← Chapters

သူကို စမ်းသပ်မှုတွေ အကုန်လုပ်ပေးလိုက်

Vol. 18 Ch. 266

သူကို စမ်းသပ်မှုတွေ အကုန်လုပ်ပေးလိုက်

Vol. 18 Ch. 266

"မစ္စတာကျန်း.. မတော်တဆတစ်ခုခုများဖြစ်လို့လား"

ဟုန်းရီက စိုးရိမ်တကြီးမေးလိုက်သော်လည်း ခဏအကြာတွင်မူ ထိုဖြစ်နိုင်ခြေကို ပယ်ချလိုက်သည်။ ကျန်းမုန့်လောင်ဘေးမှာ ယဲ့ရင်ရှိနေလျင် ကမ္ဘာကြီးပျက်စီးမသွားသေးသရွေ့ သူ တစ်ခုခုဖြစ်နိုင်ခြေ နည်းပါးလွန်းလှသည်။

"အဆင်ပြေပါတယ်။ မြေကြီးပေါ်မှာလှဲပြီး ထွက်မသွားဘူးလို့ ဘူးခံငြင်းနေတဲ့ လူလိမ်တစ်ယောက်နဲ့ တွေ့နေလို့။ ငါ့ကားမှာ ရှေ့ကင်မရာတပ်မထားဘူးလေ။ သုန်းကျီမြို့ရဲ့လမ်းဆုံတော်တော်များများကလည်း စောင့်ကြည့်ရေးကင်မရာတပ်မထားတော့ ကိစ္စတွေကို ချက်ချင်းရှင်းမရဘူးဖြစ်နေတာ"

"ဒီလိုကိုး။ ပွဲတော်ရာသီကာဆိုတော့ အရမ်း… တကယ်စိတ်တိုချင်စရာပဲ"

ဟုန်းရီ သက်ပြင်းချလိုက်မိသည်။

"ဒီတော့ ရှင်စီစဉ်ထားတာက.."

"သူက အပြင်းအထန်ဒဏ်ရာရသွားတယ်လို့ ပြောနေတာလေ။ ဟုတ်တယ်မလား။ ငါ သူ့ကို ခေါင်းအစခြေအဆုံး တစ်ကိုယ်လုံးစမ်းသပ်စစ်ဆေးဖို့အတွက် ခေါ်သွားမယ်။ အစာအိမ်စစ်ဆေးမှု၊ အူမကြီးစစ်ဆေးမှုနဲ့ ဆီးကြိတ်စစ်ဆေးမှုတွေရောပဲ။ အကုန်စစ်ခိုင်းမယ်"

"ခွီး"

ကျန်းမုန့်လောင်၏ရည်ရွယ်ချက်ကို ဟုန်းရီ နားလည်လိုက်လေပြီ။ သူက တစ်ဖက်လူကို အပြည့်အဝဖိအားပေးရန် စီစဉ်နေခြင်းပင်။

"စိတ်ချပါ။ ကမ္ဘာပေါ်က မြို့တိုင်းမှာ ရှင်ပိုင်တဲ့ ပုဂ္ဂလိကဆေးရုံတွေရှိပါတယ်။ ရှင်က သုန်းကျီမြို့မှာ ကြီးပြင်းလာခဲ့တာဆိုတော့ အဲဒီနေရာမှာရှိတဲ့ ဆေးပစ္စည်းကိရိယာတွေနဲ့ ဝန်ထမ်းတွေက ထိပ်တန်းအဆင့်ပါပဲ။ ကျန်းနန်မြို့က ရှင့်ရဲ့ပုဂ္ဂလိကဆေးရုံပြီးရင် ဒီဆေးရုံက ဒုတိယနေရာမှာရှိပါတယ်"

"ကောင်းတယ်။ ဒါဆို တစ်ယောက်ယောက်ကို မြန်မြန်လေးလွှတ်ပေး"

ကျန်းမုန့်လောင်က ဖုန်းချလိုက်ပြီးနောက် မြေပြင်ထက်တွင် လဲလျောင်းနေသော လူမိုက်ကို အေးစက်စက်ပြုံးလျက် သရော်လိုက်၏။

"ကျုပ် ဆေးရုံကို ဖုန်းဆက်ပြီးသွားပြီ။ လူနာတင်ကားတစ်စီး မကြာခင် ဒီကိုရောက်လာလိမ့်မယ်။ ပြီးရင် ခန္ဓာကိုယ်တစ်ခုလုံးကို စစ်ဆေးဖို့အတွက် ခင်ဗျားကို ခေါ်သွားပေးလိမ့်မယ်"

ကျန်းမုန့်လောင်က "ခန္ဓာကိုယ်တစ်ခုလုံး"ဟူသော စကားကို တမင်တကာဖိပြောလိုက်သည်။

"ပြဿနာတစ်ခုခုရှိခဲ့ရင် ကျုပ်ကိုသာအပြစ်တင်ပါ"

ထိုလူဆိုးအိုကြီး၏ မျက်နှာကား ရုတ်ခြည်းမည်းခနဲဖြစ်သွားလေသည်။ သူ့ခန္ဓာကိုယ်က သာမန်အစာအိမ်ပြဿနာကလွဲလျှင် အကောင်းကြီးရှိသေးကြောင်း သူသိသည်။ သူသည် အလွန်ကျန်းမာရေးကောင်းလှ၏။ ကားတိုက်မိခြင်းက အစာအိမ်ပြဿနာကိုတော့ ပေါ်ပေါက်မလာစေနိုင်ဘူးမဟုတ်လား။

သူသာ ဆေးရုံကို သွားလိုက်ပါက ဆေးစစ်မှုရလဒ်ကလည်း သူ့ဘက်ကို အလေးသာစေမည်မဟုတ်ချေ။ သူက ပိုက်ဆံနည်းနည်းညှစ်ထုတ်၍ မြန်မြန်ထွက်သွားလိုခြင်းမျှသာ ဖြစ်၏။

ယခင်ကလည်း ဤနည်းကိုသုံး၍ မြို့ပြင်မှရောက်လာသူများကို ငွေညှစ်ခဲ့ဖူးသည်။ တော်တော်များများက မြို့ထဲက ဖြတ်သွားရုံမျှသာဖြစ်သဖြင့် ပြဿနာများကို ရှောင်ရှားရန်အတွက် ပိုက်ဆံပေးလိုက်ဖို့သာ ရွေးချယ်ကြသည်။ မည်သူကများ မလိုအပ်သည့်ဆေးစစ်မှုများအတွက်နှင့် သူနှင့်အတူ ဆေးရုံအထိ လိုက်ပေးပြီး အချိန်ဖြုန်းနေမည်လဲ။

"မလိုအပ်ဘူးလို့ထင်တာပဲ။ အခု ကပ်ရောဂါကလည်း တအားပြင်းထန်နေတော့ အများပြည်သူဆေးအရင်းအမြစ်တွေကို ဖြုန်းတီးတာက မသင့်တော်ဘူးလေ။ ငါတို့ဘာသာပဲ ဆေးရုံသွားလိုက်မယ်"

သက်လတ်ပိုင်းအရွယ် အမျိုးသား၏ သားဖြစ်သူက ချက်ချင်းထပြောလာလေသည်။

"ဖြုန်းတီးရာမကျပါဘူး"

ကျန်းမုန့်လောင်က ရယ်၏။

"ငါဆက်သွယ်လိုက်တဲ့ဆေးရုံက ငါ့ဆေးရုံပဲ။ ဒီတော့ တခြားလူမှုအရင်းအမြစ်တွေကို ဖြုန်းတီးရာရောက်မှာမဟုတ်ဘူး"

"ဘာ ကိုယ်ပိုင်ဆေးရုံလား။ ဒါဆို ငါတို့ သေချာပေါက်မသွားသင့်ဘူးပေါ့"

လူငယ်လေးကိုကြည့်ရသည်မှာ ဆင်ခြေကောင်းတစ်ခု ရှာတွေ့လိုက်ဟန်ပင်။

"ကိုယ်ပိုင်ဆေးရုံက ဆရာဝန်တွေက စိတ်ချရသလားဆိုတာကို ဘယ်သူကသိမှာလဲ။ ငါ့အဖေက အခုတောင် ပြင်းပြင်းထန်ထန်ဒဏ်ရာရထားပြီးပြီ။ မတတ်ကျွမ်းတဲ့ဆရာဝန်နဲ့တွေ့ပြီး တစ်ခုခုဖြစ်သွားရင် မင်း တာဝန်ယူနိုင်မှာလား"

"ကမ္ဘာကြီးပေါ်မှာ ငါမလုပ်ပေးနိုင်တာ ဘာမှမရှိဘူး"

ကျန်းမုန့်လောင်က သရော်လိုက်၏။

"မင်း မဖြေရှင်းနိုင်မှာပဲ ငါစိတ်ပူမိတာ"

"လူတစ်ယောက်ကို ကားနဲ့တိုက်ပြီး ထတောင်မထနိုင်တော့တဲ့အခြေအနေမျိုးမှာ မင်း ဘယ်လိုလုပ်ပြီး ဒီလိုပြောနိုင်ရတာလဲ"

"မင်းချမ်းသာတယ်ဆိုတော့ရော ဘာလုပ်ရမှာလဲ"

"ဒီမှာ ဘာတွေဖြစ်နေတာလဲ။ ဘာဖြစ်တာလဲ"

ထိုအချိန်မှာပင် ရဲကားတစ်စီးက လမ်းဆုံနားတွင် ထိုးရပ်လိုက်ပြီးနောက် အရန်ရဲအရာရှိနှစ်ယောက် အပြင်သို့ထွက်လာသည်။

"ရဲသားကြီးတို့ ဒီမှာ အက်ဆီးဒင့်ဖြစ်သွားလို့ပါ"

"ဟုတ်ပါတယ်။ ကြည့်လိုက်ပါဦး။ သူတို့က လူတစ်ယောက်ကို ကားနဲ့ဝင်တိုက်လိုက်လို့ ထတောင်မထနိုင်တော့ဘူး"

"အရာရှိကြီး.. ဒီလိုလူစားမျိုးကို ဖမ်းဆီးပြီး ရက်နည်းနည်းလောက် အချုပ်ချထားသင့်တယ်။ သူတို့က ပိုက်ဆံရှိတယ်ဆိုတာနဲ့ပဲ လူတစ်ယောက်ကို ကားနဲ့ဝင်တိုက်လို့ရပြီလို့ထင်နေကြတာ။ ကျုပ်တို့ရောက်လာတဲ့အချိန်တုန်းက သူတို့က ကားထဲမှာထိုင်နေကြတုန်းပဲရှိသေးတာ။ ဆင်းလာပြီးတော့တောင် မကြည့်ဘူး"

အရန်ရဲအရာရှိနှစ်ယောက်ကလည်း ကျန်းမုန့်လောင်ဆီသို့ ချဉ်းကပ်လာပြီး သူ့ကို အထက်အောက်စုန်ချည်ဆန်ချည်ကြည့်လိုက်လေသည်။ ဤလူငယ်လေးကို ရင်းနှီးနေသလို သူတို့ခံစားလိုက်ရသည်။

"နာမည်"

"ကျန်းမုန့်လောင်"

"ကျန်း…"

ထွက်ဆိုချက်ယူနေသော ရဲအရာရှိမှာ ချက်ချင်းကြက်သေသေသွားလေတော့သည်။ သူက အသက်သုံးဆယ်မပြည့်သေးသောကြောင့် သတင်းအချက်အလက်များကို သူများနှင့်တန်းတူ အမီလိုက်နေသည်။ ဤနာမည်မှာ ဟွာရှားတွင် မသိသူမရှိလောက်ပေ။

"ကျန်း..မစ္စတာကျန်း"

ကျန်းမုန့်လောင်၏နာမည်ကို ကြားလိုက်ရသောအခါ ရဲအရာရှိ၏သဘောထားကလည်း ပို၍ သတိချပ်သွားလေသည်။

"ကိစ္စမရှိပါဘူး။ မေးစရာရှိတာ မေးပါ။ တကယ်လို့ ကျွန်တော် ဥပဒေကိုချိုးဖောက်မိခဲ့ရင်လည်း ဥပဒေနဲ့အညီ ဆောင်ရွက်ပါ"

"ပူးပေါင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စတာကျန်း"

ရဲအရာရှိက စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်လေသည်။ ကံကောင်းချင်တော့ ကျန်းမုန့်လောင်က ကျိုးကြောင်းမဆီလျော်သူတစ်ယောက် မဟုတ်ပေ။ ထိုသို့မဟုတ်ပါက သူတို့လည်း ဘာဆက်လုပ်ရမလဲဆိုသည်ကို သိမည်မဟုတ်။

"မင်း ကြားလိုက်လား။ ဒီလူငယ်လေးက သူ့နာမည်ကို ကျန်းမုန့်လောင်လို့ပြောလိုက်တယ်"

"ကျန်းမုန့်လောင်လား။ သူက ကမ္ဘာ့အချမ်းသာဆုံးလူမဟုတ်လား"

"ဟုတ်တယ်။ ငါ့သား ရှေ့ရက်ပိုင်းလောက်တုန်းက ငါ့ကိုပြောဖူးတယ်"

"အသက်ငယ်ငယ်လေးနဲ့ ဒီလိုကားမျိုးစီးနိုင်တာ မအံ့ဩတော့ပါဘူး"

"ကမ္ဘာ့အချမ်းသာဆုံးလူဖြစ်တော့ရော ဘာအရေးလဲ။ အချမ်းသာဆုံးလူက လူတစ်ယောက်ကို ကားနဲ့ဝင်တိုက်ပြီးရင် တာဝန်မယူရတော့ဘူးလား"

သက်လတ်ပိုင်းအရွယ် အမျိုးသား၏ သားဖြစ်သူမှာ ရုတ်တရက်စိတ်မအေးသလို ဖြစ်သွားသော်ငြား ဇာတ်လမ်းက စတင်လိုက်ပြီဖြစ်သောကြောင့် ဆက်လက်လုပ်ဆောင်ရပေတော့မည်။

"မစ္စတာကျန်း အခြေအနေကိုရှင်းပြပေးပါဦး"

"ဘာပြောစရာရှိလို့လဲ။ ဒါက သက်သက်လိမ်နေတာပဲဟာကို"

ကျန်းမုန့်လောင်က သူ့လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ချေသည်။

"ကံဆိုးချင်တော့ ကျုပ်ကားမှာ ရှေ့ကင်မရာမပါဘူး။ လမ်းဆုံမှာလည်း စောင့်ကြည့်ရေးကင်မရာမရှိဘူးလေ။ ဒီတော့ ဘာသက်သေမှ ပြစရာမရှိဘူးဖြစ်နေတယ်"

"ဒီလိုဆိုရင် ခက်တော့ခက်ပြီ"

အရန်ရဲအရာရှိနှစ်ယောက်က ပြောလိုက်၏။ သက်သေမရှိပါဘဲ နှစ်ဖက်စလုံးက ကိုယ့်ဇာတ်လမ်းကို အခိုင်အမာဆုပ်ကိုင်ထားလျှင် ဖြေရှင်းရအလွန်ခက်ခဲပေသည်။

"အဲဒါကြောင့် ငါ လူနာတင်ကားတစ်စီးခေါ်ထားတယ်။ အခုချက်ချင်းသွားစစ်ဆေးကြည့်ကြတာပေါ့"

ကျန်းမုန့်လောင်က လက်ညှိုးထိုးပြလိုက်၏။

"အာ ဟိုမှာလာနေပြီ"

ထိုအချိန်တွင် လူနာတင်ကားတစ်ဒါဇင်လောက်က လမ်းဘေးတွင် တန်းစီ၍ ထိုးရပ်လိုက်လေရာ ပွဲကြည့်နေသူများလည်း အလွန်အံ့အားသင့်သွားကြလေသည်။

"ဘာဖြစ်တာလဲ။ ဒဏ်ရာရသူတစ်ယောက်အတွက်နဲ့လူနာတင်ကားတွေအများကြီးက ဘာလို့ရောက်လာတာလဲ"

အဖြူရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားသော ဆရာဝန်တစ်သိုက်နှင့် အကြီးအကဲတချို့က ကားထဲကဆင်းလာပြီး လူအုပ်ကြီးဆီသို့ အပြေးရောက်ချလာသည်။

"မစ္စတာကျန်းက ဘယ်သူလဲမသိဘူး"

"ကျွန်တော်ပါ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"လာပေးလို့ ကျေးဇူးတင်ပါတယ်"

"ကျွန်တော်တို့တာဝန်ပါဗျာ"

ဆရာဝန်များက ထပ်ခါတလဲလဲခေါင်းညိတ်နေချေသည်။ သူတို့က အလွန်မြင့်မားသော လစာရထားသော်ငြား သူတို့တွင် အလုပ်ဟူ၍ ပေါ်ခဲလှသည်။ သူတို့၏အဓိကတာဝန်မှာ ကျန်းမုန့်လောင်နှင့် သူနှင့်ဆက်စပ်နေသူများကို ဂရုစိုက်စောင့်ရှောက်ပေးရန်ပင်။

"ခင်ဗျား လူဘယ်နှယောက်ခေါ်လာခဲ့တာလဲ"

ကျန်းမုန့်လောင်လည်း ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားရသည်။

"စုစုပေါင်း ကျွမ်းကျင်သူ၈၃ယောက်ပါ"

ဦးဆောင်လာသော ဆရာဝန်က ပြောပြလာသည်။

"ခင်ဗျားရဲ့လူနာက စမ်းသပ်စစ်ဆေးမှုအပြည့်အစုံကို လိုအပ်နေတယ်လို့ မစ္စဟုန်းရီက ပြောလိုက်လို့ပါ။ သွားရင်းလာရင်း တစ်ခုခုလွဲမှာစိုးလို အကုန်လုံးရောက်လာခဲ့ကြတာပါ"

"အရာရှိကြီး.. သူတို့တွေအကုန်လုံးက ပုဂ္ဂလိကဆေးရုံက ဆရာဝန်တွေချည်းပဲ။ ရောဂါကိုမကုနိုင်ဘဲ ကျွန်တော့်အဖေရဲ့ဒဏ်ရာကို ပိုဆိုးအောင်လုပ်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ"

သက်လတ်ပိုင်းအရွယ်အမျိုးသား၏ သားဖြစ်သူက ကပျာကယာပြောလာချေသည်။

"ကျွန်တော့်အဖေကို ပုံမှန်ဆေးရုံတစ်ခုကိုပဲ ခေါ်သွားသင့်တယ်ထင်တာပဲ။ ကျွန်တော့်ကို ဆေးစစ်ခသာ ပေးပါ"

"ဒါက…"

ရဲအရာရှိလည်း အခြေအနေကို မည်သို့နှယ်ကိုင်တွယ်ရလေမှန်း မသိတော့ချေ။

"မင်္ဂလာပါ အရာရှိကြီး"

ပထမဆုံးဆရာဝန်က မှတ်စုစာအုပ်အသေးလေးတစ်အုပ်ကို ပေးလာလေသည်။

"ကျွန်တော့်နာမည်က စွေ့ကျုံးဝေ့ပါ။ Cambridgeဆေးတက္ကသိုလ်က PhDဘွဲ့ရ ခေါင်းဆောင်ဆရာဝန်ပါ။ နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို အထူးပြုယူထားပါတယ်။ ဒါက ကျွန်တော့်ရဲ့အရည်အချင်းအသိအမှတ်ပြုလက်မှတ်ပါ။ ဒါကတော့ ကျွန်တော်တို့ဆေးရုံရဲ့တရားဝင်အသိအမှတ်ပြုလိုင်စင်ပါ"

"အဆင့်သုံးတဲ့"

ရဲအရာရှိခမျာ မျက်လုံးပြူးသွားရလေတော့သည်။ သုန်းကျီမြို့၏ အကြီးဆုံးပြည်သူ့ဆေးရုံပင်လျှင် ထိပ်တန်းအဆင့်သုံးဆေးရုံတစ်ခုမျှသာ ဖြစ်သော်လည်း ကျန်းမုန့်လောင်၏ပုဂ္ဂလိကဆေးရုံက သူတို့၏အကြီးမားဆုံးပြည်သူ့ဆေးရုံကိုပင် သာနေသည်မှာ အလွန်အထင်ကြီးဖို့ကောင်းလှသည်။

"အားလုံးပဲ.. မင်းတို့ရဲ့အရည်အချင်းအသိအမှတ်ပြုလွှာတွေကို အရာရှိကြီးကိုပြလိုက်ကြ"

"ဟုတ်ကဲ့ပါ မစ္စတာကျန်း"

ဆရာဝန်တစ်ဒါဇင်လောက်က တန်းစီပြီး အရန်ရဲအရာရှိနှစ်ဦးဆီသို့ ချဉ်းကပ်သွားကြသည်။

"မင်္ဂလာပါ ရဲအရာရှိကြီး။ ကျွန်မနာမည်က ဝေ့ဝေ့ပါ။ Stanfordတက္ကသိုလ်ရဲ့ဆေးပညာဌာနက ဘွဲ့ရထားပါတယ်။ စိတ်ရောဂါအထူးကုခေါင်းဆောင်ပါ"

"ကျွန်တော့်နာမည်က ဖုန်းဝမ်ခယ်ပါ။ တိုကျိုတက္ကသိုလ်ဆေးပညာဌာနက ဘွဲ့ရထားတာပါ။ ကူးစက်ရောဂါကုသရေးခေါင်းဆောင်ဆရာဝန်ပါ"

"အကုန်လုံး ထိပ်တန်းဆေးတက္ကသိုလ်တွေက ဘွဲ့ရထားတာချည်းပဲ။ ပြီးတော့ အကုန်လုံးက ခေါင်းဆောင်ဆရာဝန်တွေချည်းပဲ"

ဗဟုသုတရှိသော ရဲအရာရှိနှစ်ယောက်လည်း အဓိပ္ပာယ်ကို သဘောပေါက်သွားလေသည်။

"ကျွန်တော့်နာမည်က လင်းယွဲ့ပါ။ MITဆေးတက္ကသိုလ်က ဘွဲ့ရထားတဲ့ ခေါင်းဆောင်ဆီးလမ်းကြောင်းအထူးကုပါ"

"လုဂန် အစာအိမ်အထူးကုခေါင်းဆောင်ပါ"

"တင်းချိုး ရင်သားအထူးကုခေါင်းဆောင်ပါ"

"ယွီမုန့် မျိုးပွားစနစ်အထူးကုခေါင်းဆောင်ပါ"

"ကျင်းယောင် မီးယပ်အထူးကုခေါင်းဆောင်ပါ"

...

"မစ္စတာကျန်း ဒါက…"

အရန်ရဲအရာရှိနှစ်ယောက်၏ မျက်နှာထက်က အမူအရာမှာ ကိုးရိုးကားရားဖြစ်သွားလေသည်။ တစ်စုံတစ်ယောက် ဒဏ်ရာရသည်ဆိုလျှင်ပင် အတွင်းပိုင်း သို့မဟုတ် အရိုးအထူးကုဆရာဝန်တစ်ဦးရှိရုံမျှဖြင့် လုံလောက်နေပြီမဟုတ်ပါလား။

"အစာအိမ်အထူးကု၊ ရင်သားအထူးကု၊ မျိုးပွားစနစ်အထူးကုနဲ့ မီးယပ်အထူးကုတို့ ဘာလုပ်ဖို့လဲ။ ဒါကြီးက လုံးဝအဓိပ္ပာယ်မရှိဘူး"

"သူတို့ကိုယ်တိုင်က တစ်ကိုယ်လုံးကိုဆေးစစ်ချင်တယ်လို့ ပြောခဲ့တာလေ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ကျွန်တော်က ချမ်းသာပေမဲ့ ကျိုးကြောင်းမဆီလျော်တဲ့လူမဟုတ်ပါဘူး။ သူတို့က ဆေးစစ်ချင်နေမှတော့ ကျွန်တော်လည်း စစ်ပေးရတာပေါ့"

"ဒါရိုက်တာစွေ့..ကျွန်တော်တို့ဆေးရုံမှာ စုစုပေါင်းဆေးစစ်မှု ဘယ်နှမျိုးရှိလဲ"

"ပုံမှန်စစ်ဆေးမှုကိုပြောတာလား။ အကုန်လုံးကိုပြောတာလား"

ဒါရိုက်တာစွေ့က မေးလိုက်၏။

"ပုံမှန်ဆေးစစ်မှုဆိုရင် ငါးခုခြောက်ခုလောက်ပဲရှိပါတယ်။ အကုန်လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့ဆေးရုံမှာ စစ်ဆေးမှုပေါင်း၁၄၀၀၀ကျော်ရှိပါတယ်"

"ဒါဆို အဲဒီ၁၄၀၀၀လုံးစစ်ဆေးကြတာပေါ့"

ကျန်းမုန့်လောင်က တရားမျှတစွာပြောလိုက်သည်။

"ကျုပ်တို့ ဘာရောဂါကိုမှ လွတ်သွားလို့မဖြစ်ဘူး။ သေချာစစ်ဆေးပေးပါ"

"ဟုတ်ကဲ့ပါ မစ္စတာကျန်း"

ဒါရိုက်တာ စွေ့ကျုံးဝေ့က ခေါင်းညိတ်လိုက်လေသည်။

"သူတို့ကို လူနာဆောင်ကိုပို့ပြီး ဒီနေ့တော့ အစာအိမ်စစ်ဆေးမှုနဲ့ စကြတာပေါ့"

********

All Chapters