ငါက ဖက်တီးတစ်ယောက်ထက် ပိုမသာဘူးလား
Vol. 19 Ch. 271
"ဟေ့ မုန့်လောင်ပြန်လာပြီပဲ"
"ကျစ် ကျစ် ကျစ်.. ဒါက မင်းကောင်မလေးပဲဖြစ်ရမယ်။ လှလိုက်တာ ။ အနုပညာရှင်တစ်ယောက်လိုပဲ"
"မင်းတို့ ဒီတစ်ခေါက် ဘယ်လောက်ကြာကြာနေမှာလဲ"
...
သူကြီးပြင်းခဲ့ရာ ရပ်ကွက်ထဲသို့ ပြန်ရောက်လာသည်နှင့် ရင်းနှီးနေသော မျက်နှာများကို မြင်လိုက်ရသည်။ အိမ်နီးချင်းများအားလုံးက ကျန်းမုန့်လောင်ကို နွေးနွေးထွေးထွေး ကြိုဆိုကြလေသည်။
"နင့်အိမ်နီးချင်းတွေက အရမ်းတက်ကြွတာပဲ"
လုရီယောင်က ပတ်ပတ်လည်ရှိ ဦးလေးများနှင့် အန်တီများကို နှုတ်ဆက်ရင်း ပြုံးပြုံးလေး ပြောလိုက်သည်။ ထို့နောက် ကျန်းမုန့်လောင်ကို တီးတိုးပြောလိုက်၏။
"ပြီးတော့ သူတို့ကိုကြည့်ရတာ နင့်ရဲ့သရုပ်မှန်ကို သိပုံမရဘူး"
ကျန်းမုန့်လောင်နှင့် လုရီယောင်တို့ တွဲနေသည်မှာ အချိန်အတန်ငယ်ကြာနေပြီဖြစ်ရာ လူတိုင်းနီးပါးက ကျန်းမုန့်လောင်ရှေ့တွင် ထိန်းထိန်းသိမ်းသိမ်းပြုမူကြသော်လည်း ဤအိမ်နီးချင်းများကတော့ မဟုတ်ပေ။ သာမန်အိမ်နီးချင်းများအလားပင်။
"တကယ်တော့ ငါလည်း ပြီးခဲ့တဲ့လပိုင်းလောက်အထိ အဲ့လိုပဲထင်ခဲ့မိတာ"
ကျန်းမုန့်လောင်က ဆိုလာလေသည်။
"ဒါပေမဲ့ မင်းယုံမှာတောင်မဟုတ်ဘူး။ ဒီလူတွေအကုန်လုံးက တကယ်တော့ ငါမိသားစုရဲ့ဝန်ထမ်းတွေတဲ့လေ"
"ဘာ"
လုရီယောင် အံ့ဩသွားရလေသည်။
"ဒီရပ်ကွက်ကြီးကိုလည်း ငါ့မိသားစုပိုင်တာပဲ။ ဒီမှာနေတဲ့ လူတွေက ငါ့မိသားစုရဲ့ အငြိမ်းစားဝန်ထမ်းတွေဖြစ်ရင်ဖြစ် ဒါမှမဟုတ် သူတို့ဆွေမျိုးတွေလေ"
ကျန်းမုန့်လောင် ရှင်းပြလိုက်သည်။
"ငါ့မိဘတွေက ဒီလိုစီစဉ်ခဲ့ကြတာ။ အဲဒါမှ ငါ သာမန်ကလေးဘဝပတ်ဝန်းကျင်မျိုး ပိုင်ဆိုင်ရမှာမို့တဲ့။ တကယ်တော့ သူတို့တွေအကုန်လုံးက ငါ့သရုပ်မှန်ကို သိထားကြပြီးသား။ ဒါပေမဲ့ နှစ်တွေအကြာကြီးသရုပ်ဆောင်လာရင်း အကျင့်ဖြစ်ကုန်ကြတယ်ထင်ပါရဲ့"
"ဒါက.."
လုရီယောင်၏မျက်နှာထက်ဝယ် ရှုပ်ထွေးနေသော အမူအရာတစ်ခု ပေါ်ပေါက်လာသည်။
"ဒါက တကယ့်လက်တွေ့ဘဝရဲ့ Truman Showလိုမျိုးပဲ"
"ဟုတ်တယ်မလား"
ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။
"ငါ့မိဘတွေ ဘာတွေးနေလဲဆိုတာ ဘယ်သူသိမှာလဲ။ ကြည့်ရတာတော့ ငါတို့မိသားစုရဲ့ချမ်းသာကြွယ်ဝမှုတွေကိုသိရင် ငါမောက်မာပြီး အပျော်အပါးပဲစိတ်ဝင်စားတဲ့ အကျင့်ပျက်ကလေးတစ်ယောက် ဖြစ်လာမှာစိုးလို့ထင်တယ်"
"အဲဒီလိုအကျင့်ပျက်ကလေးဖြစ်ချင်တဲ့သူ ဘယ်နှယောက်လောက်များ ရှိမလဲ"
...
"မုန့်လောင်.. ငါတို့ နေရာကိစ္စဆုံးဖြတ်ချက်ချပြီးပြီ။ အနောက်ပိုင်းခရိုင်မှာ ငါတို့ စက်မှုပန်းခြံကြီးတစ်ခု စီစဉ်ထားတာရှိတယ်။ ၁၂၀၀မုလောက်ရှိတယ်။ ငါ မင်းကို ၈၀၀မုလောက်ပေးနိုင်တယ်။ အဲဒီလောက်ဆိုရင် လောက်ရဲ့လား"
နောက်တစ်ရက်နေ့လယ်စာ စားအပြီးတွင် ကျန်းမုန့်လောင်ထံသို့ မြို့တော်ဝန်ကျူးက ဖုန်းခေါ်လာသည်။ သူ့လုပ်ဆောင်ရည်က အံ့ဩဖွယ်ကောင်းလောက်အောင် မြင့်မားလှသည်ဟု ဆိုရပေမည်။ သူသည် ညတွင်းချင်း စီမံကိန်းတစ်ခုကို ရေးဆွဲပြီးစီးခဲ့လေပြီ။
"၈၀၀မုလား"
ထိုပမာဏကိုကြားအပြီး ကျန်းမုန့်လောင် အနည်းငယ်အံ့ဩသွားရသည်။ ပြီးခဲ့သည့်တစ်ခေါက် သူတို့ပြောခဲ့သည်မှာ ၅၀၀မုပင်။ ထိုပမာဏကပင် များလွန်းနေပြီဖြစ်၏။ ယခုမူ ခြောက်ဆယ်ရာခိုင်နှုန်းပင် ကျော်သွားသေးသည်ဖြစ်ရာ မြို့တော်ဝန်ကျူးက ကျန်းမုန့်လောင်၏စီမံကိန်းကို မည်မျှအထိတန်ဖိုးထားသလဲဆိုသည်မှာ ပေါ်လွင်နေပေသည်။
"စက်ရုံဆောက်လုပ်ရေးအတွက်တော့ ဟိုက်ရှန်းအုပ်စုက တာဝန်ယူလိမ့်မယ်။ မင်းသိတဲ့အတိုင်းပဲ။ သူတို့က ငါတို့သုန်းကျီမြို့မှာ အကြီးဆုံးဆောက်လုပ်ရေးကုမ္ပဏီလေ။ ဂုဏ်သတင်းလည်း ကောင်းသလို ပရော်ဖက်ရှင်နယ်ဆန်တဲ့ လုပ်ဆောင်နိုင်စွမ်းလည်း ရှိတယ်။ ငါ သူတို့စီအီးအိုနဲ့လည်း သဘောတူညီချက်တွေ လက်စသတ်ပြီးပြီ"
"ကောင်းပါပြီ.. အဆောက်အဦအရည်အသွေးမှာ ပြဿနာမရှိဘူးဆိုရင် ကျွန်တော်ကတော့ ကန့်ကွက်စရာမရှိပါဘူး"
ကျန်းမုန့်လောင်ကား ခေါင်းတညိတ်ညိတ်။
"ခဏနေရင် ဆောက်လုပ်ရေးရန်ပုံငွေအတွက် ပထမတစ်ရစ်ကို ခင်ဗျားဆီ လွှဲပေးလိုက်မယ်"
တကယ်တမ်းတွင် ကျန်းမုန့်လောင်မှာလည်း ကိုယ်ပိုင်ဆောက်လုပ်ရေးအုပ်စု ရှိသည်။ သို့သော် ထိုအုပ်စုက သုန်းကျီမြို့တွင် အခြေစိုက်ထားခြင်းမဟုတ်။ ဤစီမံကိန်းလို အခွင့်အရေးတစ်ခုကား သူ့မွေးရပ်မြေအတွက် လုပ်ငန်းခွဲဝေပေးရန် ချန်ထားသင့်ပေသည်။
"ငါ့တာဝန်သာထားလိုက်"
မြို့တော်ဝန်ကျူးက ကတိပေးလာလေသည်။
"နှစ်သစ်ကူးပြီးရင် ပန်းခြံကို တရားဝင်ကြမ်းခင်းလောင်းမယ်။ စီမံကိန်းရဲ့ပထမအဆင့်က သုံးလအတွင်း ပြီးစီးနိုင်မယ်လို့ မျှော်မှန်းထားတယ်။ စက်ပစ္စည်းသိုလှောင်ရေးနဲ့ သာမန်ထုတ်လုပ်ရေးတွေလေ။ ပတ်ဝန်းကျင်အနေအထားကတော့ နည်းနည်းညံ့နိုင်တယ်ဆိုပေမဲ့ပေါ့"
"သုံးလလား။ တော်တော်မြန်တာပဲ"
ကျန်းမုန့်လောင် မှတ်ချက်ပြုလိုက်လေသည်။
"ခင်ဗျား တော်တော်ကြိုးစားထားတာပဲ မြို့တော်ဝန်ကျူး။ ကျွန်တော် အချိန်ရမှ ခင်ဗျားကို တစ်ဝိုင်းလောက်ပြုစုဦးမယ်"
"ရတာပေါ့။ မင်းကအလုပ်များနေတော့ မင်းအလုပ်ပဲလုပ်နေလိုက်ပါ။ မင်း အခုလိုပြန်လာဖြစ်ဖို့ ရှားတယ်လေ။ ဒီတော့ တွေ့ရမဲ့ သူငယ်ချင်းတွေကလည်း များလောက်မှာပဲ ဟုတ်တယ်မလား"
"ဒါပေါ့ဗျာ။ ကျွန်တော် ဒီနေ့ပဲ သူငယ်ချင်းတချို့နဲ့ ညစာစားဖို့ စီစဉ်ပြီးပြီ။ အဲဒါကြောင့် ခင်ဗျားနဲ့ အကြာကြီးမပြောတော့ဘူးနော်"
နှစ်ဦးသားက အာလာပသလ္လာပအနည်းငယ် ပြောဆိုပြီးနောက် ဖုန်းချလိုက်လေတော့သည်။
"ဒီနေ့ သူငယ်ချင်းတွေနဲ့ ညစာထွက်စားမှာလား"
လုရီယောင်က မေးလိုက်သည်။
"ဟုတ်တယ်။ သူတို့က ငယ်သူငယ်ချင်းတွေလေ။ ငါတို့သိတာ ဆယ်စုနှစ်တစ်ခုကျော်ပြီ။ သူတို့တွေအကုန်လုံးက သုန်းကျီမြို့မှာပဲ နေကြတာ။ ဒီတော့ ငါပြန်ရောက်တာနဲ့ သတင်းတွေအမီလိုက်ဖို့လိုတယ်လေ"
"ကောင်မလေးတွေရော အများကြီးပါမှာလား"
လုရီယောင်၏အမူအရာက သင်္ကာမကင်းဟန် ပေါက်လာလေသည်။
"အဲဒါက…."
ကျန်းမုန့်လောင်ကလည်း ကိုးရိုးကားရားပြုံးလိုက်မိသည်။
"ဟားဟားဟား ဒါပေါ့။ ငါက မိန်းကလေးတွေကြားမှာ တော်တော်နာမည်ကြီးတာဆိုတော့လေ ဟားဟားဟား…"
...
သုန်းကျီမြို့ရှိ ဟိုက်ရှန်းအုပ်စု၏ဝင်ပေါက်တွင် အသက်နှစ်ဆယ်အရွယ် အမျိုးသမီးငယ်တစ်ယောက်က လမ်းဘေးနားတွင် ဟိုဟိုသည်သည်ကြည့်လျက် လူစောင့်နေလေသည်။ သူ(မ)သည် အဖြူရောင်ဆွယ်တာနှင့် လေကာအင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားပြီး ဆံပင်ကိုလည်း ပိုနီတေးစတိုင်လ် ကျစ်ထားလေရာ ငယ်ရွယ်ပြီး လှပလွန်းလှ၏။
"ချိုးယိ နင့်ကောင်လေးကို စောင့်နေပြန်တာလား"
ယခုတင် အလုပ်ဆင်းလာသော လုပ်ဖော်ကိုင်ဖက်တချို့က ထိုမိန်းကလေးကို ပြုံးပြုံးလေးနှုတ်ဆက်ကြသည်။
"ကောင်လေးမဟုတ်ပါဘူး"
ချန်းချိုးယိ၏ပါးပြင်များ နီမြန်းသွားလေသည်။
"ကျန်းနန်မြို့ကလာတဲ့ သူငယ်ချင်းတစ်ယောက်က နှစ်သစ်ကူးအတွက် အိမ်ပြန်လာလို့ ဆုံကြဖို့ ချိန်းထားလို့လေ"
"ဪ ဆုံကြမလို့လား"
မိန်းကလေးများမှာ အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် "ငါတို့နားလည်ပါတယ်"ဟူသော အမူအရာတစ်ခုကို ဆင်မြန်းထားပေသည်။
"ဒါဆို ငါတို့သွားနှင့်တော့မယ်နော်။ ဂရုစိုက်ဦး"
"အင်း မနက်ဖြန်မှတွေ့မယ်"
ချန်းချိုးယိ၏ လုပ်ဖော်ကိုင်ဖက်များ မီတာအနည်းငယ်အဝေးသို့ ရောက်သွားချိန်မှာပင် ဝဖိုင့်ဖိုင့်လူငယ်လေးတစ်ယောက်က ဟောဟဲဆိုက်လျက် ချန်းချိုးယိရှေ့သို့ ရောက်လာ၏။
"ဆောရီး။ ငါ နည်းနည်းနောက်ကျသွားတယ်"
ဝဖိုင့်ဖိုင့်လူငယ်လေးက စိတ်ရင်းဖြင့် ဆိုလာလေသည်။
"ဘာဖြစ်တာလဲ။ လေ့ကျင့်ခန်းလုပ်နေတာလား"
ချန်းချိုးယိက ရယ်လိုက်၏။
"ကျန်းမုန့်လောင်ရဲ့မိသားစုက ဒီလောက်ချမ်းသာလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ။ အထက်တန်းတုန်းကဆိုရင် သူ့ခမျာ ဂိမ်းကတ်တွေဝယ်ဖို့တောင် ငါ့ဆီက ပိုက်ဆံအမြဲချေးခဲ့ရတာ။ ဒီည ငါတို့ သူ့ဆီက အပီအပြင်ကုန်းဆင်းရမယ်"
"ဟားဟားဟား.. သူက ငါ့မုန့်တွေကိုလည်း အမြဲလုစားနေကျ"
ဝဖိုင့်ဖိုင့်လူငယ်လေးက ရယ်လိုက်သော်ငြား သူ့အကြည့်က ချန်းချိုးယိ၏မျက်နှာထက်မှ လုံးဝခွာမသွားပေ။
"နင် စဉ်းစားကြည့်စမ်း။ ချိုးယိရဲ့အမြင်အာရုံက သိပ်မကောင်းဘူးထင်တယ်။ ဘယ်လိုလုပ်ပြီး ဒီလိုဖက်တီးကြီးကို ကြိုက်ရတာလဲ"
မလှမ်းမကမ်းရှိ လုပ်ဖော်ကိုင်ဖက်များက လှည့်ကြည့်နေကြသည်။
"ငါတို့အထွေထွေမန်နေဂျာရဲ့သားက သူ့ကို တစ်ချိန်လုံးသဘောကျနေခဲ့တာကို သူမသိဘူးလား"
"ဘယ်သူသိနိုင်မှာလဲ။ အရူးတွေမှာ သူ့ကံနဲ့သူရှိတယ်တဲ့။ တကယ်တော့ ဝတဲ့လူတွေက တော်တော်ချစ်ဖို့ကောင်းတယ်လို့ ငါထင်တာပဲ။ သူက ချိုးယိအတွက် နို့လက်ဖက်ရည်တွေ တိတ်တိတ်လေးယူလာပေးပြီး ငါတို့အတွက်ပါ ဝယ်လာပေးရှာတယ်လေ"
"ဟားဟားဟား.. နင်တော့ နို့လက်ဖက်ရည်နဲ့ လာဘ်ထိုးခံထားရတာပဲ"
"အဟားဟားဟား"
...
"သွားကြရအောင် ရှင်းကျယ်။ ကျန်းမုန့်လောင် မကြာခင်ရောက်လာတော့မှာ။ ကမ္ဘာ့အချမ်းသာဆုံးလူက ဘယ်လိုကားမျိုးစီးမလဲဆိုတာ ငါသိချင်နေပြီ"
ချန်းချိုးယိနှင့် ရှင်းကျယ်တို့လည်း ကုမ္ပဏီထဲမှ ဘေးချင်းယှဉ်လျက် ထွက်လာခဲ့လိုက်သည်။
ထိုအချိန်မှာပင် အသစ်စက်စက်Porsche Panameraတစ်စီးက သူတို့ရှေ့တွင် ရပ်တန့်လိုက်၏။ ပြတင်းပေါက်မှန်တံခါး တဖြည်းဖြည်းနိမ့်ဆင်းလာပြီးနောက် ချောမောခန့်ညားသော မျက်နှာတစ်ခု ပေါ်လာလေသည်။
"ချိုးယိ ဘယ်သွားမလို့လဲ။ လိုက်ပို့ရဦးမလား"
လူချောလေးက ရှင်းကျယ်ကို အထင်အမြင်သေးဟန်ဖြင့် ကြည့်လျက် မေးလိုက်၏။
"မလိုပါဘူး မန်နေဂျာကျန့်..ကျွန်မမိတ်ဆွေတစ်ယောက်က ခဏနေရင် လာခေါ်တော့မှာ"
ချန်းချိုးယိက ငြင်းလိုက်သည်။
သူ(မ)ရှေ့ရှိ ဤလူငယ်လေးမှာ ဟိုက်ရှန်းအုပ်စု အထွေထွေမန်နေဂျာ၏သားဖြစ်သူ ကျန့်ဟယ်ဖုန်းပင်။ သူ့အဖေ၏ လမ်းညွှန်မှုဖြင့် သူသည်လည်း အရည်အချင်းရှိသူတစ်ယောက်ဖြစ်လာခဲ့သည်။ ဘွဲ့ရပြီးနောက် ဤကုမ္ပဏီတွင် ပရောဂျက်မန်နေဂျာအဖြစ် ဝင်ရောက်လုပ်ကိုင်ကာ သူ့အရည်အချင်းနှင့် သူ့အဖေ၏အရင်းအမြစ်များကြောင့် ဝင်ငွေကလည်း တစ်နှစ်ကို တစ်သန်းကျော်သွားခဲ့သည်။
ချန်းချိုးယိက ဟိုက်ရှန်းအုပ်စုတွင် စက်တင်ဘာလကမှ အလုပ်သင်စဆင်းခဲ့သည်။ ထူးခြားလှသော သူ(မ)၏အသွင်အပြင်နှင့် ခြွင်းချက်မရှိသော အလုပ်လုပ်ဆောင်ရည်ကြောင့် လုပ်ဖော်ကိုင်ဖက်အမျိုးသားတော်တော်များများထံမှ လေးစားခံခဲ့ရသည်။ အထွေထွေမန်နေဂျာ၏ သားဖြစ်သူလည်း အပါအဝင်ပင်။
ကျန့်ဟယ်ဖုန်းက ချန်းချိုးယိကို တစ်ကြိမ်နှစ်ကြိမ်မက ထမင်းအတူစားဖို့ ခေါ်ပါသော်ငြား သူ(မ)ကတော့ အကြိမ်တိုင်းငြင်းပယ်ခဲ့သည်။ ထိုအစား အလုပ်ဆင်းသည်နှင့် သူ(မ)ကို ဤနေရာတွင် စောင့်နေတတ်သော ထင်ပေါ်ခြင်းမရှိသည့် ဤဝဖိုင့်ဖိုင့်အမျိုးသားကိုသာ ရွေးချယ်ခဲ့သည်။
သူ ရှင်းကျယ်အကြောင်း စုံစမ်းထားပြီးသားပင်။ သူသည် ငယ်ငယ်ကတည်းက ချန်းချိုးယိနှင့် အတန်းဖော်များဖြစ်ခဲ့ပြီး ယခုနှစ်မှသာ ဘွဲ့ရထားပြီး မလှမ်းမကမ်းရှိ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုတွင် အလုပ်သင်ဆင်းနေချေသည်။ သို့သော် ယှဉ်ကြည့်မည်ဆိုပါက ထိုကုမ္ပဏီက သူတို့ဟိုက်ရှန်းအုပ်စုထက် နိမ့်ပါးပေသည်။
တစ်ခါက ရှင်းကျယ်သည် ချန်းချိုးယိနှင့်အတူ ဟိုက်ရှန်းအုပ်စုတွင် အင်တာဗျူးဖြေခဲ့ဖူးသည်။ သို့သော် ဒုတိယအဆင့်တက္ကသိုလ်ဆင်းဖြစ်သော သူ့အလုပ်လျှောက်လွှာက ကနဦးအဆင့်မှာတင် ကျရှုံးခဲ့သည်။
သူသည် ထိုကဲ့သို့သာမန်ခပ်ဝဝအမျိုးသားတစ်ယောက်ထက် ဘာများနိမ့်ကျနေသလဲဆိုသည်ကို ကျန့်ဟယ်ဖုန်း နားမလည်နိုင်ပေ။
ယနေ့ သူ စိတ်အခြေအနေမကောင်းသောကြောင့်ထင့်။ ချန်းချိုးယိနှင့် ဤခပ်ဝဝအမျိုးသားတို့ ရယ်ကာမောကာ စကားပြောနေသည်ကို မြင်လိုက်ရသည့်အခါ အမည်မတပ်နိုင်သော ဒေါသလှိုင်းလုံးတစ်ခုက သူ့နှလုံးသားထဲ တောက်လောင်လာသည်။
"ချန်းချိုးယိ.. ငါ မင်းကို တစ်ခါနှစ်ခါမက ထမင်းစားဖိတ်ထားတာလေ။ မင်းကတော့ ငါနဲ့ ညစာအတူစားဖို့ထက် ဒီလိုခပ်ဝဝကောင်နဲ့ လျှောက်လည်ရတာကို ပိုသဘောကျနေတာလား"
***********