ငလျင် ၂
Vol. 37 Ch. 546
သွေးမျိုးဆက်စွမ်းအားအဆင့်မြင့်လေ သဘာဝအတိုင်း ထုတ်လွှတ်သည့် စွမ်းအားတည်ရှိမှု အားကောင်းလေဖြစ်သည်ကို အားလုံးသိထားကြသည်။ ထို့ကြောင့် ရှေးဘိုးဘေးအဆင့်ရှိပုဂ္ဂိုလ်တစ်ဦး၏ ရောင်ဝါကို ဖုံးကွယ်ရန် အခြေခံအားဖြင့် အလွန်ခက်ခဲသည်။ ရွှမ်ယွမ်ဝမ်ယွီသည် အနည်းငယ်မျှသာ သိချင်ရုံဖြစ်သဖြင့် ဤကိစ္စကို အလွန်အကျွံမစဥ်းစားခဲ့ပေ။
သူမ မည်မျှပင် တွေးနေစေကာမူ အချိန်တိုအတွင်း အဖြေရရန် ခဲယဥ်းမည်ဖြစ်ကြောင်း သူမသိသောကြောင့်ဖြစ်သည်။ ချီချင်းမော့ကိုမေးပါက ချီချင်းမော့က ဖြေမည်မဟုတ်ကြောင်းကိုလည်း သူမသိသည်။ နောက်ဆုံးတွင် ဤသည်က ဝှက်ဖဲလျို့ဝှက်ချက်ကဲ့သို့ပင်ဖြစ်သည်။ သူမ၏ ကိုယ်ပိုင်လျို့ဝှက်ချက်နှင့် ပတ်သက်နေသောကြောင့် မည်သူကမျှ ဤမျှ စေတနာရှိမည်မဟုတ်ပေ။
ဤအရာအားလုံးကို နားလည်၍ ရွှမ်ယွမ်ဝမ်ယွီသည် အတွေးကို ပြောင်း၍ ချီချင်းမော့ထံသို့လှမ်းပြောလိုက်သည်။
“ချောက်နက်သားတော်နဲ့ ရေနတ်ဘုရားရဲ့ကြားခံကို တွေ့ခဲ့လား”
“ဟင့်အင်း မတွေ့ခဲ့ဘူး”
သို့သော် ပြောပြီးသည်နှင့် သူမ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားကာ သူမရှေ့မှ ကောင်းကင်ပြင်ကို မော့ကြည့်လိုက်သည်။
"သူတို့ကို မူလမြေမှာမဟုတ်ဘဲ ကမ္ဘာမြေမှာတွေ့ခဲ့တယ်”
...
အထက်ကောင်းကင်၌
လင်းဇီချန်က လုံးဝ ကြောင်အထိတ်လန့်နေသည်။ သူ၏ စနစ်ရှိ အနက်ရောင်လေဟာနယ်သည် အဘယ်ကြောင့် ချောက်နက်ကြီးမှ ငှက်မျက်လုံးအမြင်မှမြင်ရသော ကမ္ဘာမြေအဖြစ်သို့ အဘယ်ကြောင့် ရုတ်တရက်ပြောင်းလဲသွားသည်ကို သူနားမလည်နိုင်ခဲ့ပေ။
တည်နေရာပြောင်းသွားတာလား။
မေးခွန်းထုတ်နေစဥ် ရုတ်တရက် လင်းဇီချန်သည် ဘေးပတ်ပတ်လည်ရှိ တိမ်များအကြောင်း ရုတ်တရက် သတိထားမိသွားသည်။ အဝေးမှ ကြည့်ပါက ဤတိမ်များသည် ကောင်းကင်တွင် လှည့်ပတ်နေသော ချောက်နက်လိပ်ပြာကြီးများနှင့်တူသည်။ တိမ်များအောက်တွင် ရာနှင့်ချီမြင့်သော တောင်ငယ်လေးတစ်ခုက မြေပြင်ပေါ်တွင် မတ်မတ်ရပ်နေသော ခေါင်းတလားနှင့်တူသည်။ တောင်ပေါ်ရှိ အပင်များကစုဝေး၍ ထူထဲသော အစိတ်အပိုင်းများစုဝေးလာသောအခါ စာလုံးလေးလုံးဖြစ်ပေါ်လာသည်။
-တွင်းနက်ကြီး၏ သား
ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ လင်းဇီချန်က ထိတ်လန့် အံ့သြစွာဖြင့် ကြည့်နေမိသည်။ အသက်ကင်းမဲ့နယ်မြေဟုခေါ်သော အရင်းအမြစ်အလင်းစက်များထုတ်ပေးနိုင်သည့် ချောက်နက်ကြီးသည် သူ အမြဲတစေနေထိုင်ခဲ့သော ကမ္ဘာဖြစ်နိုင်ပါသလော။
ဤဖြစ်နိုင်ခြေကိုတွေးရင်းဖြင့် လင်းဇီချန်၏ နှလုံးသားထဲတွင် ထိတ်လန့်တုန်လှုပ်ဖွယ်မုန်တိုင်းတစ်ခု တိုးဝင်လာသည်။ ဤထင်မြင်ယူဆချက်အတွက် ဤဖြစ်နိုင်ခြေသည် လွန်စွာလွန်ကဲနေပုံရသည်။
မူလမြေရှိ သေခြင်းကင်းမဲ့နယ်မြေနှင့် သူလက်ရှိကြည့်ရှုနေသည့် စိမ်းလန်းစိုပြေသောကမ္ဘာကြီးသည် ၎င်းတို့သည် မည်သည့်နည်းနှင့်မျှ တူညီသောနေရာဟု မထင်ရပေ။
သို့သော်… သူ့ခြေထောက်အောက်မှ တိမ်များ.. တိမ်အောက်မှ တောင်များ၊ တောင်ပေါ်မှ ပြတ်သားထင်ရှားစွာ တုံးတိဖြစ်နေသော သစ်ပင်များအားလုံးသည် ချောက်နက်ကြီး၏ လက္ခဏာများပေါ်လာသည်။ လင်းဇီချန်သည် ဤအကြောင်းကိုတွေး၍ ကျိုးကြောင်းဆီလျော်သော ရှင်းပြချက်ကို အချိန်အတော်ကြာသည်အထိ မထုတ်နိုင်ခဲ့ပေ။ ဤသည်က တိုက်ဆိုင်မှုသက်သက်တစ်ခုမဟုတ်ကြောင်း သေချာသည်ဟု သူခံစားရသည်။ ကမ္ဘာပေါ်တွင် ထိုသို့သော် ပြီးပြည့်စုံသည့် တိုက်ဆိုင်မှုမျိုး မဖြစ်နိုင်ပေ။ မူလမြေနှင့် သူလက်ရှိနေထိုင်သော ကမ္ဘာမြေတွင် ဖုံးကွယ်နေသည့် ချိတ်ဆက်မှုတစ်ခုရှိရပေမည်။
“ဇီချန်”
“ဇီချန် နင် ဘာလို့ ဘာမှမပြောတာလဲ”
“ဘာမှားလို့လဲ”
ရှန်ချင်းဟန်သည် လင်းဇီချန်က တိတ်ဆိတ်နေသောကြောင့် စိုးရိမ်စွာမေးလိုက်သည်။
သို့မှသာ လင်းဇီချန်က အသိစိတ်ပြန်ဝင်လာ၏။
“စိတ်မပူပါနဲ့ ဘာမှမဟုတ်ဘူး ကို နည်းနည်းစဥ်းစားစရာလေးရှိလို့”
"ဘာတွေစဉ်းစားနေတာလဲ”
“အရင်က မင်းရဲ့အသိစိတ်ပင်လယ်မှာ ကို့ကို ဘယ်လို မြင်ခဲ့လဲ မှတ်မိသေးလား”
“အာ.. အင်း မှတ်မိတယ်”
"အရင်တုန်းကလည်း အတူတူပဲ။ မင်းနဲ့ ကို ကိုယ့်အသိစိတ်ပင်လယ်ထဲရောက်နေပြီး အဲ့တုန်းက ကိုယ်တို့ ချောက်ထဲမှာရောက်နေတာ”
“တကယ်လား နင်လည်း မြင်နိုင်တယ်ပေါ့”
“အင်း အမှန်ပဲ။ အဲ့တုန်းက မင်းရဲ့အသိစိတ်ပင်လယ်က သမုဒ္ဒရာနဲ့ ချိတ်ဆက်နိုင်သလိုမျိုး ကို့ အသိစိတ်ပင်လယ်ကလည်း ချောက်နက်ကြီးနဲ့ ချိတ်ဆက်နိုင်တယ်လို့ ကိုယ်ထင်ခဲ့တာ”
"ဒါ အံ့သြစရာပဲ”
ရှန်ချင်းဟန်၏ မျက်လုံးများ တောက်ပလာသည်။
လင်းဇီချန်က ဆက်လက်၍ ပြောသည်။
"ဒါပေမယ့် ပိုလို့တောင် အံ့သြစရာကောင်းတာက အခု ကိုယ့် အသိစိတ်ပင်လယ်ကတစ်ဆင့် ကိုယ်တို့ ရောက်နေတဲ့နေရာကို ကိုယ်မြင်နိုင်နေတယ်။ ဆိုလိုတာက… ကမ္ဘာမြေကြီးကို ကိုယ့်အသိစိတ်ပင်လယ်ကတစ်ဆင့်မြင်နိုင်တယ်”
တကယ်တမ်းတွင် သူသည် သူ၏ အသိစိတ်ပင်လယ်မှ မြင်နေရခြင်းမဟုတ်ဘဲ စနစ်၏ လေဟာနယ်ထဲမှ တစ်ဆင့်မြင်နေရခြင်းဖြစ်သည်။ သို့သော် စနစ်နှင့်ပတ်သက်၍ ရှန်ချင်းဟန်ကို ရှင်းပြရန် ခဲယဥ်းသည်။
သူ မရှင်းပြချင်သောကြောင့်မဟုတ်ဘဲ ရှင်းပြရန် ခက်ခဲလွန်းသောကြောင့်သာဖြစ်သည်။ စနစ်အကြောင်း ရှန်ချင်းဟန်ကို ရှင်းပြရန် အချိန်ယူခြင်းထက် အသိစိတ်ပင်လယ်ဟုထည့်ပြောလိုက်ခြင်းက အချိန်ကုန် သက်သာသည်။
"နင့် အသိစိတ်ပင်လယ်ကတစ်ဆင့် ကမ္ဘာမြေကြီးကို နင် တကယ်မြင်နိုင်တယ်ပေါ့။ အထူးသဖြင့် အခုငါတို့ရောက်နေတဲ့ ဒီနေရာကိုလား" ရှန်ချင်းဟန်အံ့အားသင့်သွားကာ တလတ်လတ်တောက်ပနေသော မျက်လုံးများဖြင့်မေးလိုက်သည်။
"ဒါက ကားတစ်စီးရဲ့ 360 ဒီဂရီ ကင်မရာစနစ်နဲ့ နည်းနည်းဆင်တူတယ်။ မင်း ဘယ်ကို သွားသွား မင်းရဲ့အသိစိတ်ပင်လယ်ကနေ မင်းရဲ့တည်နေရာကို ငှက်မျက်လုံးအမြင်နဲ့မြင်နိုင်မှာ”
ကားတစ်စီး၏ ၃၆၀ ဒီဂရီ ကင်မရာစနစ်…
မဟုတ်ဘူး အဲ့တာ မဟုတ်သေးဘူး။
စနစ်၏ လေဟာနယ်သည် အတိအကျ ရှိနေခြင်းဖြစ်၍ ၎င်း၏ တည်နေရာရွှေ့ခြင်း ပြောင်းလဲခြင်းမရှိပေ။
ထို့နောက်..
"ရှိုက်"
စူးရှရှရှ အသံတစ်ခု ထွက်ပေါ်လာသည်။ လင်းဇီချန် ရှေ့ရှိ လေဟာနယ်တွင် မီတာများစွာရှည်သော အက်ကွဲကြောင်းကြီး ရုတ်တရက်ပေါ်လာသည်။ ထို့နောက် တာအိုဝတ်စုံဝတ်ဆင်ထားသည့် ချီချင်းမော့က အက်ကွဲကြောင်းမှ လှပစွာ ထွက်လာခဲ့သည်။
"နင်တို့နှစ်ယောက် ဘယ်ကပြန်လာတာလဲ"
ချီချင်းမော့က ၎င်းတို့နှစ်ယောက်ကို တိတ်တဆိတ်ကြည့်ကာ မေးလိုက်သည်။ သူမ၏ အသံက အနည်းငယ် အေးစက်နေသော်လည်း စိမ်းကားမနေပေ။ အထူးသဖြင့် လင်းဇီချန်ဆီသို့ဖြစ်သည်။
သူမသည် ကြေးရှေးဟောင်းခေါင်းတလားမှ ပြန်လည်ရှင်သန်လာချိန်အတွင်း၊ လင်းဇီချန်၏သွေးသွင်းမှုအပေါ် လုံးလုံးအားကိုးအားထားနေခဲ့သည်။ ထိုသို့သော အတွေ့အကြုံရှိသဖြင့် သူမသည် လင်းဇီချန်ကို သူမအပိုင်အဖြစ် အချိန်အတော်ကြာ စဉ်းစားထားခဲ့သောကြောင့် သူနှင့် အနေစိမ်းနေရန် အကြောင်းမရှိပေ။
“ကျွန်တော်တို့ ပြန်ရောက်တာ မကြာသေးပါဘူး”
လင်းဇီချန်က တည်ငြိမ်စွာ ပြန်ဖြေသည်။
ဤသည်ကိုကြားသောအခါ ချီချင်းမော့က လုံးလုံးလျားလျားအံ့သြသွားသည်။ ကမ္ဘာမြေပေါ်ရှိ သွေးမျိုးဆက်စွမ်းအားလမ်းကြောင်းအားလုံးကို ယနေ့ နံနက်ကတည်းက ပိတ်လိုက်ပြီဖြစ်သည်။
အချိန်တိုအတွင်း ၎င်းတို့ မည်သို့ ပြန်လာနိုင်ကြမည်နည်း။
“ဒီမနက်တည်းက ကမ္ဘာမြေပေါ်က လမ်းကြောင်းအားလုံးကို ပိတ်ထားလိုက်ပြီလေ။ မင်းတို့ ဘယ်လို ကမ္ဘာမြေပေါ် ပြန်ရောက်လာကြတာလဲ”
“မသိဘူး ရေနတ်ဘုရား အကြံပေးတဲ့အတိုင်း ကျွန်တော် ဟန်ဟန့်ကိုခေါ်ပြီး ချောက်ထဲက ဆင်းလာခဲ့တာ။ အခု ကမ္ဘာမြေပေါ် ပြန်ရောက်လာတာပဲ”
"ဒီလို ထူးဆန်းတဲ့ကိစ္စတွေဖြစ်ခဲ့တာလား”
ချီချင်းမာ့သည် ရှင်းလင်းချက်ကြောင့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ယခင်က မူလမြေတွင်
စွမ်းအားရှင်များ အလွန်များပြားလာခဲ့စဥ်က ချောက်နက်ထဲတွင် အချိန်အနည်းငယ် ခိုလှုံခဲ့ဖူးသည်။ သို့သော် အကြိမ်ပေါင်းများစွာ ဝင်သွားသည့်တိုင် အမှောင်ထုမှတပါး အခြားအရာမရှိဟု ခံစားရသည်။ မည်သည့်အရာကိုမျှ မမြင်နိုင် သို့မဟုတ် အာရုံမခံနိုင်သည့် သုသာန်တစ်စပြင်ကဲ့သို့ တိတ်ဆိတ်နေသော နေရာသည် လူတစ်ဦးကို ကမ္ဘာမြေဆီသို့ အမှန်တကယ်ပို့ဆောင်ပေးနိုင်မည်လော။
ချီချင်းမော့က သံသယဖြစ်မိသည်။ ။သို့သော် သူမသည် လင်းဇီချန်၏ စရိုက်ကို သိ၍ ထိုအရာများနှင့်ပတ်သက်၍ သူမကို လိမ်မည်မဟုတ်ဟုထင်သည်။
တကယ်တမ်းတွင်လည်း လင်းဇီချန်က သူမကို လိမ်ညာနေခြင်းမဟုတ်ပေ။
သုံးယောက်သား ကောင်းကင်၌ ရပ်တံ့နေကြသောအခိုက်တွင်…
ဘမ်း
ဘမ်း
ဘမ်း
ယခင်က ငြိမ်သက်နေသော မြေပြင်သည် ကျယ်လောင်သောအသံနှင့်အတူ ရုတ်တရက် ပေါက်ကွဲသွား၏။ ထို ဆူညံသံ၏ အရင်းအမြစ်မှာ သွေးမျိုးဆက်စွမ်းအားလမ်းကြောင်း အမှတ် ၃၀ အဝင်ပေါက်မှ ဖြစ်သည်။
ထိုနေရာတွင် ပြင်းထန်သော တုန်ခါမှုများဖြစ်ပေါ်နေသည်။
******