မင်းပြောလိုက်တဲ့ အော်ဒါအကြီးစားဆိုတာ ငါပေးလိုက်တာပဲ
Vol. 19 Ch. 272
ချန်းချိုးယိ၏အမူအရာလည်း ပြောင်းလဲသွားရသည်။ အထွေထွေမန်နေဂျာ၏ သားက သူ(မ)ကို စိတ်ဝင်စားနေကြောင်း သူ(မ) သိသည်။ သူ(မ)လည်း သူ့ကို ရှောင်တိမ်းဖို့ အမြဲကြိုးစားခဲ့သည်။ သို့သော် ဤတစ်ခေါက်တွင်မူ တစ်ဖက်လူက ပွင့်ပွင့်လင်းလင်းထုတ်ပြလာလေပြီ။ အလုပ်ဆင်းလာကြသော လုပ်ဖော်ကိုင်ဖက်များကလည်း အတင်းပြောလိုဟန် အကြည့်များဖြင့် သူတို့ဘက်ကို လှမ်းကြည့်နေကြသည်။
"အဲဒါ ချန်းချိုးယိပဲ။ ပြီးတော့ မန်နေဂျာကျန့်ရောပဲ"
"အဲဒီဖက်တီးကြီးက ချန်းချိုးယိရဲ့ရည်းစားလား"
"တကယ်လား။ သူ့အကြိုက်ကလည်းဟယ်။ ဒီလောက်ရုပ်လေးချောနေတာကို ရည်းစားလေးတစ်ယောက်တောင် ကောင်းကောင်းမွန်မွန်မရှာနိုင်ဘူးလား"
"ဟုတ်ပါ့။ မန်နေဂျာကျန့်က သူ့ကို စိတ်ဝင်စားနေမှန်း လူတိုင်းသိတယ်။ သူ ရူးနေပြီလားမသိဘူး"
"ရှူး တိုးတိုးပြော။ နင် ဒီမှာ အလုပ်ဆက်လုပ်ချင်သေးတယ်မလား။ သုန်းကျီမြို့မှာ အကျိုးခံစားခွင့်ကောင်းတဲ့ ကုမ္ပဏီကြီးတွေက နည်းနည်းပဲရှိတာ။ ငါတို့ပြောတာကိုသာ တစ်ယောက်ယောက်ကြားသွားရင် မနက်ဖြန် ဘယ်ခြေထောက်နဲ့ အရင်ဝင်လို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့တောင် အလုပ်ထုတ်ခံရနိုင်တယ်"
"ဟားဟား"
...
ခပ်တိုးတိုးပြောဆိုသံများ ပေါ်ထွက်လာသော်လည်း ကျန့်ဟယ်ဖုန်းကတော့ ဂရုမစိုက်ချေ။ သူ့အဖေက ဤကုမ္ပဏီ၏ ရှယ်ယာရှင်များထဲမှ တစ်ယောက်ဖြစ်၏။ မည်သူကမှ သူ့ကို အတင်းပြောရဲမည်မဟုတ်။
"မန်နေဂျာကျန့်.. ဒါက ကျွန်မသူငယ်ချင်းပါ။ ရှင် သူ့ကို နည်းနည်းလောက်ယဉ်ကျေးဖို့ ကျွန်မမျှော်လင့်ပါတယ်"
ချန်းချိုးယိက မျက်နှာအရဲသားဖြင့် ပြောလိုက်လေသည်။
"ဘာသူငယ်ချင်းလဲ။ သူက မင်းရည်းစားမဟုတ်ဘူးလား"
ကျန့်ဟယ်ဖုန်းက ပြက်ရယ်ပြုလိုက်၏။
"ချိုးယိ.. မင်းတို့တွေက နှစ်တွေအကြာကြီး အတန်းဖော်ဖြစ်လာခဲ့တယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ သူငယ်ချင်းနဲ့ အချစ်ကိုတော့ မင်းတို့ ခွဲခြားသင့်တယ်လို့ ငါထင်တယ်။ မင်းရဲ့ရည်းစားက ဒုတိယအဆင့်တက္ကသိုလ်က ဘွဲ့လေးတစ်ခုပဲ ရထားပြီး သာမန်မိသားစုတစ်ခုက ဆင်းသက်လာတာ။ ပြီးတော့ တစ်လကို ယွမ်လေးထောင်ပဲရတယ်။ သူ့ဘာသာတောင် မနည်းရုန်းကန်နေရတာကို မင်းက သူနဲ့အတူ ဘာလို့ရုန်းကန်ချင်နေရတာလဲ"
ရှင်းကျယ်၏မျက်နှာလည်း ရဲတက်လာလေသည်။ သူက လက်သီးတင်းတင်းဆုပ်လိုက်မိသော်ငြား ကျန့်ဟယ်ဖုန်း၏စကားများကို ငြင်းစရာစကားရှာမရပေ။
ချန်းချိုးယိကို သူ တကယ်သဘောကျသည်။ နှစ်ပေါင်းများစွာကြာအောင် သဘောကျခဲ့ခြင်းပင်။ သူ(မ)ဘေးတွင် သူငယ်ချင်းတစ်ယောက်အဖြစ်သာ အမြဲရှိနေပေးခဲ့သည်။
ဤသူငယ်ချင်းဆက်ဆံရေးမှ ရုန်းထွက်ရန်အတွက် သူ မတွေးဖူးသော်ငြား သူ့ကိုယ်သူနိမ့်ကျပြီး ယုံကြည်မှုကင်းမဲ့သလို ခံစားနေရသည်။ သူတို့ငယ်ငယ်ကတည်းက ချန်းချိုးယိက သူ့ထက် ပိုတော်ခဲ့သည်။ ယခုမူ ဘာမည်မည်ရရမှမဟုတ်သည့် သူ့လိုလူက သူ(မ)ကို မည်သို့နှယ် လိုက်ပိုးပန်းနိုင်မည်နည်း။
"ချိုးယိ… ငါ ပြောပါရစေဦး။ ကုမ္ပဏီက မနေ့တုန်းက အော်ဒါအကြီးစားတစ်ခု ရထားတယ်။ ကျန်းနန်မြို့က ရင်းနှီးမြှုပ်နှံသူတစ်ယောက်က သုန်းကျီမြို့မှာ စက်ရုံတစ်ခု ဆောက်ချင်နေတာ။ အဲဒါက ၈၀၀ဧကလောက်ကျယ်ပြီး အမြင့်ဆုံးစံနှုန်းတွေနဲ့ဆောက်မှာ။ ဒီပရောဂျက်မှာ ရင်းနှီးမြှုပ်နှံငွေကလည်း ၂၀ဘီလီယံကျော်တယ်။ ပြီးတော့ အဲဒီပရောဂျက်ကို တာဝန်ယူရမဲ့ခေါင်းဆောင်က ငါပဲ"
"ဘာ.. ၂၀ဘီလီယံတန် ပရောဂျက်လား"
ထိုသတင်းကို ကြားလိုက်ရသောအခါ လူအုပ်ကြီးလည်း တစ်ပြိုင်တည်းပင့်သက်ရှိုက်မိလိုက်ကြသည်။ သုန်းကျီမြို့ထဲရှိ မြို့တော်အစိုးရဆိုင်ရာပရောဂျက်များအတွက်ပင် တစ်နှစ်လျှင် ၂၀ဘီလီယံတန်ပရောဂျက်တစ်ခု မရှိတတ်ပေ။ ထို့ပြင် ဤသည်မှာ ကော်ပိုရေးရှင်းရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်၏။ မည်ကဲ့သို့သော လုပ်ငန်းရှင်မျိုး ယခုလိုရင်းနှီးမြှုပ်နှံမှုပရောဂျက်တစ်ခုကို တတ်နိုင်မည်နည်း။
ပရောဂျက်တာဝန်ခံအနေနှင့် ကော်မရှင်ခလည်း ရဦးမည်သာ။ ဤပရောဂျက်တစ်ခုတည်းနှင့်ပင် ကျန့်ဟယ်ဖုန်းတစ်ယောက် ကြောက်မက်ဖွယ်ဝင်ငွေတစ်ခုကို ရရှိနိုင်ပြီး သူ့အဖေကိုပင် အချိန်တိုအတွင် ကျော်တက်နိုင်ခြေရှိ၏။ ဤသည်ကမှ စင်စစ်ထူးချွန်သော လူငယ်လေးတစ်ယောက်ပင်။
တစ်ယောက်က တစ်နှစ်လျှင် သန်းနှင့်ချီ၍ ဝင်ငွေရှိပြီး ကျန်တစ်ယောက်ကမူ တစ်လကို လေးထောင်သာ ဝင်ငွေရှိသည်။ သိသာလှသော ကွာခြားမှုကြီးကို မည်သူမဆို မြင်နိုင်ပေသည်။
"မင်းတို့ရဲ့ကုမ္ပဏီသေးသေးလေးက တစ်နှစ်လုံးပေါင်းရင်တောင် စုစုပေါင်းဆယ်သန်းတန်တဲ့ပရောဂျက်တွေ ရှိလို့လား"
ကျန့်ဟယ်ဖုန်းက လှောင်ပြောလိုက်၏။
"အိုး တောင်းပန်ပါတယ်။ သူက မင်းသူငယ်ချင်းနော်။ ငါ ဒီလိုမလှောင်ပြောင်သင့်ဘူးပဲ"
ကျန့်ဟယ်ဖုန်းက အားနာခြင်းအလျဉ်းမရှိပါဘဲ ဆိုလိုက်လေသည်။ မည်သို့ပင်ဖြစ်စေ သူသည် ဆင်းရဲသားတစ်ယောက်ဖြစ်ပြီး သူ့ကို အရှက်ခွဲခြင်းကား ကိစ္စကြီးတစ်ခုမဟုတ်ပေ။
...
"ဟားဟား မှော်ဆန်လိုက်တာနော်။ ငါတို့က မူလတန်းကျောင်းတုန်းက တစ်တန်းတည်းအတူတက်ခဲ့ကြတာတောင် အထက်တန်းကျောင်းမှာ တစ်နှစ်လောက် ထိုင်ခုံဖော်တွေဖြစ်ခဲ့ပြီးမှ ငါတို့အချင်းချင်းသိကျွမ်းပြီးသားဆိုတာကို သိလိုက်ရတယ်"
ကျန်းမုန့်လောင်က ကားမောင်းရင်း ချန်းချိုးယိနှင့် ရှင်းကျယ်တို့နှင့်အတူ ဖြတ်သန်းခဲ့ရသော ယခင်နေ့ရက်များအကြောင်း ပြန်ပြောပြနေမိသည်။
ကျန်းမုန့်လောင်က ရှင်းကျယ်ထက် ပိုချောမောသဖြင့် ထိုစဉ်တုန်းက တော်တော်များများက သူနှင့် ချန်းချိုးယိတို့က တွဲနေကြသည်ဟု ထင်ခဲ့ကြသေးသည်။ သို့သော် ရှင်းကျယ်က ချန်းချိုးယိကို ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်လောက် တိတ်တခိုးချစ်နေခဲ့ကြောင်း ကျန်းမုန့်လောင်သာ သိသည်။
"ငါတို့ရောက်ပြီ။ ဒီနေရာလား"
လုရီယောင်က အထပ်နှစ်ဆယ်နီးပါး မြင့်သော အဆောက်အအုံကြီးကို လက်ညှိုးထိုးပြလေသည်။ ယခုလိုအဆောက်အအုံများမှာ ကျန်းနန်မြို့တွင် သာမန်ဆန်သော်ငြား သုန်းကျီမြို့တွင်မူ အလွန်ရှားပါးလှသည်။
"အိုး ဟိုက်ရှန်းအုပ်စုတဲ့လား။ တိုက်ဆိုင်လိုက်တာ"
ကျန်းမုန့်လောင်က ရယ်၏။
"ဒီတော့ ချိုးယိက ဒီမှာအလုပ်လုပ်တာပေါ့။ သူတို့ ငါတို့ကို စောင့်နေလောက်ပြီ"
ကျန်းမုန့်လောင်က မိမိုက်လှသော သူ့Lamborghini Urusကို လမ်းဘေးတွင် ပေါ့ပေါ့ပါးပါပါးထိုးရပ်လိုက်လေရာ အာရုံစိုက်မှုအများအပြားကို ဆွဲဆောင်လိုက်နိုင်လေသည်။
"သူတို့က လမ်းဘေးမှာ ငါတို့ကိုစောင့်နေရမှာမဟုတ်ဘူးလား။ ဘယ်ရောက်နေတာလဲ"
ကျန်းမုန့်လောင်က ဖုန်းထုတ်၍ ဖုန်းခေါ်ရန်ပြင်လိုက်ချိန်မှာပင် ချန်းချိုးယိနှင့် ရှင်းကျယ်ကို မလှမ်းမကမ်း၌ ရုတ်တရက်မြင်လိုက်ရသည်။
"သူတို့နှစ်ယောက်လား"
လုရီယောင်ကလည်း ထိုနေရာဘက်သို့ လက်ညှိုးထိုးပြ၍ ပြောလာလေသည်။ ကျန်းမုန့်လောင်နှင့်အတူ ရိုက်ထားသော ဘွဲ့ဓာတ်ပုံကနှင့် အနည်းငယ်မတူသော်ငြား အလွယ်တကူမှတ်မိနိုင်ဆဲသာ။
"တစ်ခုခုတော့ လွဲနေပြီ"
ကျန်းမုန့်လောင်က ထိုသို့မှတ်ချက်ပေးလိက်ရင်း အမူအရာလည်း သိသိသာသာပြောင်းလဲသွားသည်။ ချန်းချိုးယိနှင့် ရှင်းကျယ်တို့၏အမူအရာမှာ သဘာဝမကျသဖြင့် ဆယ်မီတာအကွာကပင် ရှင်းကျယ် လက်သီးတင်းတင်းဆုပ်ထားသည်ကို သူ မြင်နေရသည်။
"ကိုင်း.. ကျန်းမုန့်လောင်ရဲ့သူငယ်ချင်းကို ဘယ်သူကများ ပြဿနာရှာရဲတာလဲ"
ကျန်းမုန့်လောင်၏စိတ်ထဲတွင် ရှင်းကျယ်နှင့် ချန်းချိုးယိတို့က ပြဿနာရှာတတ်သူများ မဟုတ်ကြပေ။ ကားထဲတွင် ထိုင်နေသော ကျန့်ဟယ်ဖုန်းကို သူ မမြင်ရသော်ငြား အခြေအနေကိုတော့ အလွန်တိတိကျကျ ခန့်မှန်းကြည့်နိုင်သည်။
"သွားကြည့်ရအောင်"
...
"ချိုးယိ.. ဒီလိုလူတစ်ယောက်နဲ့အတူ မင်းရဲ့ငယ်ရွယ်မှုကို ဘာလို့ဖြုန်းတီးပစ်မှာလဲ"
ကျန့်ဟယ်ဖုန်းက စိတ်ပါလက်ပါဆိုလာလေသည်။
"မင်းက ရုပ်ရည်ရော အရည်အချင်းရော ထူးခြားတဲ့လူတစ်ယောက်နော်။ ဘာတွေပဲဖြစ်ဖြစ် အနည်းဆုံး သုန်းကျီမြို့မှာတော့ မင်း အထက်တန်းလွှာလူတန်းစားမှာ နေနိုင်မှာပါ။ ငါ့လိုလူကပဲ မင်းနဲ့ထိုက်တန်တာ"
"မင်း ငါ့အနားမှာ နေပေးမယ်ဆိုရင် ဒီအော်ဒါကြီးထဲကို မင်းကိုပါ ပါဝင်ခွင့်ပေးမယ်။ မင်းကို သင့်တင့်တဲ့ကော်မရှင်ခတစ်ခုပါ ပေးမယ်။ သန်းဂဏန်းလောက်အထိတော့ ငါ ကတိမပေးနိုင်ပေမဲ့ တစ်နှစ်ကို လေးငါးသိန်းလောက်တော့ အသာလေးရနိုင်ပါတယ်။ မင်း စဉ်းစားကြည့်ပေါ့"
"ဟေး ချိုးယိ လောင်ရှင်း.. မင်းတို့ ဒီမှာဘာလုပ်နေတာလဲ"
ထိုအချိန်မှာပင် ကုမ္ပဏီဝင်ပေါက်မှ ငယ်ရွယ်လှသော လူငယ်သံလေးတစ်သံက ထွက်ပေါ်လာချေသည်။
"ကျန်းမုန့်လောင်"
သူတို့နှစ်ယောက်စလုံးလည်း ကျန်းမုန့်လောင်ကို မြင်လိုက်သည်နှင့် ချက်ချင်းဆိုသလို အံ့ဩသွားဟန် ပြလေသည်။
ထိုနာမည်က အာရုံစိုက်မှုအများအပြားကို ချက်ချင်းဆွဲဆောင်လိုက်လေသည်။
"ကျန်းမုန့်လောင်လား။ ဘယ်ကျန်းမုန့်လောင်လဲ။ အဲဒီကျန်းမုန့်လောင်လား"
"သူပဲ။ ဟုတ်တယ်။ သူပဲ။ ငါ သူ့ဓာတ်ပုံတွေမြင်ဖူးတယ်။ ကမ္ဘာ့အချမ်းသာဆုံးလူလေ"
"ဘုရားရေ..ချန်းချိုးယီနဲ့သူ့ရည်းစားက ကျန်းမုန့်လောင်နဲ့ တကယ်ကြီးသိတာလား"
"မဖြစ်နိုင်တာ။ သူတို့က ဘယ်လိုလုပ်ပြီး ကျန်းမုန့်လောင်နဲ့ သိမှာလဲ။ အဲဒါ သိပ္ပံနည်းမကျဘူးလေ။ သူတို့က သာမန်မိသားစုကပဲဟာကို။ ကျန်းမုန့်လောင်လိုလူမျိုးနဲ့ ဘယ်လိုလုပ်ပြီး အဆက်အသွယ်ရှိနိုင်မှာလဲ"
"ဧကန္တ… သူတို့ရဲ့သတင်းအချက်အလက်တွေအက အတုတွေများလား"
"သူတို့က ဘဝအတွေ့အကြုံယူဖို့ ဒီကိုရောက်နေတာတော့ မဟုတ်ပါဘူးနော်"
"ပြောလို့မရဘူး။ ဒီနေ့ခေတ်လူချမ်းသာတွေက သူတို့သားသမီးတွေကို ဒီလိုအတွေ့အကြုံမျိုးခံစားခိုင်းတတ်ကြတယ်"
မျိုးတူများ စုကြခြင်းပင်။ လူတွေက သူတို့နှင့်အဆင့်အတန်းတူများနှင့်သာ စုဝေးတတ်ကြသည်။ ကမ္ဘာ့အချမ်းသာဆုံးလူတစ်ယောက်အနေနှင့် သူ့အနားတွင် သူ့ထက်ချမ်းသာသူများ ဝိုင်းနေဖို့ဆိုသည်မှာ ကျန်းမုန့်လောင်အတွက် မဖြစ်နိုင်ပေ။ သို့သော် ထိုလူများမှာ သာမန်နောက်ခံမှလာခြင်းတော့ မဟုတ်တန်ရာ။
ကျန်းမုန့်လောင်နှင့် သူငယ်ချင်းဖြစ်ဖို့ဆိုလျှင် သူတို့၏မိသားစုပိုင်ဆိုင်မှုက အနည်းဆုံး ဟွာရှားဘီလီယံအနည်းငယ်တော့ ရှိသင့်သည်မဟုတ်ပါလား။
ရုတ်ခြည်းဆိုသလိုပင် သူတို့ပတ်ပတ်လည်ရှိ မျက်ဝန်းများထဲတွင် ချန်းချိုးယိနှင့် ရှင်းကျယ်တို့ကို လူချမ်းသာမိသားစုမှ လူငယ်လေးများအဖြစ် ပုံဖော်လိုက်ကြပြီဖြစ်၏။
"အစ်ကိုကြီးရေ.. ခင်ဗျား အခုလေးတင် အော်ဒါအကြီးစားတစ်ခုရထားတယ်လို့ ပြောလိုက်တာ ကြားမိတယ်နော်"
ကျန်းမုန့်လောင်က ကျန့်ဟယ်ဖုန်း၏ကားကို ပုတ်လိုက်သေလည်။
"ကောင်းလိုက်တဲ့ကား.. ငါ့အဒေါ် ဟင်းချက်စရာသွားဝယ်ရင် သုံးတဲ့ကားကိုတော့ မီသားပဲ"
"မင်းရဲ့အန်တီက Porscheကားနဲ့ ဈေးဝယ်ထွက်တာလား"
ပတ်ပတ်လည်ရှိ ဝန်ထမ်းများက စိတ်ထဲမှ ရေရွတ်နေသော်ငြား မည်သူမျှ စကားတစ်ခွန်းမဟရဲကြပေ။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ပီသပါပေသည်။ သူ့အိမ်ဖော်နှင့် တံခါးစောင့်တို့က ဝေးကွာလှသောခရီးကြောင့် ကွဲကွာသွားကြသည်ဟု ဆိုလာလျှင်ပင် သူတို့ ယုံမိမည်ဖြစ်၏။
"ဟုတ်..ဟုတ်တယ်။ အဲဒါက ကျန်းနန်မြို့က စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် လာအပ်ထားတဲ့ ပရောဂျက်လေ။ ကျွန်တော်တို့သုန်းကျီမြို့မှာ ဧက၈၀၀ရှိတဲ့ စက်ရုံတစ်ခုဆောက်ဖို့တဲ့။ ကျွန်တော်တို့ဟိုက်ရှန်းအုပ်စုက ဒီပရောဂျက်ကို တာဝန်ယူထားတာ"
ကျန့်ဟယ်ဖုန်းက သူ့ကိုယ်သူတည်ငြိမ်နေအောင် ကြိုးစားပါသော်ငြား ရုတ်ခြည်းဆိုသလိုပင် မစော်ကားသင့်သည့် လူတစ်ယောက်ကို စော်ကားမိလိုက်ပြီဖြစ်ကြောင်း သူ သဘောပေါက်လိုက်၏။
"ဪ.. တကယ့်ကို အဲဒီပရောဂျက်ပဲ"
ကျန်းမုန့်လောင်က ရယ်၏။
"တော်တော်တိုက်ဆိုင်တာပဲ။ ဒီပရောဂျက်က တကယ်တော့ ငါ မင်းတို့ကိုအပ်ထားတာ"
************