အပြည့်အဝထောက်ပံ့ပေးမယ်
Vol. 18 Ch. 267
"စမ်းသပ်မှု၁၄၀၀၀ကျော်လား"
သက်လတ်ပိုင်းအရွယ်အမျိုးသား၏ သားဖြစ်သူခမျာ ထိုစကားကိုကြားပြီးနောက် အကြောင်သားဖြစ်သွားရသည်။
"စမ်းသပ်စစ်ဆေးမှု၁၄၀၀၀ကျော်ကိုသာ လုပ်မယ်ဆိုရင် ဘာရောဂါမှမရှိတဲ့လူတောင် ရောဂါတစ်ခုခုပေါ်လာမှာပဲ"
"အရာရှိကြီး.. သူက သက်သက်မဲ့ပြဿနာရှာနေတာပါ။ ကျွန်တော့်အဖေက သူ့ကားနဲ့ ဝင်တိုက်ခံလိုက်ရတာတောင်မှ သူက ဒီလိုလုပ်ရပ်မျိုးနဲ့ လာဖြေရှင်းနေတယ်။ ကျွန်တော်တို့အတွက် တရားမျှတအောင် လုပ်ပေးပါ"
"ငါက မင်းတို့ပြောတဲ့အတိုင်း လုပ်ပေးနေတာပဲလေ မဟုတ်ဘူးလား"
ကျန်းမုန့်လောင်က အပြစ်ကင်းစင်စွာဖြင့် ဆိုလာလေသည်။
"မင်းတို့က ခန္ဓာကိုယ်တစ်ခုလုံးကို ဆေးစစ်ချင်တာမလား။ ငါက မင်းတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနေတာလေ။ စမ်းသပ်မှု၁၄၀၀၀ကျော်တောင်နော်။ မင်းတို့ဘာသာ ဆေးရုံသွားစစ်ရင် သန်းနဲ့ချီပြီး ကုန်ကျမှာ။ သန်းဆယ်နဲ့ချီလောက်တယ်။ မင်းတို့ သေချာပေါက်တတ်နိုင်မှာမဟုတ်ဘူး။ ငါက မင်းတို့ဆီက တစ်ပြားတောင်မတောင်းပါဘူး"
"အဲဒီသန်းဂဏန်းကို ဒီအတိုင်းပေးပြီး ငါတို့ဘာသာပဲ သွားစစ်ဆေးခွင့်ပေးလိုက်တာက ပိုမကောင်းဘူးလား"
လူလိမ်သားအဖမှာ စိတ်ထဲတွင် သွားရည်တမြားမြားကျနေသော်လည်း ထုတ်တော့ မပြောရဲပေ။
"မင်း ငါတို့ကို ဒီအတိုင်း ပိုက်ဆံသာ ပေးလိုက်သင့်တယ်လို့ထင်တယ်။ ငါတို့ဘာသာပဲ ဆေးစစ်လိုက်မယ်။ ငါ့အဖေက အရမ်းအသက်ကြီနေပြီ။ ဒီလောက်များတဲ့စမ်းသပ်မှုတွေကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး"
လူငယ်လေးက ဆိုလာလေသည်။
"ဒီလိုလုပ်ရအောင်။ ကျွန်တော်တို့ဘက်က နည်းနည်းအရှုံးခံလိုက်မယ်။ ယွမ်ငါးသောင်းပဲ အရင်ပေးလိုက်။ ပြီးရင် ဖုန်းနံပါတ်ချန်ခဲ့လိုက်လေ။ မလောက်ရင် ထပ်ဆက်သွယ်လိုက်မယ်"
ရဲအရာရှိနှစ်ယောက်ကလည်း ငတုံးများမဟုတ်ကြပေ။ လူငယ်လေးက ပိုက်ဆံအကြောင်းသာ ဆက်တိုက်ပြောနေပေသည်။ ပုံမှန်ဆိုလျှင် ကိုယ့်အဖေ ကားတိုက်ခံထားရပါက ပထမဆုံးလုပ်မည့်အရာကား သူ့ကို ဆေးကုသမှုခံယူဖို့အတွက် ဆေးရုံသို့ အပြေးအလွှားခေါ်သွားပေးမည်သာ။ ဤနေရာတွင် ဈေးဆစ်နေရမည်မဟုတ်။
ထို့ပြင် အက်ဆီးဒင့်ဖြစ်ရိုးမှန်ပါက တစ်ဖက်လူကလည်း ဆေးရုံကို အတူသွားရန် ဆန္ဒရှိနေပါက ပြဿနာတစ်ခုခုရှိလျှင် ဆေးရုံမှာပင် ကုန်ကျစရိတ်ကို တိုက်ရိုက်ရှင်းပေးနိုင်သည်။ ဤမျှအထိ ပြဿနာများနေဖို့ မလိုအပ်ပေ။
ဤနှစ်ယောက်က သံသယဖြစ်စရာမရှိလောက်အောင် လူလိမ်များဖြစ်ကြောင်း သူတို့စိတ်ထဲမှာ ချက်ချင်းကောက်ချက်ချလိုက်သည်။
"ငါပြောပြီးပြီလေ။ အရင်ဆုံး ဆေးသွားစစ်ကြမယ်လို့။ ရလဒ်ကိုကြည့်ပြီးမှ ဆက်ပြောလို့ရတာပဲ"
ကျန်းမုန့်လောင်က မျက်ဝန်းကို မှေးကျဉ်းလိုက်ချေသည်။
"မင်းတို့မှာ ဖုံးကွယ်ထားတာ တစ်ခုခုမရှိဘူးဆိုရင် ဆေးရုံကို ဆေးစစ်ဖို့ ဘာလို့မသွားချင်ရတာလဲ"
"မင်း ဘာတွေလာပြောနေတာလဲ"
လူငယ်လေးခမျာ ချက်ချင်းဆိုသလို စိုးရိမ်ပူပန်သွားလေသည်။
"ငါတို့က မင်းရဲ့ဆေးရုံကို မသွားချင်ရုံပဲ"
"ဒီကိစ္စကို ချက်ချင်းဖြေရှင်းလိုက်ကြရအောင်။ ငါတို့ မင်းကို ဆေးရုံခေါ်သွားပေးမယ်"
လက်ထောက်ရဲအရာရှိတစ်ယောက်က ဆိုလာ၏။
"ဒါက…"
ထိုအချိန်တွင်မူ လူငယ်လေးလည်း ဘာပြောရမှန်း မသိတော့ချေ။ ရဲအရာရှိများသာ ဆေးရုံသို့ လိုက်လာလျှင် သူတို့သရုပ်မှန်လည်း ရောက်ရောက်ချင်း ဖော်ထုတ်ခံရလိမ့်မည်သာ။
"ထားလိုက်ပါတော့။ သူတို့က မလိုအပ်ဘဲ ပြဿနာရှိနေတယ်လို့ထင်တာပဲ။ ငါက ငါ့အဆင့်အတန်းကို အသုံးချပြီး အခွင့်ကောင်းယူနေတာလို့ ပြောလိုက်တယ်မလား။ ငါ့မှာ ပိုက်ဆံရှိတယ်ဆိုတာနဲ့ပဲ လုပ်ချင်ရာလုပ်တယ်ပေါ့လေ"
ကျန်းမုန့်လောင်လည်း သူ့ကားထဲကို ပြန်ဝင်လိုက်ပြီး စက်နှိုးလိုက်လေတော့သည်။
"လူတစ်ယောက်ကို သတ်ရုံလေးပဲမဟုတ်ဘူးလား။ ပိုက်ဆံသန်းဂဏန်းလောက်နဲ့တင် ဖြေရှင်းလိုက်လို့ရတာပဲ။ သန်းဆယ်ချီပြီးပေးရင် အမှုကလွတ်အောင်လုပ်လို့ရတာပဲ ဟုတ်တယ်မလား"
"မစ္စတာကျန်း စိတ်လိုက်မာန်ပါမလုပ်ပါနဲ့"
"မုန့်လောင် အလောတကြီးမလုပ်လိုက်နဲ့"
"အားလုံး မြန်မြန်လမ်းဖယ်ကြပါ"
ထိုနေရာကား ပွက်လောရိုက်ကုန်လေသည်။ ပတ်ပတ်လည်ရှိ လူများကလည်း ပါဝင်ပတ်သက်မိမှာစိုးပြီး ချက်ချင်းလမ်းဖယ်ပေးလိုက်ကြသည်။ ထိုလူချမ်းသာဒုတိယမျိုးဆက်များက အကျိုးဆက်များကို မစဉ်းစားဘဲ လုပ်တတ်ကြသည်ဟု သတင်းထဲတွင် သူတို့မြင်ဖူးထားသည်။ ကျန်းမုန့်လောင်၏ ငွေကြေးအင်အားနှင့်သာဆိုလျှင် လူတစ်ယောက်ကို သတ်မိလျှင်ပင် ပိုက်ဆံနည်းနည်းလောက်ပေးလိုက်ရုံဖြင့် ပြဿနာပြေလည်နိုင်ပေသည်။
"ဘွန်း"
အင်ဂျင်သံက ကျယ်လောင်စွာထွက်ပေါ်လာပြီးနောက် ကားကလည်း ရှေ့သို့ မောင်းထွက်လာလေ၏။
"သူ တကယ်ကြီးလုပ်နေတာဟ"
ထိုအချိန်တွင် သက်လတ်ပိုင်းအရွယ်အမျိုးသားနှင့် လူငယ်တို့မှာ ဆက်ဟန်မဆောင်နိုင်တော့ပေ။ လိမ်လည်နေတုန်း သူတို့ အသက်ပျောက်သွားခဲ့ပါက ပိုက်ဆံရလည်း သူတို့အတွက် အကျိုးမရှိချေ။
သူတို့နှစ်ယောက်သား ချက်ချင်းဆိုသလို မြေကြီးပေါ်ကထကာ ဘေးဘက်သို့ ထွက်ပြေးကြသည်။
"သူအဆင်ပြေနေသားပဲ"
"အဲဒီအရှိန်အတိုင်းဆိုရင် ဒါ ပြေးနေတာပဲလေ"
"သူတို့က အက်ဆီးဒင့်ကို တကယ်ပဲ လုပ်ကြံထားကြတာလား"
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ထိုနေရာရှိလူတိုင်း အရာအားလုံးကို နားလည်သွားလေသည်။ ကားတိုက်ခံထားရပြီး ဒဏ်ရာအပြင်းအထန်ရထားသူက မည်သို့နှယ် ဤမျှလွယ်လွယ်ကူကူ ထပြေးနိုင်မည်နည်း။ သေချာပေါက်ဟန်ဆောင်နေခြင်းပင်။
"ပြေးတော့"
ရဲများရှိနေသဖြင့် သားအဖနှစ်ယောက်သား မတ်တတ်ထရပ်ပြီးနောက် တောင်ကြားလမ်းဘက်သို့ သုတ်ခြေတင်၍ ပြေးပါလေတော့သည်။
သို့သော် သန်မာလှသော လူငယ်အမျိုးသားအများစုက ချက်ချင်းလှုပ်ရှားလာကြပြီး တစ်မိနစ်မပြည့်ခင်မှာပင် သူတို့ကို ရဲကားရှေ့သို့ ပြန်ခေါ်လာခဲ့ကြ၏။
"ငါတို့သုန်းကျီမြို့သားတွေအတွက်တော့ သိက္ခာကျချင်စရာပဲ"
လူငယ်တစ်ယောက်က ထိုသို့ဆိုလာလေသည်။
"ခုနက မင်းကိုပြောဆိုခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။ စိတ်ထဲမထားပါနဲ့"
"မပူပါနဲ့။ သူတို့ကိုဖမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ကျန်းမုန့်လောင်က တုန်လှုပ်ခြင်းမရှိဘဲ ဆိုလာ၏။
"အရာရှိကြီးတို့ သူတို့ကို ခင်ဗျားတို့လက်ထဲ အပ်လိုက်မယ်နော်"
"အာ.. ထွက်ဆိုချက်ယူဖို့အတွက် ခင်ဗျားတို့နှစ်ယောက်ကို စခန်းကိုလိုက်ခဲ့ဖို့ ခေါ်သွားရဦးမယ်။ ဒီကိစ္စက…"
ရဲအရာရှိနှစ်ယောက်ကလည်း တောင်းတောင်းပန်ပန်ဖြင့် ပြောလာလေသည်။
"ဪ ရတာပေါ့။ ကျွန်တော်တို့လည်း မလောပါဘူး"
ကျန်းမုန့်လောင်က သူ့ဆေးရုံမှ ဆရာဝန်များကို ပြန်လွှတ်ပြီး ရဲအရာရှိနှစ်ယောက်နှင့်အတူ စခန်းသို့ လိုက်သွားလိုက်၏။
...
"ကျန်းမုန့်လောင်လား။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ကျန်းမုန့်လောင်လား"
သတင်းကြားကြားချင်း ခေါင်းဆောင်တင်းသည် သူ့ရုံးခန်းထဲမှ အပြေးအလွှားထွက်လာခဲ့သည်။
"ကျန်းမုန့်လောင်က ဒီကို ဘာလို့လာတာလဲဆိုတာ မင်းတို့သိလား"
ခေါင်းဆောင်တင်းက မေးလိုက်သည်။ သူ၏ အကြီးမားဆုံးပူပန်မှုမှာ ကျန်းမုန့်လောင်က သုန်းကျီမြို့သို့ ရင်းနှီးမြှုပ်နှံရေးပရောဂျက်များအတွက် ရောက်ရှိလာခြင်းဖြစ်နေမည်ကိုပင်။
ကျန်းမုန့်လောင်ကဲ့သို့သော လူတစ်ယောက်က မြို့တစ်မြို့၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်မျှအင်အားဖြစ်စေနိုင်သလဲဆိုသည်ကို လူတိုင်း မြင်ယောင်ကြည့်နိုင်လေသည်။ ဥပမာ မာယွင်၏ အလီဘာဘာကိုပင် ကြည့်ပါ။ ကျန်းနန်မြို့ရှိ ပြည်နယ်တစ်ခုလုံး၏ GDPကိုပင် ထောက်ပံ့ပေးထားနိုင်သည်။
အလီဘာဘာအုပ်စုနှင့်ယှဉ်လိုက်လျှင် ကျန်းမုန့်လောင်က မည်မျှပိုချမ်းသာလေသလဲ။ အကယ်၍ သူသာ ပရောဂျက်စုံစမ်းရေးအတွက် ရောက်လာခြင်းဆိုပါက ဤပရောဂျက်များက သုန်းကျီမြို့၏စီးပွားရေးကို မည်မျှအတိုင်းအတာအထိ တိုးတက်လာစေနိုင်သလဲ။
ထိုလူလိမ်နှစ်ယောက်ကြောင့် ကျန်းမုန့်လောင်က သုန်းကျီမြို့အပေါ် မကောင်းသောအမြစ်တစ်ခု ရှိသွားပြီး ရင်းနှီးမြှုပ်နှံရေးပရောဂျက်ကို လက်လျှော့ဖို့ ဆုံးဖြတ်လိုက်ပါက ဤမြို့အတွက် မည်သို့သောဆုံးရှုံးမှုတစ်ခု ဖြစ်လာလေမလဲ။ ထို့ပြင် ဤဆုံးရှုံးမှုအတွက်လည်း မည်သူက တာဝန်ယူပေးမည်နည်း။
တစ်ခဏအတွင်းမှာပင် ခေါင်းဆောင်းတင်း၏ ခေါင်းက ပေါက်ကွဲထွက်တော့မတတ်ပင်။
"မြန်မြန်လာ။ ငါ့ကို မစ္စတာကျန်းဆီ ခေါ်သွားပေး"
ခေါင်းဆောင်တင်းလည်း သူ့အသွင်အပြင်ကို ခပ်မြန်မြန်ပြုပြင်၍ စစ်ကြောရေးခန်းဆီသို့ ထွက်လာခဲ့လိုက်သည်။
ထိုအချိန်တွင် ကျန်းမုန့်လောင်က ထွက်ဆိုချက်ပေးပြီးလေပြီဖြစ်သောကြောင့် လိမ်လည်မှု၏တရားခံဖြစ်သော သားအဖနှစ်ယောက်ကို ပြည်သူလူထု၏ငြိမ်းချမ်းရေးကို ပျက်ပြားစေမှုဖြင့် ထိန်းသိမ်းထားလိုက်ချေသည်။ နောက်ဘာဆက်ဖြစ်မလဲဆိုသည်ကိုမူ ကျန်းမုန့်လောင် ဂရုမစိုက်ပေ။ သူ့မွေးရပ်မြေသို့ လုရီယောင် ပထမဆုံးအကြိမ်လိုက်လည်ရာတွင် ယခုလိုဖြစ်ရပ်မျိုးနှင့် ကြုံလိုက်ရသည့်အတွက် သူ တကယ်အာရုံနောက်သွားရသည်။
"မစ္စတာကျန်း.. ကျွန်တော်တို့ခေါင်းဆောင်တင်း ရောက်လာပါပြီ"
အရာရှိတစ်ယောက်က လမ်းရှင်းပေးလာလေသည်။
"အိုး..ခေါင်းဆောင်တင်း မင်္ဂလာပါ။ ကျွန်တော်က ကျန်းမုန့်လောင်ပါ"
"မစ္စတာကျန်း မင်္ဂလာပါ။ ကျွန်တော်က တင်းယွီကောပါ။ ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် တကယ်တောင်းပန်ပါတယ်။ ခင်ဗျား စိတ်အနှောင့်အယှက်မဖြစ်သွားဖို့ မျှော်လင့်ပါတယ်"
ခေါင်းဆောင်တင်းက ဆိုလိုက်လေသည်။
"ဒီဖြစ်ရပ်က တကယ်ပဲ ကျွန်တော့်ကို စိတ်အနှောင့်အယှက်ပေးခဲ့တယ်ဗျ"
ခေါင်းဆောင်တင်း၏မျက်နှာအမူအရာမှာ ပြောင်းလဲသွားလေသည်။
"မစ္စတာကျန်း စိတ်ချပါ။ ခင်ဗျားရှိနေစဉ်အတောအတွင်း ဒီလိုကိစ္စမျိုး ကျွန်တော်တို့သုန်းကျီမြို့မှာ ထပ်မဖြစ်စေရပါဘူး"
"အဲ့လိုမျှော်လင့်မိတာပဲ"
ကျန်းမုန့်လောင် ခေါင်းညိတ်လိုက်၏။
"မစ္စတာကျန်း.. ခင်ဗျား ဒီတစ်ခေါက် သုန်းကျီမြို့ကိုလာတာ စစ်ဆေးဖို့အတွက်လား"
ခေါင်းဆောင်တင်းလည်း မရဲတရဲမေးကြည့်လိုက်သည်။
ထိုအချိန်မှသာ ခေါင်းဆောင်တင်းက ထိုလိမ်လည်မှုဖြစ်စဉ်ကြောင့် သူ့ပရောဂျက်စစ်ဆေးရေးကို သက်ရောက်မှုရှိသွားလိမ့်မည်ဟု စိုးရိမ်နေခြင်းဖြစ်ကြောင်း ကျန်းမုန့်လောင် သဘောပေါက်လိုက်လေသည်။ ဘာမဟုတ်သည့်ကိစ္စလေးတစ်ခုအတွက်နှင့် ရဲအရာရှိခေါင်းဆောင်ကိုယ်တိုင် လာရောက်တောင်းပန်နေသည်မှာ မထူးဆန်းတော့ပေ။
"ဟားဟား ခေါင်းဆောင်တင်း.. ခင်ဗျား နားလည်မှုလွဲနေပြီ။ ကျွန်တော်က နှစ်သစ်ကူးအတွက် ပြန်လာရုံသက်သက်ပါ"
ကျန်းမုန့်လောင်က ရယ်မောလျက် ပြောလိုက်၏။
"မစ္စတာကျန်းက သုန်းကျီမြို့ကလား"
ခေါင်းဆောင်တင်း ဝမ်းသာသွားရသည်။
"ဟုတ်ပါတယ်"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"တက္ကသိုလ်မတက်ခင်က ဒီမှာပဲနေခဲ့တာလေ"
"ဒီလိုကိုး။ ကြိုဆိုပါတယ်။ ပြန်လည်ကြိုဆိုပါတယ်"
"ဒါပေမဲ့ ခေါင်းဆောင်တင်း ကြည့်ရတာတော့ ကျွန်တော်တို့သုန်းကျီမြို့ရဲ့ ဆောက်လုပ်ရေးကို နည်းနည်းလောက်တိုးတက်အောင် လုပ်ဖို့အချိန်တန်ပြီထင်တယ်နော်"
ကျန်းမုန့်လောင် အကြံပြုလိုက်သည်။
"ဒါကိုကြည့်လိုက်။ ဒီလောက်လမ်းဆုံတွေအများကြီးမှာ စောင့်ကြည့်ရေးကင်မရာတွေတပ်မထားဘူးဆိုရင် နောင်အနာဂတ်မှာလည်း ဒီလိုကိစ္စမျိုး ပေါ်လာရင် ပြဿနာတက်လိမ့်မယ်မဟုတ်လား"
"ဟူး"
ခေါင်းဆောင်တင်းက သက်ပြင်းချလိုက်လေသည်။
"ကျွန်တော်တို့လည်း လုပ်ချင်တာပေါ့။ ဒါပေမဲ့ ခင်ဗျားသိတဲ့အတိုင်း သုန်းကျီမြို့က ကျန်းကျယ်ထဲက မြို့သေးသေးလေးတစ်ခုလေ။ နေထိုင်မှုစရိတ်ကမြင့်ပြီး စီးပွားရေးအဆင့်အတန်းက နိမ့်ပါးတယ်လေ။ ကျွန်တော်တို့ရန်ပုံငွေနဲ့လည်း ဒီမြို့ပြစောင့်ကြည့်ရေးအဆင့်ကွာဟချက်ကို လိုက်မမီဘူးလေ"
"ကျွန်တော်သိပြီ"
ကျန်းမုန့်လောင် အံ့ဩခြင်းအလျဉ်းမရှိဘဲ ပြောလာလေသည်။ စီးပွားရေးအဆင့်အတန်းအားဖြင့် သုန်းကျီမြို့သည် စင်စစ်ပင် စီရင်စု၏အောက်ဆုံးအဆင့်တွင် ရှိ၏။ ဆင်းရဲနေသည်မှာလည်း ထူးတော့မထူးဆန်းပေ။
"ကဲ ဒါဆို ကျွန်တော် လှူပါ့မယ်"
ကျန်းမုန့်လောင် ထိုသို့ ကြေညာလိုက်သည်။
"ကျွန်တော်တို့ သုန်းကျီမြို့ရဲ့ လူခြေတိတ်တဲ့နေရာတွေမှာ စောင့်ကြည့်ရေးကင်မရာတွေကို တပ်ဆင်ရမယ်"
"လှူမှာလား"
ခေါင်းဆောင်တင်း၏မျက်ဝန်းများက လက်ခနဲ။
"တကယ်လို့ မစ္စတာကျန်းဘက်က လိုလားတယ်ဆိုရင် ကျွန်တော်တို့သုန်းကျီမြို့အတွက်တော့ ကောင်းချီးတစ်ခုပါပဲ။ ခင်ဗျား ဘယ်လောက်လှူဖို့ မှန်းထားလဲဗျ"
"ယွမ်၁၀ဘီလီယံနဲ့ စလိုက်ကြတာပေါ့။ ကျွန်တော့်မွေးရပ်မြေဆိုတော့ တွန့်တိုနေစရာမလိုပါဘူး"
"အဟွတ် အဟွတ် အဟွတ်"
ခေါင်းဆောင်တင်းက ထိုပမာဏိကိုကြားပြီး သည်းမတတ်ဖြစ်သွားရသည်။ ဤသည်မှာ လှူသည်ဟု ဆိုနိုင်သေးလား။ သူက ယွမ်၁၀ဘီလီယံကို ယခုလိုပေါ့ပေါ့ပါးပါးထုတ်ပြောလာလေသလား။ လူချမ်းသာများအားလုံးက ယနေ့ခေတ်မှာ ပိုက်ဆံကို ဤမျှအထိ လွတ်လွတ်လပ်လပ်သုံးစွဲနိုင်နေပြီလား။
"မလောက်ဘူးလား"
ကျန်းမုန့်လောင်က မေးလိုက်၏။
"ဒါဆို ၂၀ဘီလီယံလှူမယ်လေ"
ကျန်းမုန့်လောင်တွင် တစ်လကို အမေရိကန်ဒေါ်လာ၁၀၀ဘီလီယံလှူဒါန်းခွင့်ရှိသည့်အတွက် ပိုက်ဆံသုံးရမည့်အရေးကို ဂရုမစိုက်ပေ။
"မဟုတ်ပါဘူး။ အဲ့လိုမဟုတ်ပါဘူး…"
ခေါင်းဆောင်တင်းခမျာ ငိုရအခက် ရယ်ရအခက်ဖြစ်နေချေသည်။
"အဲဒါက များတောင်များလွန်းနေပါပြီ။ ကျွန်တော်တို့သုန်းကျီမြို့က အဲဒီလောက်အလှူငွေအများကြီး မကိုင်တွယ်နိုင်ပါဘူး။ ခင်ဗျားလှူထားတဲ့ငွေနဲ့ဆိုရင် ကျွန်တော်တို့သုန်းကျီမြို့တစ်မြို့လုံးမှာရှိတဲ့ အများပြည်သူအဆောက်အအုံတွေကိုတောင် ငွေကြေးလိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်နေပါပြီ"
*********