သူက ဘီလီယံနဲ့ချီပြီးလှူချင်တယ်လို့ ပြောပါတယ်
Vol. 18 Ch. 268
"အပြည့်အဝထောက်ပံ့ပေးနိုင်ပါပြီတဲလား"
ကျန်းမုန့်လောင်လည်း တအံ့တဩနှင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်မိသည်။ သူ့တစ်သက် အလှူအတန်းနှင့်ပတ်သက်ပြီး ထိုကဲ့သို့သောစကားမျိုးကို လုံးဝမကြားဖူးပေ။
"မစ္စတာကျန်း.. ခင်ဗျားကတော့ သိမှာမဟုတ်လောက်ဘူး"
ဒါရိုက်တာတင်းက ရှင်းပြလေသည်။
"မြို့ပြတည်ဆောက်ရေးအတွက် ကျွန်တော်တို့ရဲ့နှစ်စဉ်ရန်ပုံငွေက သတ်မှတ်ထားတဲ့ဘတ်ဂျက်တစ်ခုရှိပါတယ်။ တချို့က မြို့တော်အခွန်နဲ့ တခြားဘဏ္ဍာရေးဝင်ငွေတွေကလာပြီး တချို့ကတော့ စပွန်ဆာထောက်ပံ့မှုကရတယ်။ တချို့ကတော့ ခင်ဗျားလို လူချမ်းသာတွေဆီက ရက်ရောတဲ့အလှူငွေတွေပေါ့"
"အာ ဒါတော့ ကျွန်တော်သိတယ်"
"ဒါပေမဲ့ ဒီပမာဏတွေက အကန့်အသတ်မရှိပါဘူး။ ကျွန်တော်တို့ နှစ်တိုင်းရရှိနေတဲ့ ရန်ပုံငွေတွေက အဲဒီနှစ်အတွင်းမှာပဲ သုံးပစ်ရတာမို့ နောက်နှစ်ကို သယ်သွားလို့မရပါဘူး။ အဲဒါက နှစ်ကုန်ငွေရှင်းတမ်းမှာ ပြဿနာဖြစ်စေနိုင်တယ်လေ"
"အဲလိုလား"
ထိုကဲ့သို့သော အကြောင်းအရာမျိုးကို ကျန်းမုန့်လောင် လုံးဝမကြားဖူးချေ။
"မုန့်လောင် ဒါရိုက်တာတင်းပြောတာ အမှန်ပဲ"
လုရီယောင်က ပြောလာလေသည်။
"ဥပမာအနေနဲ့ ငါတို့ကျောင်းဆိုရင် နှစ်ကုန်နားနီးရင် လမ်းပြင်တာတို့ အပင်စိုက်တာတို့ ဒါမှမဟုတ် ပြန်လည်မွမ်းမံတာတို့ လုပ်ကြတယ်။ ငါတို့ ကူစူးတက္ကသိုလ်ရဲ့ ပင်မလမ်းကြီးကိုပဲ ကြည့်လေ။ ငါ ရောက်ပြီးကတည်းကဆိုရင် ၂၁ခါလောက် ပြန်ခင်းပြီးထားပြီ"
"လမ်းတွေက မကြာခဏပျက်စီးတတ်တာလား"
ကျန်းမုန့်လောင် မေးကြည့်လိုက်သည်။
"ဘယ်ဟုတ်ပါ့မလဲ။ အများဆုံးရှိလှ ကျောက်ပြားတချို့အက်သွားရုံပေါ့။ မကြာခဏပြင်နေစရာမလိုပါဘူး။ တစ်ခါပြင်ရင် သိန်းချီပြီးကုန်တယ်လေ။ မဟုတ်ရင်လည်း သန်းဂဏန်းလောက်ကုန်တယ်"
လုရီယောင်က ရှင်းပြလိုက်၏။
"ဘာလို့လဲဆိုရင် နှစ်ကုန်နားနီးရင် ငါတို့ရဲ့ဘတ်ဂျက်အကြွင်းအကျန်တွေက မသုံးရသေးဘဲ ကျန်နေတော့ အုပ်ချုပ်ရေးဘက်က အဲဒီပိုက်ဆံကို သုံးရမဲ့နည်းလမ်းကို ရှာရတာလေ။ ငါတို့ အဲဒီပိုက်ဆံကို နောက်နှစ်အထိ သယ်သွားလို့မရဘူး"
"ဒီလိုကိုး"
ဆောင်းရာသီအားလပ်ရက်မတိုင်ခင် ကျောင်းက လမ်းပြင်ခြင်းနှင့် အဆောက်အအုံပြုပြင်ခြင်းတို့ လုပ်နေသည်ကို အမြဲမြင်နေရသည်မှာ မထူးဆန်းတော့ပေ။ ဤသည်မှာ အကွက်ဆင်မှုများသာ ဖြစ်နေပေသည်။
"ကွာခြားချက်တချို့ရှိပေမဲ့ မြို့ပြစီမံကိန်းလုပ်ငန်းတွေလည်း ဒီလိုပါပဲ"
တင်းယွီကောက ပြောလာလေသည်။
"ပြီးတော့ မြို့ပြစီမံကိန်းက တက္ကသိုလ်ရန်ပုံငွေထက် ပိုတင်းကျပ်ပါတယ်။ အပိုငွေရှိနေခဲ့ရင် လမ်းတစ်ခုကိုပြင်ဖို့ အသာလေးဆုံးဖြတ်ချက်ချလိုက်လို့မရဘူးလေ ဟုတ်တယ်မလား"
"ဟားဟားဟား အဓိပ္ပာယ်တော့ရှိသား"
ကျန်းမုန့်လောင်က ဆို၏။
"ဒီတော့ ဒီနှစ်အတွက် သုန်းကျီမြို့ရဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဘတ်ဂျက်က ဘယ်လောက်လဲ"
"ဒီနှစ်အတွက် မြို့ပြစီမံကိန်းက အမေရိကန်ဒေါ်လာ၃.၅ဘီလီယံပဲရှိပါတယ်။ ၂ဘီလီယံလောက်ကတော့ လေလံတင်ရောင်းချထားပြီးသားပါ။ အဲဒါကြောင့် ခင်ဗျားရဲ့၁၀ဘီလီယံက ဒီနှစ်လမ်းဆောက်လုပ်ရေးအတွက် ကျွန်တော်တို့ရဲ့သတ်မှတ်ချက်ကို အပြည့်အဝဖြည့်ဆည်းပေးလိုက်နိုင်ပြီလို့ ပြောရတာပါ"
"အပြည့်ဖြည့်ပေးလိုက်နိုင်တယ်ပေါ့"
ကျန်းမုန့်လောင် တစ်ကိုယ်တည်းရေရွတ်လိုက်သည်။
"ငါက တစ်လကို တစ်ရာဘီလီယံ ဒါမှမဟုတ် နှစ်ရာဘီလီယံလောက်လှူချင်တာလေ။ ပိုက်ဆံသုံးဖို့က ငါထင်ထားတာထက် ပိုခက်နေတာပဲ"
ကျန်းမုန့်လောင်၏ရေရွတ်စကားကို ကြားလိုက်ရသောအခါ ဒါရိုက်တာတင်း၏ပါးစပ်လည်း မဲ့ရွဲ့သွားရလေသည်။ ဤပိုက်ဆံက ကျိန်စာသင့်နေလေသလား။ တစ်လကို တစ်ရာဘီလီယံ သို့မဟုတ် နှစ်ရာဘီလီယံတဲ့လား။ ထိပ်တန်းမြို့ကြီးများပင် သူတို့၏လမ်းမစီမံကိန်းများအတွက် ဤမျှငွေပမာဏကို မသုံးနိုင်ကြချေ။
"ဒါရိုက်တာတင်း.. သုန်းကျီမြို့မှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ထင်ရှားတဲ့ပရောဂျက်တွေများရှိခဲ့လား"
ကျန်းမုန့်လောင်ကတော့ လက်မလျှော့သေးပေ။
"ကျွန်တော်က မွေးရပ်မြေကို နှစ်သစ်ကူးအတွက် ပြန်လာတာလေ။ ကျွန်တော့်မွေးရပ်မြေရဲ့တိုးတက်ဖွံ့ဖြိုးရေးအတွက် ကျွန်တော် ဘယ်နေရာက ထောက်ပံ့ပေးနိုင်မလဲဆိုတာ သိချင်လို့ပါ"
ကျန်းမုန့်လောင် ထိုသို့ပြောလိုက်သည်။
"၂၀ဘီလီယံဆိုတာက ကျွန်တော့်အတွက် နည်းနည်းလေးရယ်။ နှစ်ရာဘီလီယံဆိုလည်း သိပ်မများပါဘူး"
ဤလအတွက် အလှူငွေတစ်ရာဘီလီယံက သူ့ကို စွမ်းအားအမှတ်၁၀၀ရစေနိုင်လိမ့်မည်။ ထိုပိုက်ဆံကိုသုံးဖို့အတွက် နည်းလမ်းတစ်ခုရှာရန် သူ စိတ်ပိုင်းဖြတ်ထားသည်။
သုန်းကျီမြို့ သူ့မွေးရပ်မြေပင်။ အခြားလယ်ကွင်းထဲကို ရေစီးသွားခြင်းက အလကားဖြစ်သည်ဟူသော ဆိုရိုစကားလည်း ရှိ၏။ သုန်းကျီမြို့တွင် ကြီးပြင်းလာသော ကျန်းမုန့်လောင်အနေနှင့် သူ့မွေးရပ်မြေအပေါ် အလွန်သံယောဇဉ်ရှိသည်။ သူ့ပိုက်ဆံများကိုလည်း မွေးရပ်မြေတွင်သာ သုံးချင်သည်။
"ဒါက…"
ဒါရိုက်တာတင်း ရှက်သွားရလေသည်။ သူသည် သန်းဂဏန်း သို့မဟုတ် သန်းပေါင်းများစွာ သို့မဟုတ် သန်းပေါင်းများစွာထက်ပိုသော လှူဒါန်းငွေများအကြောင်း မြင်ဖူးသော်လည်း ဘီလီယံနှင့်ချီသည့် လှူဒါန်းငွေအကြောင်းအရာများမှာမူ သူနားလည်နိုင်သည့် အတိုင်းအတာထက် ကျော်လွန်သွားလေပြီ။ ဤသည်မှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်၏ နေထိုင်မှုပုံစံလေလား။
"ဒါက.. မဟုတ်သေးပါဘူး။ မရှိ…"
ဒါရိုက်တာတင်းခမျာ အတော်ကြာသည်အထိ တွေးတောရှာဖွေနေရှာသည်။ အနည်းဆုံးတော့ သူ စီမံရသည့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ထိုကဲ့သို့သော စီမံကိန်းမျိုး မရှိချေ။
မည်သို့ပင်ဖြစ်စေ ထိုပရောဂျက်ကြီးများမှာ ဘီလီယံဆယ်ဂဏန်း သိုမဟုတ် ရာဂဏန်းလောက်လိုအပ်သည့်အပြင် စီမံကိန်းရေးဆွဲမှု၊ အကဲဖြတ်မှုများလည်း လိုအပ်သောကြောင့် လုံလောက်သောရန်ပုံငွေမရှိလျှင် စတင်၍မရနိုင်ချေ။ ထိုကဲ့သို့သော စီမံကိန်းတစ်ခုရှိနေလျှင်ပင် ကောင်းလှပြီဟု ဆိုနိုင်၏။
"တစ်ခုခုတော့ရှိမှာပါ"
ကျန်းမုန့်လောင်က သူ့ကို မျှော်လင့်တကြီး ကြည့်နေပေသည်။
"တကယ်မရှိဘူးဗျ"
ဒါရိုက်တာတင်းခမျာ ကူကယ်ရာမဲ့နေလေသည်။
"ဒါပေမဲ့ မစ္စတာကျန်း.. ကျွန်တော်က သယ်ယူပို့ဆောင်ရေးကွန်ယက်ကိုပဲ တာဝန်ယူနေရတဲ့လူပါ။ ကျွန်တော်တို့မြို့ရဲ့အဓိကစီမံကိန်းတွေကို မြို့တော်ဝန်က ဦးစီးနေတာလေ။ ခင်ဗျား တကယ်လှူဒါန်းချင်တယ်ဆိုရင် ကျွန်တော် ခင်ဗျားနဲ့ မြို့တော်ဝန်ကို မိတ်ဆက်ပေးမယ်လေ"
"ဒါဆိုရင်တော့ ခင်ဗျားကူညီပေးတာကို အသိအမှတ်ပြုရမှာပေါ့ ဒါရိုက်တာတင်း"
ကျန်းမုန့်လောင်က သူ့ကို ချက်ချင်းကျေးဇူးတင်လိုက်သည်။
...
သုန်းကျီမြို့တော်၏ မြို့တော်ဝန်ရုံးခန်းထဲတွင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်၏ အသားအရေကား မှိန်ဖျော့နေချေသည်။
"ကွမ်ဝေ့.. ငါ မင်းကို မကူညီချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီစီမံကိန်းက ရေရှည်စီမံကိန်းကြီးလေ။ ရင်းနှီးမြှုပ်နှံမှုလည်း အများကြီးလိုအပ်တယ်။ ပြီးတော့ အခုကာလက ကပ်ရောဂါပြင်းထန်နေတာဆိုတော့ ကုန်ကျစရိတ်တွေကလည်း မြင့်တက်နေတာ။ စီရင်စုအစိုးရက ဒီနှစ် ဆောက်လုပ်ရေးရန်ပုံငွေကို ခွင့်ပြုပေးလိမ့်မယ်မထင်ဘူး"
"ခေါင်းဆောင်.. ဘာနည်းလမ်းမှမရှိတော့ဘူးလား"
မြို့တော်ဝန်ကျိုးခမျာ သက်ပြင်းချလိုက်မိလေတော့သည်။
"ကျွန်တော်တို့သုန်းကျီမြို့ရဲ့ မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းက လွန်ခဲ့တဲ့၈နှစ်ကပဲ ပြီးစီးထားပြီ။ ရန်ပုံငွေခွင့်ပြုချက်ကလည်း လွန်ခဲ့တဲ့ငါးနှစ်တုန်းက စတင်ခဲ့တာ။ ကျွန်တော်တို့မြို့က ကျွန်းတစ်ကျွန်းပါ။ ပင်လယ်ကူးတံတားနဲ့ တခြားမြို့တွေကို ဆက်သွယ်ထားတယ်ဆိုပေမဲ့ ကားတို့ ဘတ်စ်ကားတို့နဲ့ပဲ ဝင်ထွက်သွားလာနိုင်တာမို့ အချိန်သိပ်ကြာတယ်ဗျ။ ရင်းနှီးမြှုပ်နှံသူတော်တော်များများကလည်း ဒီစီမံကိန်းမှာ ရင်းနှီးမြှပ်နှံဖို့ အင်တင်တင်ဖြစ်နေကြတယ်"
"မြန်နှုန်းမြင့်ရထားလမ်းကိုသာ ဆောက်နိုင်ခဲ့ပြီဆိုရင် မြို့တော်တို့ ကျန်းနန်မြို့ကို ခရီးသွားတဲ့အချိန်ကလည်း လေးနာရီနီးပါးကနေ တစ်နာရီကျော်လောက်အထိ လျှော့ချနိုင်ပြီ။ အဲဒါမှ ကျွန်တော်တို့ရဲ့တကယ့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်က စတင်လို့ရမှာ"
"ခဏလောက်ထပ်စောင့်ပါဦး။ နောက်နှစ်ကျရင် ထပ်ကြိုးစားပေးပါ့မယ်"
"ဒါဆိုရင်တော့ ပြဿနာပေးမိပါပြီ"
မြို့တော်ဝန်ကျူးက ဖုန်းချလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ကို ထိုင်ခုံပေါ်သို့ အားနည်းစွာ ပစ်လှဲချလိုက်၏။ သူ့တာဝန်သက်တမ်းမှာ တစ်နှစ်မျှသာကျန်တော့သည်ဖြစ်ရာ မြို့တော်အတွက် သူ့ခွန်အားနှင့် အချိန်အားလုံးနီးပါးကို အသုံးပြုခဲ့ပြီးဖြစ်၏။
မြန်နှုန်းမြင့်ရထားလမ်းအတွက် ဆောက်လုပ်ရေးစီမံကိန်းကိုလုပ်ရင်း ယခုအချိန်အထိ မြို့တော်ဝန်များစွာပင် အငြိမ်းစားယူသွားလေပြီ။ ဤသည်မှာ မြို့တော်ဝန်တိုင်း၏ ဆန္ဒသာမက သုန်းကျီမြို့သူမြို့သားတိုင်း၏ ဆန္ဒလည်း ဖြစ်၏။
ထိုအချိန်တွင် မြို့တော်ဝန်ကျူး၏ဖုန်းက ထမြည်လာလေသည်။
"ဟယ်လို ကျူးကွမ်ဝေ့ပြောနေပါတယ်"
"မြို့တော်ဝန် အခုပြောနေတာ တင်းယွီကောပါ"
"အိုး ဒါရိုက်တာတင်း… ဘာကိစ္စများလဲ"
"မြို့တော်ဝန် ဒီလိုပါ။ ဒီနေ့ ကျွန်တော်တို့မြို့မှာ လိမ်လည်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်"
"အရမ်းထူးခြားလို့လား"
မြို့တော်ဝန်ကျူးက မေးလိုက်လေသည်။ လိမ်လည်မှုဖြစ်စဉ်များက ဆိုးဝါးလှသော်ငြား သူ့ထံ တင်ပြစရာအထိ မလိုဘူးမဟုတ်လား။
"ဟုတ်ပါတယ်။ လိမ်လည်ခံရတဲ့လူက ကျန်းမုန့်လောင်ပါ"
"ကျန်းမုန့်လောင်လား။ ကမ္ဘာ့အချမ်းသာဆုံးလူလေ"
မြို့တော်ဝန်တစ်ယောက်အနေနှင့် ကျူးကွမ်ဝေ့လည်း ထိုကိစ္စများကို ရင်းနှီးလေသည်။
"ဟုတ်ပါတယ်။ ခင်ဗျား ထင်ထားမိမှာတောင် မဟုတ်ဘူး။ သူက ကျွန်တော်တို့သုန်းကျီမြို့ကတဲ့"
"ဪ"
မြို့တော်ဝန်ကျူးခမျာ အနည်းငယ်အံ့ဩသွားရလေသည်။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်က သူတို့သုန်းကျီမြို့က ဖြစ်နေလေသည်။ ဤမျှနှစ်ပေါင်းများစွာကြာအောင် မြို့တော်ဝန်လုပ်လာခဲ့သော်လည်း ထိုအကြောင်းကို သူ လုံးဝမသိချေ။ ဤမိသားစုက မည်မျှအထိနှိမ့်ချစွာနေတတ်လိုက်လေသလဲ။
"ကျွန်တော်တို့သုန်းကျီမြို့ရဲ့ ဆောက်လုပ်ရေးအတွက် လှူဒါန်းချင်လို့ဆိုပြီး ကျန်းမုန့်လောင်က ပြောနေပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့လက်ရှိစီမံကိန်းတွေက အဲဒီလောက်ပမာဏအများကြီးကို လက်ခံဖို့အဆင်မပြေတဲ့အတွက် ခင်ဗျားဘက်မှာရော လိုအပ်တာတစ်ခုခုများရှိလားလို့ လှမ်းမေးတာပါ"
"လက်ခံဖို့အဆင်မပြေဘူးတဲ့လား"
မြို့တော်ဝန်ကျူး ထိတ်လန့်သွားရသည်။ မြို့တော်၏ဒုတိယတာဝန်ခံဖြစ်သည့်အတွက် စနစ်တစ်ခုချင်းစီတိုင်းအတွက် ပိုက်ဆံဘယ်လောက်လိုအပ်သလဲဆိုသည်ကို သူ အတိအကျသိသည်။ ယခုနှစ်၏စီမံကိန်းအရဆိုလျှင် သုန်းကျီမြို့၏ မြို့ပြလမ်းတည်ဆောက်ရေးက အမေရိကန်ဒေါ်လာ၃.၅ဘီလီယံလိုအပ်ပြီး ၁.၅ဘီလီယံသာ ကျန်တော့သည်။
ဤမျှများပြားလှသော ငွေပမာဏကို လိုအပ်နေသည့်တိုင် ကျန်းမုန့်လောင်၏အလှူငွေကို လက်ခံရန် အဆင်မပြေဘူးတဲ့လား။
သူက ဘယ်လောက်လှူဖို့ စီစဉ်ထားလေသလဲ။
"သူ ဘယ်လောက်လှူချင်တာလဲဆိုတာရော ပြောသေးလား"
"အတိအကျတော့ မပြောပါဘူး"
ဒါရိုက်တာတင်းက ပြောလိုက်၏။
"သူပြောတဲ့စကားအတိအကျက '၁၀ဘီလီယံဆိုတာက နည်းလွန်းတယ်။ တစ်ရာဘီလီယံဆိုလည်း သိပ်မများသေးဘူး"တဲ့"
"ဘာ..တစ်ရာဘီလီယံတဲ့လား။ သူက တစ်ရာဘီလီယံလောက် လှူချင်နေတာပေါ့"
ဒါရိုက်တာတင်း၏စကားများကို ကြားလိုက်ရသောအခါ မြို့တော်ဝန်ကျူး၏ နှလုံးသားမှာ အခုန်မြန်လာလေတော့သည်။
*********