အခန်း (၂၆၅)
Vol. 18 Ch. 265
"မင်း နည်းနည်းလောက်တီထွင်ကြံဆမှုမလုပ်နိုင်ဘူးလား"
ကျန်းမုန့်လောင်က ညည်းတွားလိုက်သည်။
"သန်းတစ်ရာလောက်လေးနဲ့တင် မင်းက ဒီလိုမျိုးလန့်ဖျပ်နေတာလား။ မင်းအဖေဆီက သင်ယူစမ်းပါ။ ဒီသန်းတစ်ရာဆိုတာ သူ့အတွက်တော့ အသေးအဖွဲလေးပဲ"
"ဟက်"
ဝမ်ကျန်းက ကျန်းမုန့်လောင်၏စနောက်မှုကို စိတ်မဆိုးဘဲ ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ တကယ်တော့ Gamingက အမြတ်အစွန်းသိပ်များတဲ့လုပ်ငန်းတစ်ခုပဲ။ ဒီနှစ် ကပ်ရောဂါကြောင့် အလုပ်တွေရပ်နားလိုက်ရတဲ့အချိန် ထျန်းရွှင်းရဲ့ဂိမ်းတွေထဲက တစ်ခုမှာ ၂၈၈ယွမ်ပဲရှိတဲ့ skinလေးတစ်ခုက ကမ်ပိန်းတစ်ခုအတွင်းမှာတင် သန်းတစ်ရာကျော် ရလိုက်တယ်တဲ့"
ဝမ်ကျန်းက တဒင်္ဂမျှရပ်တန့်လိုက်သည်။
"မုန့်လောင်ရဲ့အစီအစဉ်က အဆင်ပြေတယ်လို့ထင်တာပဲ။ Esportsရဲ့လွှမ်းမိုးမှုကိုချဲ့ထွင်ပြီး စီးပွားရေးအခွင့်အရေးတွေကို ထပ်ရှာဖွေမယ်။ ဒါပေမဲ့ ဂိမ်းအရေအတွက်ထက် အရည်အသွေးကိုပဲ ဦးစားပေးဖို့ ငါအကြံပေးချင်တယ်။ နိုင်ငံတကာအသိအမှတ်ပြုခံထားရတဲ့ ဂိမ်းတွေကိုပဲ အာရုံစိုက်ပါ။ ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကြီးထားပြီးသားဂိမ်းတို့ ကမ္ဘာ့အဆင့်မီပြိုင်ပွဲတို့ပေါ့"
"ဟင်း"
ကျန်းမုန့်လောင်က ခေါင်းညိတ်လိုက်လေသည်။ အားပေးသူပရိသတ်နည်းပါးသော ထိုဂိမ်းများအတွက် ပွဲစီစဉ်လိုက်လျှင်ပင် ဘာမှမထူးချေ။ ကစားသမားမရှိသည့် ပြိုင်ပွဲအတွက် ဆုကြေးငွေသန်းတစ်ရာပေးခြင်းမှာ အရှုံးပေါ်ရုံသက်သက်သာ ရှိ၏။
တကယ်တမ်းတွင် ကျန်းမုန့်လောင်က ထိုအရှုံးများကို စိတ်မပူချေ။ သူ ဂရုစိုက်သည်မှာ ဩဇာလွှမ်းမိုးမှု ဘယ်လောက်များများ သူရနိုင်မလဲဆိုသည်နှင့် ကြွားဝါဖို့ အခွင့်အရေးတစ်ခု ရှိလေမလားဆိုသည်မှာ အရေးအကြီးဆုံးပင်။
...
ဝမ်ကျန်းက ကျန်းမုန့်လောင်၏တွေးခေါ်ပုံကို အလွန်စိတ်ဝင်စားသည်။ သူတို့နှစ်ဦးသားက နာရီပေါင်းများစွာ စကားပြောဆိုခဲ့ကြပြီး ဝမ်လင်ကိုပင် လျစ်လျူရှုထားလိုက်လေရာ ဝမ်လင့်ခမျာ အပိုလူတစ်ယောက်အလားပင်။
"ငါ ဒီနေ့လယ်တုန်းက တော်တော်လေးကြွားလိုက်နိုင်တာပဲ"
သူတို့ပြန်သွားပြီးနောက် ကျန်းမုန့်လောင်လည်း သူ့တွင် စွမ်းအားအမှတ်၂၀ရထားသည်ကို သိလိုက်ရသည်။ လက်ဖွာလှသော သူ့ရင်းနှီးမြှုပ်နှံမှုများက ဝမ်ကျန်းနှင့်သူ့သားကို အထင်ကြီးသွားစေခဲ့ဟန်တူသည်။
"ကျောင်းအုပ်ကြီး.. ဒီနှုန်းနဲ့သာ စွမ်းအားအမှတ်တွေကိုစုနေရင် တစ်နှစ်အတွင်း ဆရာတွေအများကြီးကို လော့ဖွင့်နိုင်မှာမဟုတ်ဘူးနော်"
ထိုအချိန်တွင် ကောထန်၏အသံက ကျန်းမုန့်လောင်၏နားထဲ ပဲ့တင်ထပ်လာလေသည်။
"ငါလည်း ဘာတတ်နိုင်မှာတုန်း။ ကြွားတာက လွယ်တယ်များထင်နေလား"
ကျန်းမုန့်လောင်က ခါးသက်သက်ဆိုလိုက်ချေသည်။
"နေ့တိုင်း စွမ်းအားအမှတ်လေးနည်းနည်းရဖိုတောင် ငါ့အတွက်လွယ်ကူနေတယ်ထင်လား"
"ဒါဆိုလည်း ကောင်းပါပြီ"
"ဒါဆိုလည်း ကောင်းပါပြီတဲ့လား"
ကျန်းမုန့်လောင် ဇဝေဇဝါဖြစ်သွားရ၏။
"မင်း အဲဒါ ဘာသဘောလဲ"
"အရင်ကျောင်းအုပ်ကြီး ချမှတ်ခဲ့တဲ့စည်းကမ်းအတိုင်း စွမ်းအားအမှတ်လဲလှယ်ရေးစနစ်ကို စတင်ပါမယ်"
"စွမ်းအားအမှတ်လဲလှယ်ရေးစနစ်လား။ အဲဒါကဘာလဲ"
ကျန်းမုန့်လောင် မေးလိုက်မိသည်။
"လူကြီးမင်း ငွေသုံးလေလေ လူကြီးမင်းသုံးလိုက်တဲ့ငွေကို စွမ်းအားအမှတ်အဖြစ် ဆတူပြောင်းလဲပေးမှာပါ။ အမေရိကန်ဒေါ်လာသန်းတစ်ရာကို စွမ်းအားအမှတ်တစ်မှတ်အဖြစ် ပြောင်းလဲနိုင်ပါတယ်"
"သောက်ကျိုးနည်း"
ကျန်းမုန့်လောင် အားတက်သွားလေသည်။
"တကယ်လား။ ဒါဆို ငါ အမေရိကန်ဒေါ်လာတစ်ရာဘီလီယံသုံးရင် ဆရာတစ်ယောက်ကို လော့ဖွင့်နိုင်တယ်။ ဒါမှမဟုတ် သူတို့ဆီက စွမ်းရည်တစ်ခုကို ပုံတူကူးနိုင်တယ်ပေါ့"
"ဒါပေမဲ့ အရင်ကလိုမျိုး လူကြီးမင်းရဲ့သုံးစွဲမှုပုံစံကို ကန့်သတ်ထားပါတယ်"
ကောထန်က ဆိုလာချေသည်။
"လတိုင်း လူကြီးမင်းလှူတဲ့ငွေပမာဏက အမေရိကန်ဒေါ်လာတစ်ရာဘီလီယံထက် မကျော်ရဘူး။ သိပ္ပံသုတေသနပရောဂျက်တွေမှာ ရင်းနှီးမြှုပ်နှံတာကိုလည်း တစ်လကို အမေရိကန်ဒေါ်လာတစ်ရာဘီလီယံထက် မပိုရဘူး"
"သေစမ်း လုပ်ပြန်ပြီလား"
"ကျေးဇူးပြုပြီး တခြားဆရာတွေကို မြန်မြန်လေးလော့ပွင့်အောင်လုပ်ပါ ကျောင်းအုပ်ကြီး.. ထူးရှယ်နတ်ဘုရားကျောင်းတော်မှာရှိတဲ့ ဆရာအရေအတွက်က ဆယ်ယောက်ကျော်တာနဲ့ ကျောင်းတော်ကြီးကလည်း တခြားလုပ်ဆောင်ချက်အသစ်တွေ ပွင့်လာမှာပါ"
"လုပ်ဆောင်ချက်အသစ်လား"
ထူးရှယ်နတ်ဘုရားကျောင်းတော်က ကျန်းမုန့်လောင်ကို အံ့အားသင့်မှုများ ဆောင်ကြဉ်းထားပြီးဖြစ်၏။ ဤလုပ်ဆောင်ချက်အသစ်များက ပို၍ပင်အံ့ဩဖို့ကောင်းနေလေဦးမလား။
...
"နင်တို့တွေ စကားပြောလို့ပြီးပြီလား"
အခန်းထဲတွင် သီချင်းဆိုလေ့ကျင့်နေသော လုရီယောင်က အပြင်ဘက်ရှိ ဆူညံသံများ တိတ်ဆိတ်သွားသည်နှင့် အပြင်ထွက်လာလေသည်။
"အင်း ပြီးသွားပြီ"
ကျန်းမုန့်လောင်ကလည်း ပြန်ဖြေလိုက်၏။
"နှစ်သစ်ကူးပြီးရင် ဘာလုပ်မလဲလို့ ဆွေးနွေးနေကြတာ"
"ဒီနှစ် နှစ်သစ်ကူးကို ငါတို့ ဘယ်မှာကုန်ဆုံးမလဲ"
လုရီယောင်က မေးလိုက်သည်။ သူ(မ)အဖေနှင့် အဆက်အသွယ်ဖြတ်ပြီးကတည်းက နှစ်သစ်ကူးပွဲတော်ကို သူ(မ) မဆင်နွှဲဖြစ်ခဲ့ပေ။
"ငါ့ဇာတိမြို့ကို သွားရအောင်"
ကျန်းမုန့်လောင်တွင် အစီအစဉ်ရှိထားပြီးသားပင်။
"ငါ့မိဘတွေက ကမ္ဘာလှည့်ခရီးထွက်နေတယ်ဆိုပေမဲ့ ငါ့မှာ မွေးရပ်မြေက အတန်းဖော်တွေနဲ့ သူငယ်ချင်းတွေ အများကြီးရှိသေးတယ်။ သူတို့ မင်းကို အရမ်းသဘောကျကြလိမ့်မယ်ဆိုတာ သေချာတယ်"
"ရတယ်လေ"
လုရီယောင် ပျော်ရွှင်စွာပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ ယခင်နှစ်များတုန်းက သူ(မ)၏အတန်းဖော်များနှင့် စိတ်ပြေရုံသက်သက် ဗီဒီယိုကောသာ ပြောဖြစ်ခဲ့သည်။ နှစ်သစ်ကူး၏ တကယ့်အရသာကို သူ(မ) မေ့လျော့နေသည်မှာ ကြာလှလေပြီ။
ကျန်းမုန့်လောင်က ဟုန်းရီကို လဝက်လောက် အားလပ်ရက်ပေးလိုက်ပြီးနောက် လုရီယောင်ကို သူ့မွေးရပ်မြေသို့ ခေါ်သွားခဲ့သည်။ ထိုမြို့ကား ကျန်းကျယ်ပြည်နယ်၏ အရှေ့တောင်ပိုင်းတွင် ပင်လယ်များဝန်းရံထားသော မြို့တစ်မြို့ဖြစ်၏။
လေယာဉ်နှင့် သွားမည့်အစား ကျန်းမုန့်လောင်က လုရီယောင်ကို လမ်းတစ်လျှောက်ရှိ ရှုခင်းများကို ပြသချင်သည့်အတွက် ကိုယ်တိုင်ကားမောင်းရန် ဆုံးဖြတ်လိုက်သည်။ ကံကောင်းချင်တော့ နှစ်သစ်ကူးပွဲတော်နားနီးမှ ခရီးထွက်လာခဲ့ခြင်းမဟုတ်သောကြောင့် အဝေးပြေးလမ်းမထက်တွင် အပေါ့သွားချင်စိတ်ကို အောင့်ထားရသည့်အဖြစ်မျိုးနှင့် မကြုံတွေ့ရတော့ပေ။
"ဘယ်လိုမြင်လဲ။ လှတယ်မလား"
ကျန်းမုန့်လောင်က သူ့စုစည်းမှုထဲတွင် ဈေးအပေါဆုံးဖြစ်သော Lamborghini SUVကို အာရုံစိုက်၍ မောင်းနှင်နေပေသည်။ အဝေးပြေးလမ်းမထက်တွင် ထိုကားမှာ အလွန်မျက်စိဖမ်းစားဖွယ်ရာ ကောင်းနေချေတော့သည်။
"အင်း တကယ်မိုက်တယ်။ "ပင်လယ်နဲ့ဗုဒ္ဓရဲ့နယ်မြေ"လို့ ခေါ်ထိုက်ပါတယ်"
လုရီယောင်က ပြတင်းပေါက်အပြင်ဘက်ရှိ ရှုခင်းကိုကြည့်ရင်း ခေါင်းတညိတ်ညိတ်လုပ်နေလေသည်။ ဤမြို့ကို သူ(မ) ပထမဆုံးအကြိမ်ရောက်ဖူးခြင်းပင်။ ပြန်တွေးကြည့်ပါက သူ(မ) ယခင်က ပင်လယ်ကိုပင် မမြင်ဖူးကြောင်း သဘောပေါက်လိုက်သည်။
"ဟားဟားဟား.. ငါ လှေတစ်စီးရှာပြီး 'လှိုင်းစီး'တဲ့အတွေ့အကြုံကို မင်းကို မကြာခင်ခံစားခိုင်းမယ်"
သူ ထိုသို့ပြောလိုက်ချိန်တွင် ကားက အဝေးပြေးလမ်းမထဲက ထွက်ပြီး သုန်းကျီမြို့၏ မြို့ပြဧရိယာထဲသို့ ဝင်ရောက်လာလေသည်။
"သေစမ်း"
ကျန်းမုန့်လောင်ခမျာ လမ်းဆုံနားတွင် အသက်လေးဆယ်ငါးဆယ်ခန့်ရှိသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က သူ့ကားရှေ့သို့ ရုတ်တရက်ပြေးဝင်လာသည့်အတွက် ခိုက်ခိုက်တုန်သွားရ၏။ ကံကောင်းချင်တော့ ကျန်းမုန့်လောင် ခပ်မြန်မြန်တုံ့ပြန်လိုက်နိုင်သဖြင့် သူ့ကို မတိုက်မိလိုက်ချေ။
"အမလေး"
ကျန်းမုန့်လောင် နှလုံးခုန်မြန်သွားရသည်။
"ဒီနေရာမှာ ကျန်တာအကုန်ကောင်းတယ်။ လူတွေရဲ့စရိုက်ကပဲ မကောင်းတာ။ ကျန်းနန်လို မြို့ကြီးနဲ့တော့ ဘယ်ယှဉ်လို့ရမလဲ"
"မုန့်လောင် ဟိုလူကိုကြည့်ဦး…"
"ဟင်"
ကျန်းမုန့်လောင်၏အကြည့်က ရှေ့တည့်တည့်ဆီသို့ကျရောက်သွားလေရာ သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးက သူတို့အား အဓိပ္ပာယ်ပြည့်ဝသော အကြည့်တစ်ချက်ပေး၍ ထိုနေရာမှာတင် လဲကျသွားလေတော့သည်။
"အား"
သူက ရင်ဘတ်ကိုဆုပ်ကိုင်ထားပြီး လမ်းဆုံတွင်လှဲချလိုက်ပြီး အော်ဟစ်ညည်းတွားလေတော့သည်။
"အဖေ အဆင်ပြေရဲ့လား အဖေ"
ခဏအကြာတွင် အသက်နှစ်ဆယ်စွန်းစွန်းသာရှိသေးသော လူငယ်အမျိုးသားတစ်ယောက်က လမ်းကြားထဲမှ ပြေးထွက်လာသည်။
"သေစမ်း"
ကျန်းမုန့်လောင်နှင့် လုရီယောင်တို့လည်း အချင်းချင်းကြည့်လိုက်မိကြသည်။
"ငါတို့တော့ လူလိမ်နဲ့တွေ့ပြီ"
ကျန်းမုန့်လောင်မှာ အံ့လည်းအံ့ဩ၊ စိတ်လည်းတိုသွားရသည်။ ဒါက ဘာဖြစ်နေတာလဲ။
"နင့်ကားက ရှေ့ကင်မရာတပ်မထားဘူးထင်တယ်နော်"
ထိုသက်လတ်ပိုင်းအရွယ် အမျိုးသားက အစောပိုင်းက ထိုအမူအရာကို ဘာကြောင့်လုပ်လိုက်သလဲဆိုသည်ကို လုရီယောင် ရုတ်တရက်သဘောပေါက်သွားသည်။
"ဒီလမ်းဆုံးမှာလည်း ဘာကင်မရာမှရှိပုံမရဘူး"
လုရီယောင်က ပတ်ပတ်လည်ကို ကြည့်လိုက်မိသည်။
"ပြဿနာတက်တော့မှာပဲ။ တကယ်သာ ရှုပ်ထွေးလာရင် ရှင်းပြရခက်တော့မှာပဲ"
သတ်လက်ပိုင်းအရွယ် အမျိုးသား၏အသံမှာ ကျယ်သည်ထက် ကျယ်လာသောကြောင့် လမ်းသွားလမ်းလာအမြောက်အများလည်း လမ်းဆုံဘက်သို့ အာရုံရောက်လာကြသည်။ လူများကလည်း ပတ်ပတ်လည်တွင် ဝိုင်းအုံလာကြပြီး မကြာခင်မှာပင် ထိုနေရာ၌ လူအုံသွားလေတော့သည်။
"ဘာတွေဖြစ်နေတာလဲ။ လူကိုတိုက်ထားပြီး ကားထဲကနေတောင် ထွက်မလာဘူးပေါ့"
"ကျန်းနန်မြို့လိုင်စင်နံပါတ်ပြားနဲ့ Lamborghiniကားပေါ့လေ။ ဒီကားက အနည်းဆုံးသန်းဂဏန်းလောက်ပေးရတယ်လို့ ငါကြားဖူးတယ်"
"ချီးပဲ.. ချမ်းသာတာနဲ့ ပြီးရောလား။ ငါတို့က သုန်းကျီမြို့သေးသေးလေးမှာနေတယ်ဆိုတာနဲ့ပဲ လူသားတွေမဟုတ်တော့ဘူးလား။ ကျန်းနန်မြို့က လူတွေက တအားကြီးကျယ်မြင့်မြတ်နေတာလား"
"ဟေ့ ကားထဲထွက်ခဲ့စမ်း"
"မင်း လူတစ်ယောက်ကို ဝင်တိုက်ထားတာတောင် ကားထဲကထွက်မလာဘူးပေါ့လေ။ မင်းမှာ အသိတရားမရှိဘူးလား"
"ထွက်မလာသေးဘူးပေါ့လေ။ ငါတို့ ရဲခေါ်ထားပြီးသွားပြီ"
အပြင်ဘက်ရှိ ပွက်ပွက်ညံသံများက ပိုမိုကျယ်လောင်လာသောကြောင့် ကျန်းမုန့်လောင်လည်း ခပ်မဲ့မဲ့ပြုံးလျက် အဆုံးမှာတော့ ကားတံခါးဖွင့်လိုက်ရလေသည်။
"မင်းက တော်တော်ငယ်သေးတာပဲ။ ကျန်းနန်မြို့ကနေ ခရီးထွက်လာတဲ့ လူချမ်းသာဒုတိယမျိုးဆက်တစ်ယောက်ပဲ ဖြစ်ရမယ်"
"ဟေး.. မင်း အခုတင် ကားနဲ့ဝင်တိုက်လိုက်တဲ့လူက မထနိုင်ဘူးဆိုတာ မင်းမမြင်ဘူးလား။ မင်းရဲ့မိသားစုက မင်းကို ဘယ်လိုဆုံးမထားတာလဲ။ ပိုက်ဆံရှိတာနဲ့ပဲ လုပ်ချင်ရာလုပ်လို့ရပြီလို့ ထင်နေတာလား"
"အမှန်ပဲ။ ငါတို့လို နယ်ဘက်က လူတွေကို အနိုင်ကျင့်မယ်ပေါ့လေ"
"အားလုံးပဲ။ ကျွန်တော် သူ့ကို ဝင်မတိုက်ပါဘူး။ သူ့ဘာသာလဲကျသွားတာပါ"
ကျန်းမုန့်လောင်က ဒေါသကိုမျိုသိပ်ကာ ရှင်းပြလိုက်သည်။
"သူပဲ။ ငါ့ကို ကားနဲ့တိုက်တာ သူပဲ။ ကျစ်.. အား.."
မြေကြီးပေါ်ရှိ သက်လတ်ပိုင်းအရွယ် အမျိုးသားက အလွန်တရာနာကျင်နေဟန်ဖြင့် မျက်နှာရှုံ့မဲ့လိုက်လေသည်။
"ဒီလူက ဒီလိုအခြေအနေဖြစ်နေတာတောင် မင်းက မင်း သူ့ကိုဝင်တိုက်တာမဟုတ်ပါဘူးလို့ ပြောရဲတယ်ပေါ့"
သက်လတ်ပိုင်းအရွယ် အမျိုးသား၏ သားဖြစ်သူက ခြိမ်းခြောက်နေဟန်ဖြင့် ဆိုလာလေသည်။
"ကောင်းပြီလေ"
ကျန်းမုန့်လောင်က လုပ်ပြုံးပြုံးလိုက်၏။ ဤနေရာတွင် ဆက်အချိန်ဖြုန်းမနေချင်တော့ပေ။
"မင်းပဲ ငါ့ကိုပြောကြည့်။ မင်း ဘာလိုချင်တာလဲ"
"အား…"
သက်လတ်ပိုင်းအရွယ် အမျိုးသားက စကားတစ်ခွန်းမပြောဘဲ ညည်းညူနေချေသည်။
"မင်း ငါ့အဖေကို ဒီလောက်ဆိုးဆိုးဝါးဝါးဖြစ်အောင် တိုက်လိုက်တာလေ။ သူ ခန္ဓာကိုယ်တစ်ခုလုံးကို ဆေးစစ်ဖို့လိုတယ်"
လူငယ်လေးက ဆိုလာလေသည်။
"ဒီလိုလုပ်ရင်ရော.. မင်း အခုလောလောဆယ်တော့ ယွမ်တစ်သိန်းထားခဲ့လိုက်။ ငါက ငါ့အဖေကို ဆေးစစ်ဖို့ ခေါ်သွားလိုက်မယ်။ မင်းရဲ့ဖုန်းနံပါတ်လည်း ငါ့ဆီပေးခဲ့။ မလောက်ရင် ငါတို့ မင်းကိုထပ်ဆက်သွယ်လိုက်မယ်"
"အဲဒါက တရားတယ်လို့ထင်တာပဲ။ ဒဏ်ရာပြင်းထန်မှုကိုကြည့်ရင် တစ်သိန်းက မများပါဘူး။ လောက်တောင်လောက်မှာမဟုတ်ဘူး"
"ဟုတ်တယ်"
သူတို့ပတ်ပတ်လည်ရှိ လူများက တစ်ယောက်ပြီးတစ်ယောက် ဝင်ပြောလာကြသည်။
"ဘုရားရေ အဖွဲ့လိုက်ပါလား"
ထိုလူများက အချင်းချင်း လျှို့ဝှက်စွာအကြည့်ချင်းဆုံနေကြသည်ကို ကျန်းမုန့်လောင် သတိထားမိသည်။
"ကောင်းပြီလေ။ ငါ့နယ်မြေထဲမှာတောင် ငါ့ကိုလာလိမ်တာပဲ"
ကျန်းမုန့်လောင်က အေးတိအေးစက် ရယ်မောလိုက်ပြီးနောက် ဟုန်းရီထံသို့ ဖုန်းဆက်လိုက်သည်။
"ဟုန်းရီ.. သုန်းကျီမြို့မှာ ငါပိုင်တဲ့ ပုဂ္ဂလိကဆေးရုံတစ်ခု ရှိလား"
********