မြန်နှုန်းမြင့်ရထားလမ်းတစ်ခုလုံးကို ကျွန်တော် ကြိုဦးထားလိုက်ပြီ
Vol. 18 Ch. 269
"သူ တကယ်အဲ့လိုပြောတယ်ဆိုတာ သေချာလား"
မြို့တော်ဝန်ကျူးခမျာ အံ့အားသင့်နေဆဲပင်။
သူ့ကို လိမ်လည်ဖို့ ကြိုးစားခဲ့သူကို အရေးမလုပ်ဘဲ ကျော်သွားပေးခြင်းက တစ်ကဏ္ဍပင်။ သို့သော် ဘီလီယံပေါင်းများစွာ လှူဒါန်းမည်ဟု ဆိုလာခြင်းအတွက်မူ လောကကြီးမှာ ထိုကဲ့သို့သောလူစားမျိုး တကယ်ရှိလေသလား။
"သေချာပါတယ်။ အဲဒါကြောင့် ကျွန်တော် ခင်ဗျားကိုဆက်သွယ်လိုက်တာပါ။ ခင်ဗျားမှာ အချိန်ရှိလား။ ကျွန်တော် မစ္စတာကျန်းကို ခင်ဗျားဆီခေါ်လာပေးနိုင်ပါတယ်"
"မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး။ သူက ငါ့ဆီလာမှာလား။ ငါက သူ့ဆီလာသင့်တာပေါ့"
မြို့တော်ဝန်ကျူးလည်း သူ့ကုတ်အင်္ကျီကို ချက်ချင်းဝတ်လိုက်သည်။
"မင်းတို့က အခုဘယ်မှာလဲ"
"ကျွန်တော့်ရုံးခန်းထဲမှာပါ"
"ကောင်းတယ်။ မစ္စတာကျန်းကို ကောင်းကောင်းဧည့်ခံထားလိုက်။ ငါ ချက်ချင်းလာခဲ့မယ်"
"ရှောင်ဖု ငါနဲ့လိုက်ခဲ့"
မြို့တော်ဝန်ကျူးက သူ့အတွင်းရေးမှူးကို ချက်ချင်းဖုန်းဆက်ပြောလိုက်၏။
"မြို့တော်ဝန်.. လိုအပ်တာတစ်ခုခုရှိလို့လား"
"ငါတို့သုန်းကျီမြို့က မြန်နှုန်းမြင့်ရထားလမ်းကို ဒီနှစ်ထဲမှာ ဆောက်လုပ်ရေးစနိုင်တော့မယ်။ အင်ဂျင်နီယာတွေကိုခေါ်ပြီး ပုံကြမ်းတွေကို ယူလာခဲ့လိုက်။ ဒါရိုက်တာတင်းရဲ့ရုံးခန်းကို သွားကြမယ်"
"တကယ်လား"
အတွင်းရေးမှူးဖုလည်း အံ့အားသင့်သွားရသည်။
"ပြည်နယ်က ဘဏ္ဍာရေးထောက်ပံ့မှုကို အတည်ပြုပေးလိုက်ပြီလား"
"မဟုတ်ဘူး။ အဲဒါက ပြည်နယ်ရဲ့ငွေမဟုတ်ဘူး။ ကျန်းမုန့်လောင်ပဲ။ သူက ငါတို့သုန်းကျီမြို့ကတဲ့။ အခု ငါတို့မြို့ကို ငွေပမာဏအများကြီးလှူဒါန်းချင်တယ်တဲ့။ အနည်းဆုံးဘီလီယံတစ်ရာပေါ့"
"ကောင်းပါပြီ။ ကောင်းပါပြီ။ ကျွန်မ ချက်ချင်းစီစဉ်လိုက်ပါ့မယ်"
ပေါက်ကွဲဖွယ်သတင်းကို ကြားလိုက်ရသောအခါ အတွင်းရေးမှူးဖုလည်း စိတ်လှုပ်ရှားလာလေသည်။
ကျန်းမုန့်လောင် သုန်းကျီမြို့သို့ ရောက်လာခြင်းကား သုန်းကျီမြို့အတွက် ကံကောင်းမှုတစ်ခုပင်။
မိနစ်နှစ်ဆယ်ပင် မပြည့်သေးခင်မှာတင် မြို့တော်ဝန်ကျူးက ဟောဟဲဆိုက်လျက် ဒါရိုက်တာတင်း၏ရုံးခန်းထဲသို့ သူ့လူတစ်စုနှင့်အတူ ရောက်ရှိလာသည်။
"မြို့တော်ဝန် ဒါက မစ္စတာကျန်းမုန့်လောင်နဲ့ သူ့ချစ်သူလုရီယောင်ပါ"
ဒါရိုက်တာတင်းက မိတ်ဆက်ပေးလိုက်လေသည်။
"မစ္စတာကျန်း ဒါက ကျွန်တော်တို့မြို့တော်ဝန်ကျူးကွမ်ဝေ့ပါ"
"မင်္ဂလာပါ မြို့တော်ဝန်ကျူး"
ကျန်းမုန့်လောင်က မြို့တော်ဝန်ကျူးနှင့် လက်ဆွဲနှုတ်ဆက်လိုက်၏။
"ခင်ဗျားက ကျွန်တော့်ထက် အကြီးပါ။ မစ္စတာကျန်းလို့ခေါ်တာက အရမ်းယဉ်ကျေးလွန်းနေပါပြီ။ ကျွန်တော့်ကို မုန့်လောင်လို့သာခေါ်ပါ"
"ကောင်းပါပြီ မုန့်လောင်.. သုန်းကျီမြို့က ပြန်လည်ကြိုဆိုလိုက်ပါတယ်"
မြို့တော်ဝန်ကျူးက ဆို၏။
"မင်းက အခုလေးတင် ပြန်လာတာကို ဒီလိုစိတ်မသက်မသာဖြစ်ရတဲ့ ကိစ္စမျိုးနဲ့ကြုံလိုက်ရတယ်ဆိုတော့ မြို့တော်ဝန်အနေနဲ့ ငါတကယ်ရှက်မိပါတယ်"
"ဟားဟားဟား..မြို့တော်ဝန်.. ခင်ဗျားက အရမ်းယဉ်ကျေးနေတာပဲ။ မြို့က ဘယ်လောက်ကြီးကြီး မကောင်းတဲ့လူတွေက ရှိစမြဲပါပဲ"
ကျန်းမုန့်လောင်က ရယ်လိုက်၏။
"ဒါပေမဲ့ ကျွန်တော်တို့သုန်းကျီမြို့ရဲ့လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲဖို့တော့ လိုနေပြီ"
"ဟုတ်ပါတယ်။ ငါနားလည်ပါတယ်"
မြို့တော်ဝန်ကျူးက ခေါင်းတညိတ်ညိတ်။
"ငါပြန်ရောက်တာနဲ့ မြို့တစ်မြို့လုံးကို ကျင့်ဝတ်နဲ့လူမှုဝန်းကျင်ပြုပြင်ရေးကို ဆောင်ရွက်လိုက်ပါ့မယ်"
"မစ္စတာကျန်း… မင်း ဒီတစ်ခေါက် ဒီကိုလာတာ ငါတို့သုန်းကျီမြို့ရဲ့ ဆောက်လုပ်ရေးစီမံကိန်းအတွက် လှူဒါန်းဖို့ရောက်လာတာလို့ ဒါရိုက်တာတင်းဆီက ကြားထားတယ်"
မြို့တော်ဝန်ကျူးက သတိကြီးကြီးထား၍ မေးလိုက်လေသည်။
"အဲလိုရယ်လည်းမဟုတ်ပါဘူး"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ကျွန်တော်က နှစ်သစ်ကူးအတွက် ရောက်လာရင်းနဲ့ ဖြစ်ချင်တော့ ဒီကိုရောက်ဖြစ်သွားတယ်လေ။ အဲဒါနဲ့ ကျွန်တော့်မွေးရပ်မြေအတွက် ပါဝင်ကူညီချင်တယ်ဆိုပြီး တွေးမိလိုက်လို့ ကျွန်တော် တတ်နိုင်သလောက်လှူဒါန်းလို့ရနိုင်မဲ့တစ်နေရာရာ ရှိမရှိကို ကြုံကြိုက်တုန်းလေး မေးကြည့်လိုက်တာပါ"
"ကြုံကြိုက်တုန်းလေးတဲ့လား"
မြို့တော်ဝန်ကျူးနှင့် ဒါရိုက်တာတင်းတို့ အကြည့်ချင်းဖလှယ်လိုက်မိကြသည်။ သယ်ယူပို့ဆောင်ရေးဗျူရိုကို ရောက်လာပြီး ဘီလီယံရာဂဏန်းလောက် လှူဒါန်းဖို့ စီစဉ်နေခြင်းမှာ ကြုံကြိုက်၍ လှူဒါန်းခြင်းလေလား။
"ဟုတ်တာပေါ့။ ဒီကိုမလာဖြစ်ခဲ့ရင် ခင်ဗျားတို့နှစ်ယောက်နဲ့လည်း တွေ့ဖြစ်မှာမဟုတ်ဘူး"
"ဒါဆို ကျွန်တော် အဲဒီလူလိမ်ကိုတောင် သွားကျေးဇူးတင်ရတော့မလားမသိဘူး"
မြို့တော်ဝန်ကျူးခမျာ အံ့လည်းအံ့ဩ၊ စိတ်လည်းညစ်မိသည်။ သာမန်လိမ်လည်မှုလေးတစ်ခုက သုန်းကျီမြို့ကို ရင်းနှီးမြှုပ်နှံမှုတစ်ခုနှင့် ဘီလီယံရာဂဏန်းရှိသော လှူဒါန်းမှုတစ်ခုကို သယ်ဆောင်လာပေးခဲ့သည်။
ထိုကဲ့သို့သော အောင်မြင်မှုမျိုးကို မြို့တော်ဝန်ဖြစ်သည့် သူကိုယ်တိုင်ပင် မစွမ်းဆောင်နိုင်ပေ။ ထိုလူလိမ်ကို 'သုန်းကျီမြို့ရဲ့ကယ်တင်ရှင်'ဆုကိုပင် ပေးအပ်ဖို့ ထိုက်တန်နေပြီမဟုတ်ပါလား။
"မြို့တော်ဝန်ကျူး ကျွန်တော် တိုက်ရိုက်ပဲမေးပါ့မယ်။ ကျွန်တော်တို့သုန်းကျီမြို့မှာ ကြီးမားတဲ့ဆောက်လုပ်ရေးစီမံကိန်းတစ်ခုခုများ ရှိလား"
ကျန်းမုန့်လောင်က လိုရင်းကိုသာ တည့်ပြောလိုက်သည်။
"ပိုကြီးလေ ပိုကောင်းလေပါပဲ။ ပိုက်ဆံအတွက် စိတ်မပူပါနဲ့။ ကျွန်တော့်မှာ ပိုက်ဆံရှိနေတော့ လူ့အဖွဲ့အစည်းနဲ့ ကျွန်တော့်မွေးရပ်မြေအတွက် အကျိုးပြုသင့်တယ်လို့ ကျွန်တော်တွေးမိတယ်။ အဲလိုမှမဟုတ်ရင် ကျွန်တော် ငြိမ်းငြိမ်းချမ်းချမ်းအိပ်နိုင်မှာမဟုတ်ဘူး"
"သေချာပေါက်ရှိတာပေါ့"
မြို့တော်ဝန်ကျူးက ခေါင်းညိတ်လိုက်၏။
"မုန့်လောင် မင်းက သုန်းကျီမြို့ကဆိုတော့ ငါတို့မြို့ရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးဖြစ်နေတဲ့ အကြီးမားဆုံးအတားအဆီးက သယ်ယူပို့ဆောင်ရေးပြဿနာဆိုတာ မင်းလည်း ကောင်းကောင်းသိမှာပါ"
ကျန်းမုန့်လောင် ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်။ ကျွန်တော် ကျန်းနန်မြို့ကို ကျောင်းတက်ဖို့သွားတုန်းက ကျွန်တော့်မိသားစုက ဒီလောက်ချမ်းသာတယ်ဆိုတာ မသိခဲ့ဘူး။ ဘတ်စ်ကားနဲ့သွားခဲ့ရတာလေ။ အနည်းဆုံးတော့ အသွားတင်ကို လေးနာရီလောက်ကြာတယ်။ အဲဒါက တကယ့်ကိုပင်ပန်းတာ။ အိမ်သာများတက်ချင်လာရင် တကယ့်ကပ်ဘေးပဲ"
"ဟုတ်ပါတယ်။ တခြားမြို့တွေကို ခရီးသွားချင်ရင် ဘတ်စ်ကားနဲ့သွားရင်သွား မဟုတ်ရင် နင်းယုံမြို့ကို အရင်သွားပြီး မြန်နှုန်းမြင့်ရထားစီးရင်စီးရတာ။ ဒါပေမဲ့ အဲဒါက အချိန်ကုန်သက်သာမသွားဘူး"
မြို့တော်ဝန်ကျူးက သက်ပြင်းချလိုက်လေသည်။
"တကယ်တော့ မြန်နှုန်းမြင်ရထားအတွက် စီမံကိန်းက လွန်ခဲ့တဲ့ငါးနှစ်ကတည်းက ပြီးထားပြီးသားလေ။ ဒါပေမဲ့ အခုအချိန်အထိ ဆိုင်းငံ့ခံထားရတယ်။ ဘာလို့လဲဆိုတော့ ရန်ပုံငွေထောက်ပံ့မှုမရှိလို့လေ"
"ဒီပြဿနာက အခုထိမဖြေရှင်းရသေးဘူးလား"
ကျန်းမုန့်လောင် မေးလိုက်၏။
"ဟုတ်ပါတယ်။ ဒီနှစ်မှာ ဆောက်လုပ်ရေးစတင်ရမှာဆိုပေမဲ့ ကပ်ရောဂါကြောင့် လုပ်ငန်းတွေအားလုံးလည်း ထိခိုက်ထားတယ်လေ။ စီးပွားရေးကလည်း တအားအထိနာသွားတော့ ပြည်နယ်က အခုလောလောဆယ် ဒီလောက်ပိုက်ဆံအများကြီးကို ထုတ်မပေးနိုင်သေးဘူး"
"ပြဿနာမရှိပါဘူး။ ကျွန်တော် မြန်နှုန်းမြင့်ရထားလမ်းပရောဂျက်ကို ထောက်ပံ့ပေးပါ့မယ်"
တစ်ခါတုန်းက ကျန်းမုန့်လောင် ပိုက်ဆံသုံးနိုင်မည့် နည်းလမ်းများကို အွန်လိုင်းပေါ်တွင် ရှာဖူးသည်။ ဒုံးပျံတည်ဆောက်ခြင်း၊ မဟာတံတိုင်းကြီးကို ပြုပြင်ခြင်း၊ မြန်နှုန်းမြင့်ရထားလမ်းများကို ဆောက်လုပ်ခြင်းစသည့် နည်းလမ်းများကို တွေ့ထားခဲ့သော်ငြား လုပ်ဖို့ အခွင့်အရေးမရခဲ့ပေ။ ယနေ့မှာတော့ အခွင့်အရေးရလိုက်လေပြီ။
"စီမံကိန်းတစ်ခုလုံးကို ထောက်ပံ့ပေးမှာလား"
မြို့တော်ဝန်ကျူး ကြက်သေသေသွားရ၏။
တကယ်တမ်းတွင် မြို့တော်ဝန်ကျူး၏ မျှော်မှန်းချက်မှာ ဤမျှအထိ မမြင့်ပေ။ မြန်နှုန်မြင့်ရထားလမ်းတစ်ခု ဆောက်လုပ်ခြင်းမှာ တစ်နှစ်၊နှစ်နှစ်နှင့် ပြီးသည့်ကိစ္စမဟုတ်ပေ။ မူရင်းစီမံကိန်းအရဆိုလျှင် စုစုပေါင်းဆောက်လုပ်ရေးကြာချိန်က ငါးနှစ်ဟု ခန့်မှန်းထားသည်။
ထို့ကြောင့် ရန်ပုံငွေများကို တစ်ပြိုင်တည်းရဖို့ မလိုချေ။ ငါးပုံတစ်ပုံ သို့မဟုတ် ထိုထက်နည်းသော ပမာဏဖြင့် စတင်လျှင်ပင် လုံလောက်လေပြီ။ ပြည်နယ်ရန်ပုံငွေရောက်လာသည့်အချိန်တွင် သူတို့ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်၏။ ဤနည်းဖြင့် အချိန်ကို တစ်နှစ်စာခြွေတာနိုင်ပေသည်။
သို့သော် ကျန်းမုန့်လောင်က စလာကတည်းက မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းတစ်ခုလုံးအတွက် ရန်ပုံငွေကို သူထုတ်ပေးမည်ဖြစ်ကြောင်း ဆိုလာလိမ့်မည်ဟု သူ လုံးဝထင်မထားချေ။
"မုန့်လောင်… ဒါက မြန်နှုန်းမြင့်ရထားလမ်းဆောက်မှာနော်။ ငွေပမာဏက နည်းတာမဟုတ်ဘူး။ ငါ ဒီနေ့ အင်ဂျင်နီယာတစ်ယောက် ခေါ်လာခဲ့တယ်။ မင်း အသေးစိတ်ကို အရင်နားထောင်ကြည့်သင့်တယ်နော်"
သူက ထိုသို့အကြံပြုလိုက်၏။
"အင်း"
ကျန်းမုန့်လောင် ခေါင်းညိတ်လိုက်သည်။ မြန်နှုန်းမြင့်ရထားလမ်းအတွက် စီမံကိန်းက မည်သို့နှယ်ဖြစ်လိမ့်မလဲဟု သူသိချင်မိသည်။
"အင်ဂျင်နီယာကျန်း"
မြို့တော်ဝန်ကျူးက သူ့နောက်ရှိ အင်ဂျင်နီယာကို ပြောလိုက်၏။
အင်ဂျင်နီယာကျန်းက စကားနည်းသူတစ်ယောက်ဖြစ်လေရာ စားပွဲတစ်လုံးကိုရှာ၍ စီမံကိန်းမြေပုံကို ချက်ချင်းဖွင့်ချလိုက်၏။
"မစ္စတာကျန်း စီမံကိန်းထဲမှာ ရထားလမ်းက ၇၇ကီလိုမီတာရှည်ပြီး မြန်နှုန်းကိုလည်း တစ်နာရီ ၂၅၀ကီလိုမီတာနှုန်းနဲ့ ဒီဇိုင်းဆွဲထားပါတယ်။ ဥမင်လှိုဏ်ခေါင်း၁၇ခုပါဝင်ပြီး စုစုပေါင်း၃၅.၂၄၆ကီလိုမီတာရှီပါတယ်။ ရေအောက်ရထားလမ်းတစ်ခုအပါအဝင်ပါပဲ။ ဒါက စီမံကိန်းရဲ့ အခက်ခဲဆုံးနဲ့ ကုန်ကျမှုအများဆုံးအပိုင်းပါ"
"တောင်တန်းဧရိယာတွေမှာတော့ လမ်းကြောင်းလေးခုမြန်နှုန်းမြင့်ရထားလမ်းက ၁.၂ဘီလီယံကုန်ကျပါတယ်။ ဒါပေမဲ့ သုန်းကျီမြို့ရဲ့ မြေမျက်နှာသွင်ပြင်က ရှုပ်ထွေးတာကြောင့် ကုန်ကျစရိတ်က နှစ်ဆလောက် ပိုများပါလိမ့်မယ်။ အဲဒါကြောင့် စီမံကိန်းတစ်ခုလုံးအတွက်ဆိုရင် ကုန်ကျစရိတ်က ဟွာရှားယွမ်၂၇၀ဘီလီယံဝန်းကျင် ရှိနိုင်ပါတယ်"
"သေစမ်း ၂၇၀ဘီလီယံတဲ့လား"
ကျန်းမုန့်လောင်၏အမူအရာကို မြင်သောအခါ ကုန်ကျစရိတ်မြင့်မားသည်ကို စိုးရိမ်နေသည်ဟု ထင်ကာ မြို့တော်ဝန်ကျူးက ချက်ချင်းပြောလာလေသည်။
"မစ္စတာကျန်း ဒါက စုစုပေါင်းကုန်ကျစရိတ်ပါ။ အခုချက်ချင်း ဒီလောက်အများကြီးလည်း မလိုအပ်ပါဘူး။ ကျွန်တော်တို့က စီမံကိန်းကို ခပ်မြန်မြန်လေးစတင်ချင်ရုံပါပဲ။ ဘီလီယံဆယ်ဂဏန်းလောက်ပဲရရင် တော်တော်အဆင်ပြေနေပါပြီ"
"မဟုတ်ဘူး။ ကျွန်တော်ဆိုလိုချင်တာက ၂၇၀ဘီလီယံပဲလား"
ကျန်းမုန့်လောင် အတန်ငယ်စိတ်ပျက်မိသည်။ ဟွာရှားယွမ်၂၇၀ဘီလီယံဆိုသည်မှာ သူ တစ်လလှူခွင့်ရှိသည့်ပမာဏကိုပင် မမီသေးချေ။ မြန်နှုန်းမြင့်ရထားလမ်းတစ်ခု တည်ဆောက်ခြင်က ဘာကြောင့်များ အလွန်ဈေးပေါနေရလေသလဲ။
"ဒါလေးပဲတဲ့လား"
မြို့တော်ဝန်ကျူးခမျာ မျက်လုံးပြူးသွားရသည်။ ဤသည်မှာ ၂၇၀ဘီလီယံပင်။ သန်း၂၇၀မဟုတ်ပေ။ ယွမ်၂၇၀ဆိုလျှင်တော့ ပို၍ပင်မဟုတ်သေးချေ။ သူပြောနေတာ လူသားဘာသာစကားရော ဟုတ်ရဲ့လား။ ဤပမာဏအတွက်နှင့် သုန်းကျီမြို့၏ မြို့တော်ဝန်တော်တော်များများက ရန်ပုံငွေကို မရှာနိုင်ခဲ့ဘဲ လူပြောင်းသွားခဲ့ရသည်။
"ကျွန်တော်ပြောချင်တာက ဒီထက်ပိုဈေးကြီးတာ မရှိတော့ဘူးလား"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"မြန်နှုန်းမြင့်ရထားလမ်းတွေမှာလည်း အရည်အသွေးကွာခြားမှုအမျိုးမျိုးရှိမှာပါ"
"ဒါက…"
မြို့တော်ဝန်ကျူးခမျာ အင်ဂျင်နီယာကို လှည့်ကြည့်လိုက်သည်။ ဤပမာဏကို ကျန်မုန့်လောင်က နည်းလှသည်ဟု ထင်နေပေသည်။
ဟွာရှားနိုင်ငံထဲရှိ လူဘယ်နှယောက်လောက်ကများ ယွမ်၂၇၀ဘီလီယံ ရှိလေသလဲ။ ထို့ပြင် ထို၂၇၀ဘီလီယံကို ဘယ်နှယောက်လောက်ကများ ငွေသားဖြင့် ပိုင်ဆိုင်ထားလေသလဲ။ ထိုကဲ့သိုသောလူစားမျိုး တကယ်ရှိသလားဆိုသည်ကိုပင် မသိနိုင်ပေ။
"ကျွန်တော်တို့ရဲ့မြို့ပတ်ရထားစီမံကိန်းက စံမီတန်းမီကုန်ကြမ်းပစ္စည်းတွေကိုသုံးပြီး အနည်းဆုံး တစ်နာရီ၂၅၀ကီလိုမီတာနှုန်းနဲ့ ဒီဇိုင်းဆွဲထားတာပါ။ တစ်နာရီကို ၃၅၀ကီလိုမီတာအထိ မြှင့်လိုက်မယ်ဆိုရင် ဆောက်လုပ်ရေးကုန်ကျစရိတ်ကလည်း ၃၀ရာခိုင်နှုန်းကနေ ၅၀ရာခိုင်နှုန်းအထိ တိုးလာမှာပါ။ အကောင်းဆုံးပစ္စည်းတွေကိုသုံးမယ်ဆိုရင်တော့ စုစုပေါင်းဆောက်လုပ်ရေးကုန်ကျစရိတ်က ၅၀၀ဘီလီယံကျော် ကုန်ကျနိုင်ပါတယ်"
"ဟစ်"
ဤစကားကို ကြားလိုက်ရသောအခါ ဒါရိုက်တာတင်းနှင့် မြို့တော်ဝန်ကျူးတို့နှစ်ယောက်စလုံး ပင့်သက်ရှိုက်လိုက်မိသည်။ ၇၇ကီလိုမီတာရှိသော မြန်နှုန်းမြင့်ရထားလမ်းတစ်ခုက ၅၀၀ဘီလီယံကုန်ကျနေချိန်မှာ ၁၃၀၀ကီလိုမီတာရှည်လျားသော ဘေဂျင်း-ရှန်ဟိုင်းမြန်နှုန်းမြင့်ရထားလမ်းကပင် ယွမ်ဘီလီယံ၂၀၀၀နီးပါး ကုန်ကျသည်။
"ဒီလိုဆိုရင်လည်း ဖြစ်ပါတယ်"
ကျန်းမုန့်လောင် သက်ပြင်းချလိုက်မိသည်။
"ဒါဆို အခုလောလောဆယ်တော့ ဒီစံနှုန်းအတိုင်း ဆောက်ကြတာပေါ့"
************