ဖို့ အချိန်ရှိချင်မှရှိမှာလေ"

"သူက မိသားစုကို အမြဲလျစ်လျူရှုထားတာ"

မစ္စချန်းက ဆိုလာလေသည်။ ထိုစကားထဲတွင် စောဒကတက်မှုတစ်ဝက်နှင့် သူ(မ)၏ယောကျ်ား ယခုလိုအသိအမှတ်ပြုခံရခြင်းအတွက် ဂုဏ်ယူမှုတစ်ဝက်လည်း ကိန်းအောင်းနေပေသည်။

"မုန့်လောင် ဒီလိုလုပ်လို့မဖြစ်ဘူးလေ"

ပါမောက္ခချန်းက ငြင်းလိုက်၏။

"ဘာလို့မဖြစ်ရမှာလဲ။ ကျွန်တော် ပါမောက္ခရဲ့ဂုဏ်သိက္ခာကိုယုံပါတယ်"

ကျန်းမုန့်လောင်က နောက်လိုက်ချေသည်။

"ဒါပေမဲ့ ဒါကို ပါမောက္ခရဲ့နှစ်စဉ်လစာထဲက နှုတ်သွားမှာပါ"

ပါမောက္ခချန်း၏စိတ်ထဲ ရှုပ်ထွေးနေသော ခံစားချက်များနှင့်အတူ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားသွားရသည်။ သို့သော် ပွင့်ပွင့်လင်းလင်းဆိုရလျှင် သူတို့ တကယ်ပိုက်ဆံလိုနေခြင်းပင်။ ခဏအကြာတွင် သူ ခေါင်းညိတ်လိုက်၏။

"အဲလိုဆိုရင် မုန့်လောင်…ကျေးဇူးတင်ပါတယ်"

...

ရိုးရှင်းသော်ငြား နွေးထွေးလှသော ညစာကို စားသောက်ပြီးနောက် ကျန်းမုန့်လောင်လည်း ကျန်းနန်မြို့သို့ ချက်ချင်းပြန်လာခဲ့လိုက်သည်။ ဝန်ထမ်းအားလုံး အဆင်သင့်ဖြစ်နေပြီဖြစ်သောကြောင့် ဟွာရှားနိုင်ငံက ချစ်ပ်ပြားနယ်ပယ်တွင် အံ့ဖွယ်ကောင်းလောက်သော ပွဲဦးထွက်တစ်ခု စတင်တော့မည်ကို တစ်ကမ္ဘာလုံး မျက်မြင်တွေ့ရဖို့ သိပ်မဝေးတော့ချေ။

"ဟေး လောင်ကျန်း.. မင်း မနက်ဖြန်အားလား"

ကျန်းမုန့်လောင် အိမ်ပြန်ရောက်ရောက်ချင်းမှာပင် ဝမ်လင့်ထံမှ ဖုန်းဝင်လာ၏။

"လောလောဆယ်တော့ ဘာအစီအစဉ်မှမရှိဘူး။ ဘာဖြစ်လို့လဲ"

ဝမ်လင်၏လေသံထဲတွင် တွန့်ဆုတ်နေဟန် အရိပ်အယောင်တစ်ခုကို သတိထားလိုက်မိသဖြင့် ကျန်းမုန့်လောင်မေးလိုက်မိသည်။

"မနက်ဖြန်ကျရင် ငါ့အဖေက ကျန်းနန်မြို့ကိုလာမလို့ စီစဉ်နေတယ်"

"ဪ ဒီတော့ဘာဖြစ်လဲ"

ကျန်းမုန့်လောင်ကလည်း သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်မိသည်။ သူ့အဖေ ကျန်းနန်မြို့ကို လာမည့်ကိစ္စက သူနှင့်ဘာဆိုင်လေသလဲ။

"ငါ့အဖေက မင်းဆီကိုလာလည်ချင်လို့တဲ့"

"ဘာ"

ကျန်းမုန့်လောင်လည်း တဒင်္ဂမျှ မှင်တက်သွားရ၏။

"ငါ့ဆီကိုလာလည်မှာလား။ ငါက ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက်မှမဟုတ်တာ။ ဘာလို့ ငါ့ဆီလာလည်မှာလဲ"

"ငါလည်းမသိဘူးလေ။ ဒါပေမဲ့ ငါတို့က သူငယ်ချင်းတွေဆိုတာကို ငါ့အဖေသိတယ်လေ။ အဲ့ဒါကြောင့် မင်းနဲ့တွေ့ရဖို့ ငါ့ကိုစီစဉ်ခိုင်းနေတာ။ မင်း ငါ့ကိုကူညီပေးနိုင်မလား"

ဝမ်လင်က တောင်းပန်တိုးလျှိုးလေဟန်ဖြင့် ဆိုလာလေသည်။

"ဥက္ကဋ္ဌကျန်း.. အချောလေးကျန်း"

"ကောင်းပြီ။ ကောင်းပြီ။ တော်လိုက်တော့။ တွေ့ကြမယ်"

ဝမ်လင်၏ဇွဲရှိမှုကြောင့် ပျာယာခတ်သွားသော ကျန်းမုန့်လောင်လည်း ထိုသို့သာ ပြောလိုက်ရသည်။ သူသည် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်၊ တော်ဝင်မိသားစု၊ မင်းသားများ၊ မင်းသမီးများ၊ ကမ္ဘာမြေနှင့် နေအဖွဲ့အစည်းမှ သန္ဓေပြောင်းလူသားများကိုပင် တွေ့ဖူးထားလေပြီ။ ဟွာရှားနိုင်ငံ၏ လူချမ်းသာဟောင်းတစ်ယောက်ကိုတွေ့ဖို့ ဘာများကြောက်စရာရှိပါသလဲ။ ထိုသူမှာ သူငယ်ချင်း၏အဖေဖြစ်သူပင်။

"ကောင်းပြီလေ။ ဒါဆို ငါ မနက်ဖြန်နေ့လယ်ကျရင် မင်းအိမ်ကိုလာခဲ့မယ်။ လာလက်စနဲ့ နေ့လယ်စာပါယူလာခဲ့မယ်"

ဝမ်လင်က ဝမ်းသာသွားဟန်ဖြင့် ခွန်းတုံ့ပြန်လိုက်လေသည်။

"ရတယ်လေ"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"မနက်ဖြန်မှတွေ့မယ်"

...

နောက်တစ်ရက်နေ့လယ်ခင်းတွင် ဝမ်လင်နှင့် သူ့အဖေဝမ်ကျန်းတို့ ကျန်းမုန့်လောင်၏အိမ်ကို အချိန်မှန်ရောက်ချလာသည်။

ယခင်ကမူ ကျန်းမုန့်လောင်ကို တီဗီပေါ်ကသာ တွေ့ဖူးမြင်ဖူးထားသည်။ ယခုမူ ဝမ်ကျန်း သူ့ကို ပထမဆုံးအကြိမ် လူကိုယ်တိုင်တွေ့ဖူးခြင်းပင်။ အထင်ကြီးဖွယ်ကောင်းလောက်သော အပြုအမူများရှိသည့် အမျိုးသားတစ်ယောက်ပင်။

"မစ္စတာကျန်း..မင်းအကြောင်းတွေ ကျုပ်ကြားကြားနေရတာကြာပြီ"

ဝမ်ကျန်းက ကျန်းမုန့်လောင်နှင့် လက်ဆွဲနှုတ်ဆက်ရင်း ‌ခပ်ပြုံးပြုံးဆိုလိုက်၏။

"ဦးလေးဝမ်.. ခင်ဗျားက အရမ်းကြင်နာတတ်တာပဲ။ ဝမ်လင်နဲ့ကျွန်တော်က သူငယ်ချင်းတွေပါ။ ကျွန်တော့်ကိုလည်း သားတစ်ယောက်လိုပဲ သဘောထားပေးပါ။ "မစ္စတာကျန်း"တွေဘာတွေနဲ့ ယဉ်ကျေးနေစရာမလိုပါဘူးဗျာ။ ရိုးရိုးလေးပဲ ဆက်ဆံပေးပါ"

ကျန်းမုန့်လောင်ကလည်း အပြုံးတစ်ပွင့်နှင့်အတူ တုံ့ပြန်လိုက်သည်။

"ကောင်းပြီလေ။ ဒါဆို ငါ ယဉ်ကျေးမနေတော့ဘူး"

ဝမ်ကျန်းက ပွင့်ပွင့်လင်းလင်းပြောလာသည်။

"ဒီတစ်ရပ်ကွက်လုံးကို မင်းပိုင်တာလို့ ဝမ်လင်က ငါ့ကိုပြောတယ်"

"ဟုတ်ပါတယ်"

ကျန်းမုန့်လောင် ခေါင်းညိတ်လိုက်၏။

"ဗီလာတွေတို့ဘာတို့က အရမ်းကိန်းကြီးခန်းကြီးနိုင်တယ်လေ။ ကျွန်တော်ကတော့ ခပ်လျှိုလျှိုလေးနေရတာပဲ သဘောကျတယ်"

"သူလုပ်ပြန်ပြီ"

ဝမ်လင်က သူ့ဘေးရှိ အရန်လက်ထောက်လေးအလား မျက်ဆန်လည်လိုက်ချေသည်။ "ခပ်လျှိုလျှိုနေတယ်"ဟူသော စကား၏အဓိပ္ပာယ်ကို သူ နားလည်မှုများ လွဲနေလေသလား။

"ဟားဟား.. လူငယ်တွေမှာ ကိုယ်ပိုင်အတွေးအခေါ်တွေရှိကြတာကိုး။ အရမ်းကောင်းတယ်"

ဝမ်ကျန်းကတော့ စိတ်ထဲမထားဘဲ မှတ်ချက်ပြုလိုက်လေသည်။

"ဦးလေးဝမ်.. ဒီတစ်ခေါက် ဒီကို ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ။ ကျွန်တော့်ကို အကြံတစ်ခုခုပေးချင်လို့လား"

ကျန်းမုန့်လောင်က မေးလိုက်လေသည်။

"မင်းက ကမ္ဘာ့အချမ်းသာဆုံးလူလေ။ ငါ့မှာ မင်းကိုပေးဖို့ ဘာအကြံဉာဏ်များ ရှိနိုင်မှာလဲ"

ဝမ်ကျန်းက ရယ်သည်။

"ဒီတစ်ခေါက်က မင်းဆီက အကြံဉာဏ်တောင်းဖို့ လာခဲ့တာ"

"ကျွန်တော့်ဆီက အကြံတောင်းမယ်"

ကျန်းမုန့်လောင် အံ့ဩသွားရ၏။

"ဦးလေးဝမ်… ကျွန်တော်က ပိုက်ဆံသုံးတာနဲ့ ကြွားတာပဲ တော်တာ။ ကျွန်တော့်မှာ တခြားဘာခွန်အားမှမရှိဘူး။ စီးပွားရေးလုပ်ငန်းမှာလည်း ဘာအရည်အချင်းမှမရှိဘူး။ ကျွန်တော့်နာမည်အောက်က ကုမ္ပဏီတွေကိုလည်း ကျွန်တော့်မိသားစုက စီစဉ်ပေးထားတဲ့လူတွေက ကိုင်တွယ်ပေးနေတာလေ။ ဒီတစ်ခေါက် ဦးလေးရဲ့ခရီးစဉ်က အလကားဖြစ်သွားပြီထင်ပါရဲ့"

"ကြည့်ရတာတော့ မင်း ကိုယ့်ကိုယ်ကိုယ်တအားတွေနားလည်ထားတာပဲ"

ဝမ်လင်က ဘေးမှနေ၍ အားတက်သရောခေါင်းညိတ်ပြနေချေသည်။

"ပါးစပ်ပိတ်ထား။ မင်းက ဘာမှမသိဘဲနဲ့"

ဝမ်ကျန်းက တွေဝေတုံ့ဆိုင်းနေခြင်းမရှိပါဘဲ ဝမ်လင်ကို ဆူပူလိုက်လေသည်။

"မင်းရဲ့စီးပွားရေးအမြင်ထက်မြက်မှုကသာ မုန့်လောင်ရဲ့တစ်ဝက်လောက် တော်မယ်ဆိုရင် တစ်နေ့ ငါဆုံးပါးသွားရင်တောင် ငါ့အမွေတွေကို မင်းလက်ထဲ စိတ်ချလက်ချအပ်သွားနိုင်မှာပဲ"

"အဖေ အဖေရူးနေတာလား"

ဝမ်လင့်ခမျာ မယုံကြည်နိုင်ဟန်ဖြင့် ရေရွတ်လိုက်မိသည်။

"ကျွန်တော့်မှာသာ သူ့လုပ်ဆောင်ရည်တစ်ဝက်လောက်ရှိရင် ကျွန်တော်တို့မိသားစုအမွေတွေလည်း တစ်လတောင်ခံမှာမဟုတ်ဘူး"

"အဲဒါက မင်းအမြင်မရှိလို့လေ"

ဝမ်ကျန်းက ကန့်ကွက်လာလေသည်။

"အပေါ်ယံကြည့်ရင်တော့ မုန့်လောင်က ပိုက်ဆံသုံးနေတာပေါ့။ ဒါပေမဲ့ အဲဒီနောက်ကွယ်မှာ မင်းနားမလည်နိုင်တဲ့သဘောတရားတွေရှိတယ်"

"ဘာရယ်"

ဝမ်လင် မျက်လုံးပြူးသွားရသည်။ ကြွားဝါလွန်းလှသော ကျန်းမုန့်လောင်၏သုံးစွဲမှုနောက်ကွယ်တွင် သဘောတရားတစ်ခု ရှိနေသည်တဲ့လား။

"မုန့်လောင် တကယ်တော့ ငါ မင်းကို တိတ်တဆိတ်စုံစမ်းစစ်ဆေးထားဖူးတယ်"

ဝမ်ကျန်းက ဝန်ခံလိုက်လေသည်။

"ငါ မင်းကို အဲဒီကိစ္စအတွက် တောင်းပန်ရဦးမယ်။ ငါ့သားက မင်းနဲ့ရင်းနှီးနေတာဆိုတော့ မင်းမှာ မကောင်းတဲ့ရည်ရွယ်ချက်တွေမရှိတာ သေချာအောင်လုပ်ဖို့လိုတယ်လေ"

ကျန်းမုန့်လောင်လည်း နားလည်သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ဤသည်မှာ အဖေတိုင်း လုပ်ကြမည့်အရာတစ်ခုပင်။

"အစကတော့ ငါမသိခဲ့ဘူး။ ဒါပေမဲ့ စုံစမ်းကြည့်လိုက်မှပဲ အံ့အားသင့်သွားခဲ့ရတယ်"

ဝမ်ကျန်းက ဆို၏။

"ပထမဆုံးအနေနဲ့ တက္ကသိုလ်တွေမှာ မင်းလုပ်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုတွေအကြောင်း အရင်ပြောကြတာပေါ့။ မင်းက ပါမောက္ခကောင်းရဲ့သုတေသနအဖွဲ့ကို သူတို့ရဲ့ဗိုင်းရပ်စ်ရှာဖွေစစ်ဆေးရေးသုတေသနအတွက် ဆယ်သန်းရင်းနှီးမြှုပ်နှံခဲ့တယ်။ ပြီးတော့ ပြီးခဲ့တဲ့အပတ်ကပဲ သူတို့က သူတို့ရဲ့ပထမဆုံးရလဒ်ကို ကြေညာခဲ့တယ်လေ"

"ဆေးဝါးစမ်းသပ်မှုက အောင်မြင်ခဲ့ပြီး ဒီဆေးဝါးဖွံ့ဖြိုးတိုးတက်မှုရဲ့ စုစုပေါင်းတန်ဖိုးက အမေရိကန်ဒေါ်လာ၂၀၀ဘီလီယံကျော်နိုင်တယ်တဲ့။ ပြီးတော့ ဖွံ့ဖြိုးတိုးတက်မှုအချိုးအရ မုန့်လောင်က အမြတ်ငွေရဲ့၈၀ရာခိုင်နှုန်းကျော်ကို ရရှိနိုင်တယ်"

"ဘာ"

ဝမ်လင်၏မျက်လုံးများမှာ မီးလုံးများထက်ပင် ပို၍ပြူးကျယ်သွားရသည်။

"ဘာရယ်"

ကျန်းမုန့်လောင်ကိုယ်တိုင်လည်း ထိတ်လန့်သွားရသည်။ ပါမောက္ခကောင်းက ထိုမျှအထိတော်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ သူသည် မှန်ကန်သင့်တော်သော ရန်ပုံငွေနှင့် ကိရိယာတန်ဆာပလာများ၏ အထောက်အပံ့ဖြင့် ဤပရောဂျက်ကို ပြီးစီးအောင်ဆောင်ရွက်ပြီး ကမ္ဘာ့ရှေ့ဆောင်ဖြစ်အောင် လုပ်နိုင်ခဲ့ပေသည်။

"နောက်ပြီး ပါမောက္ခကျူးရဲ့အာကာသစူးစမ်းလေ့လာရေးပရောဂျက်ကို ကြည့်ရအောင်။ ဒီရင်းနှီးမြှုပ်နှံမှုက အမြတ်အစွန်းပြန်ရနိုင်ခြေ အနည်းဆုံးလို့ထင်ရပေမဲ့ လွန်ခဲ့တဲ့၁၂ရက်တုန်းက ပါမောက္ခကျူးက နေအဖွဲ့အစည်းရဲ့အပြင်ဘက်က ကြယ်တံခွန်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်လေ။ ဒီကြယ်တံခွန်က ငါးနှစ်နေရင် ကမ္ဘာမြေကို ဖြတ်သန်းသွားမှာ။ အစောပိုင်းစမ်းသပ်မှုတွေအရတော့ ဒီကြယ်တံခွန်မှာ ကမ္ဘာပေါ်က ရှားပါးဒြပ်စင်တွေအများကြီးပါဝင်နေတယ်တဲ့။ ငါတို့ရဲ့လက်ရှိနည်းပညာနဲ့ဆိုရင် ငါးနှစ်အတွင်းမှာ ဒီကြယ်တံခွန်ကနေ ကုန်ကြမ်းပစ္စည်းတွေကို တူးဖော်ပြီးစုဆောင်းနိုင်မဲ့ နည်းပညာတွေကို ဖော်ထုတ်နိုင်လောက်မှာပဲ"

"အဲဒီရှားပါးဒြပ်စင်တွေရဲ့တန်ဖိုးက အမေရိကန်ဒေါ်လာ ဘီလီယံရာဂဏန်းပေါင်းများစွာကျော်နိုင်လောက်တယ်။ ပြီးတော့ လေ့လာတွေ့ရှိသူအနေနဲ့ ပရောဂျက်အမြတ်ငွေရဲ့ကိုးဆယ်ရာခိုင်နှုန်းကို သူရမှာလေ။ ဒါနဲ့ဆိုရင် အမေရိကန်ဒေါ်လာ ဘီလီယံရာနဲ့ချီပြီး ထပ်ပေါင်းရမှာ"

"အမလေး"

ကျန်းမုန့်လောင် အံ့ဩမှင်တက်သွားရလေသည်။

"ကျွန်တော့်ရဲ့ရင်းနှီးမြှုပ်နှံမှုစွမ်းရည်က ဒီလောက်တောင်အံ့ဩဖို့ကောင်းတာလား"

*********

All Chapters