← Chapters

အိမ်သာသုံးစက္ကူယူမလာမိလို့ စိတ်တိုနေတာ

Vol. 19 Ch. 274

အိမ်သာသုံးစက္ကူယူမလာမိလို့ စိတ်တိုနေတာ

Vol. 19 Ch. 274

"ဘန်ထလေကားစီးရတဲ့အဆင့်အထိ နိမ့်ကျသွားပြီတဲ့လား"

ဤစကားကို ကြားလိုက်ရသောအခါ လူတိုင်း၏အမူအရာမှာ မစင်စားလိုက်ရသည့်အလား ဖြစ်သွားကြသည်။

ဘန်ထလေစီးရတဲ့အထိ နိမ့်ကျသွားပြီလား ဆိုခြင်းမှာ ဘာအဓိပ္ပာယ်လေလဲ။ ကျန်းမုန့်လောင်လို လူတစ်ယောက်၏ မျက်လုံးထဲတွင် ဘန်ထလေစီးခြင်းမှာ အထင်သေးစရာကိစ္စတစ်ခု ဖြစ်သွားလေပြီလား။ သူတို့လည်း ထိုသို့ "အထင်သေးခံ"ချင်ပါသေးသည်။ သို့သော် မည်သူကများ သူတို့ကို ထိုကဲ့သို့သော ဂုဏ်သိက္ခာညှိုးနွမ်းဖွယ် အခွင့်အရေးတစ်ခုကို ပေးလာမည်နည်း။

"မတွေ့ရတာ လေးနှစ်ပဲရှိသေးတာကို ဒီအခြေအနေကို ရောက်နေပြီ။ နောက်နှစ်နှစ်များနေရင် Maseratiစီးရလောက်တဲ့အထိ နိမ့်ကျသွားတော့မှာများလား"

ကျန်းမုန့်လောင်က သရော်လိုဟန် လေသံဖြင့် ဆက်ပြောလာသည်။

ဟိုက်ရှန်းအုပ်စု၏ ဝန်ထမ်းများအားလုံး ခါးသက်သက်ပြုံးလိုက်မိကြသည်။ သူတို့ဥက္ကဋ္ဌ၏ ကားမှာ Maseratiပင်။ သူတို့ အားကျလေးစားရသူတစ်ယောက်မှာ ကျန်းမုန့်လောင်၏ စံချိန်စံနှုန်းများကိုမူ မမီခဲ့ပေ။

"မစ္စတာကျန်း.. ခင်ဗျား နားလည်မှုလွဲတာပါ"

ထိုအဘိုးကြီးက ကျန်းမုန့်လောင်ကို ပြောလိုက်၏။

"ကျွန်တော်တို့သခင်လေးက ခပ်လျှိုလျှိုလေးနေရတာကို သဘောကျတာလေ။ သူက တအားဟိတ်ဟန်မထုတ်ချင်ဘူး။ ဒီဘန်ထလေကားတွေကလည်း သခင်လေးရဲ့ကားဂိုဒေါင်ထဲက အစုတ်ဆုံးကားတွေပါ"

"အစုတ်ဆုံးကားတွေတဲ့လား"

ကျန့်ဟယ်ဖုန်း၏မျက်နှာကား သွက်ချာပါဒလိုက်သွားသည့်အလား တွန့်လိမ်သွားလေတော့သည်။

ဤဘန်ထလေကားများမှာ ဥရောပထုတ်ကားများဖြစ်ပြီး တစ်စီးလျှင် သုံးသန်းအောက် မရောက်ပေ။ ကျန့်ဟယ်ဖုန်းပင်လျှင် စွမ်းဆောင်နိုင်သူတစ်ယောက် ဖြစ်သော်ငြား ဘွဲ့ရပြီးကတည်းက သုံးသန်းမရှာနိုင်သေးပေ။

သူ့အဖေကတော့ နှစ်သန်းနီးပါးတန်သော ကားတစ်စီးကို စီးနေလေသည်။ ထိုကားမှာ ရှင်းကျယ်တို့မိသားစုတွင်မူ ဈေးအပေါဆုံးကား ဖြစ်နေလေသည်။

သူသည် ရှင်းကျယ်တို့မိသားကို ချန်းချိုးယိနှင့် မတန်ဟုဆိုကာ ချိုးနှိမ်နေခဲ့သည်။ ရှင်းကျယ်တို့မိသားစုကသာ မချမ်းသာဘူးဆိုပါက ကျန့်ဟယ်ဖုန်းဆိုလျှင် အဘယ်သို့ ရှိမည်နည်း။ သူတောင်းစားတစ်ဦးများ ဖြစ်နေမလား။

အစောပိုင်းက သူပြောခဲ့မိသည့် စကားများကို သတိရလိုက်မိသောအခါ ကျန့်ဟယ်ဖုန်း၏မျက်နှာမှာ ရှက်ရွံ့မှုကြောင့် ခြစ်ခြစ်တောက်ပူနေလေတော့သည်။ ယခုတင် သူပြောနေခဲ့သော Panemeraကားကလည်း ဆွဲဆောင်မှုပျောက်ဆုံးသွားချေ၏။

"ငတုံး.. ဒါက ဘယ်လိုသုတေသနမျိုးလဲ။ မင်းက သူတို့မိသားစုရဲ့နောက်ခံကိုတောင် မစုံစမ်းနိုင်ဘူးပေါ့လေ"

ကျန့်ဟယ်ဖုန်း အံတင်းတင်းကြိတ်ထားမိတော့သည်။

"ကျွန်တော်တို့သခင်လေးကို ခုနက တစ်ယောက်ယောက် စော်ကားနေတယ်လို့ မစ္စတာကျန်းပြောလိုက်သလားလို့"

ထိုအဘိုးကြီး၏ မျက်နှာကား ရုတ်ခြည်းပင် သုန်မှုန်သွားလေရာ တုတ်ခိုင်သန်မာသော ဝတ်စုံပြည့်နှင့် အမျိုးသားများကလည်း ကားထဲရှိ ကျန့်ဟယ်ဖုန်းကို ကြည့်လာကြသည်။

"မဟုတ်ပါဘူး.. ခင်ဗျားတို့တွေ နားလည်မှုလွဲနေတာပါ။ ကျွန်တော်က…"

ကျန့်ဟယ်ဖုန်းခမျာ အကြောက်တရားများ လိပ်တက်လာသည့်အတွက် နောက်ကျောပြင်တစ်ခုလုံး ချွေးရွှဲသွားလေသည်။

ဤသာမန်ကားအနည်းငယ်ကပင် ဆယ်သန်းကျော်တန်ဖိုးရှိ၏။ ဆက်လက်မှန်းဆရမည်ဆိုပါက သူတို့မိသားစုထဲရှိ ထိုကားများအားလုံး၏ စုစုပေါင်းတန်ဖိုးမှာ သန်းတစ်ရာကျော်လောက်ပေသည်။

ကားများကတင် သန်းတစ်ရာကျော်နေပါက သူတို့အိမ်ဆိုလျှင် မည်မျှတန်ကြေးရှိမည်နည်း။ သူတို့မိသားစုတွင် ငွေကြေးမည်မျှပိုင်ဆိုင်နေမည်နည်း။ သူတို့ကုမ္ပဏီက မည်မျှကြီးမားလိုက်လေမလဲ။

"သူက ကျန်းမုန့်လောင်လိုမျိုး ငယ်ငယ်‌လေးကတည်းက ဒီနေရာမှာ ကြီးပြင်းလာပေမဲ့ သူ့ရဲ့တကယ့်နောက်ခံအင်အားကတော့ မတွေးတတ်လောက်အောင် နက်နဲတာပဲ"

ရှင်းကျယ်သာ လက်စားချေလိုသည့်ဆန္ဒရှိပါက ဟိုက်ရှန်းအုပ်စုပင် တောင့်ခံနိုင်ပါ့မလားဟု ကျန့်ဟယ်ဖုန်း သံသယဖြစ်မိသည်။

ဟိုက်ရှန်းအုပ်စု၏ စုစုပေါင်းဈေးကွက်တန်ဖိုးမှာ သုံးဆယ်ဘီလီယံမျှသာ ရှိ၏။ ရှင်းကျယ်လို လူတစ်ယောက်အတွက်တော့ ထိုကဲ့သို့သော ကုမ္ပဏီတစ်ခုက အမှိုက်သာသာပင် ဖြစ်နေမည်မဟုတ်လော။

"အားဟိုင်"

အဘိုးကြီးက သူ့ဘေးရှိ ဘော်ဒီဂတ်တစ်ယောက်ကို ပြောလိုက်သည်။

"ဒီကုမ္ပဏီပိုင်ရှင်က ဘယ်သူလဲဆိုတာ သွားစုံစမ်းချေ"

"ဦးလေးဝူ.. စုံစမ်းဖို့မလိုပါဘူး။ ဟိုက်ရှန်းအုပ်စုရဲ့ ဥက္ကဋ္ဌက ကျိုးယုံဂန်ပါ"

အားဟိုင်ဟုခေါ်သော ဘော်ဒီဂတ်က ပြန်ဖြေလေသည်။

"ကျိုးယုံဂန်လား"

ထိုအဘိုးကြီးက တွေးဆလိုက်လေသည်။

"ငါ သူ့ကိုမသိဘူး။ အသေးစားစီးပွားရေးသမားတစ်ယောက်ပဲ ဖြစ်ရမယ်။ ဒီကုမ္ပဏီက ဘယ်လောက်တန်တာလဲ"

"သုံးဆယ်ဘီလီယံလောက်ပါပဲ"

"သုံးဆယ်ဘီလီယံတည်းလား။ မနက်ဖြန် ဝယ်ပစ်လိုက်။ သခင်လေးက သဘောကျနေမှတော့ ပြီးစီးတာနဲ့ သခင်လေးကို စီမံခန့်ခွဲဖို့ ပေးလိုက်မယ်"

ထိုအချိန်မှာပင် ကျန့်ဟယ်ဖုန်း၏ နှလုံးသားထဲရှိ အရိပ်က အဆုံးမဲ့ကြီးထွားလာလေသည်။ "သုံးဆယ်ဘီလီယံတည်းလား"တဲ့။ သည်အတိုင်းဝယ်ပစ်လိုက်တော့မည်ဟု ပြောနေလေသလား။ စာရင်းဝင်ကုမ္ပဏီတစ်ခုက ထိုအဘိုးကြီး၏ မျက်လုံးထဲတွင် အရုပ်တစ်ခုနှင့် ဘာလို့တူနေရသလဲ။ ထို့ပြင် ဤလူကြီးမှာ ရှင်းကျယ်တို့မိသားစုထဲတွင် အိမ်တော်ထိန်းဖြစ်ဟန်တူသည်။

"ဒါက.. ထားလိုက်ပါတော့.."

ကျန်းမုန့်လောင်၏အမူအရာမှတစ်ဆင့် ဤကိစ္စများအားလုံးကို သူစီစဉ်ထားခြင်းဖြစ်ကြောင်း ရှင်းကျယ် ခန့်မှန်းမိလိုက်သည်။

သူက သာမန်မိသားစုတစ်ခုတွင် ကြီးပြင်းလာခဲ့ခြင်းဖြစ်၏။ သူ့မိသားစုတွင် ထိုကဲ့သို့သောခွန်အားမျိုး မရှိကြောင်း သူ အတပ်သိထားသည်။ ဤသည်မှာ ကျန်းမုန့်လောင် သူ့အတွက် စီစဉ်ပေးထားခြင်းပင်။

"ကျွန်တော်က ကျွန်တော့်ကိုယ်ပိုင်ကုမ္ပဏီကိုပဲ သဘောကျပါတယ်။ သာမန်ဝန်ထမ်းတစ်ယောက် လုပ်ရတာကိုပဲ သဘောကျတယ်"

ရှင်းကျယ်ကိုကြည့်ရသည်မှာ ထိုအဘိုးကြီးကို ပြောနေဟန်တူသော်ငြား တကယ်တမ်းတွင်မူ ကျန်းမုန့်လောင်ကြားအောင် ပြောနေခြင်းသာ ဖြစ်၏။

သူ၏ကိုယ်ပိုင်စွမ်းရည်ဖြင့်ဆိုလျှင် ကျန်းမုန့်လောင်က သူကို ကုမ္ပဏီတစ်ခု တကယ်ပေးလာလျှင်ပင် ထိုကုမ္ပဏီကို သူ ကောင်းကောင်းစီမံခန့်ခွဲနိုင်မည်မဟုတ်။

"ဒီကလေးက ရည်မှန်းချက် လုံးဝမရှိဘူးပဲ"

ကျန်းမုန့်လောင် ခေါင်းတခါခါလုပ်နေမိသည်။ သို့သော် ကိုယ့်စိတ်နှင့်ကိုယ်ဖြစ်သည့်အတွက် ဘာမှလည်း ဖိအားမပေးနိုင်ပေ။ အမှန်အတိုင်းပြောရလျှင် ကျန်းမုန့်လောင်အဖို့တော့ အတူကြီးပြင်းလာခဲ့သော သူ့ညီအစ်ကိုအတွက် ကုမ္ပဏီတစ်ခုကို ဝယ်ရန် သုံးသန်းသုံးလိုက်ရလည်း နည်းနည်းမျှ ရင်မနာပေ။

လူအမြောက်အများအတွက်လည်း သူငယ်ချင်းအတွက် အချိုရည်တစ်ဘူးဝယ်ဖို့ သုံးဒေါ်လာလောက် သုံးလိုက်ရခြင်းက ရင်နာစရာမဟုတ်သလိုမျိုးပင်။ ဤသည်မှာ ကျန်းမုန့်လောင်၏ စိတ်နေသဘောထားပင်။

"အဲလိုဆိုရင်လည်း ထားလိုက်ပါတော့"

ထိုအဘိုးကြီးက ကျန်းမုန့်လောင်ကိုကြည့်ပြီး သူ့မျက်လုံးမှတစ်ဆင့် ညွှန်ကြားချက်ကို လက်ခံလိုက်သည်။

"အိမ်တော်ထိန်းဝူ.. ရှင်းကျယ်က အလုပ်လုပ်ရတာကို သဘောကျမှတော့ သူ့ကိုလုပ်ခိုင်းထားလိုက်ပါ"

ကျန်းမုန့်လောင်က စည်းရုံးလိုက်၏။

"ဒီကောင်က ကြွားရတာကို သဘောကျတယ်လေ။ သူ အလုပ်မသွားဘဲ အိမ်ထဲမှာပဲ တစ်နေကုန်နေနေမယ်ဆိုရင် သူ့ချမ်းသာကြွယ်ဝမှုတွေကို ဘယ်မှာ သွားကြွားမှာလဲ။ သူကြွားတာကို နားထောင်ပေးမဲ့လူတစ်ယောက်ကို ဘယ်မှာသွားရှာမလဲ။ ကျွန်တော်တို့တွေက လူငယ်တွေပဲလေ။ နားလည်ပါတယ်"

"မင်းက ချီးကိုနားလည်"

ရှင်းကျယ်က ကျန်းမုန့်လောင်ကို စိတ်ထဲက တိတ်တိတ်လေးဆဲလိုက်သည်။ ရှင်းကျယ်က ဘယ်တုန်းကများ ကြွားဝါရခြင်းကို နှစ်သက်သွားရလေသလဲ။ ဤသည်မှာ ကျန်းမုန့်လောင်၏အကြံသက်သက်သာ ဖြစ်၏။

ကျန်းမုန့်လောင်၏ စကားများကို ကြားလိုက်ရသောအခါ ချန်းချိုးယိခမျာ မရယ်ဘဲ မနေနိုင်တော့ချေ။ သူ(မ)က ဉာဏ်လျင်သည့်အတွက် ဤကိစ္စများမှာ ကျန်းမုန့်လောင်၏လက်ချက်များဖြစ်ကြောင်း သိထားပြီးဖြစ်၏။ နှစ်ပေါင်းများစွာကြာပြီးသည့်တိုင် ကျန်းမုန့်လောင်ကတော့ ဉာဏ်များတတ်နေဆဲသာ။

"ဒီလိုဆိုရင်လည်း… ကောင်းပါပြီ သခင်လေး.. အလုပ်မသွားဘဲ မိသားစုအမွေကို ဆက်ခံချင်စိတ်ပေါက်လာရင် ကျွန်တော့်ကို အသိပေးပါ။ ကျွန်တော် အချိန်မရွေး သခင်လေးကို လာခေါ်ပေးပါ့မယ်"

"သွားကြစို့"

ထိုအဘိုးကြီးက သက်ပြင်းတချချနှင့် ဘန်ထလေကားများစွာနှင့်အတူ ခပ်မြန်မြန်ထွက်ခွာသွားလေတော့သည်။

"ရှင်းကျယ်.. မင်း အခု ဘယ်မှာအလုပ်လုပ်နေတာလဲ။ မင်းအလုပ်လုပ်နေတာ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုပဲမလား"

"အိုး… ကုမ္ပဏီသေးသေးလေးတစ်ခုပါ။ ဟွာဘန်းဆောက်လုပ်ရေးတဲ့"

ရှင်းကျယ်လည်း သတိပြန်ဝင်လာပြီး ဖြေလိုက်သည်။

ကျန်းမုန့်လောင်က သူ့ဖုန်းကိုထုတ်၍ မြို့တော်ဝန်ကျူးကို ဖုန်းခေါ်လိုက်၏။

"ဦးလေးကျူး.. ကျွန်တော် ခင်ဗျားကို နှောင့်ယှက်မိသွားပြီလား"

"ဟားဟား မုန့်လောင်ရာ လုံးဝမဟုတ်ပါဘူး။ မင်း တစ်ခုခုလိုအပ်တာရှိလို့လား"

"ဪ ဒီလိုပါ။ ကျွန်တော့်စက်ရုံအတွက် ဆောက်လုပ်ရေးပရောဂျက်ကို ဟိုက်ရှန်းအုပ်စုကို ပေးထားတာမလား"

"ဟုတ်တယ်လေ။ ဘာဖြစ်လို့လဲ"

"ဒီလိုပါ။ သူတို့ကို အဲဒီအော်ဒါမအပ်နဲ့တော့။ ဟွာဘန်းဆောက်လုပ်ရေးကိုပဲ ပေးလိုက်ရအောင်"

"ဟွာဘန်းဆောက်လုပ်ရေးလား"

မြို့တော်ဝန်ခမျာ အံ့ဩမှင်တက်သွားရလေသည်။ ထိုကုမ္ပဏီနာမည်ကို ယခင်က သူ လုံးဝမကြားဖူးသဖြင့် သူ့လက်ထောက်ကို ထိုကုမ္ပဏီအကြောင်း ချက်ချင်းရှာခိုင်းလိုက်ရသည်။

"ဒီလိုကုမ္ပဏီသေးသေးလေးကိုလား"

မြို့တော်ဝန်ကျူးက ဆို၏။

"မုန့်လောင်.. ဒီကုမ္ပဏီက သတင်းမွှေးတယ်ဆိုပေမဲ့ အရွယ်အစားက သေးလွန်းတယ်နော်။ ကနဦးဆောက်လုပ်ရေးကုန်ကြမ်းပစ္စည်းတွေကို သူတို့ဘဏ္ဍာရေးအရင်းအမြစ်လောက်နဲ့ တတ်နိုင်မှာမဟုတ်လောက်ဘူး"

"ပြဿနာမရှိပါဘူး။ ကျွန်တော် ဆောက်လုပ်ရေးရန်ပုံငွေကို အခုချက်ချင်းကြိုပေးထားလို့ရပါတယ်။ တစ်ချီတည်းနဲ့ အကုန်ပေးရမယ်ဆိုလည်း အဆင်ပြေတယ်"

ကျန်းမုန့်လောင်က ‌ပြောလိုက်၏။

"အဲ့လိုဆိုရင် ဘာပြဿနာမှမရှိပါဘူး။ ငါ အခုချက်ချင်းသွားစီစဉ်လိုက်မယ်"

မြို့တော်ဝန်ကျူလည်း နောက်ထပ်ဆက်မမေးဘဲ မနေနိုင်ခဲ့ပေ။

"ဟိုက်ရှန်းအုပ်စုက လူတွေနဲ့များ မင်း ပြဿနာတစ်ခုခုတက်လို့လား"

မြို့တော်ဝန်ကျူးကလည်း ငတုံးမဟုတ်ပေ။ ကျန်းမုန့်လောင်က ဘီလီပေါင်းများစွာတန်သော ပရောဂျက်တစ်ခုကို အကြောင်းပြချက်မရှိပါဘဲ ဟိုက်ရှန်းအုပ်စုအစား သေးငယ်ပြီး နာမည်မကြီးသည့် ကုမ္ပဏီတစ်ခုဖြင့် အစားထိုးလိမ့်မည်မဟုတ်။

"ဒီဟွာဘန်းဆောက်လုပ်ရေးအကြောင်း စုံစမ်းပေး"

မြို့တော်ဝန်ကျူးက သူ့အတွင်းရေးမှူးကို ပြောလိုက်သည်။

"အဲဒီကုမ္ပဏီထဲမှာ ကျန်းမုန့်လောင်ရဲ့သူငယ်ချင်း ဒါမှမဟုတ် အတန်းဖော် ဒါမှမဟုတ် တစ်ခုခုရှိနေလားဆိုတာ စုံစမ်းလိုက်"

"ဪ တကယ်တော့ ဘာရယ်မဟုတ်ပါဘူး"

ကျန်းမုန့်လောင်က ရယ်ကာမောကာဖြင့် ပြောလိုက်လေသည်။

"ကျွန်တော် ဒီနေ့ အိမ်သာတက်တော့ အိမ်သာသုံးစက္ကူယူခဲ့ဖို့ မေ့သွားတာနဲ့ စိတ်အခြေအနေမကောင်းလို့ပါ"

**************

All Chapters